လူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရမယ့်အချိန်

ပို့စ်တင်ချိန် - 6/08/2014 11:44:00 AM




ယနေ့ကာလမှာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ရမယ့်အချိန် ရောက်လာပါပြီ။ မြန်မာတွေ တကယ်စွမ်း ဆောင်နိုင်ရဲ့လား။ ဘယ်နေရာတွေမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲ။ ဘယ်တုန်းက ဘယ်သူတွေစွမ်းဆောင်နိုင်ခဲ့ကြသလဲ။ ဘယ်လိုကိစ္စတွေမှာ စွမ်းဆောင်နိုင်စွမ်းရှိကြသလဲ။

နိုင်ငံတကာအဆင့်မီ စွမ်း ဆောင်နိုင်ကြရဲ့လား။ ၀ါးလုံးခေါင်းထဲ လသာနေကြတာလားစတဲ့ မေးခွန်းတွေထုတ်ပြီး မထောက်မညှာ မကွယ်မ၀ှက်ဖြေဆိုကြရမယ့် အချိန်ဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာ ကိစ္စတွေ၊ စိတ်သတ္တိဆိုင်ရာ ကိစ္စတွေနဲ့ ရုပ်ဝတ္ထု ဆိုင်ရာကိစ္စ၊ အာရုံခံစားမှု အနုပညာစတဲ့ နယ်ပယ်အသီးသီးမှာ စွမ်းရည်မြှင့်တင်ကြဖို့ လိုအပ်နေပါတယ်။ သိပ္ပံပညာရပ်ဆိုင်ရာ အသစ်တွေ့ရှိချက်တွေလည်း ယခုအချိန်ထိ မည်မည်ရရမဖော် ထုတ်နိုင်ကြသေးပါဘူး။

ဦးမြနိယာမ၊ ဒေါ်လှသီအိုရီ၊ ဦးဘအေးဥပဒေသ၊ ဒေါ်မေသီ စည်းမျဉ်းစတဲ့ ပညာရပ်ပိုင်းဆိုင် ရာ ထုတ်ဖော်တွေ့ရှိချက်တွေ မြန်မာမှာ မရှိသေးပါဘူး။ ကာယ သတ္တိနဲ့ အားသွန်ခွန်စိုက်လုပ်ကြ ရတဲ့ ကိစ္စရပ်တွေမှာလည်း နိုင်ငံတကာအဆင့်မီအောင် မစွမ်း ဆောင်နိုင်ကြသေးပါဘူး။ သြစတြေးလျနိုင်ငံသူ (၁၃) နှစ် သမီးကရွက်လှေတစ်စီးနဲ့ တစ်ယောက်တည်း ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကူးခွင့်ရဖို့ မိဘတွေနဲ့ အတိုက်အခံ လုပ်နေချိန်မှာ မြန်မာနိုင်ငံက ၁၃ နှစ်သား အလယ်တန်း ကျောင်းသားက မိဘခွံ့ကျွေးတဲ့ ထမင်းကိုမြိန်ရေရှက်ရေ စားနေတုန်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အသက်(၇၀)ကျော် အဘိုးအိုက ဧ၀ရက်တောင်ထိပ်မှာ နေ၀န်းနီအလံကို ဒုတိယအကြိမ်စိုက်ထူတယ်။ ဘိလပ်က ခြေတုတပ်ဆင်ထားတဲ့ တောင်တက်သမားတစ်ယောက်က ဧ၀ရက်တောင်ထိပ်မှာ ယူနီယံဂျက်အလံကို လွှင့်ထူနိုင်ခဲ့တယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရ ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော် အတွင်း နိုင်ငံတော်အလံတွေ လည်း အမျိုးမျိုးပြောင်းခဲ့ပါပြီ။ ယနေ့အချိန်ထိ ဧ၀ရက်တောင် ထိပ်မှာ မြန်မာနိုင်ငံအလံ မလွှင့် ထူနိုင်သေးပါဘူး။ ယခုနှစ်အတွင်းဧ၀ရက်တောင်ထိပ်တက်ရောက် ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေ၊ အငတ်ဘေးကြုံတွေ့ခဲ့ရတဲ့ နိုင်ငံ တွေသည်ပင် ဧ၀ရက်တောင်ထိပ် မှာ အောင်လံဝင့်ဝင့်ကြွားကြွား စိုက် ထူနိုင်ခဲ့ကြပါပြီ။ တောင်ကုန်း တောင်တန်းဟုတ်ဟုတ်ငြားငြား မရှိတဲ့ နိုင်ငံတွေလည်း ဧ၀ရက် တောင်ထိပ်မှာ သူတို့ရဲ့ အလံကို  လွှင့်ထူနိုင်ခဲ့တဲ့ သာဓကတွေ ရှိပါ တယ်။ ဧ၀ရက်တောင်ထိပ်အလံ လွှင့်ထူနိုင်ခြင်းက နိုင်ငံရဲ့ ဂုဏ် သိက္ခာကို မြင့်တက်စေပါတယ်။

အားကစားဘက်ကို ကြည့် ပြန်ရင်လည်း မနေ့ တစ်နေ့က ပြီးစီးသွားတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ  အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ ပေမယ့် အိုလံပစ်အားကစားနည်း တွေနဲ့ ရွှေတံဆိပ်အရေအတွက် များများ ယူမပေးနိုင်ခဲ့ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေက သူတို့ရဲ့ ရိုးရာအားကစားနည်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အိုလံ ပစ် အားကစားနည်းဖြစ်အောင် အမြော်အမြင်ရှိရှိ စွမ်းဆောင်နိုင်ခဲ့ကြတယ်။ မြန်မာမှာလည်းရိုးရာအားကစားနည်းတွေ အ မြောက်အမြားရှိပေမယ့် အိုလံပစ် အားကစားနည်း ၀င်အောင် ယခု ထိမစွမ်းဆောင်နိုင်သေးပါဘူး။ တချို့ရိုးရာအားကစားနည်းတွေ ဆို တိမ်မြုပ်ပျောက်ကွယ်လု မတတ် ဖြစ်နေပါပြီ။ အမြော်အ မြင်ရှိရှိ မှတ်တမ်းမှတ်ရာနဲ့ မထိန်း သိမ်းနိုင်ရင် ပျောက်ကွယ်သွား မယ့် အလားအလာရှိနေပါတယ်။ ဂျူဒို၊ ကရာတေးဒို၊ ၀ူရှူး၊ မွေထိုင်း၊ တိုက်ကွမ်ဒိုစတဲ့ ကိုယ်ခံ ပညာရပ်တွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရိုးရာအားကစား ကိုယ်လုံပညာရပ်တွေ ဖြစ်ကြပြီး ယခုအခါ အိုလံပစ်အားကစား နည်းအဖြစ် အားကစားပြိုင်ပွဲတွေ မှာ ထည့်သွင်းကျင်းပလာကြ တယ်။ မြန်မာ့ရိုးရာကိုယ်ခံပညာ ရပ်တွေဖြစ်တဲ့ ဗန်တို၊ ဗန်ရှည်၊ သိုင်းပြောင်းပြန်၊ ရိုးရာလက်ဝှေ့ တို့သည်လည်း မည်သည့် ကိုယ်ခံ ပညာနဲ့မဆို ရင်ဆိုင်နိုင်စွမ်းရှိပေ မယ့် ယခုအချိန်ထိ အိုလံပစ်အား ကစားမှာ ထည့်သွင်းနိုင်ခြင်း မရှိသေးပါဘူး။

 မြန်မာနိုင်ငံက လက်ရှိအ ချိန်မှာ အကောင်းဘက်ကို ဦး တည်တဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေကြောင်း တာဝန်ရှိ သူတွေက ထုတ်ဖော်ပြောကြား ထားပါတယ်။ အမြော်အမြင်ရှိရှိ ရေရှည်ကိုကြည့်ပြီး တွေးတော ကြံဆ လုပ်ကိုင်ကြရမယ့် အချိန် ဖြစ်တယ်။ အရှိကို အရှိအတိုင်း ရဲရဲဝံ့ဝံ့ လက်ခံရမှာပါ။ မတတ် သေးရင် တတ်အောင်သင်ကြရပါ မယ်။ မသိရင်လည်း သိအောင် လုပ်ကြရမှာဖြစ်ပြီး တတ်ယောင် ကား လုပ်ရုံနဲ့ အလုပ်မဖြစ် ခရီး မပေါက်ကြောင်း သမိုင်းက သက် သေပြခဲ့ပြီး ဖြစ်တယ်။ သိသလိုလို၊ တတ်သလိုလိုနဲ့ ဝေေ၀၀ါးဝါး လုပ်လာခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ်ကျော်တိုင်ခဲ့ပါပြီ။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ရွှီရှောင်စိတ်ဓာတ်တွေကို တောခြောက်ထုတ်ကြရတော့မှာပါ။ နှစ်ပေါင်းခြောက်ဆယ်ကျော် ရွှီရှောင်လုပ်ခဲ့ကြတဲ့ အကျိုးဆက်ကို တိုင်းသူပြည်သားအားလုံး (အုပ်ချုပ်သူရော အုပ်ချုပ်ခံပါ) ခံနေကြရပါတယ်။

  ကုန်ထုတ်လုပ်မှုနဲ့ ၀န် ဆောင်မှုဘက်မှာလည်း နိုင်ငံ တကာ ဈေးကွက်အထိ ရင်ပေါင်တန်းနိုင်ဖို့ အများကြီး ကြိုးစားကြ ရဦးမှာ ဖြစ်တယ်။ ကမ္ဘာ့ဈေး ကွက်မှာ မိတ်အင်န်မြန်မာ (Made In Myanmar) ဆိုပြီး ထည်ထည်ဝါ၀ါ ရောင်းချနိုင်တဲ့ ကုန်စည်အများကြီး မရှိပါဘူး။ အစိုးရပိုင် စက်ရုံ၊ အလုပ်ရုံတွေလည်း နိုင်ငံတကာဈေးကွက်ကို မထိုးဖောက်နိုင်သေးသလို ပုဂ္ဂလိကကဏ္ဍမှာလည်း နိုင်ငံတကာကို မယှဉ်နိုင်သေးပါဘူး။ မကြာခင်ကာလမှာ အက်ဖ်တာနဲ့ အေအီးစီကို ဖော်ဆောင်တော့မှာမို့ ဒေသတွင်းနိုင်ငံတွေက ပြင်ဆင်ပြီးဖြစ်နေကြပါပြီ။ မြန်မာနိုင်ငံက ယခုအချိန်ထိ အဆင်သင့် မဖြစ်သေးပါဘူး။ ဈေးရောင်းရမယ့်ခေတ်မှာ ၀ယ်စားဖို့လောက်ပဲ အာရုံကျနေရင် ၂၁ ရာစုမှာနောက်ကောက်ကျ ကျန်ခဲ့ဦးမှာပါပဲ။ စက်မှုကုန်ကြမ်းသီးနှံတချို့နဲ့ လယ်ယာထွက် ပစ္စည်း၊ ရေထွက်ပစ္စည်း၊ ရေနံနဲ့  သဘာဝ ဓာတ်ငွေ့တွေတင်ပို့နေတာ ရှိပေမယ့် ကုန်ကြမ်းသာသာ အဆင့်နဲ့ ပွဲစားနိုင်ငံတွေဆီ တင်ပို့ နေရတဲ့ အနေအထားသာ ဖြစ်ပါ တယ်။

 စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့ အာရုံခံစားမှု အနုပညာနယ်ပယ်မှာလည်း နိုင်ငံတကာ အဆင့်မီဖို့ အများကြီးအား ထုတ်ကြရဦးမှာ ဖြစ်တယ်။ စာပေမှာ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ် ကျေးမှုရှိသော်ငြား နိုင်ငံတကာအ ထိ ထိုးဖောက်နိုင်ဖို့ မစွမ်းဆောင် နိုင်သေးဘူး။ နိုင်ငံတချို့က သူတို့  ရဲ့ ကိုယ်ပိုင်ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေးတွေကို အင်္ဂလိပ်လို ရေးသားထုတ်ဝေပြီး နိုင်ငံတကာ ဈေးကွက်ရှာနေတာ ကြာလေလှ ပေါ့။ စာရေးဆရာတချို့ရဲ့ ၀တ္ထု တိုတချို့ သက်ဆိုင်ရာ နိုင်ငံအ လိုက် ဘာသာပြန်တာရှိပေမယ့် နိုင်ငံတကာဈေးကွက်မှာ ခိုင်ခိုင် မာမာ မရပ်တည်နိုင်သေးပါဘူး။ ဂီတအနုပညာမှာလည်း ကိုယ်ပိုင် ဂီတ၊ ကျေးလက်ဂီတတွေ ရှိတယ် ဆိုပေမယ့် နိုင်ငံတကာအထိ ထိုး ဖောက်နိုင်တာ မရှိသေးဘူး။ ရုပ် ရှင်အနုပညာသည်လည်း ထို နည်းလည်းကောင်းပါပဲ။ ပေါ ကြောင်ကြောင်ဇာတ်ကားနဲ့ ပြူး တူပြဲတဲ ဇာတ်ကားတွေသာ မင်း မူနေပြီး ပရိသတ်ရဲ့ ချွေးနှဲစာကို ညာယူနေတာ ကာလကြာရှည်ရှိ ခဲ့ပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေရဲ့ နာမည်ကြည့်ရုံနဲ့တင် ပရိသတ် အပေါ်ထားတဲ့ စေတနာကို အထင်းသား တွေ့ရနိုင်တယ်။ ကမ္ဘာ့စံချိန်ဂင်းနစ် မှတ်တမ်းစာအုပ်မှာ မြန်မာနိုင်ငံပါဝင်တဲ့ အရေ အတွက်က လက်ဆယ်ချောင်း ပြည့်အောင် မရှိသေးပါဘူး။ အဏုမြူပုံသေနည်းထုတ်နိုင်ဖို့ မဆို ထားနဲ့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ် မွေးသည်ပင် နိုင်ငံတကာအဆင့် မီအောင် မထားနိုင်သေး။ အိန္ဒိယ က ဆာဒူးကြီးတွေက နှုတ်ခမ်းမွေး သုံး၊ လေးပေလောက်အထိ ရှည် အောင်ထားပြီး ဂင်းနစ်စံချိန်ဝင် အောင် လုပ်နိုင်ခဲ့ကြပါပြီ။ (နှုတ် ခမ်းမွေးရှည်အောင် ထားခိုင်းနေ ခြင်းမဟုတ်ပါ။ နိုင်ငံတကာ အ ဆင့်မီအောင် လုပ်နိုင်ခြင်းကို ရည်ညွှန်းခြင်းသာ ဖြစ်ပါတယ်။)

  မြန်မာစကားမှာ ထိုင်နေ အကောင်းသား ထသွားမှ ကျိုး မှန်းသိဆိုတဲ့ စကားရှိပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်း အသာ လေးမှေးထိုင်နေတာ လွတ်လပ် ရေးရပြီးကတည်းက ဖြစ်ပါတယ်။ ယနေ့ခေတ်လို ပြိုင်ဆိုင်မှု ပြင်း ထန်တဲ့ကာလမှာ ထကြည့်မှ ဖြစ် ပါတော့မယ်။ ထကြည့်လို့ ကျိုး နေတယ်ဆိုရင်လည်း စောစော စီးစီး ကုသမှု ခံယူကြတာပေါ့။ (နည်းနည်းတောင် နောက်ကျ နေလောက်ပြီ) ကျိုးမှန်းမသိဘဲ ဆက်ထိုင်နေရင် ပုပ်သိုးဆွေးမြည့် ပြီး ဖြတ်ရကိန်းကြုံရနိုင်တယ်။ သေချာတာကတော့ ထိုင်နေရင် ပန်းတိုင်ရောက်မှာ မဟုတ်ဘူး။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စွမ်း ဆောင်ရည်ကို နိုင်ငံတကာအ ဆင့်မီ မြှင့်တင်နိုင်အောင် အခုပဲ ထလိုက်ကြရအောင် ။   ။

သန်းနိုင်ဦး
7day daily