တွစ်တာ သိပ်သုံးလွန်းလေ အိမ်ထောင်ရေး ပြဿနာ ပိုများလေဟုဆို

ပို့စ်တင်ချိန် - 7/09/2014 08:36:00 AM


ဝါရှင်တန်၊ ဇူလိုင် ၎

မြတ်ဆုကို

တွစ်တာ သိပ်သုံးသူများသည် အိမ်ထောင်ရေး၊ အချစ်ရေးမှာ ပြဿနာ ပိုကြုံရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။

ယခင် စစ်တမ်းတစ်ရပ်ကလည်း ဖေ့စ်ဘွတ်ခ် များများသုံးလေ အိမ်ထောင်ရေး အချစ်ရေး ပြဿနာ ပိုတက်လေဟ ဖော်ပြခဲ့ပြန်ရာ ဆိုရှယ်မီဒီယာ အသုံးများလွန်းခြင်းသည် ဆက်ဆံရေးများကို ပျက်ယွင်းစေသလား မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။ တွစ်တာ စစ်တမ်းကို ““ဆိုင်ဘာ စိတ်ပညာနှင့် အပြုအမူများ ဆိုင်ရာဂျာနယ်””တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ မစ်ဇူရီတက္ကသိုလ်မှ ပါရဂူ ဘွဲ့သင်တန်းသား ရပ်ဆဲကလေတန်က သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ သုတေသနအတွက် တွစ်တာသုံးသူ (၅၈၁) ဦးကို မေးမြန်းခဲ့သည်။ ထိုသူများ တွစ်တာသုံးနှုန်း၊ အိမ်ထောင်ရေး အချစ်ရေး ပြဿနာ ကြုံတွေ့ရနှုန်းများကို စစ်တမ်းကောက်သည်။ ထိုအခါ တွစ်တာကို အချိန်ကြာကြာ သုံးသူဖြစ်လေ လင်မယား အဆင်မပြေ၊ အိမ်ထောင်ပျက်၊ အိမ်ထောင်ကွဲ စသည့် အိမ်ထောင်ရေး အချစ်ရေးပိုင်း အဆင်မပြေမှုများ ပိုဖြစ်ပွားလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

ဆိုရှယ် မီဒီယာများကို အသုံးလွန်ခြင်းကြောင့် လူမှုဘ၀ ထိခိုက်နိုင်ပုံကို ယခုစစ်တမ်းက စတင်မီးမောင်း ထိုးပြလိုက်ပြီ ဖြစ်ရာ ဆက်လက်ပြီး ကျယ်ကျယ် ပြန့်ပြန့် လေ့လာနိုင်အောင် အားထုတ်ကြရမည်ဖြစ်ကြောင်း ဂျာနယ် အယ်ဒီတာချုပ် ဘရန်ဒါဝိုက်ဒါဟိုးက မှတ်ချက် ပေးထားသည်။

Source: AFP

The messenger