လိုအပ်နေတဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေး

ပို့စ်တင်ချိန် - 6/08/2014 12:30:00 PM



အိန္ဒိယနိုင်ငံ၌ ၀န်ကြီးချုပ်အသစ်တက်လာပေပြီ။ ၀န်ကြီးချုပ်အသစ်၏ အမည်ကတော့ နာရင်ဒြာမိုဒီ ဖြစ်ပါတယ်။ သူဟာဂူဂျာရပ် ပြည်နယ်ရဲ့ ပြည်နယ်အဆင့်ဝန်ကြီးချုပ်အဖြစ်  နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့လက်ထက်မှာ ဂူဂျာရပ်ပြည်နယ်ရဲ့ စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့လို့ အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ထင်ရှားလာခဲ့သူလည်း ဖြစ်ပါတယ်။ တခြားပြည်နယ်များက မဲဆန္ဒရှင်များက မိုဒီသာ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ၀န်ကြီးချုပ်ဖြစ်လာခဲ့ရင် သူတို့ရဲ့ ပြည်နယ်တွေမှာလည်း ဂူဂျာရပ်ပြည်နယ်လို စီးပွားရေးတက်လာအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါကြောင့် မိုဒီရဲ့ ဘီဂျေပီပါတီဟာ အစဉ်အဆက် နာမည်ကြီးခဲ့တဲ့ ကွန်ဂရက်ပါတီကို ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ အပြတ် အသတ်ဖြတ်ကျော် အနိုင်ရခဲ့ပါ တယ်။

   မကြာခင်မှာပဲ မိုဒီဟာ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာ လည်းဖြစ်ပါတယ်။ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ဖို့အတွက် နိုင်ငံတကာက ခေါင်းဆောင်များကို ဖိတ်ကြားထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဘေးဝန်းကျင်အိမ်နီးချင်းနိုင်ငံများက ခေါင်းဆောင်များကိုလည်း မပျက်မကွက် ဖိတ်ထားပါတယ်။ တိဗက်အဝေးရောက် အစိုးရရဲ့ ၀န်ကြီးချုပ်ကိုတောင် မပျက်မကွက်ဖိတ်ကြားပါတယ်။ အိမ်နီးချင်းနိုင်ငံများက ခေါင်းဆောင်များကို အဲသလို အသိအမှတ်ပြု ဖိတ်ကြားခဲ့ပေမယ့် ဖိတ်ကြားခြင်း မခံရတဲ့ အိမ်ချင်းကပ်လျက် နိုင်ငံကတော့ ကျွန်တော်တို့မြန်မာပြည်ပဲ ဖြစ်ပါတယ်။ ဘာကြောင့် မြန်မာနိုင်ငံက သမ္မတကို မဖိတ်ကြားရတာလဲဆိုတာ အတော် လေးတော့ စိတ်ဝင်စားဖို့ ကောင်း ပါတယ်။ ဒီနေရာမှာ အိန္ဒိယရဲ့ နိုင်ငံခြားရေးပေါ်လစီဟာ ဘယ် လိုပုံစံနဲ့ ကျင့်သုံးသလဲဆိုတာက နောက်ထပ် စိတ်ဝင်စားဖို့ကောင်း တဲ့ အချက်ဖြစ်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း  မြန်မာပြည်က အခုလက်ရှိ အစိုးရရဲ့ တစ် လျှောက်လုံးတည်ရှိခဲ့တဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးဟာ အားရစရာ မကောင်းခဲ့လို့ အိန္ဒိယဘက်က ဖိတ်ကြားဖို့ မေ့လျော့နေတာလား။ စဉ်းစားစရာတွေကတော့ များပါတယ်။

  ပြောရမယ်ဆိုရင် သမိုင်း ကြောင်းတစ်လျှောက်  မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးဟာ တစ်ချိန်က နီးကပ်ခဲ့ပါတယ်။ နွေးထွေးခဲ့ပါတယ်။ နှစ်နိုင်ငံဟာ နယ် စပ်မျဉ်းကြောင်းအရ မိုင်ပေါင်း ၁၀၀၀ ကျော် ထိစပ်နေတဲ့ နိုင်ငံ များဖြစ်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ကို မဖိတ်ကြားခဲ့တာ ဟာ တမင်သက်သက် မဖိတ်တာ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးသုတေ သီအချို့က မှတ်ချက်ချပါတယ်။ မြန်မာနဲ့ အိန္ဒိယအကြားမှာ တစ် ဦးနဲ့တစ်ဦး ကြီးမားတဲ့ပြဿနာ လည်း မရှိဘဲ ဘာကြောင့် အခုလို ဖိတ်ကြားဖို့ မေ့လျော့ခဲ့သလဲဆို တာနဲ့ ပတ်သက်လို့ တချို့က တော့ ဒီလိုထင်ကြေးပေးပါတယ်။ ဒီဘက်ခေတ် အိန္ဒိယနိုင်ငံရေးသ မားများ အကြားမှာ မြန်မာနိုင်ငံ ကို အိမ်နီးချင်းဆိုပေမယ့် တခုတ် တရ သတိမထားမိတာကြောင့် လို့ဆိုပါတယ်။ ဘာကြောင့် သတိမထားမိရတာလဲဆိုတော့ ပြီးခဲ့တဲ့နှစ်ပေါင်း အစိတ်သုံးဆယ်အတွင်း အိန္ဒိယနဲ့ မြန်မာဟာ စီးပွားရေးအရရော၊ လုံခြုံရေးအရပါ နီးနီးကပ်ကပ် ဆက်ဆံခဲ့တာ မရှိတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

 အရပ်စကားနဲ့ ပြောရရင် နှစ်ဦးနှစ်ဖက် အပြန်အလှန်ရောင်းတာ၊ ၀ယ်တာမျိုးလည်း မရှိ။ ရင်းရင်းနှီးနှီး ခေါ်တာ၊ ပြောတာ၊ ဆက်ဆံတာလည်း မရှိခဲ့ဘူးလို့ဆိုလိုတာပါ။ ရန်ဖြစ်နေကြသလားဆိုတော့လည်း ရန်ဖြစ်နေတာမျိုးလည်း မရှိပါဘူး။ ဘာသိဘာသာဖြစ်နေခဲ့တဲ့ ဆက်ဆံရေးကြောင့်ဟိုဘက်အိမ်က ဆွမ်းကျွေးလုပ်တော့ ဒီဘက်အိမ်ကို ဖိတ်ဖို့မေ့နေတာမျိုးနဲ့ သဘောချင်းတူပါတယ်။ ဖိတ်ဖို့မေ့နေတယ်ဆိုတော့ စာရင်းထဲထည့်မထားဘူးဆိုတဲ့ သဘောလည်း သက်ရောက်တာပေါ့။ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်တွေကို အသာထားလိုက်ပါဦး။ အိန္ဒိယမီဒီယာများ ကိုယ်တိုင်ကလည်း ဒီကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ ပတ်သက်လို့ ဟိုနိုင်ငံကို ဖိတ်သင့်တယ်။ ဒီနိုင်ငံကိုမဖိတ်သင့်ဘူး အစရှိသဖြင့် ၀ိုင်းဝန်းရေးသား ပြောဆိုနေပေမယ့် မြန်မာနိုင်ငံရဲ့အမည်ကတော့ မဖိတ်သင့်ဘူး၊ ဖိတ်သင့်တယ်ဆိုတဲ့ စာရင်းထဲမှာ မတွေ့ရပါဘူး။

  မိုဒီဝန်ကြီးချုပ်ဖြစ်တော့ မယ်ဆိုတာ သေချာပေါက်သိတဲ့ အချိန်မှာ အိန္ဒိယမှာရှိတဲ့ မြန်မာ သံရုံးက  သံအမတ်အဆင့် လောက်ကပေးပို့တဲ့  နိုင်ငံကိုယ် စားပြု ဂုဏ်ပြုလွှာမျိုးတော့ ရှိ ကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန် ကိုယ်တိုင်က လက်မှတ်ထိုးပြီး မိုဒီကို လိပ်မူ တပ်ပြီး ၀မ်းသာကြောင်း၊ ဂုဏ် ယူကြောင်း၊ အသိအမှတ်ပြု ချီး မွမ်းတဲ့ သ၀ဏ်လွှာမျိုးကို ပေးပို့ တာမျိုး ရှိ၊ မရှိဆိုတာကလည်း လိုလာပြန်ပါတယ်။ နိုင်ငံတကာ  ဆက်ဆံရေးတိုးတက်ဖို့၊ တိုးမြှင့်ဖို့အတွက်ဘာပဲပြောပြော ကိုယ့် ဘက်ကနေ ဂုဏ်ပြုသ၀ဏ်လွှာမျိုး ပေးပို့သင့်ပါတယ်။ ကာယကံရှင် ကတော့ ကျုပ်ကို ခင်ဗျားတို့ ဂုဏ် ပြုသ၀ဏ်လွှာပို့ဦးလို့တော့ ဘယ် ပြောပါ့မလဲ။ စဉ်းစားကြည့်ဖို့ပါ။ လေ့လာသူများ အဆိုအရ မြန်မာ နိုင်ငံဟာ အိန္ဒိယနဲ့ အိမ်ချင်းကပ် နေပေမယ့် သူ့ကိုယ်သူ အရှေ့ တောင်အာရှ အဖွဲ့ဝင်အနေနဲ့ စဉ်းစားချဉ်းကပ်ပြီး တောင်အာရှဒေသဟာ နိုင်ငံရေး၊ စီးပွားရေးအရ သူနဲ့အလှမ်းဝေးတယ်လို့ ယူဆ တာကြောင့်လည်း ဖြစ်နိုင်တယ် လို့ သုံးသပ်ပါတယ်။

အပြန်အလှန်အားဖြင့် နယူး ဒေလီက နိုင်ငံရေးသမားတွေကလည်း မြန်မာကို ရှုမြင်တဲ့နေရာ မှာ အိမ်နီးချင်းဆိုတာထက် အရှေ့တောင် အာရှအဖွဲ့ဝင်နိုင်ငံအနေ နဲ့သာ ရှုမြင်ပုံရတယ်လို့ ဆိုပါ တယ်။  အိန္ဒိယနိုင်ငံရေးသမား အတော်များများက မြန်မာပြည်ကို အရှေ့တောင်အာရှအတွင်း ခပ်လှမ်းလှမ်းက နိုင်ငံတစ်ခုအနေနဲ့သာ မြင်လေ့ရှိပါတယ်။ အဲသလို ဖြစ်ခဲ့ရတာကလည်း အရင်တုန်း က ဆက်တိုက်ဆိုသလို အာဏာရ ခဲ့တဲ့ ကွန်ဂရက်ပါတီကြောင့် ဖြစ် ရတယ်လို့ သုံးသပ်ကြပါတယ်။ အင်္ဂလိပ်စကားပြော  အနောက် တိုင်း ပညာတတ် ကွန်ဂရက်ပါတီ ခေါင်းဆောင်တွေဟာ အိန္ဒိယကို အာရှတိုက်အတွင်းမှာ ရှိတယ်ဆို တာ မေ့လျော့ထားခဲ့ပြီး အနောက် တိုင်းနဲ့ ပိုနီးစပ်တယ်ဆိုတဲ့ လုပ်ပုံ လုပ်နည်း စဉ်းစားဟန်တွေကြောင့်ဖြစ်ခဲ့ရတယ်လို့ တချို့က မှတ်ချက်ချပါတယ်။ မိုဒီရဲ့ ဘီဂျေပီပါတီရဲ့ စဉ်းစားပုံကတော့ အာရှနဲ့ ပိုပြီးနီးစပ်တယ်။ အရှေ့တောင်အာရှနိုင်ငံများကို အာရုံစိုက်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများနဲ့ကုန်းလမ်းကနေ နိုင်ငံရေး၊ စီးပွားရေး ဆက်စပ်မယ်ဆိုရင် မြန်မာနိုင်ငံကို မဖြစ်မနေ ဖြတ်သန်းရမှာကလည်းအရေးကြီးတဲ့ အချက်တစ်ချက်ဆိုတာ ဘီဂျေပီပါတီက သဘောပေါက်ပြီးသား ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ကုန်သွယ်စီးပွားလုပ်ကိုင်ဖို့ မြန်မာဟာ အိန္ဒိယအတွက် အရေးပါတယ်ဆိုတာ နားလည်ကြပါတယ်။

ဝန်ကြီးချုပ်အသစ် မိုဒီဟာ အရင်ကွန်ဂရက်ပါတီနဲ့ မတူတာ က တရုတ်နဲ့ ဆက်ဆံရေးကို ပိုပြီး တိုးတက်အောင် လုပ်လိုတဲ့ အာသီသရှိတယ်လို့ ဆိုပါတယ်။ အဲသလိုဆိုတော့ နိုင်ငံကြီး နှစ် နိုင်ငံကြားမှာ တည်ရှိနေတဲ့ မြန်မာပြည်ရဲ့ အခန်းကဏ္ဍဟာ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ ဖြစ် လာပါတယ်။

  အတိတ်တုန်းကလည်း မြန်မာနဲ့ အိန္ဒိယဟာ အတော်လေး နီးစပ်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။အင်္ဂလိပ်ဆီက လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်ကြတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် စာနာနားလည်မှုတွေ ရှိခဲ့ပါတယ်။ ကိုလိုနီလက်အောက်မှာ ကျေးကျွန်ဖြစ်နေရသူ အချင်းချင်းသွေးစည်းတဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့ဟာ အိန္ဒိယထိပ် တန်း ခေါင်းဆောင်တွေဖြစ်တဲ့ ဂန္ဒီတို့၊နေရူးတို့နဲ့ အလွန်ရင်းနှီးခင်မင်သူတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကြီးပြီးတဲ့ နောက်ပိုင်းခေတ် အမေရိကန်အုပ်စုနဲ့ ဆိုဗီယက် အုပ်စုအကြား ဘယ်သူ့ဘက်မှမပါဘဲ ဘက်မလိုက်လှုပ်ရှားမှုတွေ အားကောင်းလာတဲ့ အချိန်ကာလမှာ မြန်မာဝန်ကြီးချုပ်ဦးနုဟာ အိန္ဒိယ၀န်ကြီးချုပ် နေရူးနဲ့ လုပ်ဖော်ကိုင်ဖက်များပမာ၊ ညီအစ်ကိုများပမာ ဆက်ဆံရေးတွေရှိခဲ့ပါတယ်။ သို့သော်လည်းမြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ်ကစလို့ ဒီမိုကရေစီထွန်းကားတဲ့ အိန္ဒိယနဲ့ စစ်အာဏာရှင် မြန်မာနှစ်ဦးကြား ဆက်ဆံရေးဟာ တစ်စတစ်စ ဝေးကွာလာခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ မြန်မာနဲ့ အိန္ဒိယဆက်ဆံရေးဟာ ပုံမှန်အားဖြင့် သံတမန်ဖလှယ်တဲ့ အဆင့်လောက်သာ ရှိပါတော့တယ်။

မြန်မာပြည်ဟာ လူဦးရေ ထူ ထပ်ပြီး စီးပွားရေးအရှိန်ကောင်း လာနေတဲ့ နိုင်ငံကြီးနှစ်ခုအကြား မှာ တည်ရှိပါတယ်။ ကမ္ဘာတည် သရွေ့လည်း ဒီလိုပဲ ဆက်ရှိနေ ဦးမှာပါ။ အိန္ဒိယနဲ့ပတ်သက်လို့ ဆက်ပြောရရင် မြန်မာနိုင်ငံအနေ နဲ့ ဒီထက်ပိုပြီး နက်ရှိုင်းတဲ့ ဆက် ဆံရေးမျိုး  ထူထောင်ဖို့လိုပါ တယ်။ နိုင်ငံတကာ ဆက်ဆံရေး မှာ ပါးနပ်ဖို့ လိုပါတယ်။ စစ်ဗိုလ် ဘ၀က အကျင့်အတိုင်း မာမာ တောင့်တောင့်ကြီး လုပ်နေရင် နိုင်ငံတကာနယ်ပယ်မှာ  ကန် တော့ဆွမ်း အလုပ်ခံရပါလိမ့် မယ်။ တစ်ဆက်တည်းမှာလည်း အစိုးရတစ်ခုရဲ့ နိုင်ငံခြားရေး ပေါ် လစီတွေ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ အရပ်သားပညာတတ် သံတမန်စစ်စစ်တွေ ရှိလာဖို့လည်း လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုပါ တယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ ၀န်ကြီးချုပ်မိုဒီရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အဖိတ်မခံရတာ အ ကြမ်းဖျင်းအားဖြင့်  နှစ်ပိုင်းရှိပါ တယ်။ ပထမအချက်ကတော့ တစ်လျှောက်လုံးအေးစက်လာခဲ့ တဲ့ အိန္ဒိယ-မြန်မာဆက်ဆံရေး ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒုတိယအချက်ကတော့ အိန္ဒိယမှာစေလွှတ်ထားတဲ့ မြန်မာသံ အမတ်ရဲ့ သံခင်းတမန်ခင်း အရည်အသွေးဘယ်လောက်  မြင့်မားသလဲဆိုတာနဲ့ ပတ်သက်ပါတယ်။ ပထမအချက်ကြောင့် အိန္ဒိယအစိုးရဘက်က ဖိတ်ကြားဖို့ မေ့လျော့နေတယ်ပဲထား။ မြန်မာ သံအမတ်က မိမိရဲ့ မြန်မာသမ္မတ ဖိတ်စာရဖို့ သံခင်းတမန်ခင်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့လိုပါတယ်။ သံတမန်ဆိုတာ ကုတ်အင်္ကျီဝတ်၊ နက်ခ် တိုင်တပ်၊ ဧည့်ခံပွဲတွေတက်ပြီး ၀ိုင်ခွက်လေးကိုင်ထားရုံနဲ့ သံတမန်မမြောက်ပါ။ အဆက်အဆံ၊ အပေးအယူ၊ အပြောအဆိုနဲ့ လိုအပ်တဲ့ မိတ္တဗလကို ကောင်းကောင်းတတ်ကျွမ်းဖို့ လိုပါတယ်။ ဥပမာပြောရရင် အာဏာရ အစိုးရနဲ့ အလွမ်းသင့်ရုံမဟုတ်ဘဲ အာဏာမရသေးတဲ့ ဘီဂျေပီပါတီက  မိုဒီဟာ ဒီတစ်ပတ်မှာ ၀န်ကြီးချုပ်ဖြစ်နိုင်တယ်ဆိုတဲ့ အလားအလာကို မြင်ရပြီဆိုတာနဲ့ ဘီဂျေပီပါတီနဲ့ပါ ဆက်ဆံရေးတံခါးကို ဖွင့်ထားဖို့ လိုပါတယ်။ ဆက်ဆံရေးထူထောင်ထားဖို့ လိုပါတယ်။

ကိုယ့်ဘက်က လုပ်ရမှာက ဖိတ်စာများ ရောက်လာမလားဆို ပြီး ထိုင်စောင့်တာမျိုးမလုပ်ဘဲ ဖိတ်စာရဖို့  အားထုတ်ဖို့ လိုပါ တယ်။ အိန္ဒိယဆိုတာ တရုတ် နည်းတူ တဖြည်းဖြည်းနဲ့ စီးပွား ရေးကောင်းလာတဲ့ နိုင်ငံကြီး ဖြစ် ပါတယ်။ အိမ်နီးချင်းလည်း ဖြစ် ပါတယ်။ ကိုယ့်ဘက်ကစပြီး ခေါ် ခေါ်ပြောပြော ဆက်ဆက်ဆံဆံ လုပ်ရမှာပါ။ အိန္ဒိယတစ်ခုတည်းမှ မဟုတ်ပါဘူး။ တိုးတက်နေတဲ့ နိုင်ငံတွေဆီကနေ ကိုယ့်တိုင်း ပြည်အတွက် အသုံးပြုလို့ရနိုင်တဲ့ နည်းလမ်းတွေ၊ နည်းနာတွေ၊ ကုန်သွယ်ရေးတွေ၊ ရင်းနှီးမြှုပ်နှံ မှုတွေ၊ ယုတ်စွအဆုံး အတိုးနည်း ချေးငွေ၊ အတိုးမဲ့ချေးငွေတွေပါ ရရှိအောင် ကြိုးစားဖို့ လိုပါတယ်။

  နေပြည်တော်ကိုယ်တိုင် ဘာတွေပြုပြင်ရမလဲဆိုတာက ပထမလိုအပ်ချက်ဖြစ်ပါတယ်။ နိုင်ငံခြားရေးပေါ်လစီတွေ၊ လုပ် ထုံးလုပ်နည်းတွေ ပြန်လည်သုံး သပ်ဖို့ လိုလာပါတယ်။ ပြင်ဆင် ဖြည့်စွက်ဖို့လည်း  လိုအပ်မှာပါ။ တရုတ်နဲ့  တန်းတူရည်တူ ပြေ လည်ဖို့  လိုသလို(နောက်လိုက် တပည့်အဖြစ်မဟုတ်) အိန္ဒိယနဲ့ တန်းတူရည်တူ ဆက်ဆံရေး လည်း ချောမွေ့ဖို့ လိုပါတယ်။ အိန္ဒိယနိုင်ငံဟာ အရှေ့မျှော် ပေါ်လစီအရ စီးပွားရေးတိုးတက် လာဖို့အတွက် မြန်မာနိုင်ငံကို လို အပ်ပါတယ်။ အပြန်အလှန်အား ဖြင့် မြန်မာနိုင်ငံဟာလည်း မိမိရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အိန္ဒိယ ကို လိုအပ်ပါကြောင်း ။    ။

ဇော်မင်း
7day daily