မော်ရင်ဟို လက်ထက် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ပထမဦးဆုံး ရှုံးပွဲတွေ့ခဲ့သည့် ချယ်ဆီး

ပို့စ်တင်ချိန် - 4/20/2014 03:13:00 PM


ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) ချယ်ဆီးနှင့် ဆန်းဒါးလန်း ပွဲစဉ်တွင် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့် ဆန်းဒါးလန်း အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ချယ်ဆီးတွင် ရှဝါဇာ၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ အက်ဇ်ပီလီကွိုင်တာ၊ ရာမီးရက်စ်၊ မာတစ်၊ ဝီလျံ၊ အော်စကာ၊ ဆာလား၊ အီတူး တို့ပွဲထွက် ပါဝင်ခဲ့သည်။

ဆန်းဒါးလန်းတွင် မန်နိုနီ၊ ဗာဂျီနီ၊ အလွန်ဆို၊ ဘရောင်း၊ အိုရှေး၊ ကက်တာမိုး၊ ကိုးလ်ဘက်ခ်၊ လာဆန်၊ ဂျွန်ဆန်၊ ဘိုရီနီ၊ ဝစ်ခ်ဟမ်း တို့ပါဝင်ကစားခဲ့သည်။

ပွဲချိန် ၁၂ မိနစ်တွင်ပင် ချယ်ဆီးအတွက် တိုက်စစ်မှူး အီတူးက ထောင့်ကန်ဘောမှ တစ်ဆင့် အဖွင့်ဂိုး ရယူပေးခဲ့သော်လည်း ၁၈ မိနစ်တွင် ဆန်းဒါးလန်းမှ အလွန်ဆို အပြင်းကန်သွင်းသည့် ဘောလုံးကို ရှဝါဇာ ဖမ်းယူစဉ် ပြန်ထွက်လာရာ တိုက်စစ်မှူး ဝစ်ခ်ဟမ်းက ပိတ်သွင်းယူခဲ့၍ ချေပဂိုး ရရှိသွားခဲ့သည်။ ၃၆ မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် အိုင်ဗန်နိုဗစ်၏ ခေါင်းတိုက်ချက် တိုင်ထိကာ ဂိုးသမား မန်နိုနီ ဖမ်းမိခဲ့သည်။ ၄၄ မိနစ်တွင် ညာခြမ်းမှ ဝီလျံ၏ ကန်သွင်းချက်ကို မန်နိုနီ ပုတ်ထုတ်ရာ ပြန်ထွက်လာသည့် ဘောလုံးကို ရာမီးရက်စ်က ဂိုးသမားမရှိသည့် ဂိုးပေါက်ထဲ ခေါင်းတိုက် သွင်းသော်လည်း လွဲချော်ခဲ့သည်။ ၄၅ မိနစ်တွင် လာဆန်၏ မျက်နှာကို တံတောင်ဖြင့် တွတ်ခဲ့သည့် ရာမီးရက်စ်ကို ဒိုင်လူကြီးက အရေးယူခဲ့ခြင်း မရှိပေ။

၄၈ မိနစ်တွင် လျင်မြန်သည့် တန်ပြန်တိုက်စစ်မှ တစ်ဆင့် ဝီလျံပေးပို့သည့် ဘောလုံးကို အီတူး ကန်သွင်းသော်လည်း ဂိုးဘေးထွက်ခဲ့သည်။ ၆၅ မိနစ်တွင် ဝီလျံ ထိုးပေးသည့် ဘောလုံးကို ဒမ်ဘာဘား ကန်သွင်းရာ လွဲချော်ခဲ့သည်။ ၈၂ မိနစ်တွင် ချယ်ဆီး ဂိုးဧရိယာအတွင်း အယ်တီဒေါကို ဖျက်ထုတ်ပုံကြမ်းခဲ့သည့် အက်ဇ်ပီလီကွိုင်တာကြောင့် ဆန်းဒါးလန်း ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကို လီဗာပူးလ်မှ အငှားဖြင့် လာရောက်ကစားနေသည့် တိုက်စစ်မှူး ဘိုရီနီက အမှားအယွင်းမရှိ သွင်းယူပေးခဲ့သည်။ ၈၃ မိနစ်တွင် ဒိုင်လူကြီး မိုက်ဒင်းကို ဒေါသတကြီး တုံ့ပြန်ရန် ကြိုးပမ်းခဲ့သည့် ချယ်ဆီးနည်းပြ အဖွဲ့ဝင် ဖာရီယာမှာ ထုတ်ပယ်ခံခဲ့ရသည်။ ပွဲအပြီးတွင် ချယ်ဆီးက ဆန်းဒါးလန်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သောကြောင့် ၎င်း၏ ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက်မှာ ဝေဝါးသွားခဲ့ရသည်။

Soccer Myanmar