တောင်သူ ထုတ်ကုန်များ ဈေးကွက်နှင့် သင့်တင့်ဈေးနှုန်း ရရှိရေး ဥပဒေပြဋ္ဌာန်းမည်

ပို့စ်တင်ချိန် - 6/25/2013 11:40:00 AM


ရန်ကုန် (မဇ္ဈိမ)။   ။ လယ်ယာ ထုတ်ကုန်ပစ္စည်းများ ရောင်းချရာတွင် ဈေးကွက်နှင့် သင့်တင့်မျှတသည့် ဈေးနှုန်း ရရှိရေးအတွက် ဥပဒေတရပ်ကို လွှတ်တော်တွင် ပြဋ္ဌာန်းမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။

“တောင်သူလယ်သမားတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချရာမှာ ဈေးကွက် ရရှိဖို့နဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်း ရရှိရေးတို့အတွက် ကူညီဆောင်ရွက်မယ့် ဥပဒေကို  အတည်ပြု ပြဌာန်းသွားမှာ ဖြစ်ပါတယ်” ဟု ဇွန်လ ၂၂ ရက်က တောင်သူအထောက်အကူပြု ဆန်စပါး စိုက်ပျိုးရေးနှင့် ကိုင်တွယ်ထိန်းသိမ်း သိုလှောင်မှု နည်းပညာ သင်တန်းဖွင့်ပွဲတွင် ဒု-ဝန်ကြီး ဒေါက်တာပွင့်ဆန်း က ပြောကြားခဲ့သည်။

ဆက်လက်၍ “ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ် ထိန်းသိမ်းမှုဆိုင်ရာနဲ့ သိုလှောင်မှုဆိုင်ရာ ကျင့်စဉ်ကောင်း၊ နည်းစနစ်တွေကို သိရှိ ဆောင်ရွက်နိုင်မယ်ဆိုရင် ရိတ်သိမ်းချိန်မှာ အလေအလွင့် နည်းမယ်၊ အရည်အသွေးမြင့် စပါး ရတဲ့အတွက် တန်းမြင့်ဆန်ဖြူတွေ ကြိတ်ခွဲနိုင်မှုမှာ အထောက်အကူ ဖြစ်စေမှာပါ။ ဒါ့အပြင် ပြည်ပဈေးကွက်မှာ
မြန်မာဆန် ဈေးကောင်းရပြီး တောင်သူတွေ ဝင်ငွေ ပိုရလာမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာပွင့်ဆန်း က ဆိုသည်။

တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်း ရေးဆွဲလျက်ရှိသည်။

ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၁,၂၉၃ တန်နှင့် ဆန်ကွဲ ၅၅၇,၇၉၉ တန် တင်ပို့ရောင်းချပြီး ဖြစ်သည်။

“လက်ရှိ ထွက်နေတဲ့ အရည်အသွေးက ၂၅ မှတ် အနေအထားသာ ရှိနေတာပါ။ ဝယ်လိုအား မြင့်တက်လာစေဖို့ ဆန်အရည်အသွေးပိုင်းမှာ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီဖို့ လိုအပ်လာပါတယ်။ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်နဲ့အညီ စားသုံးမှု ပုံစံတွေလည်း ပြောင်းလဲ တိုးတက်လာတာ တွေ့ရပါတယ်။ အခုဆိုရင် တန်းမြင့် ဆန်တွေ စားသုံးလာတာ
တွေ့ရပါတယ်။ ဆန် တင်ပို့တဲ့အခါ အရည်အသွေး ကောင်းတဲ့ ဆန်တွေသာ ဝယ်လိုအား မြင့်တက်လာတာ
တွေ့ရပါတယ်” ဟု မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဆန်တင်ပို့နေသူ ကုန်သည် ဦးလှမြင့် က ပြောသည်။

ခင်မျိုးသွယ်
Mizzima - News in Burmese