အမျိုးသမီး KIA တပ်ဖွဲ့ဝင် တစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

ပို့စ်တင်ချိန် - 6/08/2014 04:42:00 PM



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဌာနဆိုင်ရာရုံးသို့ ဇွန် ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)အဖွဲ့မှ အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦး လက်နက်မဲ့အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။
လက်နက်မဲ့ အလင်းဝင်ရောက်လာသူမှာ မစံပယ်ဦး (ခ) စံပယ်အေး၊ (၂၁)နှစ် ၊(ဘ)ဦးလှဟန်၊ ပင်လုံကျေးရွာအုပ်စု၊ မိုးညှင်း မြို့နယ် နေသူဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိ တစ်ဦး က ပြောသည်။

မစံပယ်ဦးသည် မိုးညှင်းမြို့နယ်၊ နန့်စီအောင်ကျေးရွာ၏ အရှေ့ဘက်ရှိ နန့်ပမောင်း ရွှေမှော်၌ ရွှေကျင်လုပ်သား ထမင်း ချက်အဖြစ် လုပ်ကိုင်စဉ်၊ ၂၀၁၂ခုနှစ် အေပြီလထဲတွင် KIA အဖွဲ့မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူ တစ်ဦးက ဆိုသည်။

`` ကျွန်မနဲ့အတူ လူငါးယောက်ကို KIA အဖွဲ့က မှော်ထဲမှာလာဖမ်းသွားပါ တယ်၊ ဟိုရောက်တော့ ကျွန်မအပါအ၀င် လူ ၇၀ ကျော် စစ်သင်တန်း တက်ရပါတယ်၊ ၂ လလောက်တော့ကြာမယ်ထင်ပါတယ်၊ သင်တန်းဆင်းတော့ KIA အရာရှိကြီး တစ်ဦးရဲ့အိမ်မှာ ထမင်းချက်ရပါတယ်´´ ဟု နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် မစံပယ်ဦးက ပြောသည်။

ထမင်းချက်တာဝန်ထမ်းဆောင်နေစဉ် မစံပယ်ဦးမှ KIA အရာရှိကြီးအား အိမ်သို့ပြန်လိုကြောင်း မကြာခဏ တောင်းပန်ခဲ့ သဖြင့် ယခုကဲ့သို့ အလင်းဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

``ကျွန်မကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲက ၂ မိုင်ကျေးရွာအထိ လိုက်ပို့ပေးပါတယ်၊ ၂ မိုင်ကျေးရွာ ကနေတစ်ဆင့် မိုးညှင်းကိုပြန်လာခဲ့တာပါ၊ ကျွန်မနဲ့အတူ အဖမ်းခံရတဲ့ လူတွေထဲမှာ လည်း သေတဲ့လူလည်း သေကုန်ပါပြီ၊ KIA တပ်ဖွဲ့ထဲမှာ ဆန္ဒမပါဘဲနဲ့ နေရတဲ့သူတွေ အများကြီးရှိပါတယ်၊ ကျွန်မလိုပဲ သူတို့လည်း ပြန်လွတ်လာပါစေလို့ ဆုတောင်းနေပါတယ်´´ ဟု ၄င်းက ဆက်လက်ပြောကြားသွားသည်။

အယ်လ်နော်ဆိုင်း
Kachin Daily News