ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပေါ် အလုံမြို့နယ်စခန်းမှူးနှင့် စကားစမြည်

ပို့စ်တင်ချိန် - 10/15/2013 08:40:00 AM




နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၂၃ နာရီ ၂၈ မိနစ်

အောက်တိုဘာလ ၁၄ ရက် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင်ရပ်ကွက် Western Park 2 စားသောက်ဆိုင်တွင် ဗုံး တစ်လုံးတွေ့ရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍မဇ္ဈိမသတင်းထောက် နန်းလွင်နှင်းပွင့်က အလုံမြို့နယ် ရဲစခန်း၊ စခန်းမှူး ဝင်းနိုင်နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။ ။ ဒီနေ့ ဗုံးကို စပြီးတွေ့ခဲ့တဲ့အခြေအနေကို ပြောပြပါဦး။

ဖြေ။ ။ ၁ဝ နာရီကျော်ကျော်လောက်မှာ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင်ရပ်ကွက် Western Park 2 စားသောက်ဆိုင်မှာ စားပွဲထိုးတာဝန် ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးက တွေ့လို့ ဆိုင် မန်နေဂျာကနေတစ်ဆင့် ၁၁ နာရီ ၄၅ မိနစ်မှာ အကြောင်းကြားတယ်၊ ကျွန်တော်တို့လည်း သိသိချင်းပဲ ဆိုင်ကို ၁၁ နာရီ ၅ဝ မိနစ်မှာ ရောက်သွားပြီး ခုနက အထုပ်ထားတဲ့နေရာကို စစ်ဆေးတော့ ကြွကြွပ်အိတ်အနက်ရောင်နဲ့ ထည့်ထားတယ်။ အလျား ၄ လက်မ၊ အနံ ၂ လက်မ ရှိတယ်၊ ဝါယာကြိုး အဖြူရောင်နဲ့ အနက်ရောင် ကြိုးနှစ်ကြိုးပါမယ်၊ ခလုတ်အနက်နဲ့ အနီ နှစ်ခုပါမယ်၊ ဒိုင်ခွက် တစ်ခုပါတယ်၊ ကိုယ်ထည်ပစ္စည်းကို တိပ်အနက်ရောင်နဲ့ပတ်ထားတယ်။ ဗုံး ဒါမှမဟုတ် ချိန်ကိုက်ဗုံးလို့ သသံယရှိတာကြောင့် ပြည်သူကို အသက် အန္တရာယ်မဖြစ်စေချင်ဘူး၊ ပစ္စည်းတွေကို ဘာမှမဖြစ်စေချင်ဘူး၊ အဲဒါကြောင့် ပစ္စည်းက တစ်စုံတစ်ရာ ထိခိုက်မှုတွေဖြစ်ခဲ့မယ်ဆိုရင် တစ်စုံတစ်ရာ ထိခိုက်မှု မဖြစ်စေရအောင်၊ ကားတာယာခွံတွေနဲ့ ကာရံလိုက်တယ်၊ အနီးအနားမှာရှိတဲ့ ဆိုင်ဝန်ထမ်းတွေကို ပြောင်းဖို့ပြောလိုက်တယ်၊ ဟာဘီကွင်းမှာက လူစီးကားတွေရော၊ အိတ်စပတ်စ်ကားတွေရော အများကြီးပဲ ရပ်တယ်၊ ကားတွေ ကုန်ကားတွေ ရပ်တယ်၊ ကားအစီး ၂ဝ လောက်ကို လုပ်လိုက်တယ်၊ တစ်ပြိုင်တည်း ရွှေ့ခိုင်းလိုက်တယ်။
အန္တရာယ်ရှိတဲ့နေရာကို အဝါရောင်မျဉ်းနဲ့တားလိုက်တယ်၊ ပြီးတာနဲ့ ဆက်သွယ်ရမယ့် တိုင်းတပ်ဖွဲ့မှူးတွေ၊ ရဲတပ်ဖွဲ့မှူးတွေ ကို ဆက်သွယ်တယ်၊ ဝန်ကြီးလည်း ရောက်လာတယ်၊ ခရိုင်တပ်ဖွဲ့မှူးတွေ၊ ခရိုင်တပ်ဖွဲ့တွေ၊ သတင်းတပ်ဖွဲ့တို့၊ CID တို့ ရောက်လာတယ်၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တို့ ရောက်လာတယ်။

မေး။ ။ အဲ့လိုရောက်လာတဲ့အချိန်ထိ ဗုံးကို မဖြုတ်ရသေးဘူးပေါ့။

ဖြေ။ ။ မဖြုတ်ရသေးပါဘူး၊ ကျွမ်းကျင်တဲ့အဖွဲ့တွေ မဟုတ်ဘူး၊ ကျွန်တော် ဆက်ပြောပြပါ့မယ်၊ ၁၂ နာရီ ၁၅ မိနစ်မှာ ကျွမ်းကျင်တဲ့ အဖွဲ့တွေကနေပြီးတော့ စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့တွေရောက်လာပြီး အဲ့ပစ္စည်းကို ဗုံးဆိုတာ အတည်ပြုတယ်၊ ညက ထိုင်သွားတဲ့ နှစ်ဝိုင်းက သူတွေကို စာရင်းရတယ်၊ မနက်ပိုင်းမှာတော့ ထိုင်တာ မရှိသေးဘူး၊ အဲ့ဒီ့ဝိုင်းမှာ ထိုင်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို ကျွန်တော်တို့ စာရင်းလုပ်ပြီး တိုင်းတပ်ဖွဲ့ကလည်း ရောက်လာတယ်၊ တိုင်းအဖွဲ့က ဆက်ပြီး စစ်ဆေးတယ်၊ ကျွန်တော်တို့မြို့နယ်ကတော့ လုံခြုံရေးအတွက်ကိုပဲ ဆက်ပြီး လုပ်ဆောင်ခဲ့ပါတယ်၊ တိုင်းအဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးပြီး ၊ ၁၂ နာရီ ၄၅ မှာ အတည်ပြုပြီး ၁၂ နာရီ ၅၅ မှာမှ ယူသွားတယ်၊

မေး။ ။ ဗုံးကို ဘယ်လိုအမျိုးအစားလို့သတ်မှတ်လို့ ရပါသလဲ။

ဖြေ။ ။ ဗုံးက အရွယ်အစား ၄ လက်မ ၂ လက်မ ရှိတယ်၊ ပြင်းအားဘယ်လောက်ဆိုတာလည်း ဟိုးအရင်ခေတ်တွေကလို ယမ်းတစ်မျိုးတည်းနဲ့လုပ်တာမဟုတ်တော့ သေချာမပြောနိုင်ဘူး၊ ဒီထဲမှာ ဘာပစ္စည်းအမျိုးအစားတွေ ထည့်ထားလဲဆိုတာတွေက စစ်ဆေးတဲ့ ကျွမ်းကျင်သူအဖွဲ့တွေပဲ သိမှာ။ ကျွန်တော်တို့ မပြောနိုင်သေးဘူး၊ ဒီကိစ္စမှာက ကျွန်တော်လည်း မကျွမ်းကျင်ဘူး၊ ပြည်သူတွေ မပြောနဲ့ ကျွန်တော်တို့တောင် မသိပါဘူး။

ချိန်ကိုက်ဗုံးလို့ မပြောပါဘူး၊ ဗုံတစ်လုံးလို့ အတည်ပြုပါတယ်၊ ဘယ်လိုအမျိုးအစားလဲဆိုတာ၊ ဒီသတင်းကို ကျွန်တော်တို့
ကိုယ်တိုင်ကိုက မေးပါတယ်၊ ဒါပေမယ့် ဗုံးတစ်လုံးဆိုတာ အတည်ပြုတယ်ဆိုတာပဲ သိတယ်၊ ဒါက ဘာအမျိုးအစား၊ ဘယ်နိုင်ငံက လုပ်တယ်ဆိုတာကို မပြောခဲ့ဘူး၊ ကျွမ်းကျင်သူတွေကပဲ ဖြေနိုင်မယ်ထင်တယ်၊ သူ့ရဲ့ ပြင်းအားရှိတယ်၊ သူနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့ ပြောနိုင်မှာ မဟုတ်ပါဘူး၊ ကျွမ်းကျင်သူမဟုတ်တဲ့အတွက် ဘယ်လိုမှပြောနိုင်မှာ မဟုတ်ပါဘူး။

မေး။ ။ အခုရက်ပိုင်းတွေမှာ ဘယ်ကမှန်း မသိတဲ့ဗုံးတွေ တွေ့ရှိနေတာဆိုတော့ တစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိထားတာများ ရှိပါသလား။

ဖြေ။ ။ မှုခင်းတပ်ဖွဲ့တွေရော လာသွားတယ်ဆိုတော့ တာဝန်ရှိသူတွေက သူ့ဘာသာရပ် သူ့ကဏ္ဍနဲ့သူ လုပ်ဆောင်သွားပါလိမ့်မယ်၊ စုံစမ်းဖော်ထုတ်တာတော့ လုပ်သွားမှာပါ၊

မေး။ ။ ဒီဖြစ်စဉ်တွေအပေါ်မှာ ဘယ်လိုသုံးသပ်ချက် ရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ သိရသလောက်တော့ ပေါက်ကွဲပြီး သေဆုံးသွားတာမျိုး မရှိဘူး၊ ပြုလုပ်သူအနေနဲ့က ပစ္စည်းသော်လည်းကောင်း၊ လူသော်လည်းကောင်း လုပ်ချင်တယ်ဆိုရင်တော့ လွယ်မှာပါ၊ ဒါပေမဲ့ သူတို့အနေနဲ့ကလည်း လူသားပီသစွာနဲ့ပဲ ထိခိုက်အောင် လုပ်လိုတဲ့ စိတ်မရှိဘူးလို့ပဲ ယူဆရပါတယ်၊ ပြုပြင်ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေကလည်း ဒီလိုမျိုးလုပ်ဖို့ မသင့်ဘူးလို့ ကျွန်တော်တို့ ခံယူသလို လုပ်တဲ့သူလည်း ခံယူတယ်လို့ မြင်ပါတယ်။

မေး။ ။ ဖြစ်စဉ်ဖြစ်ခဲ့တဲ့အချိန်မှာ ကျွမ်းကျင်သူတွေ ရောက်မလာသေးလို့ စောင့်နေခဲ့ရတယ်၊ ချက်ချင်း အတည်မပြုနိုင်သေးဘူးဆိုတော့ ဘာကြောင့်ပါလဲ။

ဖြေ။ ။ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာ အဲ့လိုနေရာတွေမှာ ရဲစခန်းတွေက ရှိပြီးသားဆိုတော့ ကျွန်တော်တို့ ရဲတွေက အကြောင်းကြားတာနဲ့ ချက်ချင်းရောက်တယ်ဆိုပေမယ့်၊ မှုခင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်အဖွဲ့တွေက မြို့နယ်တွေမှာ ရပ်ကွက်တွေမှာ ရဲစခန်းလို အဖွဲ့သီးသန့် မရှိဘူး။

မေး။ ။ အခု ရဲမှူးပြောသလို ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ အခုလို လုပ်တယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။

ဖြေ။ ။ ဒါက အကြောင်းအရာတစ်ခုကို စကားပြောသလို ပြောလိုက်တာပါပဲ၊ သူတို့ပြောချင်တဲ့ အရာတစ်ခုကို ပြောလိုက်တာပါပဲ၊ အဲ့စကားရဲ့အသံကို ကျွန်တော် အဓိပ္ပာယ် ကောက်မယ်ဆိုရင် တစ်မျိုးရမယ်၊ အခြားသူ အဓိပ္ပာယ်ကောက်မယ်ဆိုရင် တစ်မျိုးရနိုင်ပါ တယ်၊ ဒါပေမဲ့ သူတို့ဘက်က စကားတစ်ခုကို ပြောချင်ပါလိမ့်မယ်၊ သူတို့ပြောချင်တာ ဘာလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး၊ ကျွန်တော်ပြောချင်တာက နိုင်ငံရေးက ပြောင်းလဲနေပါပြီ၊ အရာရာကို စေ့စပ်ညှိနှိုင်းလို့ ရနေပြီဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ နိုင်ငံရေး လမ်းကြောင်းအတွက် အပြစ်မဲ့ပြည်သူတွေကို မသေစေချင်ဘူး၊ ပစ္စည်းတွေ မဆုံးရှုံးစေချင်ဘူး၊ အခုလို လုပ်တာထက်စာရင် စေ့စပ်ညှိနှိုင်းတာတွေလုပ်ရင် ပိုကောင်းမယ်ထင်တယ်၊ ဒါကတော့ ကျွန်တော့်ရဲ့ဆန္ဒပါ။

မေး။ ။ အခုလို ဗုံးနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေမှာ လွန်ခဲ့တဲ့နှစ်တွေရဲ့ နိုင်ငံရေးအခြေအနေမှာ ဖြစ်ပွားခဲ့တုန်းကတော့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်မှုတွေရှိတယ်ဆိုတာမျိုးတွေ ရှိခဲ့တယ်၊ အခုရော ဘယ်လိုသတင်းရရှိထားတာမျိုး ရှိပါသလဲ၊ သုံးသပ်ချက်ရော ပေးနိုင်မလား။

ဖြေ။ ။ ကျွန်တော့်အနေနဲ့ကတော့ ဘယ်သူ့ကိုမှ မစွပ်စွဲချင်ဘူး၊ ကျွမ်းကျင်သူအဖွဲ့မှာလည်း ကျွန်တော် မပါဝင်ဘူး၊ သေချာတာကတော့ လုပ်ဆောင်သူ တစ်စုံတစ်ယောက် အသေအချာရှိလို့ ဒီလို ပေါ်လာတာပဲလေ၊ ဘယ်သူမှ ဖော်ထုတ်လို့မရသေးတဲ့ အချိန်မှာ ဘယ်သူ့ကိုမှ မပြောချင်ပါဘူး။

မေး။ ။ အခုရက်ပိုင်းမှာပဲ လုံခြုံရေးပိုင်းကိုလည်း မြှင့်လိုက်တော့ အခြေအနေတစ်ရပ်ရပ်ကိုများ သတင်းရရှိထားတာ ရှိလို့ပါလား။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ လုံခြုံရေးစည်းကိုတော့ အများကြီးပြောခွင့်မရှိဘူး၊ လုံခြုံရေးစည်းကို စတင်တယ်၊ လုပ်နေပြီ၊ တိုးမြှင့်ထားတယ်၊ အဲ့လိုပဲ ပြောလို့ရမယ်၊ လုံခြုံရေးကိုတော့ ကျွန်တော်တို့ရော ခရိုင်ရော ၊ တိုင်းအဆင့်ရော အလေးထားပြီး လုပ်နေပါတယ်၊ နှစ်ဆ သုံးဆ တိုးလိုက်တာတွေ ရှိတယ်။

ကြိုတင်ပြီး သတင်းရထားတာတွေလည်း ရှိပါတယ်၊ အဲဒါတွေကိုတော့ အထက်က မပြောဘူး၊ ဒါပေမယ့် သတင်းရတာနဲ့ အလိုက် လုပ်ဆောင်နေတာတွေရှိတယ်၊ အခုက နိုင်ငံရေးအရရော အရာရာပြောင်းလဲနေတဲ့ အခြေအနေ၊ အာဆီယံဥက္ကဋ္ဌ လွှဲပြောင်း ယူထားတဲ့အချိန်လည်း ဖြစ်တယ်၊ ဆီးဂိမ်းကလည်း စတော့မှာဆိုတော့ လုံခြုံရေးကို ဘာသတင်းမှမရလဲ တိုးမြှင့်နေတာပါ။

မေး။ ။ ဗုံးက ဘာအမျိုးအစားဆိုတာလည်း မသိသေးဘူး၊ ပြည်သူတွေအနေနဲ့ ရှောင်လို့ရအောင် အသိပညာရအောင် ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော် ဒီနေ့တွေ့ခဲ့ရတာနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ပြည်သူတွေက စပ်စုချင်တယ်၊ အရမ်းကြည့်ချင်တယ်၊
ဒီအန္တရာယ် ကင်းဖို့အရေးကို ကြိုးစားအားထုတ်မှု အားနည်းတယ်လို့ ကျွန်တော်တို့ ပြည်သူတွေကို အဲ့လိုမြင်တယ်၊ ကျွန်တော်တို့က ကြည့်တယ်ဆိုတာက တာဝန်ရှိလို့ အနီးကပ် ကြည့်တယ်၊ မှတ်တမ်းတင်တယ်၊ ကျွန်တော်တို့ ထိခိုက်မယ်ဆိုရင် ဒါက တာဝန်ကြောင့်ပါ၊ ပြည်သူတွေကို အန္တရာယ်ရှိပါတယ်ဆို အန္တရာယ် ကင်းအောင်နေသင့်တယ်၊ အဲ့လိုမဟုတ်ဘူး၊ မနက်က ဘေးကင်းအောင် ရှောင်ရှားဖို့ပြောတာကို အကြိမ်ကြိမ် မေတ္တာရပ်ခံရတယ်၊ ချက်ချင်းရှောင်ဖို့ အသိမရှိကြဘူး၊ အန္တရာယ်ရှိတာကို ရှောင်ကြစေချင်တယ်၊ ဒီခေတ်မှာ သတင်းအချက်အလက်လည်း မြန်တော့ သိရမှာပါ၊ မနက်က ပြည်သူတွေကို တော်တော်ကို ပြောယူရတယ်။

ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ အခြားအရာတွေနဲ့တော့ ယှဉ်ပြီး မပြောစေချင်ဘူး။ လုပ်စရာတွေက အများကြီးပဲဆိုပေမယ့် အားနည်းချက်တွေနဲ့ ရင်ဆိုင်လုပ်ကိုင်နေရတာတွေ၊ လျှောက်နေရတာတွေ ရှိပါတယ်၊ အလုပ်လုပ်ရင်းနဲ့တော့ နောက်ပိုင်းမှာ ကောင်းသွားမှာပါ။
==========================================
ပုံအညွှန်း- စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီခန့်က အလုံမြို့နယ် စောရန်ပိုင် အနောက်ရက်ကွက် ကမ်းနားလမ်းရှိ WesternRoyal Park II စားသောက်ဆိုင်ရှိ စားပွဲအောက်တွင် ဗုံးတွေ့ရှိမှု ဖြစ်ပွါးခဲ့ပြီး အလုံမြို့နယ်ရဲစခန်းမှာ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားစဉ်။

Mizzima - News in Burmese