မြန်မာနိုင်ငံတွင် ကုန်စည်ဒိုင် ဖွင့်လှစ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတဦး ပြင်ဆင်နေ

ပို့စ်တင်ချိန် - 6/25/2013 12:02:00 PM


မြန်မာနိုင်ငံတွင် ကုန်စည်ဒိုင်တခု ဖွင့်လှစ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရင်းအနှီးဈေးကွက် ပါရဂူတဦးက ပြင်ဆင်နေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတရပ်မှတဆင့် သိရှိရသည်။

“မြန်မာနိုင်ငံမှာ ကုန်စည်ဒိုင်တခု စတင်လည်ပတ် လုပ်ကိုင်နိုင်ဘို့အတွက် အနည်းဆုံး ၉ လ အချိန်ယူရပါမယ်” ဟု လွန်ခဲ့သော ခြောက်လက ထိုသို့ဖွင့်လှစ်ရန် စတင်ကြိုးပန်းခဲ့သူ ဝါလီ-အူလ်-မာရွတ်ဖ် မာတင် (Wali-ul-Maroof Matin) အား ကိုးကား၍ The Daily Star သတင်းတရပ်တွင် ရေးသားထားသည်။

၎င်း၏ စီမံကိန်းကို အပြီးသတ် ဆောင်ရွက်ရန် မြန်မာ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီးလည်းဖြစ်သည်။

ကုန်စည်ဒိုင်သည် ကုန်စည်အမျိုးမျိုးနှင့်ယင်းမှ ဆက်နွယ် ထုတ်လုပ်သည့် ကုန်စည်များကို ရောင်းဝယ်ဖောက်ကား သည့်နေရာ ဖြစ်သည်။ စိုက်ပျိုးရေး ထွက်ကုန်များနှင့် အခြား ကုန်ကြမ်းပစ္စည်းများ ဖြစ်သော ဂျုံ၊ ဘာလီ၊ သကြား၊ ပြောင်း၊ ကိုကိုး၊ ကော်ဖီ၊ နို့ထွက် ပစ္စည်းများ၊ ဝက်သား၊ ဆီနှင့်သတ္တုများကို ကမ္ဘာတဝှမ်း ထိုသို့သောကုန်စည်ဒိုင် များတွင် ရောင်းဝယ်ကြသည်။

“မြန်မာ့ သယံဇာတ ထွက်ကုန်တွေကတော့ အမယ်လည်းစုံ၊ အရေအတွက်လဲများလို့ ထူးခြားပါတယ်။ ဆန်၊ ဂျုံ၊ ပဲ နဲ့ သစ်တို့ ပါဝင်ပါတယ်” ဟု ဝါလီ-အူလ်-မာရွတ်ဖ် မာတင် က ဆိုသည်။

ဆက်လက်၍ “မြန်မာအစိုးရနဲ့ စီးပွါးရေးအဖွဲ့အစည်းတွေဟာ လုပ်ငန်းသစ်တွေ မြန်မာနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင် ခွင့်တွေ ပေးပြီး အလွန်ပဲ စိတ်လှုပ် ရှားနေကြပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

မာတင် သည် အရင်းအနှီးနှင့် ကုန်စည်ဈေးကွက်တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိထားသူတဦးဖြစ် ယခုလောလောဆယ်တွင် အရင်းအနှီးပိုင်ဆိုင်မှု စီမံခန့်ခွဲရေး မဟာမိတ်အဖွဲ့ (Alliance Capital Asset Management) ၏ မန်နေဂျင်း ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက် ရှိသည်။ ယင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရင်းအနှီးစီမံခန့်ခွဲမှု လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတခု ဖြစ်သည်။

မြန်မာအစိုးရနှင့် ကနဦး စကားပြောဆိုမှုများ ပြုလုပ်ပြီးနောက် မြန်မာ နိုင်ငံတကာ ကုန်စည်ဒိုင်ဟု အမည်ပေးထားသော ကုမ္ပဏီတခုကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် တည်ထောင်ဖွင့်လှစ်ကာ ကုန်စည်ဒိုင် လုပ်ငန်း လုပ်ကိုင်သွားမည် ဖြစ်သည်။

ယင်းကုမ္ပဏီတွင် မာတင်က အစုရှယ်ယာ ၉၈% ပိုင်ဆိုင်ကာ ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံသူ တဦးက ၂% ပိုင်ဆိုင်မည် ဖြစ်သည်

မဇ္ဈိမသတင်းဌာန