ဟံသာဝတီ လေဆိပ်သစ်ကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ တည်ဆောက်ရန် တောင်းဆို

ပို့စ်တင်ချိန် - 10/29/2013 10:41:00 AM

(Incheon Airport Consortium ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နမူနာ ပုံစံအား တွေ့ရစဉ်)

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အုံသာ တည်ဆောက်ရန် တောင်းဆိုကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယားနိုင်ငံ Incheon Airport ကုမ္ပဏီနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့အကြား လေဆိပ် တည်ဆောက်ရေး သဘောတူ စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယား ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ လိုအပ်ချက်များကို အပြန်လှန် ဆွေးနွေးလျက် ရှိသည်။ ယင်းသို့ ဆွေးနွေးမှုတွင် လေဆိပ်အရွယ်အစား၊ တည်ဆောက်ရေး အချိန်ကာလ စသည့်အချက်များအား ညှိနှိုင်းဆွေးနွေးနေပြီး ဒုတိယအကြိမ် ဆွေးနွေးမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

''ဒုတိယအကြိမ် ညှိနှိုင်းမှုမှာ နှစ်ဖက်လိုလား ချက်တွေကို အပြန်လှန် ညှိနှိုင်းပြီး မြန်မာဘက်က ခွင့်ပြုနိုင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်က လေဆိပ်အရွယ်အစားကို ခရီးသည် ၁၀ သန်းဆံ့ တည်ဆောက်ဖို့ တောင်းဆိုပါတယ်။ ဒီအချက်ကိုတော့ ခွင့်မပြုနိုင်တဲ့ အကြောင်းပြောပြီး သူတို့ဘက်က အကြောင်းပြန်မှာကို စောင့်နေပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံ မှ Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များအပေါ် အခြေပြု၍ လက်တွေ့ တည်ဆောက်ရာတွင် လိုအပ်မည့် အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါစည်းကမ်း ချက်များနှင့် ကွဲလွဲရာတွင် အရေးကြီးသည့် အဓိက အချက်များ ကွဲလွဲမှုအား မည်သည့် နည်းနှင့်မျှ လက်သင့်ခံမည် မဟုတ်ကြောင်းနှင့် အဓိက မကျသည့် အချက်များ ကွဲလွဲမှုကိုမူ လက်ခံညှိနှိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ Incheon Airport Consortium ကုမ္ပဏီသည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဒုတိယအဆင့် အနေဖြင့် တစ်နှစ်လျှင် ခရီးသည် သန်း ၃၀ ၀င်ထွက်နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ၊ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။

ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်သိုလှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။

Eleven Media Group