မြန်မာနိုင်ငံတွင် ကုန်စည်ဒိုင် ဖွင့်လှစ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတဦး ပြင်ဆင်နေ


မြန်မာနိုင်ငံတွင် ကုန်စည်ဒိုင်တခု ဖွင့်လှစ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရင်းအနှီးဈေးကွက် ပါရဂူတဦးက ပြင်ဆင်နေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတရပ်မှတဆင့် သိရှိရသည်။

“မြန်မာနိုင်ငံမှာ ကုန်စည်ဒိုင်တခု စတင်လည်ပတ် လုပ်ကိုင်နိုင်ဘို့အတွက် အနည်းဆုံး ၉ လ အချိန်ယူရပါမယ်” ဟု လွန်ခဲ့သော ခြောက်လက ထိုသို့ဖွင့်လှစ်ရန် စတင်ကြိုးပန်းခဲ့သူ ဝါလီ-အူလ်-မာရွတ်ဖ် မာတင် (Wali-ul-Maroof Matin) အား ကိုးကား၍ The Daily Star သတင်းတရပ်တွင် ရေးသားထားသည်။

၎င်း၏ စီမံကိန်းကို အပြီးသတ် ဆောင်ရွက်ရန် မြန်မာ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီးလည်းဖြစ်သည်။

ကုန်စည်ဒိုင်သည် ကုန်စည်အမျိုးမျိုးနှင့်ယင်းမှ ဆက်နွယ် ထုတ်လုပ်သည့် ကုန်စည်များကို ရောင်းဝယ်ဖောက်ကား သည့်နေရာ ဖြစ်သည်။ စိုက်ပျိုးရေး ထွက်ကုန်များနှင့် အခြား ကုန်ကြမ်းပစ္စည်းများ ဖြစ်သော ဂျုံ၊ ဘာလီ၊ သကြား၊ ပြောင်း၊ ကိုကိုး၊ ကော်ဖီ၊ နို့ထွက် ပစ္စည်းများ၊ ဝက်သား၊ ဆီနှင့်သတ္တုများကို ကမ္ဘာတဝှမ်း ထိုသို့သောကုန်စည်ဒိုင် များတွင် ရောင်းဝယ်ကြသည်။

“မြန်မာ့ သယံဇာတ ထွက်ကုန်တွေကတော့ အမယ်လည်းစုံ၊ အရေအတွက်လဲများလို့ ထူးခြားပါတယ်။ ဆန်၊ ဂျုံ၊ ပဲ နဲ့ သစ်တို့ ပါဝင်ပါတယ်” ဟု ဝါလီ-အူလ်-မာရွတ်ဖ် မာတင် က ဆိုသည်။

ဆက်လက်၍ “မြန်မာအစိုးရနဲ့ စီးပွါးရေးအဖွဲ့အစည်းတွေဟာ လုပ်ငန်းသစ်တွေ မြန်မာနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင် ခွင့်တွေ ပေးပြီး အလွန်ပဲ စိတ်လှုပ် ရှားနေကြပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

မာတင် သည် အရင်းအနှီးနှင့် ကုန်စည်ဈေးကွက်တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိထားသူတဦးဖြစ် ယခုလောလောဆယ်တွင် အရင်းအနှီးပိုင်ဆိုင်မှု စီမံခန့်ခွဲရေး မဟာမိတ်အဖွဲ့ (Alliance Capital Asset Management) ၏ မန်နေဂျင်း ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက် ရှိသည်။ ယင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရင်းအနှီးစီမံခန့်ခွဲမှု လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတခု ဖြစ်သည်။

မြန်မာအစိုးရနှင့် ကနဦး စကားပြောဆိုမှုများ ပြုလုပ်ပြီးနောက် မြန်မာ နိုင်ငံတကာ ကုန်စည်ဒိုင်ဟု အမည်ပေးထားသော ကုမ္ပဏီတခုကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် တည်ထောင်ဖွင့်လှစ်ကာ ကုန်စည်ဒိုင် လုပ်ငန်း လုပ်ကိုင်သွားမည် ဖြစ်သည်။

ယင်းကုမ္ပဏီတွင် မာတင်က အစုရှယ်ယာ ၉၈% ပိုင်ဆိုင်ကာ ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံသူ တဦးက ၂% ပိုင်ဆိုင်မည် ဖြစ်သည်

မဇ္ဈိမသတင်းဌာန

နေရပ်ပြန် စစ်ဘေးရှောင်သူများ စိုက်စရာ မြေမရ


လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက စစ်ဘေးတိမ်းရှောင်ရန်အတွက် မိမိရွာမှ ထွက်ခွာသွားခဲ့ကြသည့် ကရင် တိုင်းရင်းသား ဒေသခံများသည် မိမိ၏ မူလကျေးရွာသို့ ပြန်လည်ရောက်ရှိလာချိန်တွင် စိုက်ပျိုးစရာ မြေမရှိဖြစ်နေ
ကြောင်း ထားဝယ်ဒေသရှိ ဒေသခံများက ပြောကြားသည်။

နေရပ်ပြန် စစ်ဘေးရှောင်သူများ စိုက်စရာမြေမရ ထားဝယ်ဒေသ မေတ္တာမြို့နယ်ခွဲ ကျေးဇူးတော်ကျေးရွာမှ စာသင်ကျောင်းတစ်ကျောင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ -Dawei Watch ၊ မဇ္ဈိမ)

ကရင်တိုင်းရင်းသား အများဆုံးနေထိုင် ရာ ထားဝယ်ဒေသ မေတ္တာမြို့နယ်ခွဲ ဟိန္ဇဲရွာမှ ဒေသခံများသည် စစ်ဘေးကြောင့်
၁၉၉၁ ခုနှစ်ကတည်းက ရွာမှ ထွက်ခွာခဲ့ရပြီး ၂ဝ၁၂ ခုနှစ် မိမိနေရပ် ပြန်လာသည့် အချိန်တွင် မြေယာအများစုသည် ကုမ္ပဏီများနှင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ၏ လက်ထဲရောက်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင် ရွာကို ပြန်တည်ထောင်ရန် နေစရာနေရာရသော်လည်း စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် မြေလွတ်မြေလပ် များ မရှိတော့ဟု ယင်းဒေသခံများက ဆိုသည်။

ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးရန် ရွှေပဒုမ္မာ အမည်ရ ကုမ္ပဏီတစ်ခုကယူထားသည့် မြေ ဧရိယာများအနက် မြေ ၂၃ဝ ဧကနှင့် ရောင် နီဦးအမည်ရ ကုမ္ပဏီတစ်ခုမှ ယူထားသည့် မြေဧရိယာများအနက် မြေ ၅ဝဝ ဧကကျော်သည် ယခင်က ကျေးရွာမြေဧရိယာဖြစ် ကြောင်း ဒေသခံများက ဆိုသည်။

''လုပ်ကိုင်ခွင့်ကျထားပြီလို့တော့ ပြော တာပဲ။ သွားမေးရင်လည်း စာရွက်တစ်ရွက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရော၊
မြေစာရင်းရော၊ သစ်တောရော လက်မှတ်ထိုးထားတဲ့ စာရွက်ကို ကွန်ပြူတာနဲ့ ပြတယ်။ တစ်ခါမှ မူရင်းမပြဘူး''
ကျေးဇူးတော်ရွာခေါ် ဟိန္ဇဲရွာ ဟောင်းမှ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြန်လည်ရောက်ရှိလာခြင်းကြောင့် ဟိန္ဇဲရွာဟောင်းကို ကျေးဇူးတော်ရွာဟု
ပြန်လည် မှည့်ခေါ်ထားသည်။

ရော်ဘာနှင့်ဆီအုန်းစိုက်သည့် ရွှေပဒုမ္မာ ကုမ္ပဏီသည် ၂ဝဝ၆ ခုနှစ်ကတည်းက စီမံကိန်းစတင်ခဲ့သော်လည်း လျာထားမြေဧက ၁၂ဝဝ တွင် ၂၈ဝ ဧကကိုသာ စီမံကိန်း အကောင်အထည်ဖော်နိုင်ကြောင်း ဒေသခံများ၏ မှတ်တမ်းအရ သိရသည်။

''ရွာသူရွာသားတွေအားလုံး အရင်လို ပြေပြေလည်လည်နေစေချင်တယ်''ဟု ကျေး ရွာအုပ်ချုပ်ရေးမှူး စောဖဲဒီက ဆိုသည်။

ယင်းကိစ္စကို တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးကို တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိသေး ကြောင်း ရွာသူရွာသားများက ပြောသည်။

ကျေးရွာမြေကို ပြန်လည်ရရှိအောင် ဖြစ်သည့်နည်းဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေသခံများက တညီတညွတ် တည်း ပြောဆိုသည်။

ကျေးရွာတွင် ပြန်လည်အခြေချနေထိုင်သည့် အိမ်ခြေ ၂၇ အိမ်ရှိပြီး လက်ရှိတွင် ဝမ်းရေးအတွက် မီးသွေးဖုတ်လုပ်ငန်းကို
လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မေတ္တာမြို့နယ်ခွဲနေရာသည် ထားဝယ်-ကန်ချနပူရီ ကားလမ်းပိုင်းတွင်တည်ရှိပြီး ယခင်က ကရင်အမျိုးသား အစည်းအရုံးနှင့်
ကျောင်းသားတပ်မတော် (ABSDF) တို့ စိုးမိုးအခြေစိုက်ခဲ့သည်။

Dawei Watch
Mizzima - News in Burmese

ပြည်ခိုင်ဖြိုးညီလာခံ PR နှင့် ဖယ်ဒရယ်စနစ်များ ဆွေးနွေးသော်လည်း မဆုံးဖြတ်နိုင်သေး


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် PR (အချိုးကျ ကိုယ်စားပြု) စနစ်၊ ဖယ်ဒရယ်စနစ်တို့နှင့် ပတ်သက်သော စာတမ်းများ ဖတ်ကြားခဲ့သော်လည်း တိကျသော ဆုံးဖြတ်ချက်များ မချနိုင်သေးကြောင်း အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ တွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

အစည်းအဝေးပွဲတွင် အချိုးကျကိုယ်စားပြုစနစ်နှင့် ဖယ်ဒရစ်စနစ်များကို ဆွေးနွေးခဲ့သော်လည်း တိကျသောဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိသေးပေ။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

၎င်းကပြောကြားရာတွင် ထိုစနစ်များကို ဆက်လက်လုပ်ဆောင်ရန် ယခုအစည်းဝေးတွင် ဆုံးဖြတ်ချက်မချနိုင်သေးဘဲ ဗဟိုကော် မတီသို့ လွှဲပြောင်းပေးလိုက်သည်ဟု ပြောသည်။

PR စနစ်အား ၂ဝ၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးမည် မသုံးမည်ကို လာမည့်လွှတ် တော်တွင် ဆွေးနွေးနိုင်ချေရှိကြောင်း ၎င်းက ပြောပြီး ''ဗဟိုအလုပ်မှုဆောင်ကော်မတီက ဏျွ စနစ်နဲ့ ပတ်သက်လို့ရော ကျန်တဲ့စနစ်တွေနဲ့ ပတ်သက်လို့ရောလေ့လာပြီးတော့ ဆက်ပြီး ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။ ဒီနေ့ ဆုံးဖြတ်ချက်မကျ သေးပါဘူး'' ဟု ဆိုသည်။

ပြင်ဆင်ရန် လိုအပ်ပါကဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မည်

ဖယ်ဒရယ်စနစ်နှင့် ပတ်သက်၍လည်း ဦးဌေးဦးက စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော ကြားလိုက်ပြီး ဖယ်ဒရယ်စနစ်သည် ခွဲထွက်ခြင်း လုံးဝမဟုတ်ကြောင်းနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖယ်ဒရယ်သဘောဆောင်မှု ရှိမရှိကိုပြည်ခိုင်ဖြိုးပါတီအနေဖြင့် သုံးသပ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန်လိုအပ်ပါက ပြင်ဆင်မည် ဟုလည်း မီဒီယာများကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် NLD အပါအဝင် အခြားပါတီများကလည်း ဆွေးနွေးခဲ့ပြီး အသေးစိတ် အချက် အလက်များကိုမူ ပြောကြားခြင်း မရှိသေးပေ။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါတီမှ နုတ်ထွက်ရန် ဆွေးနွေးခြင်း မရှိ

အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင်ရာထူးမှနုတ်ထွက်ရမည်ဟု အစည်းအဝေးတွင် ဆွေးနွေးခြင်း မရှိကြောင်းလည်း ဦးဌေးဦးက ပြောသည်။

''ဒီကိစ္စကို ဆွေးနွေးခြင်းမရှိပါဘူး။ သမ္မတကြီးအပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးများ အားလုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂ဝဝ၈မှာ ပြည်ထောင်စုအဆင့် ရှိသောပုဂ္ဂိုလ်တွေသည် ပါတီ၏လုပ်ငန်းစဉ် များကို မလုပ်ရဘူးလို့
ပြောတယ်။ အဲဒါ ကြောင့် လုပ်ကိုင်ခြင်းမရှိဘူး'' ဟု ၎င်းးက ပြောသည်။

ယင်းကိစ္စအား ဇွန်လ ၂၂ ရက်ကျွင်္ဗ သတင်းတစ်ရပ်တွင် ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်းတို့အပါအဝင်
ပြည်ထောင်စုအဆင့် ဝန်ကြီးများသည် တာဝန်ထမ်း ဆောင်ချိန်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ ဗဟို အလုပ်မှုဆောင် ရာထူးမှ ခေတ္တရပ်ဆိုင်းထား ရန် ပါတီ၏ ဗဟိုညီလာခံအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ရေးသားထား
ခြင်း ဖြစ်သည်။ သို့သော်လည်း ဆွေးနွေးခြင်း မရှိဟု ဦးဌေးဦးက ပြောကြားခြင်းဖြစ်သည်။

NLD နှင့် ညွန့်ပေါင်းလုပ်ရန် စောနေသေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသူရရွှေမန်း၏ အမေရိကန် ခရီးတွင် ၂ဝ၁၅ ရွေးကောက်ပွဲအပြီး လိုအပ် ပါက NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရလုပ်ရန် ပြောကြားခဲ့ခြင်းသည် အချိန်စောနေ သေးသည်ဟု ဦးဌေးဦးက မီဒီယာများ၏ အမေးကို ပြန်လည်ဖြေကြားခဲ့သည်။

''ဒီအခြေအနေ အချိန်အခါမှာ အစိုးရ ဖွဲ့စည်းဖို့ပြောရမယ့် အချိန်လား။ ပြောရော ပြောမှာလားဆိုတာ ဒါစဉ်းစား ကြည့်ပါ။ ဒီ ဟာက ဘယ်လိုဖွဲ့စည်းမယ်ဆိုတဲ့ဥစ္စာသည် စောများစောနေလားလို့။ ဒီဟာက ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ လုံးဝမဆွေးနွေးဘူး။ ဒါနဲ့ပတ်သက်ပြီး ပြောတာမရှိဘူးလို့ပဲ အတိအကျပြောလို့ရပါတယ်'' ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပါတီ၏သဘော ထားသည် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ပြီး နိုင်ငံအတွက် အကျိုးရှိမည် ဆိုပါက NLD ပါတီသာမက မည်သည့်ပါတီမဆို ပူးပေါင်း ဆောင်ရွက်မည်ဟု ဦးဌေးဦးက မီဒီယာများကို ပြောသည်။ သို့သော်လည်း ပါတီ၏ ဒု- ဥက္ကဋ္ဌဖြစ်သူ ဦးအောင်သောင်းကမူ ပါတီ ဥက္ကဋ္ဌ၏ အမေရိကန်ခရီးစဉ်တွင် ပြောသော စကားအား ပါတီ၏ ဗဟိုကော်မတီအစည်း အဝေးတွင် ပါတီဝင်များအား ရှင်းလင်းပြောကြားသင့်ကြောင်း ပြည်တွင်း ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သည့် သံတော်ဆင့် ဂျာနယ်သို့ ပြောကြားခဲ့သည်။

ဗဟိုကော်မတီအစည်းအဝေးသို့ ဦးအောင် သောင်း တက်ရောက်ခြင်းမရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုညီလာခံ ပထမအကြိမ် အစည်းအဝေးကို ဇွန်လ ၂၂ ရက်မှ ၂၄ ရက်
အထိ နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်တွင် ကျင်းပ ခဲ့ပြီး ၂၄ ရက် ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

သိင်္ဂီထွန်း
Mizzima - News in Burmese

သမဝါယမပိုင် တိုက်ခန်းအား ဥက္ကဋ္ဌက ရောင်းစားသည်ဟု စွပ်စွဲ


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ် စံဖေရပ်ကွက် စံဖေလမ်းရှိ သမဝါယမအသင်းပိုင် တိုက်ခန်း
နှစ်ခန်းအား အသင်းဥက္ကဋ္ဌက ငှားရမ်းခြင်း၊ ရောင်းစားခြင်းများ ပြုလုပ်နေသည်ဟု ယင်းအသင်း၏ အသင်းသား
ဟောင်းအချို့က ဇွန် ၂၄ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယင်းတိုက်ခန်းနှစ်ခန်း ကို သမဝါယမအသင်းများ လုပ်ကိုင်ခြင်းမရှိတော့သည့် နောက်ပိုင်းတွင် သမဝါယမဥက္ကဋ္ဌ ဦးစိန်မောင် ဋ္ဌေးက ငှားစားခြင်း၊ အိမ်အဖြစ် နေထိုင်ခြင်းများရှိ နေကြောင်း ယင်းအသင်းသားဟောင်း ဦးမျိုးချစ်ကပြောသည်။

အဆိုပါ အသင်းသား ဟောင်းများအနေဖြင့် ယင်း တိုက်ခန်းများကို အများပြည်သူပိုင်အဖြစ် ပြန်လည်လုပ်ကိုင်စေလိုကြောင်းလည်း ၎င်းတို့က ပြောသည်။

ဦးမျိုးချစ်က ''သမဝါယမအခန်းတွေ ကို ပြည်သူပိုင်အဖြစ် ပွင့်ပွင့်လင်းလင်းနဲ့ ပြန်လည်လုပ်ကိုင်စေလိုတယ်။ တိုက်ခန်းတွေကို အိမ်ငှားထားတာတွေ၊ နောက်ပြီး အရင်က သမလက်လီရောင်းတဲ့ ဆိုင်ခန်းကိုလည်း ၁၅ သိန်းနဲ့ ရောင်းစားခဲ့တယ်။ ဒါကြောင့် ဦးစိန်မောင်ဋ္ဌေးအနေနဲ့ သမဝါယမရှင်းတမ်း စာရင်းတွေကိုလည်း လုပ်ပေးစေချင်တယ်''ဟု ဆိုသည်။

ယင်းသို့ ပြောကြားခြင်းနှင့် ပတ်သက်ပြီး သမဝါယမဥက္ကဋ္ဌ ဦးစိန်မောင်ဌေးက တိုက်ခန်းကို ရောင်းစားထားသည် ဆိုသည်မှာ မဟုတ်ဘဲ သမဝါယမခွင့်ပြုချက်ဖြင့် တစ်လကို သုံးသောင်းဖြင့်ငှားထားခြင်း သာဖြစ်ကြောင်း ပြန်လည်
ပြောကြားသည်။

၎င်းက ''တိုက်ခန်းကို ငှားထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ငှားထားလို့ ရတဲ့ငွေကို သမဝါယမလုပ်ငန်းတွေ အတွက် ပြန်လည် အသုံးချရပါတယ်။ ဒီအတွက်ကိုလည်း မြို့နယ်သမဝါယမကို သုံးလ တစ်ခါ ပြန်ပြီးစာရင်း ရှင်းတမ်း လုပ်ပေးရပါတယ်။ နောက်ပြီး ရောင်းစားတယ်ဆိုတဲ့ မြေကွက်ကလည်း ကျွန်တော်ရောင်းစားတာ မဟုတ်ပါဘူး။ အထက်က သမဝါယမရဲ့ ခွင့်ပြုချက်နဲ့ တစ်လကို သုံးသောင်းနဲ့ ငှားထားတာပါ။ သမဝါယမအသင်း သားဟောင်းတွေအတွက် တစ်နှစ်ပြည့် သမဝါယမ ငွေစာရင်းရှင်းတမ်းတွေမှာ ဒါတွေကို ရှင်းပြပေးသွားပါ့မယ်'' ဟု ဖုန်းဖြင့် မေးမြန်းမှုကို ဖြေကြားသည်။

လက်ရှိအချိန်တွင် သမဝါယမပိုင် တိုက်ခန်းများတွင် နေထိုင်ခြင်း၊ အိမ်ငှားများ ထားခြင်းကို သမဝါယမ အသင်းသား
ဟောင်းများအနေဖြင့် အများပြည်သူအတွက် ပွင့်လင်းမြင်သာမှုမရှိသဖြင့် ရှင်းတမ်း မပြုလုပ်ပေးပါက နေပြည်တော် သမဝါယမအထိ တိုင်ကြားမှုများပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းသားဟောင်းများက ပြောသည်။

ဖိုးစိုးသူ
Mizzima - News in Burmese

မန်ယူရုပ်သံလိုင်း (MUTV) နှင့် SkyNet တို့ တရားဝင် သဘောတူညီမှုရရှိ


မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး မန်ချက်စတာယူနိုက်တက် အသင်း၏ တရားဝင် ရုပ်သံလိုင်းဖြစ်သော MUTV ကို SkyNet  မှ ပြသရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း SkyNet မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ အတည်ပြု
ပြောကြားသည်။

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်မန်ယူ အသင်းအနေဖြင့် အသင်းပုံရိပ်ကို မြှင့်တင် ရန်နှင့် ပရိသတ်အင်အား တိုးပွား လာစေရန် ရည်ရွယ်၍ မြန်မာရုပ်သံလိုင်း  SkyNet၊ နော်ဝေ ရုပ်သံလိုင်း  TV-2 ၊ အိုက်စလန် ရုပ် သံလိုင်း 365 တို့တွင် MUTV အား ထုတ်လွှင့် ပြသနိုင်ရန် သဘောတူခဲ့ပြီ
ဖြစ်ကြောင်းလည်း အသင်းပိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ လက်ရှိအချိန်တွင် MUTV ရုပ်သံလိုင်းအား ကြည့်ရှု သူပေါင်း ၂၃ သန်းခန့်ရှိပြီး ပရိသတ် ကြည့်ရှုမှုအများဆုံး ကလပ်အသင်းပိုင် ရုပ်သံလိုင်းတစ်လိုင်းအဖြစ် ရပ်တည်
နေသည်။

“MUTV ကို SkyNet မှာပြဖို့ သဘောတူခဲ့ပါပြီ။ အရင်က ကျွန်တော်တို့လိုင်းမှာ MUTV ကို ပြခဲ့ဖူးပေမယ့် တဆင့်ခံ ဖမ်းယူ ပြသခဲ့တာပါ။ အခုကတော့ တရားဝင် ဖြစ် သွားပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ SkyNet ရုပ်သံလိုင်း တစ်ခုတည်းပဲ
ပြခွင့်ရတော့မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ တရားဝင် စာ မချုပ်ရသေးပါဘူး။ တရားဝင် စာချုပ်ပြီး ရင်မန်ယူအသင်း
ဘက်ကရော SkyNet ဘက်ကပါ သတင်းထုတ်ပြန် ပေးသွားမှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ SkyNet ရုပ်သံလိုင်းမှာ မြန်မာနိုင်ငံတွင် အခပေးကြည့်ရှုရသော ရုပ်သံလိုင်းတစ်ခု ဖြစ် ပြီး HD လိုင်းငါးလိုင်း အပါအဝင် လိုင်းပေါင်း (၈၄)လိုင်း ထုတ်လွှင့်ပြသနေသည်။

SkyNet ရုပ်သံလိုင်းအနေဖြင့် လာမည့် နှစ်မှစတင်၍ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့် သုံးနှစ် ရရှိ ထားပြီး၊ ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲများကိုလည်း မူပိုင်ထုတ်လွှင့်ခွင့် ရထားသည်။ မန်ချက်စတာ ယူ နိုက်တက်အသင်းပိုင် MUTV ရုပ်သံလိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း (၅၆) နိုင်ငံတွင်
ပြသနေပြီး နိုင်ငံတကာရုပ်သံလိုင်း (၂၂) လိုင်းနှင့် တရားဝင် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ရဲရင့်ဌေး
Mizzima - News in Burmese

လက်ပံတောင်းဒေသခံ သုံးဦး တရားရုံးထုတ်သော်လည်း မစစ်ဆေးဘဲ ထောင်သို့ပြန်ပို့


ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် စီမံကိန်း နယ်မြေပေါ်တွင် ဝင်ရောက်ထွန်ယက်သဖြင့် ဖမ်းဆီးခံခဲ့ရသူ သုံးဦးကို ရွှေဘိုတရားရုံးတွင် အမှုစစ်ရန် ဇွန် ၂၄ ရက်က ရုံးထုတ်သော်လည်း စစ်ဆေးခြင်း မရှိဘဲ မိနစ်ပိုင်းအတွင်း အကျဉ်းထောင်သို့ ပြန်ပို့လိုက်သည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။

''သူတို့ကို တရားရုံးကိုခေါ်လာပြီး ငါးမိနစ်တောင် မကြာလိုက်ဘူး။ ချက်ချင်းပြန်ခေါ်သွားတယ်။ ရှေ့နေဖြစ်တဲ့ ကျွန်တော်နဲ့လည်း တွေ့ခွင့်မရဘူး'' ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်း က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် စီမံကိန်းမြေပေါ်တွင် ဒေသခံများက ဝင်ရောက် ထွန်ယက်ရာမှ ရဲနှင့် ထိုသူများအကြား အချင်းများမှုဖြစ်ပွားခဲ့ပြီး ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးနှင့်အတူ ဆည်းတည်းရွာသား ကိုစိုးသူ၊ ကိုဆန်းတို့ကိုရဲက ဖမ်းဆီးခဲ့သည်။ ထိုအချင်းများမှုကြောင့် ရဲ ၁၅ ဦး နှင့် ဒေသခံသုံးဦး ဒဏ်ရာ သီးသီးရခဲ့ကြသည်။

ဆည်းတည်းရွာသား ကိုစိုးသူ၏ မိခင်ဖြစ်သူက အမှုရင်ဆိုင်ရန် တရားရုံး ထုတ်သူများကို လုံခြုံရေးအခြေအနေ
ကြောင့် မစစ်ဆေးတော့ဘဲ အကျဉ်းထောင်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်ဟု ရဲတစ်ဦးက လာပြောကြောင်း မဇ္ဈိမကို ပြန်ပြောသည်။

ထိုသို့ အမှုစစ်ရန် တရားရုံးသို့ ခေါ်ဆောင်လာသော်လည်း တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းခြင်းမပြုဘဲ ပြန်ခေါ်သွား
ခြင်းနှင့် ပတ်သက်၍ ရွှေဘိုမြို့နယ်ရဲစခန်းနှင့် စစ်ကိုင်းတိုင်းတရားသူကြီးချုပ်ရုံးသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့
သော်လည်း တာဝန်ရှိသူများနှင့် ပြောဆိုခွင့်မရရှိခဲ့ပေ။

အဆိုပါ ပုဂ္ဂိုလ်သုံးဦးအား ရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ကန့်သတ်နယ်မြေအား ကျူးကျော်ဝင်ရောက်မှု အပါအဝင် ပုဒ်မလေးခုဖြင့် တရားစွဲထားခြင်းဖြစ်ကြောင်း မုံရွာခရိုင်ရဲမှူးကြီး ဦးတင်ထွန်းက အတည်ပြုသည်။

လက်ပံတောင်းတောင်ဒေသတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် ရွှေဘိုမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးသည် မှာလည်း အဓိပ္ပါယ်မရှိကြောင်း ဒေသခံတို့ဘက်မှ တရားပြိုင် ရှေ့နေ ကိုအောင်သူရထွန်း က ဝေဖန်သည်။

ခရိုင်ရဲမှူးကြီး ဦးတင်ထွန်းကမူ ယင်းကိစ္စနှင့်ပတ်သက်၍ ''ပုံမှန်ဆိုရင် ဆားလင်းကြီးမြို့နယ်မှာပဲ တရားစွဲရပါမယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ ဆူပူမှု ၊ အုံကြွမှုတွေ ဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့် ရွှေဘိုကို လွှဲလိုက်တာပါ။ ဒါဟာ လည်း ဥပဒေအရပါပဲ'' ဟု ဆိုသည်။

အစိုးရက လက်ပံတောင်းတောင် ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်ကို ဖွဲ့ပေးခဲ့ပြီး စိစစ်စေခဲ့သော်လည်း ကော်မရှင်က ထုတ်ပြန် သည့် ရလဒ်ကို ဒေသခံများက အပြည့်အဝ သဘောမတူသဖြင့် ဆန္ဒပြမှုများဆက်ဖြစ်နေသည်။

ထို့ပြင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေတွင် ဆန္ဒပြမှု၊ လယ်ထွန်မှုများကြောင့် ဒေသခံအချို့နှင့် တက်ကြွ လှုပ်ရှားသူအချို့ဖမ်းဆီးခံခဲ့ရသလို၊ အချို့ကို အာဏာပိုင်ကဖမ်းဝရမ်း ထုတ်ထားသည်။

မင်းမင်း
Mizzima - News in Burmese

တောင်သူ ထုတ်ကုန်များ ဈေးကွက်နှင့် သင့်တင့်ဈေးနှုန်း ရရှိရေး ဥပဒေပြဋ္ဌာန်းမည်


ရန်ကုန် (မဇ္ဈိမ)။   ။ လယ်ယာ ထုတ်ကုန်ပစ္စည်းများ ရောင်းချရာတွင် ဈေးကွက်နှင့် သင့်တင့်မျှတသည့် ဈေးနှုန်း ရရှိရေးအတွက် ဥပဒေတရပ်ကို လွှတ်တော်တွင် ပြဋ္ဌာန်းမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။

“တောင်သူလယ်သမားတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချရာမှာ ဈေးကွက် ရရှိဖို့နဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်း ရရှိရေးတို့အတွက် ကူညီဆောင်ရွက်မယ့် ဥပဒေကို  အတည်ပြု ပြဌာန်းသွားမှာ ဖြစ်ပါတယ်” ဟု ဇွန်လ ၂၂ ရက်က တောင်သူအထောက်အကူပြု ဆန်စပါး စိုက်ပျိုးရေးနှင့် ကိုင်တွယ်ထိန်းသိမ်း သိုလှောင်မှု နည်းပညာ သင်တန်းဖွင့်ပွဲတွင် ဒု-ဝန်ကြီး ဒေါက်တာပွင့်ဆန်း က ပြောကြားခဲ့သည်။

ဆက်လက်၍ “ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ် ထိန်းသိမ်းမှုဆိုင်ရာနဲ့ သိုလှောင်မှုဆိုင်ရာ ကျင့်စဉ်ကောင်း၊ နည်းစနစ်တွေကို သိရှိ ဆောင်ရွက်နိုင်မယ်ဆိုရင် ရိတ်သိမ်းချိန်မှာ အလေအလွင့် နည်းမယ်၊ အရည်အသွေးမြင့် စပါး ရတဲ့အတွက် တန်းမြင့်ဆန်ဖြူတွေ ကြိတ်ခွဲနိုင်မှုမှာ အထောက်အကူ ဖြစ်စေမှာပါ။ ဒါ့အပြင် ပြည်ပဈေးကွက်မှာ
မြန်မာဆန် ဈေးကောင်းရပြီး တောင်သူတွေ ဝင်ငွေ ပိုရလာမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာပွင့်ဆန်း က ဆိုသည်။

တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်း ရေးဆွဲလျက်ရှိသည်။

ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၁,၂၉၃ တန်နှင့် ဆန်ကွဲ ၅၅၇,၇၉၉ တန် တင်ပို့ရောင်းချပြီး ဖြစ်သည်။

“လက်ရှိ ထွက်နေတဲ့ အရည်အသွေးက ၂၅ မှတ် အနေအထားသာ ရှိနေတာပါ။ ဝယ်လိုအား မြင့်တက်လာစေဖို့ ဆန်အရည်အသွေးပိုင်းမှာ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီဖို့ လိုအပ်လာပါတယ်။ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်နဲ့အညီ စားသုံးမှု ပုံစံတွေလည်း ပြောင်းလဲ တိုးတက်လာတာ တွေ့ရပါတယ်။ အခုဆိုရင် တန်းမြင့် ဆန်တွေ စားသုံးလာတာ
တွေ့ရပါတယ်။ ဆန် တင်ပို့တဲ့အခါ အရည်အသွေး ကောင်းတဲ့ ဆန်တွေသာ ဝယ်လိုအား မြင့်တက်လာတာ
တွေ့ရပါတယ်” ဟု မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဆန်တင်ပို့နေသူ ကုန်သည် ဦးလှမြင့် က ပြောသည်။

ခင်မျိုးသွယ်
Mizzima - News in Burmese

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် ကားတိမ်းမှောက် တစ်ဦးတိမ်းပါး


တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ကားလေးလုံးထိုး ယာဉ်တစ်စီးသည် ဇလဲလမ်း ဘုရားဖြူရပ်ကွက် နယ်မြေ ၁၁ တွင် တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ရာမှ ခရီးသွားတစ်ဦး တိမ်းပါးသွားခဲ့သည်။ တောင်ကြီးမြို့နယ်က ဇလဲအတက် လမ်းတွင် မောင်းနှင်လာသည့် အဆိုပါယာဉ်ရှေ့ရှိ ကားတစ်စီးမှာ မတက်နိုင်ဘဲဖြစ်နေစဉ် နောက်သို့ တိမ်းရှောင် ရာမှ လမ်းအနောက်ဘက်ရှိ ချောက်ထဲသို့ ထိုးကျကာ ခရီးသည်တစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့ အမှတ် -၂ ရဲစခန်းမှ ရဲတပ်သားနယ်ထိန်းက မဇ္ဈိမကို ပြောသည်။ သေ ဆုံးသူမှာ မသဲဖြူဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသည့် ဒေါ်နန်းဆိုင်၊ မချစ်စု၊ မပြုံးချို၊ ဒေါ်ခမ်းတို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

သေဆုံးသူ မသဲဖြူသည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု၊ လယ်ငယ်ရွာတွင် နေထိုင်သူသည်။ ''မိုးကလည်း ရွာထားတော့ လမ်းကလည်း ချော်နေပါတယ်။ ကားက လေးလုံးထိုးပါ၊ ဒါကို လူ ၁ဝ ယောက်ကျော်ကျော်လောက် တင်လာတယ်။ မတက်နိုင် တော့ ဘေးချောက်ထဲကျသွားတာ'' ဟု မျက်မြင်တစ်ဦးဖြစ်သူ ကိုစောဦးက မဇ္ဈိမကို ပြော ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄/ကဖြင့် ယာဉ်မောင်းဖြစ်သူ ထွန်းလင်းကို အမှုဖွင့်ထားသည်ဟုလည်း
တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန့်စင်ထွန်းက မဇ္ဈိမကို ပြောဆိုသည်။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese

စုံတွဲများ သီးသန့် ကြည့်နိုင်သည့် အအေးခန်းရုပ်ရှင်ရုံကို ရဲ ဝင်ဖမ်း


တက္ကသိုလ်ကျောင်းသား/သူများနှင့် အထူးစည်ကားလျက်ရှိသော မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ သမီးရည်းစား စုံတွဲများ သီးသန့်ကြည့်ရှုနိုင်သည့်  3D ရုပ်ရှင်ရုံတစ်ရုံအား ဇွန် ၂၃ ရက်၊ မနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။

ရဲများသည် အဆိုပါ ''စိမ်းရွှေဝါ အအေးခန်းသီးသန့်ရုပ်ရှင်ကို ဝင်ရောက် စိစစ်ရာတွင် ဆင်ဆာမဲ့ နိုင်ငံခြား 3D ဇာတ်လမ်းခွေများ အသုံးပြုကာ တရားမဝင်ပြသ နေသည်ကို တွေ့ရှိခဲ့ပြီး၊ သမီးရည်စားစုံတွဲများ သီးသန့် ကြည့်ရှုနိုင်ရန် အအေးခန်းများ စီစဉ်ပေးထားကာ ဇာတ်လမ်းတွဲအား ကြည့်ရှုနေသော စုံတွဲများကိုလည်း တွေ့ရှိခဲ့ရသည်'' ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုရုပ်ရှင်ရုံကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကြူအင်း၊ စည်ပင်သာယာ ဒုဦးစီး မှူး ဦးအောင်လွင်ဦး၊ မြို့နယ်ဗီဒီယို အခြေခံ အဖွဲ့နှင့် ဘုန်းစိုးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးအေးတို့မှ ပူးပေါင်း၍ ဝင်ရောက်ဖမ်း ဆီးခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် ရုပ်ရှင်ပြသရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရုပ်ရှင်ရုံကိုတာဝန်ခံ၍ လုပ်ကိုင်သူအား ရဲများက တရားမဝင် ရုပ်ရှင်များပြသသည်ဟု စွပ်စွဲကာဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

''သီးသန့်အအေးခန်းတွေ ပြုလုပ်ပြီးသမီးရည်းစားစုံတွဲတွေကို အဓိကထားပြီး ပြသနေတာကြောင့် အချိန်မရွေး ပြစ်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တရားမဝင် ရုပ်ရှင်ပြသူအဖြစ် သံသယရှိသူများကို ရဲဌာနက တရားစွဲဆိုရန် ဆက်လက် ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ကိုတိုးကြီး
Mizzima - News in Burmese

Windows 32 bits နှင့် 64 bit ကွာခြားချက် အကြမ်းဖျင်း


ကျနော်လည်း တစ်ချိန်တုန်းက ကွန်ပြူတာဝယ်လိုက်ရင် 32 bits နဲ့ 64 bits ဘာကွာလည်းဆိုတာကို သေချာ ကွဲကွဲပြားပြား မသိဘူး။

64 bits ဝယ်ဖြစ်ခဲ့တယ်။ ကံဆိုးချက်ကတော့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေ သွင်းတဲ့အခါ ရတာက ရပြီး မရတာက မရဘူး။ အထူးသဖြင့် Call of Duty နောက်ဆုံးထွက်တွေ၊ Need For Speed ရဲလိုက်ဖမ်း တဲ့ ပြိုင် ကားမောင်းတာတွေ သူများဆော့တာမြင်တော့ ဆော့ချင် တာပေါ့။ ဒီတော့ သွင်းလိုက်တိုင်း တစ်ခုမဟုတ် တစ်ခုက အမှားပြတယ်။ Data source ရှာမတွေ့တာတို့ ၊ အရင်းမြစ် file မရှိတာတို့ ဘာညာနဲ့ပြတယ်။ ကျနော်ညံ့ လို့နေမှာပါ။ သူများ 64 bits ကွန်ပြူတာများ ရတယ်။ ကျနော် မရဘူး။ Avira တို့လို Virus သတ်တဲ့ ဆောဖ်ဝဲတွေလည်း ပိတ်ပါတယ်။ သို့ပေမယ့် သိပ်လည်း အဆော့ချင်ကြီးမဟုတ်၊ အရမ်းလည်း အားနေသူ မဟုတ်တော့ ၁ နာရီလောက် အချိန်ပေးလုပ်လို့ ထူးမလာရင် ဒီတိုင်းပဲ ပစ်ထားဖြစ်လိုက်တယ်။ သေချာလုပ်ရင်တော့ ရမှာပါ။

ဒါက ဘာကြောင့်လဲဆို ကွန်ပြူတာရဲ့  RAM အသုံးချမှုက အဓိကပါတဲ့။ 32 bits က RAM 4GB ထက်ပိုမသုံးဘူး။ 64 bits က RAM ရှိရင်ရှိသလောက် သူသုံးဖြစ်လိမ့်မယ်။ Random Access Memory ကိုပြောတပါ။ တစ်ပြိုင်နက်တည်း အလုပ်လုပ်နိုင်မှုပါ။ အလွယ်ဆုံး ဥပမာ ပေးရရင် ဓာတ်ခဲ ၂ လုံးအား အသုံးပြုပြီး ထွန်းတဲ့ ဓာတ်မီးနဲ့ ဓာတ်ခဲ ၃ လုံးအား တစ်ပြိုင်နက်တည်း ထွန်းတဲ့ ဓာတ်မီးတို့ အားကွာသလိုပေါ့။ ၃လုံးအားက ပိုလင်းလိမ့်မယ်။

ဒီလိုပါပဲ။ 64bits ကွန်ပြူတာရဲ့  အားသာချက်က Data Transfer မှာ မြန်ပါတယ်။ တစ်ခါတည်း RAM အများအပြား အလုပ်လုပ်မှုကြောင့် သီချင်းတွေဘာတွေ Flash Drive နဲ့ ကူးတဲ့အခါ ပိုမြန်တယ်။ 32 Bits ကျတော့ Data Transfer မှာ လုပ်ဆောင်ချက် နှေးတယ်။

64 bits မှာ အားနည်းချက်က 32 bits သိမ်းဆည်းမှုစနစ်သုံး ပရိုဂရမ် များ၊ ဆော့ဖ်ဝဲများနဲ့ သုံးလို့ အဆင်မပြေပါဘူး။ ဒါကြောင့် 64 bits များက ဆော့ဖ်ဝဲရွေးတာပါ။ 16 bits program လည်း သုံးလို့ မရပါဘူး။

32 bis ကျတော့ ရပါတယ်။ ဆော့ဖ်ဝဲအချို့  ၊ ပရိုဂရမ်အချို့ က 32 bits system နဲ့ပဲ ထုတ်ကြပါတယ်။ ဒါကြောင့် 32 bits ကို Windows တို့ ယနေ့တိုင် ထုတ်လုပ်နေခြင်းပါ။ ဆက်လည်း ထုတ်အုံးမယ့်ပုံပါ။ 64 bits နောက်ပိုင်းပေါ်လာသည့်တိုင် 32 bits စနစ်က ပျောက်မသွားဘူး။ ယနေ့အထိ Windows Hardware တွေမှာ ခွဲခြား ထုတ်လုပ်နေဆဲပါပဲ။ ဒါကြောင့် အချို့ ဂိမ်းတွေ၊ ဆော့ဖ်ဝဲတွေ 32 bits နဲ့အလုပ်မလုပ်တာပါ။ 64 bits ဗားရှင်းကို သက်သက်ပြန်ရှာရပါတယ်။

ဒီတော့ ဘယ်ဟာပိုကောင်းတယ်လို့ တပ်အပ်ပြောလို့ မရတော့ပါဘူး။ ကျနော်တောင် အရင်တုန်းက ဂဏန်းများနဲ့ 64 bits က ပိုကောင်းတယ်လို့ သိထားတာ။ ခုတော့ နှစ်ခုလုံးမှာ သူ့ဟာကွက်တွေချည်းပါပဲ။ 32 bits RAM နဲ့ compact software production ရှိနေသေးသရွေ့ ပေါ့။ 63 bits မှာ Kernel Patch Protection ရတယ်။ 32 bits မှာမရဘူး။ ဒီလိုမျိုး အခြားကွဲပြားချက်တွေ အများကြီးရှိပါတယ်။

ဒီတော့ Microsoft က တရားဝင် ရေးသားထားတဲ့ 32 bits နဲ့ 64 bits ကွာခြားချက် အကြောင်းများကို အောက်ပါလခ့်မှာ ဝင်ရောက် ဖတ်ရှု ကြည့်နိုင် ပါတယ်။

http://support.microsoft.com/kb/946765

အောင်ခမ်း (TSJ team)


နောက်ကြောင်းပြန် မလှည့်ရန် တာဝန်ယူကြောင်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များ ကတိပြု


နေပြည်တော်၊ ဇွန် ၂၄

ရခိုင်ပြည်နယ် ပဋိပက္ခအရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ အရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ အချို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး နောက်ကြောင်း ပြန်လှည့်နိုင်ကြောင်း ဝေဖန်ခံနေရ ချိန်တွင် မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်မလှည့်စေရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တာဝန်ယူကြောင်း ယင်းပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

နေပြည်တော်တွင် ဇွန်လ ၂၄ ရက် နေ့၌ ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ မတည်ထောင်ခင်ကတည်းက ဒီမိုကရေစီစနစ်ကို လိုလိုချင်ချင်ဖြင့် ကြိုးစား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပါတီထဲမှာ နောက်ကြောင်း ပြန်မယ့် သူတွေ ရှိခဲ့ရင်တောင် ပြန်မလှည့်နိုင်အောင် ကာကွယ်မယ်။ မလုပ်နိုင်အောင် လုပ်ရမယ်” ဟု ၎င်းကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေနှင့် ရှေ့တွင် မည်သို့ ကောင်းအောင် ဆက်လက် ဆောင်ရွက်ရမည်ကိုသာ စဉ်းစားနေပြီး နိုင်ငံနှင့် ပြည်သူအတွက် မည်သို့ ကောင်းအောင် ဆောင်ရွက် ရမည်ကိုသာ အစဉ်တစိုက် ဦးတည်နေကြောင်း ဦးဌေးဦးက ပြောကြားသည်။

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန် မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် အဓိက တာဝန်ရှိပြီး ပြည်သူများနှင့် နောက်ကြောင်း ပြန်လှည့်စေရန် ပြောဆိုနေသူများတွင်လည်း တာဝန်ကြီးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်နှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံစဉ် မိမိတို့ အစိုးရအဖွဲ့ အနေနှင့် နောက်ကြောင်း ပြန်လှည့်မည် မဟုတ်ကြောင်း ကတိပြု ပြောကြားထားသည်။

တိုင်းရင်းသား လက်နက်ကိုင် ပြဿနာများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ အစိုးရက အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် မီဒီယာများကို ထိန်းချုပ်ဆောင်ရွက်ခြင်း၊ အစိုးရအပေါ် ပြည်သူများ ယုံကြည်မှု အားနည်းခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အားနည်းခြင်း၊ လတ်တလော ဖြစ်ပေါ်နေသောကြောင့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးစ ဒီမိုကရေစီမှာ နောက်ကြောင်း ပြန်လည်သွားနိုင်ကြောင်း အနောက်နိုင်ငံ အချို့မှ ပညာရှင်များနှင့် ပြည်ပရောက် အင်အားစုများက သုံးသပ် ဝေဖန်နေကြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တပ်မတော်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်းများဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သာယာဝတီ ကျွဲသတ်အင်းရွာတွင် နှစ်စဉ် အမျိုးသမီးတစ်ဦးပျောက်နေ


ဥက္ကံ၊ ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီမြို့နယ် အင်းရွာကျေးရွာအုပ်စု ကျွဲသတ်အင်း ကျေးရွာတွင် သုံးနှစ်ဆက်တိုက် အမျိုးသမီးများ ပျောက်ဆုံးမှု ဖြစ်ပေါ်နေကြောင်း အဆိုပါ ကျေးရွာနေထိုင်သူများက ပြောကြားသည်။

ပျောက်ဆုံးနေသော အမျိုးသမီးများ မှာ အသက်၂၃ နှစ် အရွယ်မှ ၃၅ နှစ် ကရင် တိုင်းရင်းသူများ ဖြစ်ပြီး မည်ကဲ့သို့ ပျောက်ဆုံး ရသည်ကို မသိရကြောင်း ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၃ အထိ တစ်နှစ်လျှင် တစ်ဦးကျ ပျောက်ဆုံးနေသဖြင့် ဒေသခံများ စိုးရိမ်လျက် ရှိကြောင်း ကျွဲသတ်အင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာတွင်၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်တင်တင်အေး (၃၅) နှစ်၊ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဒေါ်သက်သက်ခိုင် (၂၈) နှစ်၊ ၂၀၁၃ ခုနှစ် မတ်လတွင် ဒေါ်နှင်းပွင့်ဖြူ (၂၃) နှစ်တို့ ပျောက်ဆုံးခဲ့ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရသည်။

ပျောက်ဆုံးခဲ့သည့် အမျိုးသမီးများနှင့် ပတ်သက်၍ မိသားစုဝင်များက လိုက်လံ စုံစမ်းရှာဖွေခြင်း၊ လူပျောက် တိုင်ကြားခြင်းများ ပြုလုပ်ထားသော်လည်း ဆက်သွယ်မှု မရရှိကြောင်း သာယာဝတီမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

“ကျွန်တော့်ညီမက အိမ်နဲ့ စိတ်ဆိုးပြီး ထွက်သွားတာတာ။ သူက ရည်းစားလည်း မရှိဘူး။ ညနေပိုင်းမှာ ပျောက်သွားတာ။ တစ်မြို့လုံးမှာလည်း သူ့ဓာတ်ပုံနဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေ ပေးထားပြီး ရဲမှာလည်း လူပျောက် တိုင်ထားပါတယ်၊၊ ညီမလေးကို ကြိုးစားပြီး ရှာနေပါတယ်။ ဘာသတင်းမှ မရသေးဘူး” ဟု ၂၀၁၃ ခုနှစ် မတ်လက ပျောက်ဆုံးခဲ့သည့် ဒေါ်သက်သက်ခိုင်၏ အစ်ကို တော်စပ်သူ ဦးစောဉာဏ်ထွန်းက ပြောကြားသည်။

အဆိုပါ အမျိုးသမီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မည်သည့် အတွက်ကြောင့် ပျောက်ဆုံးခြင်းကို မသိရှိရသေးကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဆက်လက် စုံစမ်းလျက် ရှိကြောင်း သာယာဝတီမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ညမင်းမင်းအောင် (ဥက္ကံ)
The Voice Weekly

အေစီမီလန်အသင်းပိုင်ရှင် ဘာလူစကိုနီကို မီလန်တရားရုံးမှ ထောင် ၇နှစ် ချမှတ်



အကျင့်စာရိတ္တ ပျက်ပြားမှု၊ အသက် မပြည့်သေးသည့် ပြည့်တန်ဆာကို လိင်ဆက်ဆံခဲ့ခြင်း တို့ကြောင့် အေစီမီလန်အသင်းပိုင်ရှင် ဘာလူစကိုနီကို ထောင် ၇နှစ် ကျခံရန် မီလန် တရားရုံးမှ သတ်မှတ်ခဲ့သည်။ ဘာလူစကိုနီမှာ ၂၀၁၀ ခုနှစ်တွင် မော်ရိုကိုသူ မာရောက်နှင့် လိင်ဆက်ဆံခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မာရောက်မှာ အသက် ၁၇နှစ်သာ ရှိသေးသောကြောင့် အမှုဖွင့် ခံရခြင်းဖြစ်သည်။

သို့သော်တရားလိုရှေ့နေများမှ ထောင်ဒဏ်၆နှစ်ချမှတ်ရန် လျှောက်ထားခဲ့
ခြင်းဖြစ်သော်လည်း မီလန်တရားရုံးမှ ထောင်ဒဏ် ၇နှစ်ထိ ကျခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ၎င်းကို နိုင်ငံရေးလုပ်ခွင့် ရာသက်ပန်ပိတ်ပင်ခြင်း၊ အယူခံဝင် ဆိုင်းငံ့ထားခြင်းစသည့် နောက်ဆက်တွဲ ပြစ်ဒဏ်များလည်း ချမှတ်ခဲ့သည်။

ဘာလူစကိုနီသည် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်း မခံရမီက နှစ်ကြိမ်တိုင် အယူခံဝင်ခဲ့ပြီး လက်ရှိ ချမှတ်လိုက်သည့် ပြစ်ဒဏ်ကိုလည်း ကာလအတန်ကြာမှ စတင်ခံစားရဖွယ်ရှိနေသည်။ အသက် ၇၆နှစ် အရွယ်ရှိ ဘာလူစကိုနီမှာ ပြီးခဲ့သည့်နှစ်က အခွန်ရှောင်တိမ်းမှုဖြင့် တရားစွဲ ဆိုခံခဲ့ရဖူးကာ ၎င်း၏သက်တမ်းတစ်လျှောက် ၇ကြိမ်တိုင် တရားရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

Myawady News

ကျောက်စိမ်းဖိုး ငွေမချေနိုင်သည့် တရုတ်အမျိုးသားတစ်ဦး လူတစ်စု ဖမ်းဆီးခေါ်ဆောင်

ကျောက်စိမ်း ရောင်းရငွေ ကျပ်သိန်း ငါးရာကျော် မပေးနိုင်သည် တရုတ်နွယ်ဖွား အမျိုးသားတစ်ဦးကို လူတစ်စုက သံကြိုးနှင့် ချုပ်နှောင်ကာ ပါးစပ်ပိတ်၍ ဖမ်းဆီး ခေါ်ဆောင်မှု တစ်ခု ဇွန်၂၁ရက်နေ့က ပုလဲ၊ ဂန့်ဂေါ လမ်းမကြီး မိုင်တိုင် ၆၁ အနီးရှိ ဘေးတောလမ်းအတွင်း ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုလဲ-ဂန့်ဂေါ ကားလမ်းမကြီး၏ လက်ဝဲဘက် တောလမ်းအတွင်း နံပါတ်မပါသော အနီရောင် Honda-Fit ကားတစ်စီး မောင်းထွက်လာရာ မသင်္ကာဖွယ် တွေ့ရှိရ၍ အင်တောပြန့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများက တားဆီးစစ်ဆေးစဉ် ကားမှာ ဂန့်ဂေါဘက်သို့ မောင်း ထွက် ပြေးသွားခဲ့ကြောင်း၊ အဆိုပါ တောလမ်းအတိုင်း ဆက်လက် ရှာဖွေခဲ့ရာ လမ်း၏ လက်ဝဲဘက် ချုံစပ်တွင် အမျိုးသားနှစ်ဦးကို ထပ်မံတွေ့ရှိ ခဲ့ရသော်လည်း တစ်ဦးမှာ တောအတွင်း ထွက်ပြေးသွားကြောင်း၊ ကျန်တစ်ဦးမှာ လက်နှင့် ခြေထောက်များ သံကြိုးဖြင့် တုပ်နှောင် ခံထားရသော တရုတ်အမျိုးသား တစ်ဦး ဖြစ်သည်ကို တွေ့ရကြောင်း ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချုပ်နှောင် ခံထားရသူကို မေးမြန်းရာ ၎င်းမှာ မန္တလေးနန်းရှေ့တွင် နေထိုင်သူ ကိုအောင်ကျော်ထွန်း (ခ) ရှောက်လီ အသက် ၂၉ နှစ်အရွယ် ဖြစ်ပြီး ပွဲစားအလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် သုံးလေးရက် ခန့်တွင် ဦးချင်းဆိုသူနှင့် အဖွဲ့သည် ၎င်း၏ အိမ်အတွင်း ဝင်ရောက်ကာ ၎င်းသည် ကျောက်စိမ်း ရောင်းရငွေ သိန်းငါးရာကျော် မပေးနိုင်ဟုဆိုကာ ၎င်းကို ပါးစပ်ပိတ်၍ လက်နှင့်ခြေတို့အား သံကြိုးတုပ်ကာ ကားဖြင့် တင်ဆောင်လာခြင်း ဖြစ်ကြောင်း ချုပ်နှောင် ခံထားရသည့် အမျိုးသားမှ ထွက်ဆိုသည်။

ဂန့်ဂေါဘက်သို့ ဦးတည်၍ ထွက်ပြေးသွားသော အနီရောင် Honda-Fit ကားအား ဖမ်းဆီးနိုင်ရန် ဂန့်ဂေါမြို့နယ် နတ်ထိပ် ရဲစခန်းသို့ အကြောင်း ကြားခဲ့ကြောင်း၊ နတ်ထိပ် ရဲကင်းမှူးနှင့် အဖွဲ့က အဆိုပါယာဉ်အား နတ်ထိပ် ရဲကင်းရှေ့တွင် ဖမ်းမိခဲ့ပြီး၊ ယင်းယာဉ်ပေါ်တွင် ဦးထောင်ခန့်ထန် (ခ)ဦးချင်း အသက် (၄၀) နှစ်နှင့် ဦးဇပ်ရှာလ်ကျင် (ခ) ဦးအောင်လွင်တို့ နှစ်ဦးအား ဖမ်းမိခဲ့ကြောင်း၊ ကားပေါ်ပါ ပစ္စည်းများအား ရှာဖွေစစ်ဆေးရာ၊ လက်သီးဆုပ်ခန့် ရှိသော ကျောက်စိမ်း အရိုင်းတုံးငယ် သုံးတုံး၊ ရိုးမဘဏ် အမည်ပါ ငွေစုစာအုပ် တစ်အုပ်၊ ကျောက်သွေးရာတွင် အသုံးပြုသော ပစ္စည်း လေးခု၊ ကျောက်အရည်အသွေး စစ်ဆေးသည့် ဓာတ်မီးတစ်ခု၊ မြန်မာ-တရုတ် နယ်စပ် သွားလာခွင့်လက်မှတ် စာအုပ်တစ်အုပ်၊ ကတ်ပါဟန်းဆက် သုံးလုံး၊ ငါးထောင်တန် ငွေစက္ကူ အရွက်ရေပေါင်း ၁၈၀ တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုကို လဲကန် ရဲစခန်းမှ ဒုရဲအုပ်က တရားလို ပြုလုပ်၍ ပုလဲမြို့နယ် ရဲစခန်းသို့ တိုင်ကြားရာ အောင်ကျော်ထွန်း (ခ) ရှောက်လီအား သံကြိုးဖြင့် တုပ်နှောင် ခေါ်ဆောင်ခေါ်လာ ခြင်းနှင့် ပတ်သတ်ပြီး ဦးချင်းနှင့် ဦးဇပ်ရှာလ်ကျင် တို့အား(ပ)၁၁၈/၁ ၃ပြစ်မှု ၃၄၃ ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ယာဉ်ပေါ်ပါပစ္စည်းများနှင့် ပတ်သက်ပြီး (ပ)၁၁၉/၁၃ ကျောက်မျက် ပုဒ်မ ၄၂(က) ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

The Voice

စတုတ္ထအကြိမ် မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၆၉ ဦး ဇွန် ၂၄ ရက်တွင် ပြန်လည် ရောက်ရှိလာပြီး ယခုတစ်ပတ်အတွင်း ၂၅၇ ဦး ထပ်မံရောက်ရှိမည်

စတုတ္ထအကြိမ် မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၆၉ ဦးသည် မွန်းလွဲ ၂ နာရီ ခန့်တွင် ရန်ကုန်လေဆိပ်သို့ အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ပြီး ယခုတစ်ပတ် အတွင်းပင် မြန်မာအလုပ်သမား ၂၅၇ ဦး ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇွန် ၂၄ ရက်တွင် ပြန်လည် ရောက်ရှိလာသော မြန်မာအလုပ်သမား ၆၉ ဦးကို ဧရာဝတီ ဖောင်ဒေးရှင်းမှ တစ်ဦးလျှင် ၅၀၀၀၀ စီထောက်ပံ့ပေးခဲ့ပြီး ဧရာဝတီ ဖောင်ဒေးရှင်း၏ မီဒီယာ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုမိုးဝေအောင်က ''ကျွန်တော်တို့ ဒီနေ့ရောက်လာတဲ့ ၆၉ ဦး စလုံးကို တစ်ယောက် ၅၀၀၀၀ စီ ထောက်ပံ့ပေးသွားမှာပါ။ ပြန်လည်ရောက်ရှိ လာတဲ့သူ အားလုံးကိုတော့ အလုပ်အကိုင် စီစဉ်ပေးဖို့တော့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရုံးမှာ ဖောင်လာတင်နိုင်ပါတယ်။ လာလျှောက်တဲ့သူရဲ့ အရည်အချင်းနဲ့ ကျွန်တော်တို့ ဖောင်ဒေးရှင်းနဲ့ ကိုက်ညီတယ်ဆိုရင် ဦးစားပေးပြီး ခန့်အပ်သွားမှာပါ'' ဟု ဇွန် ၂၄ ရက် မွန်းလွဲပိုင်းတွင် ဆိုသည်။

''ကျွန်တော်က ငါးဈေးတန်းမှာ လုပ်ခဲ့တယ်၊ ကျွန်တော့်အစ်ကို အခုတ်ခံရတဲ့နေ့က ကျွန်တော်တို့က အဲဒီအကြမ်းဖက်မှုတွေ ဖြစ်သံကြားတော့ ကျွန်တော်က အလုပ်မသွားဘူး။ ကျွန်တော့်အစ်ကိုက အလုပ်သွားဆင်းတော့ အခုတ်ခံရတာ၊ သူ့ကို သဲကြီးမဲကြီး ဓားနဲ့လိုက်ခုတ်တယ်လို့ ပြောတယ်။ ပြီးတော့ ကားနဲ့ပြေးလည်း မလွတ်ဘူးတဲ့၊ အခုတ်ခံရတဲ့ အစ်ကိုပြန်လာဖို့က ပြဿနာလေးတွေ ရှိနေသေးလို့ ကျွန်တော်နဲ့အတူ ပြန်မလာနိုင်တာပါ၊ ဗုဒ္ဓဟူးနေ့မှာ ပြန်လာလိမ့်မယ်၊ မြန်မာနိုင်ငံမှာဖြစ်တဲ့ ပဋိပက္ခတွေက ကျွန်တော်တို့ဆီ လာထိခိုက်တာပါ'' ဟု ဇွန် ၂၄ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် ဆလာရန်းဈေးသစ်တွင် ငါးရောင်းချပြီး အလုပ်လုပ်ကိုင်ခဲ့သူ ကိုမင်းမင်းဝင်းက ပြောကြားသည်။

''ကျွန်တော်က မလေးရှားသွားပြီး မြန်မာအလုပ်သမားတွေကို သွားခေါ်တာပါ။ မလေးရှား ဘယ်နေရာက လူပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့လို့ အဲဒီမှာ မနေချင်တော့ဘဲ မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုရင် ကပုန်း ဘုန်းကြီးကျောင်းကိုပဲ သွားရတယ်။ ဘုန်းကြီးကျောင်းမှာ လူတွေစုပြီးတော့ ဧရာဝတီဖောင်ဒေးရှင်းက ရန်ကုန်လေဆိပ် ရောက်တဲ့အထိ စီစဉ်လိုက်ပို့ပေးတယ်'' ဟု ဧရာဝတီ ဖောင်ဒေးရှင်းတွင် စေတနာ့ ၀န်ထမ်းအဖြစ် လုပ်ကိုင်နေသူ ဦးကျော်မိုးက ပြောပြခဲ့သည်။

ထိုကဲ့သို့ပင် မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမားများသည် ဇွန် ၂၆ ရက်တွင် ၃၀ ဦး၊ ဇွန် ၂၉ ရက်တွင် ၅၅ ဦး တို့သည် အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ထပ်မံ ရောက်ရှိမည်ဖြစ်ပြီး ဇွန် ၂၉ ရက်တွင်ပင် ဧရာဝတီ ဖောင်ဒေးရှင်း၏ စင်းလုံးငှား လေယာဉ်ဖြင့် ၁၇၂ ဦး ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

Eleven