မန္တလေးမြို့တွင် ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်

ပို့စ်တင်ချိန် - 7/20/2014 11:10:00 AM


အခင်းစတင်ဖြစ်ပွားသည့် ဇူလိုင် ၁ ရက်ညက ဆန်း ကဖီးဆိုင်ရှေ့ မြင်ကွင်းကို တွေ့မြင်ရစဉ်
မန္တလေးမြို့တွင် ဆူပူမှုဖြစ်ပေါ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုသာဖြစ်ကြောင်း အစိုးရက ဇူလိုင် ၁၉ ရက် ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာ များမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

မှုခင်းဖြစ်စဉ်မှာ ဇွန် ၂၈ ရက်ည ၁ဝ နာရီတွင် မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီးလက်ဖက်ရည်ဆိုင်ရှိ ဆိုင်ဝန်ထမ်း မစိုးစိုး ၂၅ နှစ် ဘုတလင်မြို့ နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ အသက် ၄ဝ ကျော်အရွယ်ရှိ ဆိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့ ညီအစ်ကိုနှစ်ဦးက ယာဉ်အမှတ် မမှတ်မိသည့် အဖြူ ရောင်ယာဉ်နှင့် နေပြည်တော်ရှိ လက်ဖက်ရည် ဆိုင်သစ်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနား တောင်ညိုကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက သားမယားပြုကျင့်၍ တိမ်းရှောင်သွားကြသည်ဟု ပျဉ်းမနားမြို့မရဲစခန်းတွင် တိုင်ကြားခဲ့သည်။

ယင်းမှုခင်းဖြစ်စဉ်အား မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ စစ်ဆေးချက်များအရ ၎င်း၏အမည်အရင်းမှာ ဖြူဖြူမင်း(ခ) ကတုံးမ အသက် ၃ဝ နှစ် ဖြစ်ကြောင်း မွေးရပ်ဇာတိမှာလည်း မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ဆန်းကဖီးတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း မရှိကြောင်းနှင့် မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များ အရလည်း အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း၊ စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့နောက် ၎င်းအားရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးခဲ့ရာ ဝန်ခံချက်အရ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်ဆိုသူတို့၏ ငွေပေးစေခိုင်းမှုအရ ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့က ၎င်းကိုသားမယားအဖြစ် ပြုကျင့်ကြောင်း ပျဉ်းမနားရဲစခန်းတွင် လီဆယ်တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မစိုးစိုးအမည်ခံ လီဆယ်တိုင်ကြားသူ မဖြူဖြူမင်း(ခ) ကတုံးမသည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် စက်တင်ဘာတွင် ခင်ပွန်းမှာ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရစဉ် အမှုမှ လွတ်မြောက်ရေး ကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်၊ နုနုမြတ်တို့နှင့် ရင်းနှီးခဲ့ကြောင်း၊ အမှုကို မန္တလေးခရိုင် တရားရုံးက ၂ဝ၁၄ ခုနှစ် ဧပြီတွင် တရားခံမင်းသူရဇော် (ခ) နိုမိုဟာမက်အား ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲတရားခံ မင်းသူရဇော်၏အဒေါ် ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီဌေးတို့အား ထောင်ဒဏ် ၁၂ နှစ် အသီးသီးချမှတ်ခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် အပေါ်တွင် ဒေါ်ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး(ခ) ကိုထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် မင်းသူရဇော်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ်ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေးဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ပြီး အမှတ်(၃) ရဲစခန်း(ပ) ၁၄၉ / ၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅ဝ၆ -၃၅၃ အရ အမှုဖွင့် အရေးယူခဲ့ပြီး ယင်းအမှုမှာလည်း ချမ်းအေးသာဇံမြို့နယ်တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

ပြန်လည်အမှုဖွင့်ခံရမှု အပေါ်ကိုလည်း ခင်မောင်ထွေး၊ ရဲထွဋ်နှင့် ဒေါ်မာလာတို့က မကျေနပ်သဖြင့် တရားလိုပြုလုပ်သူ ခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်ဆိုသည့် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီးနောက် ဒေါ်မာလာ၊ ဖြူမ (ခ) ဖြူဖြူဇော်နှင့် ဟေမာကျော်တို့သည် ပြင်ဦးလွင် ရဲစခန်းသို့ သွားရောက်ပြီး ဟေမာကျော်က ရဲထွဋ်နှင့် နုနုမြတ်တို့ သင်ကြားပေးထားသည့်အတိုင်း ပုလဲတည်းခိုခန်းတွင် ခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းက သူမအား သားမယား ပြုကျင့်ခဲ့ကြောင်း တရားလိုပြုလုပ်၍ လီဆယ်တိုင်တန်းခဲ့သည်။

ရဲထွဋ်နှင့် နုနုမြတ်တို့မှာ မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်လည်း ရင်းနှီးမှုရှိပြီး ဟာဂျီထွန်းထွန်းမှာ ဆန်းကဖီးပိုင်ရှင် ဦးဆန်းမောင်၊ ဦးနေဝင်းတို့နှင့် လူမှုရေးပြဿနာများကြောင့် မှုခင်းအပြန်အလှန် ဖြစ်ပွားနေသည်။ ဟာဂျီထွန်းထွန်း သည် ၎င်း၏ကြက်ခြံမှ အလုပ်သမား မကေသီခိုင် (ခ) ချယ်ရီသိန်း (၂၇ နှစ်) အား မေလအတွင်းက သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မေ ၁၇ ရက်တွင် စစ်ကိုင်းရဲစခန်းက (ပ)၂၈၁/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှုအပေါ် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့က သွေးထိုးမြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆ၍ ၎င်းတို့နှစ်ဦး ပြစ်ဒဏ်ကြီးစွာကျခံနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ်တိုင်ကြားနိုင်ရန် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူအညီ တောင်းခံခဲ့သည်။

ရဲထွဋ်နှင့် နုနုမြတ်တို့ကလည်း ခင်ပွန်းမူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျပြီး ငွေလိုနေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချပြီး သားမယားပြုကျင့်မှုဖြင့် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့အား လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်းက ၎င်းတို့၏နေအိမ်သို့ ဖြူဖြူမင်းကို ခေါ်ယူနေထိုင်စေကာ သားမယားပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင်သင်ပေးပြီး အောင်မြင်ပါက ငွေဆယ်သိန်းပေးမည်ဟု သွေးဆောင်စည်းရုံးခဲ့သည်။

ထို့နောက် ဖြူဖြူမင်း၊ ရဲထွဋ်၊ နုနုမြတ်နှင့် ဖြူဖြူဇော်တို့သည် ဆန်းကဖီးပိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့အပေါ် လီဆယ်အမှုဖွင့်ရန် ဇွန် ၂၆ ရက် ညနေပိုင်းတွင် ပျဉ်းမနားသို့ သွားရောက်ခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့်နေရာ ပျဉ်းမနားမြို့အနေအထားတို့ကို ဖြူဖြူမင်းအား ပြသခဲ့သည်။ ဇွန် ၂၉ ရက် နေ့လယ်ပိုင်းတွင် ဖြူဖြူမင်းအား ငွေ ၂၅ဝဝဝ ပေး၍ ပျဉ်းမနားမြို့ မြင်းရုပ်အနီးတွင် ထားခဲ့ပြီး ဖြူဖြူမင်းသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနားရဲစခန်းကို သွားကာ ဦးနေဝင်းနှင့် ဦးဆန်းမောင်တို့က သူမအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု အမှုစစ်အရာရှိထံ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးချက်များနှင့် ရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြုချက်များအရ ပျဉ်းမနားမြို့တွင် ဖြူဖြူမင်း(ခ) ကတုံးမ လီဆယ်တိုင်တန်းသော အမှုအား ဇူလိုင် ၁၇ တွင် ပိတ်သိမ်းခဲ့ပြီး ပြင်ဦးလွင်ခရိုင်ရုံး၏ ဥပဒေအကြံပြုချက်အရ လီဆယ်တိုင်တန်းသူဟေမာကျော်နှင့် ဒေါ်မာလာတို့အား ဥပဒေနှင့်အညီအရေးယူရန် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ လီဆယ်တိုင်တန်းသူ ဖြူဖြူမင်း(ခ) ကတုံးမ၊ လီဆယ်တိုင်တန်းရန် ညွှန်ကြားသူ နုနုမြတ်တို့အား ဖမ်းမိထားပြီး ရဲထွဋ်(ခ) သူရရဲထွဋ်၊ ဟေမာကျော်နှင့် ဒေါ် မာလာတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။          

news-eleven