မလေးရှားတွင် မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရပြီးနောက် မလေးရှားရဲများက မြန်မာအလုပ်သမားများအား ပတ်(စ်)ပို့စစ်ကာ ဖမ်းဆီးမှုများပြုလုပ်နေ

ပို့စ်တင်ချိန် - 7/20/2014 11:11:00 AM


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပေါ်ရှိ မြန်မာစားသောက်ဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

မလေးရှားနိုင်ငံတွင် မကြာသေးမီက မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်ပြီးနောက် မြန်မာအလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်)ပို့ (နိုင်ငံကူးလက်မှတ်)စစ်ကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်အပေါ် တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအား တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း မြန်မာအလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်) ပို့စစ်ကာ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကြောင့် မလေးရှားရှိ မြန်မာအလုပ်သမားများမှာ အပြင်မထွက်ရဲဖြစ်နေပြီး အပြင်ထွက်ပါကလည်း မလေးရှားရဲများက ပတ်(စ်)ပို့(နိုင်ငံကူးလက်မှတ်) စစ်ဆေးဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

“အခြေအနေကတော့ ငြိမ်နေတယ်။ ငြိမ်နေတယ်ဆိုတာ အကောင်းတော့မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး မြို့လယ်ကို မထွက်ရဲဘူး။ အသတ်ခံရမှာ ကြောက်နေတယ်။ အသတ်ခံရမှာကြောက်လို့ အပြင်မထွက်ဘူး။ အပြင်ထွက်ရင်လည်း မလေးရဲက ပတ်(စ်) ပို့စစ်ပြီး ဖမ်းတယ်။ ငွေတောင်းတယ်။ မလေးရှား-ထိုင်းနယ်စပ်မှာဆို မလေးရှားရဲက တော်တော်လေးကို အဖမ်းအဆီးကြမ်းနေပါတယ်” ဟု ဦးဆန်းဝင်းက ပြောကြားသည်။

မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ ပတ်(စ် )ပို့(နိုင်ငံကူးလက်မှတ်)နှင့် အလုပ်လုပ်ခွင့် လက်မှတ်များကို အလုပ်ရှင် အတော်တော်များများက သိမ်းဆည်းထားလေ့ရှိခြင်းကြောင့် အလုပ်သမားများအနေဖြင့် အပြင်ထွက်ရာတွင် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်သမားများ ပပျောက်ရေး စီမံချက်အနေဖြင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က စတင်၍ တရားမဝင် မြန်မာအလုပ်သမားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ စီမံချက်ကြောင့် မြန်မာအလုပ်သမား အများအပြား ဖမ်းဆီးခံခဲ့ရပြီး အလုပ်သမား အများအပြား နေရပ်သို့ ပြန်ရောက်လာခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ပီရိုင်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးကို ၎င်းနေထိုင်ရာ အိမ်အနောက်ဘက်၌ သေဆုံးလျက်ရှိနေသည်ကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ပြီး သေဆုံးသူ ကိုအောင်ခင် (ကိုတိုနီ)သည် နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ညာဘက်လက်ကောက်ဝတ်မှာလည်း ပြတ်တောက်လုနီးပါး အလှီးခံထားရသည်ဟု သိရသည်။

အလားတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သေဆုံးသည့် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးနေသည့် ကွာလာလမ်ပူ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီက ပူချွန်မြို့မန်ချူးချိုင့်၌ အသတ်ခံခဲ့ရသည်။

“သံရုံးက ဘာမှအကူအညီမပေးဘူး။ သတိထောက်လွှာ သွားပို့တာလည်း မထိရောက်ဘူး။ ဒါ့အပြင် မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ဖြစ်စဉ်တွေ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး” ဟု ၎င်းကဆိုသည်။

နန်းစုနှင်းထွေး
Eleven Media