ပါကစ္စတန် ထိပ်တန်းရုပ်သံဌာန သတင်းထောက်နှင့် စကားဝိုင်း တင်ဆက်သူကို သေနတ်သမားတွေ ပစ်ခတ်

ပို့စ်တင်ချိန် - 4/20/2014 02:08:00 PM


ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချီမှာ ထိပ်တန်း ရုပ်သံဌာနမှာ အလုပ်လုပ်တဲ့ သတင်းထောက်နဲ့ စကားဝိုင်း ပင်တိုင် တင်ဆက်သူ တယောက်ကို ဘယ်သူဘယ်ဝါမသိရတဲ့ သေနတ်သမားတွေက ဧပြီလ ၁၉ ရက်နေ့က ပစ်ခတ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဂျီယိုရုပ်သံက လူကြိုက်များတဲ့ မျက်မှောက်ရေးရာ စကားဝိုင်း ပင်တိုင်တင်ဆက်သူဟာ ကရာချီလေဆိပ်ကနေ သူ့ရုံးကိုအသွား မြို့အရှေ့ပိုင်းက ကျော်ကြားတဲ့ ရှာရာအီဖိုင်ဆယ် ရိပ်သာမှာ သေနတ်သမားတွေက တိုက်ခိုက်တာကို ခံခဲ့ရတာပါ။

အကြီးတန်းရဲအရာရှိ မိုဟာမက်ရှားက သေနတ်သမားတယောက်က မီယာရဲ့ ကားကို ပစ်ခတ်ခဲ့ပြီးနောက် တခြားလူတွေက သူ့ကို ဆိုင်ကယ်တွေနဲ့ လိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

မီယာရဲ့ ကားမောင်းသမားနဲ့ သက်တော်စောင့်တို့က လွတ်အောင် ထွက်ပြေးနိုင်ခဲ့ကြတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။ မီယာကတော့ ခြေထောက် ၂ ဖက်နဲ့ ဗိုက်မှာ ၃ချက် သေနတ်ကျည်ဆန် ထိခဲ့တယ်ပြီး ရှင်သန်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ မီယာဟာ ဆေးရုံကို အမြန်ဆက်သွားခဲ့ပြီး ကျည်တွေကို ဖယ်ထုတ်ဖို့ ဆရာဝန်တွေက ခွဲစိတ်ပေးခဲ့တယ်လို့ ဂျီအို ရုပ်သံက ဆိုပါတယ်။

ပါကစ်စတန် အမျိုးသမီး ပညာရေး တက်ကြွလှုပ်ရှားသူ မာလာလာ ယူဆဲ့ဖ်ဇိုင်အကြောင်း ရုပ်သံလွှင့်ခဲ့လို့ တာလီဘန်တွေက သတင်းထောက်ကို ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် သူ့ကားပေါ်မှာ ဗုံးတလုံးကို ၂၀၁၂ ခုနှစ်က တွေ့ခဲ့ပါသေးတယ်။

ပါကစ်စတန်ဟာ သတင်းထောက်တွေအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် သတင်းလွတ်လပ်ခွင့်အုပ်စုတွေက ဆိုပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ခုထိ ပါကစ္စတန်နိုင်ငံတွင်း သတင်းထောက်နဲ့ မီဒီယာလုပ်သား ၄၆ ယောက် အသတ်ခံခဲ့ရပြီးပြီလို့ သတင်းထောက် ကာကွယ်ရေး ကော်မတီက ပြောပါတယ်။

DVB Burmese