အလ္လာဟူသော စကားလုံး အခြားဘာသာဝင်များ မသုံးစွဲရန် မလေးရှား တရားရုံး အမိန့်ချ

ပို့စ်တင်ချိန် - 10/15/2013 08:07:00 PM



မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင်တို့၏ ဘုရားဖြစ်သော ‘အလ္လာ’ ဟူသော စကားလုံးကို မွတ်ဆလင်ဘာသာ မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း မလေးရှား တရားရုံးက အမိန့်ချမှတ် လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများက ၎င်းတို့၏ ဘုရားကို မွတ်ဆလင် ဘာသာတို့၏ ဘုရားဆိုသော အသုံးအနှုန်း ဖြစ်သည့် ‘အလ္လာ’ ဟူသော စကားလုံးကို ယူငင်သုံးစွဲပါက ဘာသာဝင်များအကြား ရှုပ်ထွေးမှု ဖြစ်စေနိုင်သောကြောင့် တရားရုံးက ယခုကဲ့သို့အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မွတ်ဆလင် အများစုရှိသော မလေးရှားနိုင်ငံတွင် ၂၀၀၉ ခုနှစ်က ကက်သလစ် ခရစ်ယာန် သတင်းစာ တစ်စောင်ဖြစ်သော The Harald သတင်းစာတွင် အင်္ဂလိပ်လို ‘God’ ဘုရားသခင်ဟူသော စကားလုံးကို ဒေသခံများ နားလည်နိုင်မည့် ‘Allah’ ‘အလ္လာ’ ဟူသော စကားလုံးကို သုံးစွဲခဲ့ခြင်းကို မလေးရှား အစိုးရက ယင်းစကားလုံးကို သုံးစွဲ၍ မရကြောင်း ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ ကက်သလစ် ခရစ်ယာန်သတင်းစာက မလေးရှားအစိုးရကို တရားစွဲဆိုရာ ယင်းအချိန်က မလေးရှား တရားရုံးက ခရစ်ယာန် သတင်းစာကို အနိုင်ပေးခဲ့သည်။

သို့သော် အဆိုပါ တရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မလေးရှားအစိုးရက အထက်ရုံးသို့ အယူခံဝင်ခဲ့ရာ ၂၀၀၉ ခုနှစ်က တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ မလေးရှားတွင် မွတ်ဆလင် မဟုတ်သူများ အနေနှင့် ‘အလ္လာ’ ဟူသော စကားလုံးကို သုံးခွင့်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ် လိုက်ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် အငြင်းပွားချိန်တွင် ခရစ်ယာန် ဘုရားကျောင်းနှင့် မွတ်ဆလင်ဗလီများကို တိုက်ခိုက်ခဲ့ခြင်းများ ဖြစ်ပွားခဲ့သည်။

ယခုတရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း၊ အယူခံဝင်သွားမည် ဖြစ်ကြောင်း ကက်သလစ် ခရစ်ယာန်သတင်းစာ The Harald ၏ အယ်ဒီတာရီဗာရန်လော့ရင့်အင်ဒရူးက ပြောကြားသည်။

The Harald သတင်းစာကို ထောက်ခံသူများ မလေးဘာသာစကားဖြင့် ရေးထားသော ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်ယာန် ဘုရားသခင် God ကို Allah (အလ္လာ) ဟု သုံးနှုန်း ဖော်ပြခဲ့သည်မှာ ၁၉၆၃ ခုနှစ် မလေးရှားနိုင်ငံ မတည်ထောင်မီကပင် ဖြစ်ကြောင်း ထောက်ပြ ပြောကြားကြသည်။

ခရစ်ယာန်တို့က God ဟူသော စကားလုံးကို Allah (အလ္လာ) ဟူ၍ သုံးစွဲခြင်းသည် မွတ်ဆလင် ဘာသာဝင်များကို ခရစ်ယာန် ဘာသာဝင် အဖြစ်သို့ ပြောင်းလဲရန် တွန်းအားပေးနိုင်ကြောင်း အချို့သော မွတ်ဆလင် ဘာသာဝင် အုပ်စုများက ပြောကြားသည်။

လက်ရှိမလေးရှား အာဏာရပါတီဖြစ်သော မလေး-မွတ်ဆလင်ပါတီသည် လူအများအကြား ထောက်ခံမှုရစေရန် ယခုအမှုကို အသုံးချခြင်း ဖြစ်ကြောင်း အချို့သော မလေးလူမျိုးများက ယူဆလျက်ရှိသည်။
မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် အရေအတွက်သည် မလေးရှား လူဦးရေ၏ သုံးပုံတစ်ပုံ ရှိသော်လည်း ဟင်ဒီနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလည်း အများအပြား ရှိသည်။
The Voice Weekly