လက်ပံတောင်းဒေသခံ သုံးဦး တရားရုံးထုတ်သော်လည်း မစစ်ဆေးဘဲ ထောင်သို့ပြန်ပို့

ပို့စ်တင်ချိန် - 6/25/2013 11:45:00 AM


ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် စီမံကိန်း နယ်မြေပေါ်တွင် ဝင်ရောက်ထွန်ယက်သဖြင့် ဖမ်းဆီးခံခဲ့ရသူ သုံးဦးကို ရွှေဘိုတရားရုံးတွင် အမှုစစ်ရန် ဇွန် ၂၄ ရက်က ရုံးထုတ်သော်လည်း စစ်ဆေးခြင်း မရှိဘဲ မိနစ်ပိုင်းအတွင်း အကျဉ်းထောင်သို့ ပြန်ပို့လိုက်သည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။

''သူတို့ကို တရားရုံးကိုခေါ်လာပြီး ငါးမိနစ်တောင် မကြာလိုက်ဘူး။ ချက်ချင်းပြန်ခေါ်သွားတယ်။ ရှေ့နေဖြစ်တဲ့ ကျွန်တော်နဲ့လည်း တွေ့ခွင့်မရဘူး'' ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်း က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် စီမံကိန်းမြေပေါ်တွင် ဒေသခံများက ဝင်ရောက် ထွန်ယက်ရာမှ ရဲနှင့် ထိုသူများအကြား အချင်းများမှုဖြစ်ပွားခဲ့ပြီး ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးနှင့်အတူ ဆည်းတည်းရွာသား ကိုစိုးသူ၊ ကိုဆန်းတို့ကိုရဲက ဖမ်းဆီးခဲ့သည်။ ထိုအချင်းများမှုကြောင့် ရဲ ၁၅ ဦး နှင့် ဒေသခံသုံးဦး ဒဏ်ရာ သီးသီးရခဲ့ကြသည်။

ဆည်းတည်းရွာသား ကိုစိုးသူ၏ မိခင်ဖြစ်သူက အမှုရင်ဆိုင်ရန် တရားရုံး ထုတ်သူများကို လုံခြုံရေးအခြေအနေ
ကြောင့် မစစ်ဆေးတော့ဘဲ အကျဉ်းထောင်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်ဟု ရဲတစ်ဦးက လာပြောကြောင်း မဇ္ဈိမကို ပြန်ပြောသည်။

ထိုသို့ အမှုစစ်ရန် တရားရုံးသို့ ခေါ်ဆောင်လာသော်လည်း တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းခြင်းမပြုဘဲ ပြန်ခေါ်သွား
ခြင်းနှင့် ပတ်သက်၍ ရွှေဘိုမြို့နယ်ရဲစခန်းနှင့် စစ်ကိုင်းတိုင်းတရားသူကြီးချုပ်ရုံးသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့
သော်လည်း တာဝန်ရှိသူများနှင့် ပြောဆိုခွင့်မရရှိခဲ့ပေ။

အဆိုပါ ပုဂ္ဂိုလ်သုံးဦးအား ရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ကန့်သတ်နယ်မြေအား ကျူးကျော်ဝင်ရောက်မှု အပါအဝင် ပုဒ်မလေးခုဖြင့် တရားစွဲထားခြင်းဖြစ်ကြောင်း မုံရွာခရိုင်ရဲမှူးကြီး ဦးတင်ထွန်းက အတည်ပြုသည်။

လက်ပံတောင်းတောင်ဒေသတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် ရွှေဘိုမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးသည် မှာလည်း အဓိပ္ပါယ်မရှိကြောင်း ဒေသခံတို့ဘက်မှ တရားပြိုင် ရှေ့နေ ကိုအောင်သူရထွန်း က ဝေဖန်သည်။

ခရိုင်ရဲမှူးကြီး ဦးတင်ထွန်းကမူ ယင်းကိစ္စနှင့်ပတ်သက်၍ ''ပုံမှန်ဆိုရင် ဆားလင်းကြီးမြို့နယ်မှာပဲ တရားစွဲရပါမယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ ဆူပူမှု ၊ အုံကြွမှုတွေ ဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့် ရွှေဘိုကို လွှဲလိုက်တာပါ။ ဒါဟာ လည်း ဥပဒေအရပါပဲ'' ဟု ဆိုသည်။

အစိုးရက လက်ပံတောင်းတောင် ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်ကို ဖွဲ့ပေးခဲ့ပြီး စိစစ်စေခဲ့သော်လည်း ကော်မရှင်က ထုတ်ပြန် သည့် ရလဒ်ကို ဒေသခံများက အပြည့်အဝ သဘောမတူသဖြင့် ဆန္ဒပြမှုများဆက်ဖြစ်နေသည်။

ထို့ပြင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေတွင် ဆန္ဒပြမှု၊ လယ်ထွန်မှုများကြောင့် ဒေသခံအချို့နှင့် တက်ကြွ လှုပ်ရှားသူအချို့ဖမ်းဆီးခံခဲ့ရသလို၊ အချို့ကို အာဏာပိုင်ကဖမ်းဝရမ်း ထုတ်ထားသည်။

မင်းမင်း
Mizzima - News in Burmese