ဥပဒေပြုကြရာဝယ်

ပို့စ်တင်ချိန် - 10/29/2013 08:21:00 AM


မနေ့က ဂျပန်မှာထုတ်တဲ့ ယူမီအူရီ သတင်းစာမှာ သတင်းတစ်ပုဒ် ဖတ်ရင်း တွေးမိတာတွေ ရှိတယ်။
ဂျပန်ရဲ့ လက်ရှိအာဏာရ LDP ပါတီတွင်းမှာ ပါတီဝင်တွေ.. ပါတီဝင်တွေဆိုလို့ နှယ်နှယ်ရရ ပါတီဝင်တွေမဟုတ်ဘူး… လွှတ်တော်ကိုယ်စားလှယ်တွေ ကြားမှာ အငြင်းပွားနေ ကြသတဲ့။ ဖြစ်ရပုံက မကြာသေးခင်က ဂျပန် တရားရုံးချုပ်ရဲ့ အမြင့်ဆုံးရုံးတစ်ရုံးရဲ့ စီရင်ချက်ကနေ ဇာတ်လမ်းစပါတယ်။
ဂျပန်ရဲ့ လက်ရှိတည်ဆဲဥပဒေအရ တရားမဝင် မွေးဖွားထားတဲ့ ကလေးတစ်ယောက်ဟာ တရားဝင် မိစုံဖစုံမွေးဖွားတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ ရသင့်ရထိုက်တဲ့ အမွေရရှိမှုမှာ တစ်ပန်း ရှုံးနေပါတယ်တဲ့။
တစ်နည်းအားဖြင့် တရားဝင် လက်မထပ်ဘဲ မွေးတဲ့ ကလေးတွေဟာ ဖခင်သေဆုံးလို့ အမွေဆက်ခံမယ်ဆိုရင် တရားဝင်မွေးတဲ့ ကလေးတွေရမယ့် အမွေရဲ့ တစ်ဝက်လောက်ပဲ ရပါသတဲ့။ ဒီတော့ ဒီဥပဒေ သတ်မှတ်ချက်ဟာ ဂျပန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီခြင်း မရှိပါဘူးဆိုပြီး ဂျပန်တရားရုံးချုပ်က အမှုတစ်ခုမှာ စီရင်ချက် ချလိုက်ပါတယ်။
တည်ဆဲဥပဒေအရ လက်မထပ်ဘဲ မွေးဖွားခဲ့တဲ့ ကလေးဟာ လူမှုပတ်ဝန်းကျင် အခြေအနေကြောင့် အမွေဆက်ခံခွင့်မှာ ခွဲခြားသတ်မှတ် ခံရတယ်ဆိုရင် အဲဒီကလေးငယ်ဟာ တရားမျှတစွာ အကျိုးခံစားခွင့်ကို ဆုံးရှုံးရတာပါပဲတဲ့။ ဒါဟာ “လူတိုင်း လူတိုင်း ဥပဒေရဲ့အောက်မှာ သာတူညီမျှ ဖြစ်ရမယ်” ဆိုတဲ့ အခြေခံဥပဒေပါ အခွင့်အရေးကို ချိုးဖောက် ခံရတာပါပဲတဲ့။
စက်တင်ဘာလအတွင်းက တရားရုံးချုပ်ရဲ့ စီရင်ချက်ကြောင့် အစိုးရနဲ့ လွှတ်တော်ကြားမှာ အတော်ကြီးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီးတော့ ဂျပန်ရဲ့ လက်ရှိ တရားစီရင်ရေးမှာ ကိုင်စွဲအသုံးပြုနေတဲ့ Civil Code ကြီးရဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ အားထုတ်ကြ ရပါတော့တယ် (ကျွန်တော်တို့ ဆီနဲ့များတော့ ကွာပါပေ့နော်..) ။ ဂျပန်တရားရေး ဝန်ကြီးဌာနဟာ Civil Code ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခုကို တင်သွင်းဖို့ ပြင်ဆင်နေပါပြီ။ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီများဟာ ဒီဥပဒေနဲ့ ပတ်သက်လို့ ထုံးစံအတိုင်း ငြင်းကြခုံကြနဲ့ အလုပ်ရှုပ်နေကြပါပြီ။ အာဏာရ ပါတီအတွင်းက ဥပဒေကို ပြင်ဆင်ဖို့ သဘောမတူတဲ့ ကွန်ဆာဗေးတစ်လို့ ယေဘုယျဆိုနိုင်တဲ့ လွှတ်တော်အမတ်တွေကတော့ “ဒီဥပဒေကို ပြင်ဆင်လိုက်ရင် တရားဝင် လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်မှုကို အားပေးသလိုဖြစ်သွားတဲ့အတွက် လူမှုဝန်းကျင်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်.. ” ဆိုပြီး ဆန့်ကျင်နေကြသူတွေ ရှိပေမယ့် ဥပဒေပညာကို သင်ကြားတတ်မြောက် ထားကြတဲ့ ရှေ့နေအမတ်တွေကတော့ ပြင်ဆင်ဖို့ ထောက်ခံကြပါသတဲ့။
အတိုက်အခံ ပါတီတွေထဲမှာကတော့ အဓိကအတိုက်အခံ ပါတီကြီးတွေက အဲဒီဥပဒေကြမ်းကို မူအားဖြင့် ထောက်ခံထားကြပြီး အလျင်အမြန် သဘောထားမှတ်ချက်ပေးဖို့ နှောင့်နှေးပြီး အချင်းချင်း ငြင်းခုံနေတြတဲ့ အာဏာရပါတီကိုလည်း ထုံးစံအတိုင်း တိုက်ခိုက် ဝေဖန်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အာဏာရပါတီအတွင်းက ဆန့်ကျင်တဲ့ အမတ်တွေရဲ့ အမြင်ကလည်း စိတ်ဝင်စားစရာကောင်းတာ အမှန်ပါပဲ။ ဒီမိုကရေစီစနစ်နဲ့ အသားတကျ ဖြစ်နေတဲ့ ဂျပန်လိုနိုင်ငံမှာ ပါတီအချင်းချင်းအကြားက ပါတီတွင်းက သဘောထား မတူညီမှုတွေ အငြင်းအခုံတွေနဲ့ အကွဲအပြဲတွေ ဆိုတာဟာဖြင့် တကယ့်ကို သမားရိုးကျ အဖြစ်အပျက်တွေပါ။
ဘယ်လိုပဲ ငြင်းခုံကြပါစေ.. ဘယ်လိုပဲ သဘောထားတွေ ကွဲလွဲနေကြပါစေ လွှတ်တော်အမတ်အားလုံးရဲ့ အဓိက ဦးတည်ရာကတော့ ဂျပန်နိုင်ငံရဲ့အကျိုး ဂျပန်ပြည်သူတွေရဲ့ အကျိုးသာဖြစ်ပါတယ်။ ဒီလို ပြည်သူနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ဆောင်ကြဉ်းမပေးနိုင်တဲ့ ပါတီ၊ ကိုယ်စားလှယ်တွေဟာ အချိန်တန်ရင် အလိုလိုဘေးကို ရောက်သွားပါတယ်။ ပြည်သူက အချိန်တန်ရင် မဲပြားလေးတွေနဲ့ စီရင်ချက်ချသွားနိုင်တာ ဖြစ်လို့ပါ။ တစ်ပြိုင်နက်ထဲ ဆိုသလို တိုင်းပြည်ရဲ့ တရားစီရင်ရေးအာဏာကို ပိုင်ဆိုင်ထားတဲ့ တရားရုံးချုပ်ဟာလည်း အစိုးရ၊ လွှတ်တော် စတဲ့ စင်ပြိုင် အာဏာပိုင်တွေကို ကြောက်ရွံ့စရာမလိုဘဲ ဂျပန်ပြည်သူတိုင်းရဲ့ ဥပဒေဘောင်အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တရားမျှတစွာ စီရင်ပေးတဲ့အခါ အစိုးရနဲ့ လွှတ်တော်တို့ကလည်း တရားစီရင်ရေး အာဏာပိုင်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး ဥပဒေကို တရားမျှတမှုရှိအောင် ပြန်လည် သုံးသပ် ပြင်ဆင်ပေးဖို့ တာဝန်ရှိလာတာ ဖြစ်ပါတယ်။ လောလောဆယ် ဂျပန်အစိုးရရဲ့ တရားရေးဝန်ကြီး ဌာနကတော့ လက်ရှိ ကျင်းပဆဲ ဂျပန် ဒိုင်းယက် လွှတ်တော် အစည်းအဝေးတွေ အတွင်းမှာ ဒီဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေဖြစ် ပြဋ္ဌာန်းနိုင်ဖို့ လုံးပန်းနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအဖြစ်အပျက်နဲ့ ဆက်စပ်ပြီး မကြာသေးခင် ကာလတွေ အတွင်းက မြန်မာ့လွှတ်တော်မှာလည်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ကလေးသူငယ် မုဒိမ်းမှုတွေအတွက် သေဒဏ်လို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးဖို့ ဥပဒေကြမ်း တင်သွင်းခဲ့တာကို သတိပြုမိပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုဟာ စက်ဆုပ်ရွံရှာစရာ ကောင်းပြီး သတ်ပစ်ချင်စရာကောင်းတဲ့ ရာဇဝတ်မှုဖြစ်တာ မှန်ပေမယ် လက်ရှိကမ္ဘာပေါ်က ယဉ်ကျေးတဲ့ တိုင်းပြည်၊ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတဲ့ တိုင်းပြည်တွေမှာတော့ သေဒဏ်ကို ဆန့်ကျင်နေ ကြပါပြီ။ သေဒဏ်ဆိုတဲ့ အမြင့်ဆုံးပြစ်ဒဏ်ဟာ ဆက်ပြီး ရှိသင့်သလား၊ မရှိသင့်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေ နိုင်ငံအတော်များများမှာ ကျယ်ကျယ် လောင်လောင် ကြားနေရတဲ့အချိန်မှာ မြန်မာ့လွှတ်တော်က ဒီအဆိုကို ပယ်ချလိုက်တဲ့ အပေါ်မှာလည်း အကောင်းမြင်စိတ်နဲ့ တွေးကြည့်ကြဖို့ လိုပါလိမ့်မယ်။ ဆက်စပ်ပြီး စဉ်းစားသင့်တာ တစ်ခုက ပြစ်မှုနဲ့ ပြစ်ဒဏ်ရဲ့ အချိုးအစားဟာ တခြားကြီးလေးတဲ့ ပြစ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ကွာဟချက်တွေ မညီမျှမှုတွေ ရှိလာရင် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကိုလည်း ဆင်ခြင်ကြရမှာပါ။
တိုင်းပြည်ရဲ့ ဥပဒေတစ်ခုအတွက် စဉ်းစားကြမယ်ဆိုရင် လတ်တလော အခြေအနေတစ်ခုတည်းကို အာရုံစူးစိုက်ပြီး စဉ်းစားတာထက် နေ့စဉ်နဲ့အမျှ ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးရဲ့ နောင်အနာဂတ်မှာ လူဖြစ်လာကြမယ့် ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေ လက်ထက်အထိ လှမ်းမျှော်ကြည့်ပြီး စဉ်းစားနိုင်ကြရင်ဖြင့် အကောင်းဆုံးဖြစ်မယ်လို့ပဲ ယုံကြည်ပါတယ်။

ဗဟိန်းဆွေ
thevoicemyanmar