တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် ကားတိမ်းမှောက် တစ်ဦးတိမ်းပါး

ပို့စ်တင်ချိန် - 6/25/2013 11:33:00 AM


တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ကားလေးလုံးထိုး ယာဉ်တစ်စီးသည် ဇလဲလမ်း ဘုရားဖြူရပ်ကွက် နယ်မြေ ၁၁ တွင် တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ရာမှ ခရီးသွားတစ်ဦး တိမ်းပါးသွားခဲ့သည်။ တောင်ကြီးမြို့နယ်က ဇလဲအတက် လမ်းတွင် မောင်းနှင်လာသည့် အဆိုပါယာဉ်ရှေ့ရှိ ကားတစ်စီးမှာ မတက်နိုင်ဘဲဖြစ်နေစဉ် နောက်သို့ တိမ်းရှောင် ရာမှ လမ်းအနောက်ဘက်ရှိ ချောက်ထဲသို့ ထိုးကျကာ ခရီးသည်တစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့ အမှတ် -၂ ရဲစခန်းမှ ရဲတပ်သားနယ်ထိန်းက မဇ္ဈိမကို ပြောသည်။ သေ ဆုံးသူမှာ မသဲဖြူဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသည့် ဒေါ်နန်းဆိုင်၊ မချစ်စု၊ မပြုံးချို၊ ဒေါ်ခမ်းတို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

သေဆုံးသူ မသဲဖြူသည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု၊ လယ်ငယ်ရွာတွင် နေထိုင်သူသည်။ ''မိုးကလည်း ရွာထားတော့ လမ်းကလည်း ချော်နေပါတယ်။ ကားက လေးလုံးထိုးပါ၊ ဒါကို လူ ၁ဝ ယောက်ကျော်ကျော်လောက် တင်လာတယ်။ မတက်နိုင် တော့ ဘေးချောက်ထဲကျသွားတာ'' ဟု မျက်မြင်တစ်ဦးဖြစ်သူ ကိုစောဦးက မဇ္ဈိမကို ပြော ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄/ကဖြင့် ယာဉ်မောင်းဖြစ်သူ ထွန်းလင်းကို အမှုဖွင့်ထားသည်ဟုလည်း
တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန့်စင်ထွန်းက မဇ္ဈိမကို ပြောဆိုသည်။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese