ရခိုင်ပြည်နယ်က INGO လုပ်ငန်း မကြာခင် ပြန်လည်စတင်မည်

ပို့စ်တင်ချိန် - 4/20/2014 09:04:00 AM


သီတင်း သုံးပတ်ကျော် ရပ်ဆိုင်းထားရတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာလူမှုအဖွဲ့ အစည်းတွေရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို အခုလမကုန်ခင် ပြန်လည် စတင်တော့မှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို အခုလို ပြောပါတယ်။

" ကယ်ဆယ်ရေး လုပ်ငန်းက TZG ကလွဲရင် ကျန်တဲ့ အဖွဲ့တွေက MOU ထိုးတာကျန်သေးတယ်၊ အဲ့တော့ ကျန်တဲ့ အဖွဲ့တွေက UN အဖွဲ့အစည်းနဲ့ ICRC တို့ကတော့ သူတို့ရဲ့ လုပ်ငန်း နှစ်ဖက်လုံးလုပ်တဲ့အတွက် ခွင့်ပြုထားတာတော့ရှိတယ်၊ အစိုးရသဘောတစ်ခုတည်း မဟုတ်ဘူး၊ မြို့မိ၊ မြို့ဖတွေရဲ့ သဘောလည်း ပါတယ်၊ ဘယ်နေ့ စလုပ်မယ်ဆိုတာတော့ ရက်မပေးသေးဘူး"

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေနဲ့ ဂိုဒေါင်တွေကို တိုက်ခိုက်ခံခဲ့ရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားထားခဲ့ရတာပါ။

လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်း ရုံးခန်းတွေကို စစ်တွေမြို့ တောင်ဘက်၊ ပြည်ထောင်စု လမ်းတစ်ဘက်မှာ တစ်စုတစ်စည်းတည်း ထားရှိဖို့ စီစဉ်ထားပြီး၊  ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ မကြာခင် ရက်ပိုင်းတွေအတွင်း အစိုးရတာဝန်ရှိသူတွေအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စစ်တွေမြို့ခံ လူကြီးတွေနဲ့ ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိတယ်လို့လည်း သိရှိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကို ဆက်သွယ် မေးမြန်းချက်

RFA Burmese