နာဂစ်အစိုးရနှင့် ဒီရေရောက်တောတိုင်းပြည်

ပို့စ်တင်ချိန် - 4/20/2014 02:25:00 PM


မြစ်ဝကျွန်းပေါ်ဒေသဟာ ၂ဝဝ၈ခုနှစ် နာဂစ်ဆိုင်ကလုန်းဒဏ်ကြောင့် လူပေါင်း ၂သိန်းကျော် သေကြေခဲ့ရပြီး သန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဘဝကို ရောက်ခဲ့ရပါတယ်။ ဧရာဝတီတိုင်းဟာ အဖိုးတန် ဒီရေရောက်တောတွေ အများအပြား ရှင်သန်ရာဖြစ်ပေမယ့် နာဂစ်မတိုင်ခင်ကတည်းက ၆ဝ%လောက်ဟာ ပြုန်းတီးခဲ့ပါပြီ။

ငါးပုစွန်တွေ အဓိကမျိုးပွားရာ၊ လယ်မြေတွေထဲ ပင်လယ်ရေငန်မဝင်ရောက်အောင် တားဆီးနိုင်သလို ကမ်းပါးမပြိုအောင်ထိန်းနိုင်သလို Greenhouse Gas လို့ခေါ်တဲ့ မှန်လုံအိမ်ဓာတ်ငွေ့ကို ပိုပြီးစုပ်ယူထားနိုင်စွမ်းရှိတာမို့ ဒီရေတောဟာ မြစ်ဝကျွန်းပေါ်အတွက် အလွန်ကိုအရေးကြီးတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီရေရောက်တောတွေကို ပြည်သူတွေကဦးဆောင်တဲ့ စီမံခန့်ခွဲမှုအဆင့်ကို မရောက်ခဲ့ရင်တော့ နာဂစ်အလွန် ပြန်လည်စိုက်ပျိုးထူထောင်ထားတဲ့ ဒီရေရောက်တောတွေ ပြုန်းတီးသွားမယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက သတိပေးလိုက်ပါပြီ။

နာဂစ်လွန်ကာလမှာတော့ မြစ်ဝကျွန်းပေါ် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာနဲ့ ပြည်တွင်း NGO တွေဟာ ကူညီကယ်ဆယ်ရေးနဲ့ ပြည်လည်ထူထောင်ရေး စီမံကိန်းတွေလုပ်ဆောင်တဲ့နေရာမှာ ပျက်စီးသွားတဲ့ ဒီရေရောက်တောတွေတွေ ပြန်လည်စိုက်ပျိုးထိန်းသိမ်းရေးက အဓိကပါခဲ့ပါတယ်။

EcoDev, Andra နဲ့ စွမ်းရည် စတဲ့ ပြည်တွင်း NGO တွေက ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတစ်ဝိုက်၊ လပွတ္တာမြို့နယ်က ကျေးရွာတွေမှာ ဒီရေရောက်တောတွေကို ဒေသခံပြည်သူတွေနဲ့လက်တွဲပြီး ပြန်လည်စိုက်ပျိုးခဲ့ပါတယ်။ ဒီသစ်တောကို ထိန်းသိမ်းဖို့ Community Forest လို့ခေါ်တဲ့ ဒေသခံအစုအဖွဲ့ပိုင် သစ်တောအဖြစ် အစိုးရကို လျှောက်ထားခဲ့ပေမယ့် ခွင့်ပြုချက်မပေးခဲ့ပါဘူး။

၁၉၉၄ခုနှစ်မှာတော့ သစ်တောရေးရာဝန်ကြီးဌာနက နိုင်ငံတကာမှာကျင့်သုံးနေတဲ့ မူဝါဒကိုလက်ခံပြီး ၁၉၉၅မှာ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်အရ သစ်တောထိန်းသိမ်းရေးကို ဌာနဆိုင်ရာလက်ထဲမထားဘဲ ဒေသခံတွေကိုယ်တိုင် စောင့်ရှောက်ဖို့ပါ။ အနည်းဆုံး အိမ်ထောင်စု ၅စုက လျှောက်ထားပြီး နှစ် ၃ဝသက်တမ်းရှိ ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို အခုတော့ လျစ်လျူရှုနေပြီလို့ ဆိုပါတယ်။

နာဂစ်မုန်တိုင်းမှာ အသက်ရှင်ကျန်ခဲ့သူတွေဟာ သစ်ပင်တွေမှာ တွယ်ကပ်ကျန်ခဲ့ကြသူ များတာမို့ ဒေသခံတွေက သစ်တောရဲ့တန်ဖိုးကို ကောင်းကောင်းကြီး နားလည်နေပါပြီ။ ဒါ့ကြောင့်လည်း ဒီရေရောက်တောတွေ ပြန်လည်ထူထောင်စိုက်ပျိုးရာမှာ အားတက်သရောဖြစ်ခဲ့တာပါ။

ဒါပေမယ့် အစိုးရသစ်တက်လာပြီး ၃နှစ်နီးပါးအချိန်မှာတော့ ပြန်လည်ထူထောင်ထားတဲ့သစ်တောတွေကို ဒေသခံတွေ ထိန်းသိမ်းစောင့်ရှောက်ခွင့် မရတော့တာမို့ ဒီရေရောက်တောတွေ ရေရှည်တည်တံ့ရေးဟာ မြစ်ဝကျွန်းပေါ်မှာမွေးဖွားခဲ့တဲ့ သမ္မတဦးသိန်းစိန်အတွက် တစ်ချိန်ချိန်မှာ နောင်တရစေမယ့် လုပ်ရပ်တစ်ခု ဖြစ်နိုင်ပါတယ်။

Kamayut Media