အင်တာနက်ကို ဘယ်အချိန်တွေ အများဆုံးသုံးဖြစ်လဲ Vote လုပ်ပေးပါ။


ကျွန်တော်တို့ Myanmar CNN က fan များ အတွက် Myanmar CNN website ကို ကောင်းသထက်ကောင်းအောင်လုပ်နေတာမို့လို့  အင်တာနက်ကို ဘယ်အချိန်တွေမှာ အများဆုံး သုံးဖြစ်သလဲဆိုတာ သိပါရစေခင်ဗျ။ အောက်ပါ link မှာ ဝင်ပြီး vote လုပ်ပေးစေချင်ပါတယ်။
Vote ကာလက ၂၈ရက် ၁၀လ ၂၀၁၃ခုနှစ် ထိပါပဲခင်ဗျ။ ကျေးဇူးတင်စွာဖြင့် ..

Vote လုပ်ရန် ==> http://goo.gl/AAX4VB

လေးဖြူ၏ “ဒိုင်ယာရီ” သီချင်းသစ်ကို အွန်လိုင်းမှ ရောင်းချမည်

လေးဖြူ၏ “ဒိုင်ယာရီ” တေးသီချင်းသစ်ကို #Myanmar Music Store ၌ အောက်တိုဘာ ၂၇ ရက်တွင် စတင်ရောင်းချ မည်ဖြစ်သည်။ ယင်းသီချင်းအား Myanmar Music Store ၏ ဖွင့်ပွဲအနေဖြင့် ရောင်းချခြင်းလည်းဖြစ်သည်။

ယင်းသီချင်းကို တေးရေးအသစ် ဟန်ဆိုင်းက ရေးဖွဲ့ခဲ့ပြီး Slow Rock အမျိုးအစားတေးသီချင်းဖြစ်ကာ PTL စတူဒီယို တွင် အသံသွင်းယူထားခြင်းဖြစ်သည်။ ယင်းသီချင်းနှင့်ပတ်သက်ပြီး Myanmar Music Store မှ ဒေါက်တာကိုကိုလွင် (Iron Cross တေးထုတ်လုပ်ရေး)က “လေးဖြူ သီချင်းကို Myanmar Music Store ဖွင့်ပွဲအနေနဲ့ ပထမဆုံးရောင်းတာပါ။ လေးဖြူထွက်လာမယ့် အခွေထဲက တစ်ပုဒ်ကို ရောင်းချတာပါ။ Download ဆွဲရင် မြန်မာနိုင်ငံအတွက်ဆိုရင် မြန်မာငွေ ကျပ် ၃၀၀ သတ်မှတ်ထားတယ်။ ပြည်ပဆိုရင် အမေရိကန်ဒေါ်လာ ၄၉ ပြားနှုန်း သတ်မှတ်ထားတယ်။ အဓိက,ကတော့ အဆိုတော်ကြီး တစ်ယောက်ရဲ့ သီချင်းကိုပရိသတ်တွေ နားဆင်နိုင်အောင် ဖွင့်လှစ်ပေးတဲ့သဘောပါ”ဟု ဆိုသည်။

ယင်းသီချင်းကို Iron Cross တီးဝိုင်းဖြင့် တီးခတ်ထားပြီး ချစ်စမ်းမောင်က Music Arrangement လုပ်ထားသည်။ ၀ယ်ယူလိုသူများသည် www.myan-marmusicstore.com မှ ၀ယ်ယူနိုင်မည်ဖြစ်ပြီး ကျသင့်ငွေကို မိမိ၏ ဖုန်းဘီလ်ထဲမှ ဖြတ်တောက်သွားမည်ဖြစ်သည်။ အဆိုပါနေ့တွင် ၀ိုင်းစုခိုင်သိန်း၏ “အာဘွား” တေးသီချင်းကိုလည်း ရောင်းချမည်ဖြစ်သည်။

Mizzima - News in Burmese

စီရော်နယ်ဒိုလည်း တစ်စီးပိုင်သော Ferrari LaFerrari





LaFerrari အမည်ပေးထားတဲ့ အီတလီ Ferrari ရဲ့  ပထမဆုံး ဟိုင်းဘရစ်ပြိုင်ကာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦး ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ယင်း ပြိုင်ကားကို ပိုင်ဆိုင်သူ လူဦးရေ နည်းထဲက တစ်ဦး ဖြစ်လာမှာပါ။

အကြောင်းကတော့ ၄၉၉ စီးထဲ ထုတ်တဲ့ ယင်းပြိုင်ကားကို လူတိုင်း ဝယ်ယူခွင့် ပေးမထားသေးလို့ ဖြစ်ပါတယ်။ လက်ရှိ အီတလီ Ferrari ရဲ့  မော်ဒယ် မတူ ပြိုင်ကား ၅ စီးအနည်းဆုံး ပိုင်ဆိုင်ထားသူများသာ ဝယ်ယူ ခွင့် ပေး မယ့်ကား ဖြစ်ပါတယ်။ ဒီအထဲမှာ စီရော်နယ်ဒိုတစ်ယောက် ပါဝင်လာပြီဆိုတော့ သူ့ဆီမှာ Ferrari ပြိုင်ကား အစီးရေ များများ ပိုင်ထားတယ်လို့ ပြောလိုက်တဲ့ အတူတူပါပဲ။ Laferrir ဟာ ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၈၃၀၀၀၀ နဲ့ ရောင်းချတဲ့ ကား ဖြစ်ပါ တယ်။

ဒီဇီုင်းကတော့ Ferrari တွေထဲမှာ ခေတ်ရှေ့ အပြေးဆုံးပါပဲ။ အင်ဂျင် ပါဝါ ၆၆၀၀ စီစီ၊ လျှပ်စစ်မော်တာ ၁၇၀ ကီလိုဝပ်ထုတ်လုပ်နိုင်ပြီး ပါဝါ နှစ်မျိုးပေါင်း မောင်းတဲ့အခါ တစ်နာရီ ၂၁၇ မိုင်တောင် ပြေးနိုင်ပါတယ်။ ၃ စက္ကန့်မပြည့်ခင်မှာတင် တစ်နာရီ ၆၂ မိုင်နှုန်းမြင့်အောင် Start Acceleration ကောင်းတဲ့ ကားတစ်စီးပါ။ ၄၉၉ စီးကို စီရော်နယ်ဒိုအပြင် အခြားနာမည်ကြီး အားကစားသမားများလည်း မှာယူလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( TSJ Team )
TechSpace Journal

မိုင်ဒါကွင်း ကားပြပွဲမှယာဉ်များ ပြင်ပပေါက်ဈေးထက် ဈေးမြင့်ဟုဆို



ကုမ္ပဏီပေါင်း ၅၀ က ပြခန်းပေါင်း ၁၃၀ ကျော်ဖြင့် အောက်တိုဘာလ ၁၇ ရက်မှ ၂၀ အထိ မော်တော်ယာဉ်များ ပြသခဲ့သော ရန်ကုန်မြို့တော် မိုင်ဒါကွင်း ကားပြပွဲတွင် ပြသထားသော မော်တော်ယာဉ် များသည် ပြင်ပပေါက်ဈေးထက် ဈေးနှုန်း မြင့်မားနေကြောင်း မင်းရဲကျော်စွာ ယာဉ် ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးထွန်းထွန်းက ပြောကြားသည်။
“ကားတစ်စီးကို အနည်းဆုံး ဆယ်သိန်းလောက် ဈေးကွာနေတယ်။ ဒါကို ကျွန်တော်တို့က နေ့စဉ် ရောင်းနေတော့ သိတယ်။ ဝယ်တဲ့သူတွေက မသိကြဘူး။ ကျွန်တော့်ရှေ့မှာတင် တစ်စီးရောင်းထွက် သွားတာကို ကြည့်တာ တော်တော်လေးကို ဈေးကွာနေတယ်” ဟု ဦးထွန်းထွန်းက ဆိုသည်။

ယင်းပြပွဲတွင် ကားဝယ်ယူရန် သွားကြည့်သူ တစ်ဦးကလည်း ပြင်ပဈေး ထက် ဈေးမြင့်နေသဖြင့် မဝယ်ဖြစ်ခဲ့ကြောင်း ပြောဆိုသည်။

မော်တော်ယာဉ် အရောင်းပြပွဲများနှင့် အရောင်းပြခန်းများတွင် ဝယ်ယူပါက ဈေးနှုန်း ပိုမိုကြီးမြင့်သည်ဆိုသည့် ဝေဖန်ချက်များနှင့် ပတ်သက်၍ ယင်းပြပွဲ၏ co-sponsor ကုမ္ပဏီ တစ်ခုဖြစ်သည့် Farmer Auto ကားအရောင်းပြခန်းမှ ပြည်သူ့ ဆက်ဆံရေးအရာရှိ ဦးဇေယျာထက် က ပြပွဲများတွင် အရောင်းပြခန်းများ ဖွင့်လှစ်သည့် စရိတ်များ၊ ဝန်ထမ်း စရိတ်များကြောင့် ဈေးမြင့်နေခြင်း ဖြစ်ကြောင်း၊ ပြင်ပ ဝယ်ရောင်းများနှင့် ဈေးနှုန်းကွာဟချက် ရှိနေခြင်းကို လျော့နည်းစေရန် ၎င်းတို့ ကုမ္ပဏီအနေနှင့် ထပ်မံဈေးနှုန်း ညှိနှိုင်းရန် အစီအစဉ် ရှိကြောင်း ပြောကြားသည်။

ပြပွဲများ ပြုလုပ်ခြင်းဖြင့် တစ်နေရာတည်းတွင် တစုတစည်းတည်း ဝယ်ယူ ကြည့်ရှုနိုင်စေပြီး ပစ္စည်းကောင်းများကို ရရှိစေကြောင်း၊ ပြပွဲတွင် ကပ်ထားသည့် နှုန်းထားများမှာ ဈေးမြင့်သည် ဆိုသော်လည်း ညှိနှိုင်းဈေးဖြင့် ဝယ်ယူသွားသည်က များကြောင်း အဆိုပါ ပြပွဲ စီစဉ်သည့် Smart Bussiness Group မှ ပြပွဲကျင်းပရေး တာဝန်ခံ ဦးသီဟက ဆိုသည်။

ယင်းသို့ ပြပွဲများ ပြုလုပ်ပေးခြင်းသည် ဝယ်သူများအတွက် အကျိုးအမြတ်များ ရရှိစေပြီး ယခုပြပွဲမှ ကားအစီးရေ ၂၀ ခန့် ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း Farmer Auto မှ ဦးဇေယျာထက်က ရှင်းပြသည်။
“ပြပွဲမှာကျတော့ ကားအမျိုးစား ပေါင်းစုံကို တစုတစည်းတည်း ကြည့်လို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ဈေးတွေလည်း လျှော့ထားပါတယ်” ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၄ ရက်မှ ၆ ရက်နေ့ထိ ကျင်းပခဲ့သော ပထမဆုံး မြန်မာနိုင်ငံ၏ လေလံဆွဲ၍ ရောင်းချပေးခဲ့သော ကားများ မှာလည်း ပြင်ပပေါက်ဈေးထက် ကျပ်ငါးသိန်းမှ ဆယ်သိန်းထိ ဈေးမြင့်ကြောင်း ဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ပြည်သူကိုချစ်သည့် တိုင်းပြည်


ထိုနေ့က ကျွန်တော့်ဘဏ်ကတ် ပျောက်သွား၏။ မနက် အလုပ်လာတုန်းကတောင် ရထားဘူတာရုံမှာ ကတ်နှင့် ငွေထုတ်ယူခဲ့သေးတာ။ ခရီးသွားကတ်ထဲမှာ ငွေနည်းနေသဖြင့် ဘဏ်ကတ်နှင့်ပဲ ငွေဖြည့်ခဲ့သေးတာ။ နေ့လယ်စာ ထမင်းစားမည်လုပ်တော့ ဘဏ်ကတ်ကို ရှာမတွေ့တော့ပါ။ ဘူတာမှာ၊ ဒါမှမဟုတ် ရထားပေါ်မှာ ကျကျန်ခဲ့လေသလား။ မမှတ်မိတော့။ တစ်ယောက်ယောက် ကောက်ရထားနိုင်သော်လည်း ကျွန်တော့် Fin နံပါတ် မသိသဖြင့် ငွေထုတ်၍ ရမည်မဟုတ်။ ကတ်ထည့်ပြီး Fin နံပါတ်တွေ လျှောက်ရိုက်တာ၊ ငွေထုတ်ယူဖို့ စမ်းနိုင်သော်လည်း၊ ထိုကဲ့သို့ သုံးခါလောက် လုပ်သည်နှင့် စက်က သူ့အလိုအလျောက် ကတ်ကိုသိမ်းသွားမှာ။ ဘာပဲဖြစ်ဖြစ် ဘဏ်ကို ဖုန်းဆက်အကြောင်းကြားရမည် မဟုတ်လား။ အနည်းဆုံး ကျွန်တော်နှင့်နီးသည့် ဘဏ်ခွဲတစ်ခုမှာ ကတ်ပြန်ထုတ်ယူဖို့။ ကျွန်တော့်ကတ် Account နံပါတ်၊ ကျွန်တော့် Passport နံပါတ်၊ ကျွန်တော့်နာမည်၊ ပြီးတော့ ကတ်ဟောင်းကို Cancel လုပ်ဖို့။ ညနေ အလုပ်ဆင်းတော့ ကျွန်တော်နှင့် အနီးဆုံး ယူနွတ်ဘူတာ (Eunos Station) က ဘဏ်ခွဲမှာ ကတ်အသစ်ကို ဝင်ထုတ်လိုက်သည်။ ကတ်ပျောက်သွားသဖြင့် ဒဏ်ကြေးငါးဆယ်တော့ ဆောင်လိုက်ရ၏။ ကိစ္စမရှိပါ။ လွယ်လွယ်ကူကူ ပြီးသွားတာပဲ ကျေနပ်ဖို့ ကောင်းပါသည်။ ဝန်ဆောင်မှုဆိုတာ ထိုကဲ့သို့ လွယ်ကူရမည် မဟုတ်ပါလား။

ထိုနေ့က အခွန်နှင့် ပတ်သက်ပြီး စာလာ၏။ ကွန်ပျူတာမှာ အခွန်ဌာန ဝက်ဘ်ဆိုက်ကို ဝင်ပြီးလုပ်လျှင် ရပေမယ့် ကျွန်တော်က ကွန်ပျူတာ သိပ်မသုံးတတ်။ ဒါနှင့်ပဲ အားသည့်တစ်ရက်မှာ နိုဗီးနားဘူတာ (Novena Station) နားက အခွန်ရုံးကို ထွက်လာခဲ့သည်။ ဟိုရောက်တော့ ဝန်ထမ်း (လူငယ်တွေ) က ဘာလုပ်ပေးရမလဲဟု မေးကြသည်။ အခွန်ဘယ်လောက် ဆောင်ရမလဲ သိချင်လို့ပါဟု ပြောသည့်အခါ တုံကင်နံပါတ်လေး ကျွန်တော့်ကို ထုတ်ပေးသည်။ ထိုနံပါတ်စလစ်ကို ကိုယ့်ဘာသာစက်မှာ သွားယူလည်း ရနိုင်ပါသည်။ ထိုစာရွက်လေးကိုင်ပြီး သူများတွေလို ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်သည်။ ပြီးတော့ ကျွန်တော့်နံပါတ် ပေါ်လာမည့် အလှည့်ကို စောင့်နေခဲ့သည်။ ငါးမိနစ် မကြာပါ။ ဘုတ်ပြားတွေ အများကြီးထဲမှ တစ်ခုမှာ ကျွန်တော့် နံပါတ်ပေါ်လာသည်။ ကျွန်တော့်နံပါတ်နှင့်အတူ ကျွန်တော်သွားရမည့် အရာရှိစားပွဲ အက္ခရာပါ တွဲပေါ်လာသည်။ ကျွန်တော် (F) ကောင်တာက အရာရှိဆီ သွားတွေ့ရမည်။
ထိုအခန်းကို ကျွန်တော်ရောက်တော့ ဘာလုပ်ပေးရမလဲဟု ထပ်မေး၏။ အခွန်ဘယ်လောက် ဆောင်ရမလဲ သိချင်လို့ပါဟု ပြောပြလိုက်၏။ ကျွန်တော့် အက်စ်ပတ်စ် (S-Pass) ကိုတောင်းပြီး ကွန်ပျူတာမှာ Fin နံပါတ် ရိုက်ထည့်သည့်အခါ၊ ကျွန်တော်သုံးနှစ်စာ လုပ်ခဲ့သည့်ငွေ Amount တွေ ပေါ်လာသည်။ အိမ်ထောင်ရှိသလား၊ အိမ်ထောင်သည်က အလုပ်လုပ်သလား၊ ကလေးတွေ ရှိသလား၊ ကျောင်းမပြီးသေးဘူးလား စသည်များ မေးကာ၊ မိန်းမစရိတ် နှစ်ထောင်၊ ကလေးနှစ်ယောက်အတွက် နှစ်သောင်း ထည့်တွက်ကာ အခွန်ဆောင်ဖို့ မလိုပါဘူးဟု ပြောပါသည်။ ပြီးတော့ အခွန် ကင်းရှင်းကြောင်း စာရွက်ကိုလည်း တစ်ခါတည်း ထုတ်ပေးလိုက်သည်။ စင်ကာပူနိုင်ငံအတွက် တစ်ပြားမှ အခွန်ဆောင်ဖို့ မလိုပေမယ့် ထိုအချိန်က မြန်မာသံရုံးမှာ ဒေါ်လာနှစ်ထောင်ကျော် ဆောင်ခဲ့ပြီးပြီ ဖြစ်သည်။ ကလေး ရှိသလား၊ ဝင်ငွေနှင့် လောက်သလား၊ မလောက်ဘူးလား၊ ဘယ်သူမှ မမေးပါ။ နောက်ပိုင်း အခွန်ဆောင်ဖို့ မလိုဟု နိုင်ငံတော်က ချမှတ်လိုက်သဖြင့် သက်သာသွားပါသည်။ အချို့ သူများနိုင်ငံမှာ အိမ်ဖော်လာလုပ်ပြီး တစ်လမှ မြန်မာငွေ သုံးသိန်းလောက် ရသူတောင် အခွန်ဆောင်ခဲ့ရသည်။ စင်ကာပူမှာ အခွန်ဆောင်ဖို့ သွားရတာ ဆယ့်ငါးမိနစ်တောင် မကြာပါ။ ဒါဟာ ပြည်သူကိုချစ်တဲ့ တိုင်းပြည်က လုပ်ပေးထားသော ဝန်ဆောင်မှုပဲ ဖြစ်ပါသည်။
ကျွန်တော်တို့ နိုင်ငံမှာတော့ ခုထက်ထိတိုင် ဘူးလုံး နားမထွင်း ကိစ္စတွေ အများကြီး ရှိနေသေး၏။ ဝန်ထမ်းဆိုတာ ပြည်သူ့ကိစ္စ ဆောင်ရွက်ဖို့ တာဝန်ထမ်းဆောင်နေခြင်း ဆိုသည်ကို မေ့လျော့နေ၏။ အစိုးရ အဖွဲ့အစည်းဆိုတာ ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူ့အခက်အခဲကို ရှေ့ကမားမားမတ်မတ် ရပ်တည်လုပ်ဆောင်ပေးဖို့ တာဝန်ရှိသူဆိုတာ မေ့လျော့နေကြ၏။ ပြောင်းပြန် အမြင်အားဖြင့် အစိုးရဆိုတာ သူတို့ကို ပြည်သူက ဦးစားပေးနေရပြီး ကျားသနားမှ နွားချမ်းသာ အခြေအနေမျိုး ဖြစ်နေခဲ့သည်။ အချို့ကိစ္စတွေမှာ ကျွမ်းကျင်မှု မရှိတာကော၊ ဆူလွယ် နပ်လွယ် လုပ်လာသည့် အကျင့်အတိုင်း ဆက်သွားနေတာကော၊ ပြုပြင်ပြောင်းလဲမှုကို မျက်ခြည်ပြတ်နေတာကော ပါဝင်ခဲ့ရာ ခရီးရောက်နိုင်သလောက် ခရီးမပေါက်သည်ကို တွေ့နေရပြန်သည်။ ယာဉ်ကြော ပိတ်ဆို့မှု (Traffic Jam) တွေကို ဖြေရှင်းရာ မှာလည်း၊ စာစောင်တွေထဲမှာတော့ ဘာစနစ်ကိုသုံးမည်၊ ညာစနစ်ကိုသုံးမည် မစားရ ဝမခန်း ပြောနေကြပြီး လချီလာသည့်တိုင် ဘာမှဖြစ်မလာခဲ့။ Bus Lane သီးသန့်မရှိဘဲ၊ Bus တွေက ထပ်ရပ်ကြ၊ လူမရှိဘဲ စောင့်တင်ကြလုပ်နေတုန်း ဖြစ်ရာ ဒုံရင်းက ဒုံရင်းသာ ဖြစ်နေခဲ့သည်။
ပြီးတော့ တကယ်လုပ်ရမည့် ကိစ္စကို ရှက်နေပြီး တကယ်မလုပ်ရမည့် ကိစ္စကို မရှက်တတ်သည့် အကျင့်က ကင်ဆာလို အမြစ်တွယ်နေကြသည်။ အလုပ်တစ်ခုကို တိုးလိုးတန်းလန်း ထားသည့်အကျင့်၊ နောက်ဆုံး ဆူလွယ်နပ်လွယ် လုပ်သည့်အကျင့်၊ ကိုယ့်ဖို့ဘာအကျိုး၊ အမြတ်ရှိမလဲ စဉ်းစားသည့် အကျင့်တွေက အရိုးစွဲနေခဲ့ပြန်သည်။
တစ်လောက ဂျာနယ်တစ်စောင်မှာ ရန်ကုန်မြို့ထဲကလမ်းတွေ ကွန်ကရစ်ခင်းဖို့၊ ပလက်ဖောင်းတွေပြင်ဖို့၊ ရေမြောင်းတွေပြင်ဖို့၊ သန်းငါးထောင် တင်ထားသည့်ကိစ္စကို ဖတ်လိုက်ရ၏။ မြို့ထဲမှာလည်း လမ်းတွေကိုချဲ့၊ ကွန်ကရစ်ခင်း၊ ပလက်ဖောင်းနှင့် ရေမြောင်းတွေ ပြင်နေတာကို တွေ့နေရပါသည်။ ဒါတွေက ကန်ထရိုက် ပေးထားတာလား၊ အဆင့်အတန်း ဘယ်လိုသတ်မှတ်ထားသလဲ၊ ဘယ်သူက Quality Control လုပ်သလဲ၊ သိဖို့ မလိုအပ်ပေမယ့် သပ်သပ်ရပ်ရပ်တော့ ဖြစ်ဖို့လိုပါသည်။ တချို့ လုပ်နေသည်ကို ဘယ်သူမှ လာမကြည့်ပါ။ တချို့ရှေ့က လုပ်သွားသည့် ပလက်ဖောင်းတွေဟာ နောက်မှာ ပျက်ကျန်နေခဲ့ပါပြီ။ တချို့ရေမြောင်းတွေဟာ အနက်တစ်ပေကျော်ကျော်၊ အကျယ် တစ်ပေကျော်ကျော်သာ ရှိပြီး အပေါ်က ကွန်ကရစ် ဆက်လောင်းလိုက်ပါသည်။ နဂိုကမှ ရေစီးရေလာ မကောင်းရသည့်အထဲ၊ ထိုမြောင်းတွေ ဘယ်လိုရေစီးနိုင်မလဲ စဉ်းစားမရပါ။
ကန်ထရိုက် ပေးသည်ဆိုလျှင် ကန်ထရိုက်ကို ညှာဖို့မလိုပါ။ စည်ပင်က တိုက်ရိုက် လုပ်သည်ဆိုလျှင်လည်း ဒီဇိုင်းနှင့် ကွာလတီတော့ ရှိရမည် ဖြစ်သည်။ သက်ဆိုင်သူတွေ လုပ်သည်ကို အပြစ်ပြောခြင်း မဟုတ်ပါ။ ဒါဟာ ပြည်သူတွေ ဆောင်ထားသည့် ဘဏ္ဍာငွေနှင့် လုပ်ရခြင်းကြောင့် ပြောခြင်း ဖြစ်ပါသည်။ တစ်ခါတည်းနှင့် ကောင်းအောင်လုပ်နိုင်ပါလျက် နောက်ဘယ်တော့မှ ကောင်းအောင် ထပ်လုပ်ဦးပါမည်နည်း။ ငွေတွေသာ ကုန်ပြီး ဆူလွယ်- နပ်လွယ် အလုပ်က ဘယ်တော့မှ မပြောင်းလဲ။ ဘတ်စ်ကား မှတ်တိုင်တွေကော၊ ဒီထက်ကောင်းအောင်လုပ်လို့ မရဘူးလား။ မြို့နယ်တွေက ဘတ်စ်ကား မှတ်တိုင်တွေဆို အမိုးတွေက စက်ရုံထုတ်၊ နောက်ဆုံးဒီဇိုင်း အမိုးတွေနှင့် လှနေပေမယ့် အောက်ခြေမှာ ပလက်ဖောင်းမရှိ၊ ခရီးသည်ထိုင်ဖို့ အနည်းဆုံး ကွန်ကရစ် ခုံတန်းလေးပင်မရှိ၊ ဒါတွေဟာ ဘာမှထပ်ပြီး ကုန်စရာ သိပ်မရှိပေမယ့် နဂိုထဲက Plan မရှိတာလား မသိပါ။ တတ်နိုင်လျှင် စင်ကာပူက ဘတ်စ်ကား မှတ်တိုင်တွေမှာလို့ ဘယ်ကားနံပါတ်တွေက ဘယ်မှတ်တိုင်နှင့် ဘယ်ကိုရောက်သည်ကိုပါ ကပ်ထားသည့် Glass Box တွေရှိလျှင် ပိုကောင်း ပါမည်။ ဒီနေ့လုပ်လျှင် ဖြစ်သည့်ကိစ္စကို ဘာကြောင့်များ တိုးလိုးတန်းလန်း ချန်ထားပါသလဲ၊ ဒီအတိုင်းပဲ နောက်နှစ်လည်း ဒီငွေတွေ ထပ်ကုန်ပြီး ဒီအဆင့်က မတက်ဘူး ဆိုလျှင်တော့ စင်ကာပူလိုဖြစ်အောင် ဆိုသည့်စကားတွေ မပြောကြတာပဲ ကောင်းမည် ထင်ပါသည်။ စင်ကာပူလိုလည်း မဖြစ်ချင်ပါ။ တတ်နိုင်လျှင် စင်ကာပူထက် သာချင်ပါသည်။
မိဘဆိုတာ ကိုယ့်သားသမီးကို အဆင့်အတန်း ရှိအောင်လုပ်မှ အဆင့်အတန်း ရှိလာမည်ဖြစ်၏။ အစိုးရ ဆိုတာလည်း ကိုယ့်ပြည်သူကို အဆင့်အတန်းရှိအောင် လုပ်ပေးမှ အဆင့်အတန်း ရှိလာမည် ဖြစ်သည်။ ပြည်သူတွေ အေးအေးချမ်းချမ်း အဆင့်အတန်းရှိရှိ နေနိုင်မှ တိုင်းပြည်လည်း တည်ငြိမ်မည် ဖြစ်၏။ ပြည်သူလိုချင်တာ ဘယ်အစိုးရဟု ဘောင်ခတ်ထားသည့် အစိုးရ မဟုတ်ပါ။ ပြည်သူလိုချင်တာ သူတို့အဆင်ပြေအောင် လုပ်ပေးနိုင်သည့် အစိုးရပဲ ဖြစ်သည်။ သူတို့ကို မလိမ်သည့် အစိုးရ၊ သူတို့ကို ဗိုလ်မကျသည့် အစိုးရ၊ သူတို့ကို တကယ်ချစ်သည့် အစိုးရကိုသာ လိုချင်တာ ဖြစ်သည်။
သမိုင်းထဲမှာ မင်းထီးဆိုသည့် ရခိုင်ဘုရင်တစ်ပါး ရှိခဲ့ဖူး၏။ ထိုမင်းသည် သူ့ဥပဒေကို သူလိုက်နာသော မင်းဖြစ်၏။ သူ့ဥပဒေထဲမှာ သားဆိုးလျှင် အဖေကို အပြစ်ပေး၊ သမီးဆိုးလျှင် အမေကို အပြစ်ပေး၊ မယားဆိုးလျှင် လင်ကို အပြစ်ပေး၊ ကျွန်ဆိုးလျှင် သခင်ကို အပြစ်ပေးဟု ပါရှိဖူး၏။ တစ်နေ့မှာ သူဌေးတစ်ယောက်၏ အလုပ်သမား နှစ်ယောက်က နွားခိုးပြီး သတ်သည့် အမှုဖြစ်လာခဲ့သည်။ သူဌေးလုပ်သူက ဘုရင်အပြစ်ပေးမည်ကို ကြောက်ပြီး ဘုရင့်ဦးရီးတော်ကို လာဘ်ထိုးကာ ထိုလူနှစ်ယောက်ကို ဦးရီးတော်ကျွန်တွေဟု ပြောခိုင်းသည်။ ဦးရီးတော်ကလည်း ဘုရင်ချစ်သည့် ဦးကြီးမို့ သူ့ကိုယ်သူ ယုံကြည်ပြီး လက်ခံလိုက်သည်။ အမှုစစ်သည့်အခါ၊ ဒီလူတွေဟာ သူ့လူတွေပါဟု ဦးရီးတော်က ပြောသည်။ တရားရုံးလည်း ဆုံးဖြတ်ရ ခက်နေသည်။ ဒါဟာ ဘုရင်ရဲ့ကိစ္စဟု ဆုံးဖြတ်ပြီး တရားရုံးလည်း ထိုအမှုကို ဘုရင်အား လွှဲပေးလိုက်သည်။ ဘုရင်ကလည်း ဥပဒေရဲ့အပေါ်မှာ ဦးရီးတော် မရှိစေရဟုဆိုပြီး ဦးရီးတော်ကို အာဏာပါးကွက်သားတို့လက်ကို အပ်လိုက်ပါသည်။
ပြည်သူတွေ လိုချင်တာ ဦးရီးတော်တွေကိုသာ ကာကွယ်ပေးသည့် ဥပဒေမဟုတ်ပါ။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ကာကွယ်ပေးသည့် ဥပဒေမဟုတ်ပါ။ ပြည်သူကို ကာကွယ်ပေးသည့်၊ မကောင်းသူကို အပြစ်ပေး၊ ကောင်းသူကို ကာကွယ်ပေးသည့် ဥပဒေဖြစ်သည်။ ဒါမှသာ ပြည်သူကို ချစ်သည့်အစိုးရ၊ ပြည်သူကို ချစ်သည့်တိုင်းပြည် အမှန်တကယ် ဖြစ်လာနိုင် လိမ့်မည်ဆိုတာ ….။
နေသစ်နီ
thevoicemyanmar

တေးသံရှင် မာမာအေး Artist Of The Year ဆုရရှိ





ထန်းရိပ်ညို Artist Of The Year တစ်နှစ်ပြည့်နှင့် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ်အဖြစ် အနုပညာ ဆုပေးပွဲနှင့် ဂုဏ်ပြုစာတမ်း ဖတ်ပွဲတွင် ထန်းရိပ်ညို အနုပညာ စင်တာ၏ Artist Of The Year ဆုကို တေးသံရှင် မာမာအေး ရရှိခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်အနားအရ သိရသည်။

အဆိုပါ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများ ချီးမြှင့်ခြင်းကို ပြင်ဦးလွင် အနီးစခန်းရှိ ထန်းရိပ်ညို အနုပညာ ပြခန်းတွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းထန်းရိပ်ညိုထံမှ သိရသည်။

ယင်း Artist Of The Year ဆုကို ယခုနှစ်မှစတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် တေးသံရှင် မာမာအေးကို ပေးအပ်ခဲ့ကာ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုအဖြစ် ကဗျာဆရာ မောင်သင်းပန်နှင့် ဆရာမ မအိတို့ကို ပေးအပ်ခဲ့သည်။
“အဆိုတော် မာမာအေးကို ပေးရတာက သူ့ကို ချစ်ခင်လို့ရယ် မြန်မာပြည်ကို ပြန်လာပြီး မြန်မာသံစဉ် သီချင်းတွေကို သိအောင်လုပ်ပေးလို့ ရွေးချယ်ခဲ့တာပါ” ဟု ထန်းရိပ်ညို အနုပညာပြခန်းပိုင်ရှင် ပန်းချီ ဆရာကြီး ဦးမျိုးခင်က ဆိုသည်။

ထန်းရိပ်ညို အနုပညာစင်တာသည် ထန်းရိပ်ညို အနုပညာဆုကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဦးမျိုးခင်၏ မွေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ထန်းရိပ်ညို အနုပညာဆုအစား ထန်းရိပ်ညို Artist Of The Year ဆုနှင့် ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများကိုသာ ပေးအပ်ဖြစ်ကြောင်း အဆိုပါ ဆုရွေးချယ်ရေး အဖွဲ့ထံမှ သိရသည်။
“ထန်းရိပ်ညို အနုပညာဆုကို ဒီနှစ်မှာတော့ မပေးဖြစ်တော့ဘူး။ ထန်းရိပ်ညို Creation Center တစ်နှစ်ပြည့် အခမ်းအနားနဲ့ ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ် ဂုဏ်ပြု စာတမ်းဖတ်ပွဲ ပြုလုပ်ချင်လို့ ဒီဇင်ဘာမှာလုပ်မယ့် ဆုပေးပွဲကို ဒီနှစ်မှာ မလုပ်ဖြစ်တော့ဘူး။ Artist Of The Year ဆုကိုတော့ နှစ်တိုင်းပေးမှာပါ” ဟု ဆုရွေးချယ်ရေးအဖွဲ့မှ ဆရာစိုးဘားဒိုင်က ဆိုသည်။

တေးသံရှင် မာမာအေးသည် ၁၉၉၈ ခုနှစ်က ဥရောပနိုင်ငံ အချို့သို့ အလည်အပတ် ခရီးထွက်စဉ် ပြည်ပရောက် အတိုက်အခံ အချို့ကို တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၁၀ နှစ်ကျော်ကြာ ပြန်မလာ ဖြစ်ရာမှ ၂၀၁၂ ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိခဲ့ပြီး တေးဂီတ ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။
The Voice Weekly

SONY XPERIA Z1




နောက်ဆုံးပေါ် ဖုန်းတွေအကြောင်း ပြောကြေးဆို Sony က မပါမဖြစ်။ အခုလည်း ကြည့် Xperia Z1 တဲ့။ မထွက်ခင်တုန်းကတော့ Honami လိုလို ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ နာမည်ကြီးသေးတဲ့ အကောင်။ ထွက်လာတော့လည်း Z1 တဲ့။ ဒီကြားထဲ သူ့မှာက

နောက်ဆုံးပေါ် စက်ကိရိယာ ပေါင်းများစွာက တပ်ဆင်ထား လိုက်သေးတယ်။ ဂိုက်ဆိုက်က တော့ အရင် Xperia တွေလိုပဲ။ ရှည်ရှည်မျောမျော။ မျက်နှာပြင်က ၅ လက်မ။ ဒါပုံမှန်ပဲ။ မကြီးလွန်း မသေးလွန်းတဲ့ဆိုက်။ ရုပ်ထွက်ကတော့ ဘာပြောကောင်းမလဲ။ နောက်ဆုံးပေါ် ဆိုတဲ့အတိုင်း HD ဆိုတဲ့ အဆင့်မြင့် ရုပ်ထွက်တွေ ထွက်နေလိမ့်မယ်။

ဒါ့အပြင် နည်းပညာဆန်းတွေ ဖြစ်တဲ့ triluminos display နဲ့ x reality engine တွေ သုံးထားတယ်။ စကားလုံး အမြင့်ကြီးတွေ ပြောလို့ စိတ်ဓါတ်မကျနဲ့ဦး။ ဒီကောင်တွေက ရုပ်ထွက်တွေကို သီးသန့်ဖော်ဆောင်ပေးမယ့် processor လိုဟာမျိုးတွေ။ ကြိုက်တဲ့ ရုပ်ထွက် လာပါစေ။ ရအောင်ပြမယ် ဆိုတဲ့ ကောင်တွေ။ တစ်ခုရှိတာက ဟို Z Ultra လို ကြီးကောင် ကြီးမား မဟုတ်ဘူး။ ဖုန်းသီးသန့်ရယ်။ ဖုန်းပြောမယ်။ သီချင်းနားထောင်မယ်။ ကင်မရာ ရိုက်မယ်ဆို အသာလေးပဲ။ မကျေနပ်ရင် ရေထဲမှာပါ သွားသုံးလို့ ရတယ်ဆို တဲ့အထာ။ ကြည့်ဦးလေ။ ဖုန်းရဲ့ processor က Snapdragon 800။ ဒါက နောက်ဆုံးပေါ်မှန်း ကိုယ့်လူတွေ သိပြီးသား။ Application တွေ နိုင်ချက်ကတော့ ပြောမနေနဲ့။ မြန်တာမှ လှစ်ခနဲတောင် မြည်နေဦးမယ်။

ဒီနေရာမှာ တစ်ခုပြောစရာ ရှိနေတယ်။ အဲဒါက RAM။ ပမာဏက ခုထိ 2 GB ဖြစ်နေတုန်း။ ဒါဆို ပရိသတ်တွေက မင့်နှယ် ဒီလောက်ရတာတောင် တော်လောက်ရောပေါ့လို့ ပြောချင်နေ မယ်။ ဒါဆို စာရေးသူက ဖုန်းအတွင်း RAM 2 GB ဆိုတာ မဆန်းတဲ့ အကြောင်းနဲ့ အဆင့်မြင့် ဖုန်းတိုင်း RAM 2 GB သုံးတဲ့အကြောင်း အပြန်အလှန် ပြောလိုက်ချင်တယ်။ ထားပါတော့။ Xperia Z1 မှာ ထူးထူးခြားခြား ပြောစရာက ၂ ချက် ရှိသဗျ။ ပထမ အချက်က ရေစိုခံတာနဲ့ ဒုတိယအချက်က ကင်မရာက အံ့အားသင့်ဖွယ် ဖြစ်နေလို့ပဲ။ အံ့အားသင့်ဖွယ်ဆို တော်တော်ကို ပါးစပ်အဟောင်းသား ဖြစ်ရမယ့် အချက် ကိုယ့်လူ။

Z1 မှာ အစက ပြောခဲ့သလို နည်းပညာ လက်နက်ဆန်းတွေ တပ်ဆင်ထားတယ်ဆိုတာ ပရိသတ်တွေ မှတ်မိမယ်ထင်တယ်။ အဲ့ဒါ တခြားတော့ မဟုတ်ဘူး။ G Lens လို့ ခေါ်တဲ့အရာပဲ။ G Lens ဆိုတော့ အခြား Lens တွေနဲ့ ဘာများကွာလို့လဲ မေးစရာရှိတယ်။ ကွာတယ် ကိုယ့်လူတို့။ တော်တော်လေးကို ကွာတာ။ ပထမဆုံး သိသာတဲ့ အချက်က 20 MP တဲ့။ လက်ရှိ ဘယ် Android ဖုန်းမှ မရနိုင်သေးဘူး။ ပြီးတော့ G Lens ဆိုတာကလည်း တော်ရုံတန်ရုံ မဟုတ်ဘူးဗျ။ သူက Professional ကင်မရာတွေမှာပဲ တပ်တဲ့ Lens လို့ သိရတယ်။ ပြောရင်းနဲ့တောင် တော်တာ် လန့်လာရတယ်။ သူ့ 20 MP နဲ့သာ ခိုးကြောင်ခိုးဝှက် ရိုက်သွားလို့ကတော့ ကုန်ပြီလို့သာ အောက်မေ့လိုက်တော့ ကိုကိုမမတို့ရေ။

ကဲ နောက်တစ်ချက်က ရေစိုခံ။ Sony ဖုန်းလို့ ပြောရင် ရေစိုမခံတဲ့ ဖုန်းက ခပ်ရှားရှားရယ်။ သူ့မှာလည်း မြန်မာပြည်ဈေးကွက်ကိုများ ချိန်ကိုက် ထုတ်သလား ထင်ရတယ်။ မိုးကလည်း မကုန်နိုင်တော့ Xperia တသိုက် ခပ်ပြုံးပြုံးပဲ။ ရေစိုတာလောက်ကို သနားတယ်။ မကျေနပ်ရင် ရေထဲမှာပါ ဖုန်းပြော၊ ဓါတ်ပုံရိုက်၊ လုပ်ချင်တာ လုပ်ဆိုတဲ့ အထာ။ အခုလည်းကြည့် ရေအောက် ၁ မီတာကို မိနစ် ၃၀ ရေစိုခံသတဲ့။ ဒါကြောင့် ရေချိုးရင်း ဖုန်းလာလို့ကတော့ စိတ်ပူမနေနဲ့တော့ ကိုယ့်လူတို့။ လေချွန်ပြီးတော့ စတိုင်လ်ထုတ် ပြောလို့ ရသေးသဗျ။

နောက်ဆုံးအနေနဲ့ ချုပ်ရမယ်ဆို Z1 က Xperia ပရိသတ်တွေအဖို့ နောက်ထပ် ခြေလှမ်း တစ်ရပ် ဖြစ်သလို လျှင်မြန်ပြီး ကင်မရာကောင်းတဲ့ ဖုန်းလိုချင်သူတွေ အဖို့လည်း သိပ်ကောင်း ဆိုတဲ့ ဖုန်းအမျိုးအစား ဖြစ်တယ်။ ဩော်..... မေ့လို့။ ရေစိုခံချင်တယ် ဆိုရင်လည်း Xperia Z1 က လက်ကမ်းလို့ ကြိုလျက်ပါပဲနော်။ ပိုက်ဆံလေးတွေ စုထားဖို့တော့ မမေ့ကြနဲ့ဦးဗျို့။

Yatanarpon

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မီးတောင်ပေါက်ကွဲ




ရန်ကုန်၊ အောက်တိုဘာ ၂၀

အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၉ တွင် မီးတောင်ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ဥကရုခရိုင် တပ်ဆမ်ကျေးရွာ အနီးရှိ တောင်ထိပ်မှ ချောရည်ပူများ၊ ကျောက်ဆိုင် ကျောက်ခဲများ အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ စီးဆင်းနေကြောင်း မဏိပူရ ပြည်နယ် အစိုးရအရာရှိများက ထုတ်ပြန် ပြောကြားထားသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် တောင်နှင့်အနီးတစ်ဝိုက်ရှိ ရွာများသို့ ချော်ရည်ပူများနှင့် အခြား ကျောက်ဆိုင် ကျောက်ခဲများ စီးဆင်းနေ၍ ဒေသခံပြည်သူများကို လုံခြုံသည့် ဒေသများသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ယင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့အပြင် ယခင်က အဆိုပါ ဒေသအတွင်းတွင် မီးတောင်များ ရှိသည်ဟု မှတ်တမ်းများ မရှိခဲ့သောကြောင့် ယင်းပေါက်ကွဲမှုသည် မီးတောင်ပေါက်ကွဲခြင်းဟုတ် မဟုတ် အစိုးရအဖွဲ့က သံသယ ရှိနေကြောင်း သတင်းထုတ်ပြန်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၉ အနီးတွင် မီးတောင် ပေါက်ကွဲမှုကြောင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ လမ်းမများ ပိတ်ပင်ထားကြောင်း ယင်းသတင်းများတွင် ဖော်ပြထားသည်။
The Voice Weekly

ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း


ရေးသားသူ- ရဲမိုး

ခေတ်သစ်နိုင်ငံရေးကို မီဒီယာများကတစ်ဆင့် ဖတ်ရှုလေ့လာရသည့်အခါ ငယ်စဉ်က ကြည့်ခဲ့ရသည့် ဂျပန်နင်ဂျာကားများကို ပြန်သတိရသည်။

ညဥ့်သန်းခေါင်ယံမှာ တံတိုင်းကိုကျော်တက်လာသည့် မျက်နှာဖုံးစွပ်နင်ဂျာများ၊ သူတို့ကိုင်သည့် ကင်ဒိုဓားများနှင့် အဆိပ်လူးမြား၊ ရန်သူ၏အသက်ကို စက္ကန့်ပိုင်းအတွင်း နုတ်ယူနိုင်သည့် ကျွမ်းကျင်မှုများ....။

နင်ဂျာများ လုပ်ကြံသတ်ဖြတ်ခဲ့သည်က လူ့အသက်။ ခေတ်သစ်နိုင်ငံရေးကစားကွက်မှာ လုပ်ကြံသတ်ဖြတ်ကြသည်ကတော့ လူသား၏ဂုဏ်သိက္ခာ။

'Assassin' ကို “လူသတ်သမား” ဟု အနက်ဖွင့်ပြီး 'Assassination'ကိုတော့ “လုပ်ကြံသတ်ဖြတ်ခြင်း”ဟု ဆိုကြသည်။ 'Character Assassination' ဆိုသည့် “ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း”ကတော့ ကိုယ်မနှစ်သက်သူတစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၊ လူတစ်စု၏ဂုဏ်သိက္ခာကို မသမာသည့် နည်းလမ်းများသုံးပြီး ဖျက်ဆီးချေမှုန်းခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ပြောရလျှင် မိမိ၏ရန်သူအပေါ် ပြည်သူလူထု၏ ထောက်ခံမှုချုပ်ငြိမ်းသွားအောင် ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ လုပ်ကြံခံရသူမှာ တစ်သက်လုံး ခေါင်းမထောင်နိုင်တော့သည့်အပြင် အသက်မွေးဝမ်းကျောင်းတစ်ခုလုံးကိုပါ စွန့်လွှတ်လိုက်ရတတ်သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ ကျင့်သုံးလာခဲ့ပြီး မီဒီယာနည်းပညာများ ပေါက်ကွဲတိုးတက်လာချိန်မှာ ပိုမိုအားကောင်းလာခဲ့သည့် “ဆယ့်နှစ်ကြိုးကဝေနည်းလမ်း”များဟု ပြောရမည်။

Character Assassination ကို လူပုဂ္ဂိုလ်အမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးက နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ပြုလုပ်လေ့ရှိသည်။ နိုင်ငံရေးပါတီတစ်ခုက ပြိုင်ဘက်ပါတီခေါင်းဆောင်၏ ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်သည်။ ကမ္ဘာ့သမိုင်းမှာ အာဏာရှင်များက တော်လှန်ရေးခေါင်းဆောင်များကို အပုပ်ချကြသည်။ အတိုက်အခံများကလည်း အာဏာရအစိုးရအဖွဲ့ဝင်များ၏ လူထုယုံကြည်မှုကို တိုက်ခိုက်ချေမှုန်းကြသည်။ ထင်ရှားကျော်ကြားသူတစ်ဦးဦးကို သူ့ပြိုင်ဘက်များကလည်း မမှန်သတင်းများ လုပ်ကြံဖြန့်ဝေကြသည်။ နောက်ဆုံး လူသာမန် ပြည်သူများကပင် ကိုယ်မမြင်ဖူးသူတစ်ဦးဦး (သို့မဟုတ်) ကိုယ်မနှစ်သက်သူ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကို အွန်လိုင်းပေါ်မှာ Enter တစ်ချက်ခေါက်ခြင်းဖြင့် ချေမှုန်းလေ့ရှိကြသည်။

ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်းသည် အမှန်အမှားက အဓိကမဟုတ်။ ရန်သူကို အမြစ်ဖြတ်အနိုင်ယူခြင်းက အဓိကဆိုသည့် အောက်လမ်းနည်းဖြစ်သည်။ ဘောလုံးစကားနှင့်ပြောရလျှင် ဒိုင်လူကြီးမျက်ကွယ်မှာ တစ်ဖက်ကစားသမား၏ ပေါင်ကြားကို ကန်ခြင်းဖြစ်သည်။ တရုတ်သိုင်းဝတ္ထုစကားနှင့် ပြောလျှင်တော့ အနက်ရောင်သိုင်းသမားတို့၏ လက်နက်ပုန်း။

Character Assassination လုပ်သည့်အခါ D လေးလုံးနည်းလမ်းကို အသုံးပြုကြသည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ ပထမဆုံး D ကတော့ Discredit ဖြစ်သည်။ အစွပ်စွဲခံရသူကို အသုံးမကျသူ၊ ဦးမဆောင်နိုင်သူ၊ အရည်အသွေးမရှိသူအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

ဒုတိယ D ကတော့ Defamation ဖြစ်သည်။ မိမိတိုက်ခိုက်လိုသူ၏ဂုဏ်သရေကို မဟုတ်မမှန် လုပ်ကြံဖျက်ဆီးခြင်းဖြစ်သည်။ တတိယ D ကတော့ Demonize ။ ရန်သူကို မကောင်းဆိုးဝါးအသွင်၊ ကောက်ကျစ်ယုတ်မာသူအသွင်အဖြစ် ပုံဖျက်ခြင်းဖြစ်သည်။

စတုတ္ထ D ကတော့ Dehumanize ။ ရန်သူကို လူသားမဆန်သည့်၊ လူသားအဆင့်မရှိသည့် အရာတစ်ခုအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

Character Assassination တွင်ကျယ်လာသည့် လူ့အဖွဲ့အစည်းတစ်ခုမှာ ကြီးမားသောအကျအဆုံး သုံးမျိုးရှိသည်။ ပထမအကျအဆုံးက စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာ၏ဂုဏ်သိက္ခာဖြစ်သည်။ လူထုမီဒီယာများ အားကောင်းလာသည့် ခေတ်သစ်မှာ ဂုဏ်သိက္ခာကို လုပ်ကြံသူများက မီဒီယာကို ထိုးဖောက်အသုံးချလာကြသည်။ သတိတမံအားနည်းသည့် သတင်းထောက်များနှင့် စာတည်းများ၏ ကလောင်သွားအကြားမှာ သတင်းစာများ အ၀ါရောင်သမ်းလာလေ့ရှိသည်။

ဒုတိယအကျအဆုံးကတော့ ပြည်သူလူထု၏အမှန်တရားကိုသိခွင့် (Right to Know)ဖြစ်သည်။ လိမ်ညာမှု၊ ၀ါဒဖြန့်ချိရေးနှင့် ကောလာဟလများက ပြည်သူတို့၏ အခြေခံအခွင့်အရေးဖြစ်သည့် အမှန်တရားကို သိခွင့်အပေါ်မှာ အဓမ္မကျင့်ခြင်း ဖြစ်သည်။

တတိယအကျအဆုံးကတော့ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဖြစ်သည်။ အကြီးမားဆုံးနှင့် နှမြောစရာအကောင်းဆုံး ဆုံးရှုံးမှုလည်းဖြစ်သည်။ မဟုတ်မမှန်လုပ်ကြံမှုများနှင့် မတရားသည့်ယှဉ်ပြိုင်မှုနည်းလမ်းများ ဖောင်းပွလာမှုက လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ညစ်ညမ်းစေသည်။ လူတို့၏ဆင်ခြင်နိုင်စွမ်းကို လျှော့ချသည်။ အမှန်တရားကိုသေးသိမ်အောင် ပြုလုပ်ခြင်းဖြင့် မှန်ကန်ထက်မြက်သူများ လူ့အဖွဲ့အစည်း၏ အရေးပါသောနေရာကို ရောက်မလာအောင် တားမြစ်ပါသည်။

ခေတ်သစ်နိုင်ငံရေးသမိုင်းမှာတော့ အမေရိကန်သမ္မတဘီလ်ကလင်တန်ကို Character Assassination ပြုလုပ်ဖို့ ကြိုးစားသည့် ရီပက်ဘလေကန်ပါတီဝင်အချို့၏လုပ်ရပ်က ထင်ရှားသည်။

ကလင်တန်ကို ဖြုတ်ချဖို့အတွက် လိမ်ညာစွပ်စွဲမှုများ၊ အကွက်ဆင်မှုများနှင့် မှားယွင်းမှုအသေးအမွှားများကို ပုံကြီးချဲ့ဝေဖန်မှုများ ဖြစ်သည်။ နောက်ပိုင်းမှာ စုံစမ်းထောက်လှမ်း သတင်းစာဆရာနှစ်ဦးဖြစ်သည့် ဂျိုးကိုနာဆန်နှင့် ဂျင်းလီယွန်တို့က “သမ္မတကိုအမဲလိုက်ခြင်း” (The Hunting of the President)စာအုပ်မှာ ဖွင့်ချခဲ့ကြသည်။

အမေရိကန်သမ္မတဂျွန်ဆင် လက်ထက်မှ ဗီယက်နမ်စစ်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းစာများထံ ဖွင့်ချသည့်အတွက် ပင်တဂွန်ဝန်ထမ်း ဒင်နီယယ်အဲလ်စဘက်ဂ်ကို စိတ်မနှံ့သူတစ်ဦးအဖြစ် ပြည်သူများကြားမှာ အမေရိကန်အစိုးရက Character Assassination ပြုလုပ်ခဲ့ဖူးသည်။

နိုင်ငံရေးဒီရေမြင့်လာသည့်အခါ ဂုဏ်သိက္ခာလုပ်ကြံမှုများကို ပိုသတိထားဖို့ လိုအပ်လာသည်။

မှန်ကန်ဖြောင့်မတ်စွာ ယှဉ်ပြိုင်ရဲသည့် စိတ်ဓာတ်၊ ကျင့်ဝတ်နှင့် သစ္စာကို အခြေခံသည့် နိုင်ငံရေးနှင့် ရဲရင့်တည်ကြည်သည့် မီဒီယာစနစ်ကို အားလုံးတည်ဆောက် လိုက်နာကြဖို့လိုသည်။ လူတစ်ဦးစီ၏ဂုဏ်သိက္ခာကို လေးစားသည့် တန်ဖိုးထားမှုစနစ် လိုသည်။ လုပ်ကြံတိုက်ခိုက်သည့် အလေ့အထကို ရန်သူမိတ်ဆွေမရွေး ဆန့်ကျင်ရဲသည့် စိတ်ဓာတ်ခွန်အားလိုသည်။ ကောလာဟလတစ်ခုနှင့် သတင်းတစ်ပုဒ်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရင့်ကျက်မှုလိုသည်။ လူမှုမီဒီယာနှင့် ထက်မြက်သည့် မီဒီယာနည်းပညာကို ကျင့်ဝတ်ဖြင့် အသုံးချတတ်သည့် အလေ့အထလိုသည်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို မှန်ကန်စွာ ပြန်လည်တည်ဆောက်ကြဖို့ ကျွန်တော်တို့အားလုံး သဘောထားကြီးဖို့ လိုပါသည်။

သင့်တည်ကြည်မှုကို သင့်လူ့အဖွဲ့အစည်းက အလိုရှိနေပါသည်။ ။
7Day News Journal

မော်လမြိုင်မြို့ မွှေ့ယာနှင့် ကလေးကစားစရာဆိုင် မီးလောင်မှုကြောင့် တန်ဖိုး ၆၇.၅သိန်းဖိုးဆုံးရှံး




မော်လမြိုင်-အောက်တိုဘာ၂၁
ယနေ့နံနက်၉နာရီခန့်က မော်လမြိုင်မြို့ ရွှေတောင်ရပ်အောက်လမ်းမကြီး
ရှိ ပန်းကောင်းရွှေစင် မွှေ့ယာနှင့် ကလေးကစားစရာဆိုင် မီးလောင်မှုကြောင့် မွှေ့ယာဆိုင်မှပစ္စည်းများနှင့်၂ထပ်တိုက်တစ်လုံး
တန်ဖိုး ၆၇.၅သိန်းဖိုးဆုံးရှံးခဲ့ကြောင်း
သိရသည်။
မွှေ့ယာဆိုင်နှင့် ကလေးကစားစရာဆိုင်စတိုခန်းမှကလေး
ကစားစရာအရုပ်များအတွင်းရှိ ဘထ္ထရီချြောက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးနံနက်၁၁နာရီခန့်တွင်မီးငြိမ်းသွားကြောင်း
မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှသိရသည်။ထူးထူး(မော်လမြိုင်)
Popular Myanmar News Journal

သူတို့ တွေ့ကြလေပြီ

ကွယ်လွန်သူ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ ဈာပနမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းတင်နဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း အမှတ်မထင်တွေ့ခဲ့ကြတယ်။

ဒါပေမယ့် အွန်လိုင်း သတင်းတချို့မှာ ဘာဘာ ညာညာတွေ ပြောဆို ငြင်းခုန်နေတာကြောင့် NLD မင်္ဂလာ
တောင်ညွှန်မြို့နယ် လွှတ်တော်အမတ် မဖြူဖြူသင်းက သူ့ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို ရှင်းပြထားပါတယ်။

အဘ ဦးဝင်းတင်နဲ့ ဦးခင်ညွန့် ကိစ္စ

အခုတလောပြန့်နှံ့နေတဲ့အဘနဲ့ ဗိုလ်ခင်ညွန့်ကိစ္စ အဘဦးဝင်းတင်ကို မနေ့က ကန်တော့ရင်းမေးဖြစ် ပါတယ်၊ အဘပြောတာတွေဈ မူရင်းတိုင်းပြန်တင်ပေးလိုက်ပါတယ်.

`မဆိုင်ဘူးကွ၊ ငါ့ ဖာသာငါ အာအက်ဖ်အေရုံးကို ခဏသွားတယ်၊ပြီးတော့ သခင်သိန်းမောင်အိမ်ဝင်တယ်၊ ပြီးမှ ဂါးဒီးယန်းဦးစိန်ဝင်း မိသားစုကို သတင်းသွားမေးတာ၊ လူတွေအထဲက ကြမ်းပြင်ပေါ်ထိုင်နေတယ်။ ငါကကြမ်းပေါ်ထိုင်ပြီး အထခက်လို့အပြင်ဆင်ဝင်အောက် ထိုင်နေတာ၊ အရင်ကတည်းကလည်း ဦးစိန်ဝင်းက ဆင်ဝင်အောက်မှာ အလုပ်လုပ်တယ်စကားပြောတယ်။ ငါတို့သွားလည်း အဲ့ဒီအောက်ထိုင်ဖြစ်တာပဲ။

ဦးစိန်ဝင်းကိုယ်တိုင်ကလည်း အဲ့နေရာကိုကြိုက်တယ် ပေါ့ပေါ့ပါးပါးပေါ့ကွာ၊ အဲ့ဒီနေ့ကလည်းငါက မအေးအေးဝင်းနဲ့စကားပြောနေတာ အထဲကြမ်းပေါ်တော့ လူတွေ ထိုင်နေတာတွေ့ပါတယ်

 အင်တာနက်ဖေ့စ်ဘုတ်ပေါ် ပျံ့နှံ့နေတဲ့ ဦးခင်ညွှန့်နဲ့ ဦးဝင်းတင်
အထဲက လူတစ်ယောက်ထွက်လာပြီး ငါ့ကို ဆရာကြီး ဆိုလို့ငါ့မော့ကြည့်တယ် သူက သူ့ဟာသူ မိတ်ဆက်တယ် သူ့ကိုငါကမသိဘူးဒီဗိုလ်ခင်ညွန့်ကို အပြင်မှာလည်းမမြင်ဖူးဘူး (အဘကလည်း ဒီလောက်နာမည်ကြီးတာကို မသိဘူးလားလို့မဇင်မာအောင်က အရွှန်းဖောက်ပါတယ်) မသိဘူးသူ့ကိုအပြင်မှာ ဒီလိုသွေးနဲ့ကိုယ်သားနဲ့ကိုယ်မမြင်ဖူးဘူး သိလည်းမသိဘူး သူပြောတာတော့စုံနေတာပေါ့ကွာ အတော်လေးလည်း အာသွက်လျှာသွက်ကွ(ရန်ကုန်တိုင်းဥက္ကဌဦးမြင့်ဌေးက ဦးခင်ညွန့်ကျောက်တန်း အခြေပြုနိုင်ငံရေးလုပ်မယ်ကြားတယ်အဘလို့ ၀င်ပြောပါတယ်)လုပ်မှာပေါ့ သူနဂိုနိုင်ငံရေး ၀ါသနာပါတာကိုး လူထုစည်းရုံးရေးတွေလည်းလုပ်ဖူးတယ်၊ လူတွေလက်အုပ်ချီတာ သူကစတယ်ငါထင်တယ် မသေချာဘူး၊

တွေ့တော့သူကပြောတာက အယင်ဟာတွေလည်း စိတ်ထဲမထားပါနဲ့၊ဆရာကြီးတို့လိုလူတွေတိုင်းပြည်မှာ လိုအပ်တယ် ဒီလိုအတွေ့ကြုံများတဲ့သူတွေ တိုင်းပြည်မှာ လိုတယ် ဆရာကြီး အသက် ဘယ်လောက်လည်းမေးတော့ ရှစ်ဆယ့်လေးဆိုတော့ကျနော်က ခုနှစ်ဆယ့်ငါးပါဆရာကြီးကကျနော့်ထက် ကိုးနှစ်ကြီးတယ်ဆိုပြီး မတ်တပ်ပဲ လက်အုပ်ချီတာပါ ထိုင်မကန်တော့ပါဘူး သူ့ကိုခွင့်လွှတ်ပါဘာညာလည်းမပြောပါဘူး ငါလည်းလမ်းကျတော့ အဖော်တစ်ယောက်ကိုပြောတယ်ဒီလူတွေနောင်တ မရဘူး

ငါ့ကိုသီးခြားတောင်းပန်ရမယ်မပြောဘူး ဒါပေမယ့်ဒီလူတွေတိုင်းပြည်ကိုဝန်ချဖို့ကောင်းတယ် သူတို့လုပ်ခဲ့တာတွေဟာအလွန်အကျွှံတွေချည်းပဲ သူတို့ဟာ ဒီလိုပဲ ဟိုပြောဒီပြောနဲ့အပြစ်မဲ့သလို နေနေမယ် ဆိုရင် အစဉ်လာဆိုးဟာ အမြဲတည်တော့မယ်၊ သူတို့ကိုယ်တိုင်လည်း အပြစ်သားတွေအဖြစ် ဆုံးပါးရလိမ့်မယ် ဒီလောက်ပါပဲ လို့ အဘကရှင်းပြခဲ့ပါတယ်

ဒီလောက်ဆို အဘနဲ့ဗိုလ်ခင်ညွန့် ဘာမှ မပတ်သက်သလို ဘာမှလည်း ပြောဆိုတာ မရှိဘူး လို့ရှင်းလောက်ပါတယ်
irrawaddy

ကြေးပိဿာချိန် နှစ်သိန်းနှစ်သောင်းငါးထောင် ကုန်ကျမည့် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး နိုဝင်ဘာလအတွင်း သွန်းလုပ်မည်




ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာမည့် ကြေးပိဿာချိန် ၃၃၃ တန် အလေးချိန်ရှိ ဓမ္မမဏ္ဍိုင် ခေါင်းလောင်းတော်ကြီး သွန်းလုပ်ရန်နေရာ ပန္နက်တင် အခမ်းအနားကို မြောင်းမြမြို့ မြစိမ်းရောင်တောင်ပေါ်ရှိ ဆင်ဖြူတောင် အနီးတွင် သီတင်းကျွတ် လပြည့်နေ့၊ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ခေါင်းလောင်းကြီးဖြစ်မြောက်ရေး အဖွဲ့ဝင်များ၊ ခေါင်းလောင်းသွန်းလုပ်မည့် ဗိသုကာ ပညာရှင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ပြီး ပန္နက်ရိုက်ပေး ခဲ့ကြကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို မြစိမ်းရောင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿရိယ၏ တပည့်သာဝကများက ဦးဆောင်သွန်းလုပ်မည်ဖြစ်ပြီး သွန်းလုပ်မည့် ဗိသုကာ လက်ရာရှင်များအဖြစ် စကြ၀ဠာပန်းတဉ်း ပညာရှင်များ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို အောက်ခြေအကျယ် ၂၃ ပေ၊ အမြင့် ၂၇ ပေ၊ ခေါင်းလောင်းတိုင် ကိုးပေ၊ ခေါင်းလောင်းကြီး ပုစွန်တုပ်ကွေးကိုးပေ စုစုပေါင်းအမြင့် ၄၅ ပေ သွန်းလုပ်သွားမည်ဖြစ်ပြီး ခေါင်းလောင်းဆွဲ ပုစွန်တုပ်ကွေးတွင် နတ်သိကြား တစ်ဖက်တစ်ပါးစီ ပူဇော်နေပုံကို ထုဆစ်ပူဇော်မည်ဖြစ်ပြီး ခေါင်းလောင်းကြီး ကိုယ်ထည်ပတ်လည်တွင် သစ္စာလေးပါး တရားတော်ကို ထွင်းထုပူဇော် သွားမည်ဖြစ်ကြောင်း ခေါင်းလောင်းကြီး ထိုးပူဇော်ရန် ခေါင်းလောင်းထိုးတံကို ငါးမျိုးပြုလုပ်မည်ဟု ခေါင်းလောင်းကြီး သွန်းလုပ်ရာတွင် ဦးဆောင်သူ မြန်မာ့မှုကြေးသွန်း ပညာရှင် ဦးချိုချိုက ပြောကြားသည်။

"ခေါင်းလောင်းကို နောက်လထဲမှာ ပထမ မှာထားတဲ့ ကြေးပိဿာ တန် ၂၀ ရောက်တာနဲ့ စတင်သွန်းလုပ်မယ်၊ ပထမဆုံး သံဖရိန်ဆင်ပြီး မြေပုံကြမ်းလုပ်မယ် ပြီးရင်ဖယောင်းတင်ပြီး ဖယောင်းချောမယ် ပြီးမှစတင် သွန်းလုပ်မှာ၊ သွန်းလုပ်ဖို့ ကြာမြင့်ချိန်ကတော့ လပေါင်း ၃၀ လောက် ကြာမယ်၊ မြန်မာမှုလက်ရာနဲ့ မြန်မာ့ကြေးသွန်း နည်းပညာနဲ့ပဲ ပြုလုပ်သွားမယ် လက်ရာကတော့ ရတနာပုံခေတ် လက်ရာနဲ့ သွန်းလုပ်မှာပါ၊ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် မြန်မာနိုင်ငံမှာ သွန်းလုပ်မယ့် ဓမ္မမဏ္ဍိုင် ခေါင်းလောင်းကြီးကို သွန်းလုပ်ခွင့် ရတဲ့အတွက်လည်း အရမ်းဂုဏ်ယူတယ်" ဟု ခေါင်းလောင်းကြီး သွန်းလုပ်မည့် ကြေးသွန်းဗိသုကာ ပညာရှင်အဖွဲ့မှ ဦးချိုချိုက ပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး သွန်းလုပ်ရန်အတွက် ပန္နတင် အခမ်းအနား ပြုလုပ်နေစဉ်
Eleven Media Group

ပါရမီ စိန်ဂေဟာအနီး ခြောက်လွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး



လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ပါရမီလမ်း၊ စိန်ဂေဟာ ဈေးဝယ်စင်တာ အနီးရှိ တိုက်အမှတ် ၂၊ ခြောက်လွှာ အခန်း ၅၀၆ တွင် အောက်တိုဘာလ ၁၉ ရက် ည ၈ နာရီ ၃၀ မိနစ်က အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး တိုက်ခန်းရှေ့ ပြတင်းပေါက်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက The Voice သို့ ပြောကြားသည်။

အင်တာနက်ဂျာနယ်တွင် ဘာသာပြန်အဖြစ် လုပ်ကိုင်နေသူ မဟေမာဝင်းသည် ခင်ပွန်းဖြစ်သူနှင့်အတူ အဆိုပါ တိုက်ခန်းတွင် နေထိုင်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သောကြောင့် နေအိမ် ဘုရားစင်တွင် မီးထွန်းပူဇော်စဉ် တိုက်အောက်မှ လူခေါ်သံ ကြားသဖြင့် ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည်ရာ အရှိန်လွန် ခြေချော်ကာ ပြတင်းပေါက်မှတစ်ဆင့် မြေညီထပ်ရှိ ကောင်းထက်သာ ဆေးဆိုင် ဆိုင်းဘုတ် အမိုးပေါ်သို့ ပြုတ်ကျကာ ကွန်ကရစ်လမ်းပေါ် လွင့်ကျခဲ့ခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိက ရှင်းပြသည်။
“ဆိုင်းဘုတ် အမိုးပေါ်က ဝုန်းဆိုတဲ့ အသံကြားလို့ ဆိုင်ရှေ့ ကြည့်လိုက်တော့ အမျိုးသမီးတစ်ဦး ခွေခွေကလေး လဲကျနေတာကို တွေ့လိုက်တာ။ ခြောက်လွှာကနေ ဆိုင်အမိုးပေါ် ပြုတ်ကျလို့ ဆိုင်းဘုတ်က စာလုံးတွေ ကွာကုန်တယ်” ဟု အဆိုပါတိုက် မြေညီထပ်တွင် ဖွင့်ထားသော ကောင်းထက်သာ ဆေးဆိုင်မှ အရောင်းဝန်ထမ်း အမျိုးသားက ပြောကြားသည်။

ပြုတ်ကျသည့် အရှိန်ကြောင့် အမျိုးသမီး၏ ညာဘက် ခန္ဓာကိုယ်တစ်ခြမ်း ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး အင်းစိန်ဆေးရုံမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပိုဆောင်စဉ် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က သေဆုံးခဲ့ ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
“နေအိမ်တိုက်ခန်း ကြမ်းပြင်ရဲ့ အမြင့်သုံးပေမှာ အခုလူပြုတ်ကျတဲ့ ပြတင်းပေါက်ရှိတာ။ တော်ရုံ အားလွန်တဲ့ အရှိန်နဲ့ လူပြုတ်ကျဖို့ မလွယ်ဘူး။ ဒါပေမဲ့ သူတို့အခန်းက သမံတလင်း အပေါ်မှာ ကော်ဇောခင်းထားပြီး အခုပြုတ်ကျတဲ့ ပြတင်းပေါက် နားမှာ ခြေသုတ်ဝတ်တစ်ခု ထားထားတာဆိုတော့ ခြေသုတ်ဝတ်ပေါ် နင်းမိရာက အရှိန်လွန်ပြီး ပြုတ်ကျတာ ဖြစ်နိုင်ပါတယ်” ဟု အမှတ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပီအာရ် ၀၂၅ ဖြင့် လက်ခံထားပြီး လှိုင်မြို့နယ် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၁/၁၃ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

1G,2G, 3G, 4G ဆက်သွယ်ရေးနစ် နှိုင်းယှဉ်ခြင်း




အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေ မှာ အကျယ်တစ်ဝင့် ရှင်းလင်း ထားပါတယ်။ ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။


1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။

2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။

2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။

3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။

4G - 3G ထက်ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။
--
Ref: Cisco
Aung Kham (AMDC)
August Myanmar Development Centre

စက်သေနတ်ပစ်နိုင်သော စက်ရုပ်ကို အမေရိကန်တို့ စမ်းသပ်




စက်သေနတ်အလိုအလျောက် ပစ်နိုင်တဲ့ စက်ရုပ်ကို အမေရိကန် စစ်တပ်တို့ ယခု ရက်ပိုင်းအတွင်း စမ်းသပ် ခဲ့ ပါတယ်။

လက်ရှိအောင်မြင်မှုကတော့ Semi Auto ပါ။ Full Auto မဟုတ်သေးပါဘူး။ Operation အတွက် အဝေးကနေ လှမ်း control လုပ်ဖို့ လိုအပ်နေပါသေး တယ်။ သို့ပေမယ့် များမကြာမှီ နှစ်များအတွင်းမှာ အလိုအလျောက် ပစ်ခတ် နိုင်မယ့် စက်ရုပ်ဖြစ်လာအောင် ဖန်တီးနိုင်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။ လူတစ်ရပ်စာပဲ မြင့်တဲ့ စက်ရုပါ။ M-240 စေသေနတ်ကို တင့်ကားငယ်ပေါ်မှာတပ်ဆင်ထားပေးပြီး အမြင့်က လူတစ်ရပ်စာလောက်ပါ ပဲ။ ပစ်ခတ်နိုင်စွမ်းကတော့ ပေ ၅၀၀ အဝေးက ပစ်မှတ်ကို မလွဲအောင် ပစ်ခတ်နိုင်ခြင်း ဖြစ်ပါတယ်။ တစ်နာရီ ၅ မိုင်နှုန်း သွားနိုင်မယ့် တင့်ကား သံချိန်းလည်း ဘီးမှာ တပ်ဆင် ထားပါတယ်။

အမေရိကန်ဟာ ၎င်းတို့ရဲ့  စစ်တပ်မှာ Robot အသုံးပြုမှု ပိုမိုလို့ တိုးမြင့်လာ ပါတယ်။ လူထိန်းချုပ်စရာမလိုပဲ အလိုအလျောက် တိုက်ပွဲ ဝင်နိုင်မယ့် စက်ရုပ်တွေကြောင့် လူသားထိခိုက် နစ်နာမှု လျော့ကျမယ်လို့ ယုံကြည် ထားကြ ပါတယ်။ Iron Man လို စက်ရုပ်ကိုလည်း အမေရိကန်စစ်ပြန် အရာရှိတစ်ဦးမှ တီထွင်တာ အောင်မြင်လု နီးပါး ရှိပါပြီ။ အနာဂတ်မှာ စက်ရုပ်ဖြင့် အားဖြည့်တဲ့ အမေရိကန် စစ်တပ်ကို မြင်တွေ့ရဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)
TechSpace Journal

သူရိယအလင်း ဂျာနယ်တိုက် အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲကို ထုတ်ဝေသူနှင့် အယ်ဒီတာများက ကန့်ကွက်



ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ ဦးခန့် ဝင်ရောက်ပြီး ရုံးခန်းတွင်းရှိ ကွန်ပျူတာ System ပုံး ၁၄လုံးနှင့် CCTV တစ်လုံးကို ဖြုတ်ယူသွားကြောင်း ယင်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုများကို ယင်းတိုက်၏ ထုတ်ဝေသူနှင့် အယ်ဒီတာများက ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကို နိုင်ငံပိုင် သတင်းစာများတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖော်ပြသွားမည် ဖြစ်ကြောင်း သူရိယအလင်းဂျာနယ် ထုတ်ဝေသူ ဦးယုနိုင်က ပြောကြားသည်။
“ထုတ်ဝေသူနဲ့ အယ်ဒီတာအဖွဲ့တွေ တားမြစ်တဲ့ ကြားထဲကမှ ပုဂ္ဂိုလ်ရေး ထိခိုက်တဲ့ ဆောင်းပါးတွေ ပါသွားတဲ့အတွက် တောင်းပန်တာရယ်၊ ဒီဂျာနယ်ကိုလည်း အပြီးရပ်ဆိုင်းပြီ ဆိုတာကို အများပြည်သူ သိအောင် ကြေညာတဲ့ သဘောပါပဲ” ဟု The Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ပြဿနာ ဖြစ်ပွားသည့်ညက ထုတ်ဝေသူ၏ မွေးနေ့ဖြစ်သည့်အတွက် ညည့်နက်ပိုင်းမှသာ ဂျာနယ်တိုက်ကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ဂျာနယ်ကို ဆက်ထုတ်ဝေရန် ဆန္ဒမရှိသည့်အတွက် ကွန်ပျူတာ System ပုံး ၁၄ လုံးကိုသာ သိမ်းယူသွားခြင်း ဖြစ်ပြီး CCTV ကို ဖြုတ်သိမ်းသွားသည် ဆိုသည်မှာ မမှန်ကန်ကြောင်း၊ ဦးမိုးဟိန်းက ရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်ဟု ပြောကြား ခြင်းမှာ မမှန်ကန်ကြောင်း ဂျာနယ်များနှင့် ကွန်ပျုတာ System ပုံး ၁၄ လုံးကို မိမိ၏ သားဖြစ်သူနှင့် သူ၏ သူငယ်ချင်းများကသာ သယ်ဆောင်ခဲ့ကြောင်း၊ ကိုမိုးဟိန်း ပြောကြား သကဲ့သို့ ဖိုးလပြည့် လိုက်ပါလာခြင်း မရှိခဲ့ကြောင်းနှင့် ကိုသူရိန်မှာလည်း အဖော်အဖြစ်သာ အိမ်ပြန်ရင်း လိုက်ပါခဲ့ခြင်း ဖြစ်သည်ဟု ဦးယုနိုင်က ရှင်းပြသည်။

ထုတ်ဝေသူ ဦးယုနိုင်၏ ကန့်ကွက် ပြောကြားမှုနှင့် ပတ်သက်ပြီး The Voice က ဦးမိုးဟိန်းထံ ဆက်သွယ်မေးမြန်းရာ “ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ။ နောက်ထပ် ဂျာနယ်ထုတ်ဖို့လည်း ရှိလို့ပါ။ ပြောနိုင်တာ တစ်ခုကတော့ အာဏာကြီးတဲ့ သူတစ်ယောက်က သူရိယအလင်း ဂျာနယ်ကို လုယူသွားပါပြီ။ ထုတ်ဝေသူကို အိတ်ထဲ ထည့်သွားတာပါပဲ” ဟု ပြန်လည် ဖြေကြားသည်။

သူရိယအလင်းဂျာနယ်ကို ထုတ်ဝေသူက ဆက်လက် ထုတ်ဝေလိုခြင်း မရှိသဖြင့် ကွန်ပျူတာ System ပုံး ၁၄ လုံးကို ညသန်းခေါင်တွင် လာရောက် သိမ်းဆည်းခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ဝင်ရောက် ညှိနှိုင်းမှု ရှိ မရှိကို အဖွဲ့ဝင် ဦးဇော်သက်ထွေးထံ ဆက်သွယ် မေးမြန်းရာ “ထုတ်ဝေသူနဲ့ CEO တွေကြားထဲ ဘယ်လိုပဲဖြစ်ဖြစ် ဂျာနယ်တိုက်ကို ဒါမျိုးလုပ်တာကတော့ အရုပ်ဆိုး အကျည်းတန်စေပါတယ်။ ပုဂ္ဂိုလ်ရေးအရ ထိခိုက်တယ် ဆိုရင်လည်း တရားဥပဒေအတိုင်း ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက စာနယ်ဇင်းကောင်စီ အနေနှင့် မဟုတ်ဘဲ ၎င်း၏ ပုဂ္ဂလိက သဘောထားကို ပြန်လည် ဖြေကြားသည်။

သူရိယအလင်းဂျာနယ်ကို ထုတ်ဝေသည်မှာ နှစ်လခွဲခန့်ရှိပြီး ၁၂ စောင်မြောက် ဂျာနယ်တွင် ဖော်ပြထားသော ‘မော်စကိုမှာ သာမယ့်လ’၊ ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ်’ ဆောင်းပါး စသည်တို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဦးမိုးဟိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်နေ့ ရက်စွဲထုတ် အတွဲ (၁) အမှတ် (၁၂) စစ်သူရဲ ဗလမင်းထင်၏ ‘မော်စကိုမှာသာမယ့်လ’ ဆောင်းပါးနှင့် ထောင်သူရဲဘအုပ်၏ ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ်’ ဆောင်းပါးနှစ်ခုစလုံး၏ အဆုံးသတ် အပိုဒ်များတွင် “ကျုပ်နဲ့ ကျုပ် မိတ်ဆွေတွေ၊ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်း ဂျာနယ်ကို ထိပါးစော်ကား၊ လုပ်ကြံလာမယ်ဆိုရင် ကျုပ်ကလည်း ခင်ဗျားတို့ ဆွေစဉ်မျိုးဆက် ခုနစ်ဆက်လုံး အဆုံးတိုင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ်၊ ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရသွားစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသား ပြောထား လိုက်တယ်” ရေးသားထားသည်ကို တွေ့ရှိရပြီး သူရိယအလင်း ဂျာနယ်တိုက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဦးမိုးဟိန်းက ယင်းသဘော သက်ရောက်စေသည့် စကားလုံးများကို ပြောကြားခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူများထံမှ သိရသည်။
The Voice Weekly

ခေတ်သစ် အိမ်ထောင်ဘက် ရွေးချယ်နည်း




အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ရမယ့်သူက ဘာပဲ ဖြစ်ဖြစ် စိတ်သဘောထားကြီးရမယ်။ စိတ်ရှည်ရမယ်လေ။ ဒီတော့ ဒီခေတ်ကြီးမှာ အဲဒါတွေကို တစ်ခါတည်း စမ်းသပ်ဖို့အတွက် လွယ်လွယ်လေးပါ။

အင်မတန် နှေးပါတယ်ဆိုတဲ့ အင်တာနက် ကော်နက်ရှင်တပ်ထားတဲ့ ကွန်ပြူတာမှာ ထိုင်ပြီး သူ့ကို သုံးခိုင်းကြည့်လိုက်ပါ။ အဲဒါပြီးရင်တော့ အိမ်ထောင်ဘက် အဖြစ် ရွေးချယ်သင့် မရွေးချယ်သင့် စိတ်ကြိုက် အကဲဖြတ်ယူ နိုင်ပါပြီ။
.
Ref: techjoke
Aung Kham (TSJ Team)
TechSpace Journal

ကားစပယ်ယာပဲ လုပ်တော့မယ်၊ တောင်းသလောက်ရလို့


ကျွန်တော် နေ့စဉ် အိမ်ပြန်ရင် အလုံကနေ ထောက်ကြန့်ကို hilux ကားလေးတွေကို စီးပြီး ပြန်ဖြစ်ပါတယ်။ စီးတိုင်းလည်း ကျေနပ်စရာတစ်ကွက်မှမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ပြန်တဲ့အချိန်က တစ်ခြားကားလည်း စီးစရာမရှိမှမရှိဘဲလေ။ မကျေနပ်စရာတွေက ဘာတွေလဲဆိုတော့

- အရင်ကဆို ကားပေါ်မှာ ဝက်ခြံ (ကားခေါင်မိုးပေါ်က လူတင်တဲ့ ခြံကလေး) ရှိတယ်။ ခုနောက်ပိုင်း အဲဒီခြံရှိနေရင် လူတင်ကြမှာစိုးလို့ ဖြုတ်ခိုင်း၊ ဖျက်ခိုင်းကြတယ်။ ဖြုတ်ခိုင်းတော့လည်း ဖြုတ်လိုက်ပါတယ်။ ဒါပေမယ့် လူကိုတော့ ဆက်တင်နေတုန်းပဲ။ အဲဒီတော့ အရင်တုန်းက ဝက်ခြံရှိတာမှ ကိုင်စရာတွယ်စရာရှိသေးတယ်။ အခုဆိုရင် ကိုင်စရာဘာမှမရှိဘူး။ တစ်ယောက်ကိုတစ်ယောက် ကိုင်ထားရတယ်။ တစ်ယောက်ပြုတ်ကျရင်တော့ တောက်လျှောက်ပြုတ်ကျပြီသာမှတ်။

- ကားဂိတ်ထိုးတာကလည်း သီရီမင်္ဂလာဈေးဟောင်းမှာဆိုတော့ ကားတော့ ဆီပြည့်မပြည့် မသိဘူး၊ လူတော့ ဘီယာပြည့်မှ မောင်းတာ၊ ကားတွေကလည်း တစ်စီးနဲ့တစ်စီး ပြိုင်သလားမမေးနဲ့၊ ကိုယ်ပိုင်ကားတွေတောင် နောက်မှာ ကျန်ခဲ့တယ်။ အမိုးပေါ်ကလူတွေက ကိုင်စရာမရှိ၊ ကားက အရှိန်ပြင်းပြင်းမောင်း၊ လမ်းကမညီ၊ လူကမူး၊ ဖြစ်လိုက်ရင်တော့ ...

- ပုံမှန်ဈေးသတ်မှတ်ထားတာက ဆင်မင်းဈေးကနေ စော်ဘွားကြီးကုန်းကို ၂၀၀၊ စော်ဘွားကြီးကုန်းကနေ မှော်ဘီကို ၂၀၀၊ အစအဆုံးစီးမှ ၄၀၀ ပဲကျမယ့်ခရီး၊ ဒါပေမယ့် စပယ်ယာတွေ ပုံမှန်ကောက်တာက ၂၀၀ တန်ခရီးတိုင်းကို ၃၀၀ ကောက်တယ်။ ဒါလည်း လူတိုင်းပေးစီးနေကြတာပဲဆိုပြီး ကျွန်တော်လည်း ဘာမှပြောမနေတော့ပဲ ပေးစီးလိုက်တယ်။ ဒါပေမယ့် အဲ့ထက်ဆိုးတာရှိသေးတယ်၊ ညနေ ၆နာရီ ၇နာရီလောက်ဆို အဲဒီ ၂၀၀ တန်ခရီးက ၄၀၀ ဖြစ်သွားကော၊ မတတ်နိုင်ဘူးလေ .. သူများတွေလဲ ဒီလိုပဲပေးစီးနေတာပဲ ပေးစီးလိုက်တာပေါ့။ ဒါပေမယ့် အဲ့ထက်ဆိုးတာက ည ၈နာရီ ၉နာရီနဲ့ နောက်ပိုင်းဆိုရင် အဲဒီ ၂၀၀ တန်ခရီးက ၅၀၀ ဖြစ်သွားကော၊ ဘယ်လိုမှ သည်းခံလို့ မရတော့ဘူး။ စပယ်ယာတွေကိုယ်တိုင်ကလည်း မမှန်တဲ့ဈေးတွေတောင်းနေတာဆိုတော့ ညဘက် အဲလိုအချိန်တွေဆို "အတက်ဆင်း ၂၀၀၊ သမိုင်းကျော်ရင် ၃၀၀၊ အင်းစိန်ပန်းခြံကျော်ရင် ၄၀၀၊ ဝါယာလက်ကျော်ရင် ၅၀၀" ဆိုပြီး ဂိတ်မှာ လူတင်တိုင်း ရွတ်နေရတယ်။ မမှန်တဲ့ဈေးကို ခရီးသည်တွေ ဘာလို့ပေးစီးနေလဲ? အဓိကကတော့ အဲဒီလိုအချိန်မှာ အဲဒီ မှော်ဘီကားလေးတွေကလွဲရင် တစ်ခြား ဘယ်ကားမှ မရှိလို့ပါ။ ဒါနဲ့ပဲ သူတို့က အကြောက်အလန့်မရှိ တောင်းချင်သလောက်ကို တောင်းနေတော့တာပဲ။ သူတို့ဒီလိုလုပ်နေတာကို ခရီးသည်တွေကပဲ မတိုင်ကြတာလား၊ တိုင်ရဲ့သားနဲ့ ဘာမှအရေးယူမှု မရှိတာလားတော့ ကျွန်တော် မသိပါဘူး။

ဒီလိုဆိုတော့ ကျွန်တော်လည်း လက်ရှိအလုပ်ကလေးထွက်ပြီး၊ မှော်ဘီကားလေးတွေမှာ စပယ်ယာလိုက်ရင်ကောင်းမလားလို့၊ ပိုက်ဆံလည်း တောင်းသလောက်ရတယ်၊ ကိုယ့်အမေအရွယ်၊ ကိုယ့်ဦးလေးအရွယ်တွေကိုလည်း ငြိမ်ကျသွားအောင် အော်ငေါက်ပစ်လိုက်လို့ရတယ်။ ပိုက်ဆံတောင်းသလောက်မပေးတဲ့လူတွေကိုလည်း ကားပေါ်က နှင်ချလို့ရတယ်။

ဒီထဲမှာကော ကျွန်တော်နဲ့အတူ ကားစပယ်ယာလုပ်ချင်တဲ့လူ ဘယ်နှစ်ယောက်လောက်ပါမလဲ Comment လေးချန်ခဲ့ကြည့်ပါ။

iBlogger
Myanmar CNN News

သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့်ချလိုက်ပြီ

သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ် ဆိုပြီး စွပ်စွဲခံရသူတချို့ ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရပြီး မကြာသေးခင် နှစ်တွေက ပြန်လွှတ်လာကြပါပြီ။


သူတို့က NLD အဖွဲ့ဝင်တချို့ပါပဲ။ သူတို့က မတရား စွပ်စွဲ ထောင်ချခံရတာပါလို့ တစိုက်မတ်မတ် ပြောလာကြသူတွေပါ။

သူတို့ကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးတွေများလား။

စစ်ထောက်လှမ်းရေး ထိပ်သီး ၂ ဦးကတော့ ဒီကိစ္စကို အတိအလင်း ငြင်းလိုက်ပါပြီ။

"သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတဲ့ကိစ္စကို အမှန်က ကျွန်တော်တို့ထောက်လှမ်းရေးက ကိုင်တာ မဟုတ်ဘူး။ သတင်းတပ်ဖွဲ့က ဖော်ထုတ်သွားတာ"
လို့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်က ပြောဆိုတယ်လို့ စက်တင်ဘာလ (၂၇) ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ်မှာ ရေးထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကလည်း အခုလို ပြောပါတယ်။
"အမှန်ပဲဗျ။ အက်စ်ဘီက လုပ်သွားတာပဲ။ အဲဒီအချိန်က အက်စ်ဘီတပ်ဖွဲ့မှူးက ဗိုလ်မှူးဖုန်းမြင့်၊ ကျွန်တော် ခေါ်ပြီးတော့ မေးတယ်။
မင်းက ဘယ်က အထောက်အထားတွေနဲ့ လာတာလဲ ဆိုတော့ သေချာပါတယ်ဗိုလ်ချုပ် တဲ့။ ငါတို့လူတော့ မသိဘူးနော်။ မင်းတို့လုပ်တာ လို့။ ငါတော့ မသိဘူးကွ လို့။ မင်းတို့ သွားတင်ပြကွာ ဆိုတော့ သူတို့ ပြည်ထဲရေးဝန်ကြီးကို သွားတင်ပြတယ်။ အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ဘုန်းမြင့်။ အဲဒီတော့ ကျွန်တော်တို့ မလုပ်တာတွေလည်း အများကြီးရှိတယ်ဗျ"

စစ်ထောက်လှမ်းရေးက လုပ်ခဲ့တာမဟုတ်ဘူး လို့ ထိပ်သီး ၂ ဦးက ဖွင့်ချလိုက်ပါပြီ။
အက်စ်ဘီ လို့ ခေါ်ကြတဲ့  သတင်းတပ်ဖွဲ့က လုပ်ခဲ့တာ ဖမ်းခဲ့တာ ထောင်ထဲ ထည့်ခဲ့တာပါ တဲ့။

နိုင်ငံရေးသမားတွေကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးချည်းပဲ မဟုတ်ဘူး၊ ဟိုကောင်တွေလည်း အများကြီး ပါပါတယ် လို့ သဘောပေါက်မိပါတယ်။

လွယ်လွယ် ဥပမာ ပေးရရင် သံလျင်က စွပ်စွဲခံရသူတွေ။
အက်စ်ဘီ လို့ ခေါ်ကြတဲ့  သတင်းတပ်ဖွဲ့က အခုချိန်ထိ ရှိနေသေးတယ် ဆိုတော့ ... ဒီလူတွေကို ထောင်ထဲထည့်ခဲ့တာ သက်သေ အထောက်အထား ခိုင်လုံတယ် ဆိုတာ ကြေညာနိုင်ပါတယ်။
အထောက်အထား မခိုင်လုံဘူး၊ အကွက်ဆင်ပြီး ပညာပေးခဲ့တာပါ ဆိုရင် အဲဒီအမှုကို ပြန်စစ်ဆေးဖော်ထုတ်သင့်ပါတယ်။
ဒါမှ ညစ်ခဲ့ ကလိမ်ကျခဲ့သူတွေကို အပြစ်ပေးနိုင်မယ်။
မတရားစွပ်စွဲခံရပြီး ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရသူတွေကို ပြန်လည် တောင်းပန်ဖို့ သို့မဟုတ် နစ်နာကြေး ပေးဖို့ လမ်းစ ပေါ်လာမှာ ဖြစ်ပါတယ်။
အက်စ်ဘီ/သတင်းတပ်ဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဌာနကြီးတခုပါ။
အမည်းစက်ရှိတယ်ဆိုရင် လုပ်သင့်တာတွေကို ရဲရဲ လုပ်ကိုင် ဖြေရှင်းပါမှ အများပြည်သူရဲ့ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိမှာဖြစ်ပါတယ်။

irrawaddy

ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၄ နှစ်ဆန်းပိုင်း စတင်နိုင်မည်




ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခုဖြစ်သည့်အပြင် အကြီးမားဆုံး လေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန်အတွက် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium အား ရွေးချယ်ခဲ့သည်။

အဆိုပါ ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့သည် တည်ဆောက်ရေး ကန်ထရိုက် စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဒုတိယအကြိမ် ညှိနှိုင်းမှုတွေ လုပ်ပြီးသွားပါပြီ။ ညှိနှိုင်းဆွေးနွေးပွဲတွေ သုံးကြိမ်ပြုလုပ် သွားမှာဖြစ်ပြီး၊ နိုဝင်ဘာ လဆန်းလောက်ဆိုရင် အပြီးသတ် ညှိနှိုင်းမှု ပြီးဆုံးမှာပါ။ တည်ဆောက်ရေး လုပ်ငန်းတွေကို ၂၀၁၄ နှစ် ဆန်းပိုင်းမှာ စတင်နိုင်မှာပါ" ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံမှ Incheon Airport ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ် စည်းကမ်းချက်များနှင့် ကွဲလွဲချက်အချို့ ဖြစ်ပေါ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံမှ Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များပေါ် အခြေပြု၍ လက်တွေ့တည်ဆောက်ရာတွင် လိုအပ်မည့် အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ဟံသာဝတီ လေဆိပ်သစ် ပုံစံငယ် ဒီဇိုင်းအား တွေ့ရစဉ်
Eleven Media Group

လင်မယားစကားများပြီး မိသားစုဝင်များကိုသတ်



တရုတ်နိုင်ငံအနောက် တောင်ပိုင်း Ningxia Hui ဒေသ တွင် အိမ်တွင်းရေး လင်မယား စကားများကြရာမှ မိသားစုဝင် ခုနစ်ဦးကို သတ်ဖြတ်ခဲ့သည့် ကြေ ကွဲဖွယ် လူသတ်မှုဖြစ်ပွားခဲ့သည် ဟုသိရသည်။

ပြစ်မှုကျူးလွန်သူ l Ma Yongdong ကို ရဲတပ်ဖွဲ့ဝင်များ က လွန်ခဲ့သော သောကြာနေ့ ညနေက Wuzhong မြို့၌ ဖမ်း ဆီးမိခဲ့သည်ဟု သိရသည်။
အသက် ၂၄ နှစ်အရွယ်ရှိ တရားခံသည် တရုတ်ရဲအာဏာ ပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ပြီး နောက် ကိုယ်ဝန်ဆောင်ဇနီးသည် နှင့် အသက်သုံးနှစ်အရွယ် တူမနှစ် ဦးအပါအဝင် စုစုပေါင်း မိသားစု ခုနစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

တရားခံ Ma သည် ဇနီး သည်ဖြစ်သူ Lan Xiuying နှင့် အောက်တိုဘာ ၁၄ ရက် နေ့ခင်း တွင် စကားများခဲ့ကြပြီး ညပိုင်း တရားခံ Ma နှင့် Lan တို့ ဇနီးမောင်နှံသည် လွန်ခဲ့သော လေးနှစ်ခန့်က အိမ်ထောင်ပြုခဲ့ ကြပြီး တရားခံ Ma သည် နောက် ပိုင်း လောင်းကစား စွဲလာခြင်း ကြောင့် အလုပ်ပါပြုတ်ခဲ့ကာ လင် မယားချင်း မကြာခဏ စကား များကြသည်ဟု သိရသည်။
Yangon Media Group

ဖယောင်းတိုင်မီး ထွန်းရာမှ မီးလောင်မှု ဖြစ်ပွား



မြဝတီမြို့နယ် အမှတ်(၄)ရပ်ကွက် ချစ်ကြည်ရေးလမ်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီရုံး ဝဲဘက်ခြမ်း

ဈေးဆိုင် တန်းရှိ ဦးခင်မောင်(ခ) ပါလေး ၃၉ နှစ် (ဘ)ဦးကိုဘီ ဆိုင်ကယ်ပြင်ဆိုင်၏ သွပ်မိုးထရံကာ ဆိုင်ခန်း၌ ယမန်နေ့ ည ၁၁ နာရီခွဲက ဖယောင်းတိုင်မီး ထွန်းရာမှ ပေါ့ဆမီး စတင် လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အောင်မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ငွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် ဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၆၅ ဦးနှင့် ရပ်ကွက်နေ ပြည်သူများ မီးသတ်ယာဉ်သုံးစီး၊ အရပ်ရေသယ်ယာဉ်ငယ် အစီး ၂ဝ တို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ယနေ့ နံနက် ဝဝး၃ဝ နာရီက မီးညွန့် ကျိုးသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဇော်အောင်မော် ဝါယာရိန်း ဆိုင်ရှေ့လမ်းဘေးတွင် ပြင်ရန်ရပ်ထားသည့် အိမ်စီး ယာဉ်ငယ် လေးစီး၊ ဆိုင်ကယ် သုံးစီး၊ သွပ်မိုး ထရံကာ အလျားပေ ၂ဝ၊ အနံ ၈ ပေရှိ လူနေဆိုင်ခန်း ၁၅ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ခင်မောင်(ခ) ပါလေးအား မြဝတီမြို့မ ရဲစခန်းမှ (ပ)၁၈၉/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မြ၀တီ

စရိတ်နည်း လေကြောင်းလိုင်း ၀န်ဆောင်မှု အားနည်းချက်များအပေါ် ခရီးသည်အချို့ ဝေဖန်မှုများ ရှိနေ




မြန်မာနိုင်ငံတွင် စတင်ပြေးဆွဲလျက်ရှိသည့် စရိတ်နည်း လေကြောင်းလိုင်း အချို့၏ ၀န်ဆောင်မှု အားနည်းချက်များအပေါ် ခရီးသည် အချို့မှ ဝေဖန်မှုများ ရှိနေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့သူ ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် Tiger Airways လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် စီးနင်းလိုက်ပါလာသူ မြန်မာနိုင်ငံသား ခရီးသည် အများစု၏ ခရီးဆောင် အိတ်များကို လေယာဉ်ပေါ်တွင် သယ်ယူမလာသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

"ရန်ကုန်လေဆိပ်ကိုရောက်တော့ ပစ္စည်းရွေးဖို့အတွက် စောင့်နေတာ။ တစ်နာရီကျော်ကြာ စောင့်ပြီးမှ ပစ္စည်းတွေ ပါမလာဘူး။ နောက်နေ့မှ လာယူပါလို့ ပြောတယ်။ ဒီလို ခရီးဆောင်အိတ်တွေဆိုတာ ပိုက်ဆံထပ်ပေးပြီး ၀ယ်ရတာလေ။ လေကြောင်းလိုင်း အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး။ ပြီးတော့ နောက်ထပ်တွေ့ရတာက နိုင်ငံခြားသားတွေရဲ့ ခရီးဆောင်အိတ်တွေကတော့ ပါလာတယ်။ မြန်မာအများစု အိတ်တွေပဲ ကျန်ခဲ့တာ။ ဒါက မြန်မာတွေက မပြောရဲ မဆိုရဲဘူးဆိုပြီး သက်သက်မဲ့ ခံရတဲ့သဘော ဂရုမစိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်" ဟု အောက်တိုဘာ ၁၃ ရက် ညပိုင်း၌ Tiger Airways လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် လိုက်ပါလာသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းနေ့ အောက်တိုဘာ ၁၃ ရက်၌ အောက်တိုဘာ ၁၂ ရက်နေ့က စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် လက်ဆွဲပစ္စည်းများ သယ်ယူလာခြင်း မရှိသည့်အတွက် အောက်တိုဘာ ၁၃ ရက်တွင်မှ လေဆိပ်၌ လာရောက်စောင့်ဆိုင်းကာ ထုတ်ယူနေသူများကို တွေ့မြင်ခဲ့ရကြောင်းလည်း အဆိုပါ ခရီးသည်က ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Tiger Airways လေကြောင်းလိုင်း၏ မြန်မာနိုင်ငံ လေကြောင်းလိုင်း အရောင်းကိုယ်စားလှယ်ဖြစ်သူ Myanmar Aviation Centre မှ အထွေထွေမန်နေဂျာ ဒေါ်ဆွေဆွေလွင်က "ကျွန်မတို့က လေယာဉ်လက်မှတ်ပဲ ရောင်းပေးတာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခရီးသည်တွေက ပြောဆိုလာတာမျိုး မရှိတဲ့အတွက် ကျွန်မတို့ မသိပါဘူး။ ရန်ကုန်လေဆိပ်မှာ မြေပြင်ဝန်ဆောင်မှု လုပ်တဲ့ဌာနကို မေးပါ" ဟု ဖြေကြားခဲ့သည်။

ယခုနှစ် ပွင့်လင်းရာသီ ကာလဖြစ်သော အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ အိမ်နီးချင်း နိုင်ငံအချို့မှ စရိတ်နည်း လေကြောင်းလိုင်းများကို စတင်ပြေးဆွဲ လာခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံ အခြေစိုက် စရိတ်နည်း လေကြောင်းလိုင်းဖြစ်သည့် Tiger Airways လေကြောင်းလိုင်းက ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ စင်ကာပူ-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား စတင်ပျံသန်းခဲ့ပြီး၊ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းမှ ရန်ကုန်-မဲဆောက်၊ မဲဆောက်-မော်လမြိုင် ခရီးစဉ်များအား စက်တင်ဘာနှင့် အောက်တိုဘာလများ၌ ပျံသန်းခဲ့ပြီး၊ ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

စရိတ်နည်း လေကြောင်းလိုင်းများသည် လက်မှတ်တစ်မျိုးတည်းကိုသာ ရောင်းချခြင်းဖြစ်ပြီး၊ ခရီးဆောင်အိတ် အပါအ၀င် ၀န်စည်စလယ်များအတွက် သတ်မှတ်နှုန်းထားများအား ထပ်မံပေးဆောင်ရကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Luggage ရွေးယူရန်နေရာတွင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Eleven Media Group

မော်လမြိုင်မြို့ အောက်လမ်းမကြီးရွှေတောင်ရပ် ဘုံကျောင်းရှေ့ရှိအိမ်တစ်အိမ် ယနေ့နံနက်က မီးလောင်မှုဖြစ်ပွားနေ





မော်လမြိုင်မြို့ -အောက်တိုဘာ၂၁
မော်လမြိုင်မြို့ အောက်လမ်းမကြီးရွှေတောင်ရပ် ဘုံကျောင်းရှေ့ရှိအိမ်တစ်အိမ်ယနေ့နံနက်၁၀နာရီခန်က စတင်၍မီးလောင်မှုဖြစ်ပွားနေကြောင်း
မော်လမြိုင်သတင်းထောက်ကသတင်းပေးပို့သည်။
မော်လမြိုင်ဈေး လောင်တာမဟုတ်ပါဘူးဟု မြို့ခံတစ်ဦးကပြောသည်။
သတင်း-ထူးထူး(မော်လမြှိုင်)ဓါတ်ပုံ-Adamn Mike Justper

Popular Myanmar News Journal

စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သား ရှားပါးနေ



စင်ကာပူနိုင်ငံတွင် ဆောက် လုပ်ရေးလုပ်ငန်းများ အရှိန်အ ဟုန် မြင့်မားလာသော်လည်း အ လုပ်သမား လုံလောက်မှုမရှိခြင်း ပြဿနာနှင့် ရင်ဆိုင်နေရသည် ဟု သိရသည်။ဆောက်လုပ်ရေးလုပ်ငန်း များ တိုးတက်လာခဲ့ပြီး အလုပ် သမား မလုံလောက်မှုကြောင့် စင် ကာပူဆောက်လုပ်ရေးလုပ်ငန်း များသည် ကုန်ကျစရိတ် မြင့်မား ခြင်းနှင့် လုပ်ငန်းပြီးဆုံးရန်အတွက် အချိန်ကြာမြင့်စွာယူနေရသည့် အခြေအနေတွင် ဆိုက်ရောက် နေသည်။

ကျွမ်းကျင်သူများကဆောက် လုပ်ရေးလုပ်ငန်း လိုအပ်ချက်မှာ မြင့်မားလာခြင်းကြောင့် ဆောက် လုပ်ရေးကန်ထရိုက်တာများအ တွက် သတင်းကောင်းဖြစ်သော် လည်း အခြားတစ်ဖက်တွင် အ လုပ်သမား အင်အားပြတ်တောက် မှုပြဿနာများနှင့် ရင်ဆိုင်နေရ သည်ဟုဆိုသည်။
စင်ကာပူနိုင်ငံ၌ လွန်ခဲ့ သောနှစ်က ဆောက်လုပ်ရေးစီမံ ကိန်းတွင် အသုံးပြုသည့် ဒေါ်လာ ၃၀ ဒသမ ရ ဘီလီယံရှိခဲ့ပြီး ယခု နှစ်တွင် ဒေါ်လာ ၂၈ ဘီလီယံမှ ဒေါ်လာ ၃၄ ဘီလီယံအထိ မြင့် တက်လာခဲ့သည်ဟု သိရသည်။

ထို့အပြင် ၂၀၀ရ ခုနှစ်အ ကုန်တွင် ဆောက်လုပ်ရေး ပါမစ် ချထားမှုသည် ၁၈၀၀၀၀ မှ ယခု နှစ် ဇွန်လတွင် ၃၀၆၅၀၀ အထိ ရှိလာခဲ့သည်ဟု သိရသည်။
သို့သော် စီမံကိန်းတစ်ခုစီ တွင် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ အလုပ်သမား အင်အားမှာ ထက် ဝက်နီးပါး ကျဆင်းခဲ့သည်ဟု သိ ရသည်။
ကျွမ်းကျင်သူများက စင် ကာပူရှိ ရေနံပိုက်လိုင်း၊ အိမ်ရာ စီမံကိန်းနှင့် အခြားဆောက်လုပ် ရေးစီမံကိန်းများမှာ ဆက်လက် မြင့်တက်လာဖွယ်ရှိသည်ဟု ဆို သည်။
Yangon Media Group

သူရိယ အလင်း ဂျာနယ် ထုတ်ဝေခြင်း အပြီးအပိုင် ရပ်စဲလိုက်ပြီ

ဒီရက်ပိုင်း ရန်ကုန်မှာ လူပြောအများဆုံး ကိစ္စကတော့ သူရိယအလင်း ဂျာနယ်တိုက်ကိစ္စပါဘဲ။ သူရိယ အလင်း ဂျာနယ်နဲ့ ကွန်ပျူတာတွေ လူတစုက ညအချိန် ဂျာနယ်တိုက်ကနေ ယူသွားတယ်ဆိုတာနဲ့အတူ အခု နောက်ဆုံး သူရိယ အလင်း ရဲ့ ယနေု့ထုတ် မြန်မာ့အလင်း သတင်းစာပါ အသိပေး ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။


 ကြေညာချက်မှာတော့ သူရိယ အတွဲ ၁ က နေ ၁၂ အထိ ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး နစ်နာမူရှိစေမယ့် တားမြစ်ချက်တွေ အတန်တန် လုပ်ခဲ့ပေမယ့် ဆက်လက်ဖော်ပြ ခဲ့တဲ့အတွက် ထုတ်ဝေသူနဲ့ အယ်ဒီတာအဖွဲ့အနေနဲ့ အနူးအညွတ်တောင်းပန်ကြောင်းနဲ့ သူရိယ အလင်း ဂျာနယ်ထုတ်ဝေခြင်းကိုလည်း အပြီးအပိုင် ရပ်စဲလိုက်ကြောင်း ဖော်ပြထားပါတယ်။



မြန်မာ့အလင်း သတင်းစာ ပါ သူရိယအလင်းရဲ့ ကြေညာချက်

ဆက်စပ်သတင်း

သူရိယအလင်း ဂျာနယ်နှင့် ပါတ်သတ်သော သတင်းများ
irrawaddy
အိမ့်သံစဉ် ~

တောမီးနှင့် စစ်ရေးလေ့ကျင့်မှု ဆက်စပ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေး



နယူးဆောက်ဝေးလ်၌ ပြင်းထန်သော တောမီးလောင် ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားစေရန် ပေါက်ကွဲစေတတ် သောပစ္စည်းများကို စစ်ရေးလေ့ ကျင့်မှုတွင် အသုံးပြုခြင်း ရှိ၊ မရှိ ကို ဩစတြေးလျ စစ်ဘက်ဆိုင်ရာ မှ စုံစမ်းစစ်ဆေးနေကြောင်း သိ ရသည်။အဆိုပါ စစ်ရေးလေ့ကျင့် မှုကို ဘလူးမောင်တိန်ဒေသရှိ လစ် ဂိုမြို့အနီး၌ အခြေစိုက်လေ့ကျင့် ခဲ့ပြီး ထိုနေ့တွင် ပြင်းထန်သော မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွား ခဲ့သည်။
ထိုမီးလောင်ကျွမ်းမှုသည် ရက် ပေါင်းများစွာ ကြာခဲ့ပြီး အိမ်ခြေ ၂၀၀ ခန့် ဆုံးရှုံးပျက်စီးခဲ့ရသည်။

ယခုနှစ်တောမီးလောင်ကျွမ်း မှုသည် သာမန်ထက် ပိုစောနေခဲ့ ပြီး ရာသီဥတုဖောက်ပြန်ပြီးနောက် မီးလောင်ကျွမ်းမှု စတင်ခြင်းဖြစ် ကာ ပူပြင်းသောနွေရာသီကို ဖြတ် သန်းရန် လူအများက စိုးရိမ်နေကြ သည်။ အမျိုးသားတစ်ဦးသည် ၎င်း၏အိမ် မီးလောင်မှုမှကာကွယ် ရန် ကြိုးစားနေချိန် နှလုံးရောဂါ ဖောက်လာသဖြင့် သေဆုံးခဲ့သည်။

ဆစ်ဒနီ၏ အနောက်မြောက် ဘက် ကီလိုမီတာ ၈၀ (မိုင် ၅၀)အကွာအဝေးရှိ လစ်ဂိုနှင့် ဘီလ် ပင်မြို့တို့ကြားတွင် ဖြစ်ပေါ်သော မီးလောင်ကျွမ်းမှုများနှင့် ပတ်သက် ပြီး စုံစမ်းစစ်ဆေးမည်ဟု ဩစ တြေးလျ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။''အောက်တိုဘာ ၁၆ ရက် က မီးစလောင်တယ်။ အဲဒီနေ့မှာ ပဲ ပေါက်ကွဲစေတတ်တဲ့ လက်နက် တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ် ဖို့ ညွှန်ကြားခဲ့တယ်။ ဒီအဖြစ်အ ပျက်နှစ်ခုက ချိတ်ဆက်နေလား ဆိုတာ စုံစမ်းနေပါတယ်''ဟု သ တင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မီးလောင်ကျွမ်းမှုများကို ရာသီဥတုအေးသောအချိန်တွင် ထိန်းချုပ်နိုင်သော်လည်း ပူပြင်း ပြီး လေတိုက်နှုန်းမြင့်သောအချိန် တွင် ထိန်းချုပ်ရန် ခက်ခဲသည်။
''မီးက ကီလိုမီတာ ၅၀၀ ကျော်အထိ လောင်ကျွမ်းခဲ့တယ်။ အခုနည်းနည်းတော့ အခြေအ နေ ငြိမ်လာပါပြီ။ မီးသတ်သမား တွေလဲ ရက်သတ္တပတ် အတော် ကြာကြာ မီးငြှိမ်းဖို့ ကြိုးစားခဲ့ကြ တယ်။ ဒါပေမဲ့ လာမယ့်ပူပြင်း တဲ့ရာသီ၊ လေကြမ်းတိုက်ခတ်တဲ့ ရာသီမှာဆိုရင်တော့ ထိန်းချုပ်ဖို့ ခက်လာပါပြီ''ဟု ခရိုင်မီးသတ် ဆိုင်ရာ မဟာမင်းကြီး ရော့ရိုဂျာ က ပြောခဲ့သည်။

Yangon Media Group

ဗုံးခွဲသူများ ရွှေတိဂုံစေတီတော်နှင့် ပုဂံကို ပစ်မှတ်ထားဟု KNU ဆို



မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများ၏ တရားခံများသည် ရွှေတိဂုံစေတီတော်နှင့် ပုဂံ အာနန္ဒာဘုရား အပါအဝင် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော စေတီတော်ကြီးများကို ပစ်မှတ်ထား ဖောက်ခွဲရန် လုပ်ဆောင်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ အောက်တိုဘာလ ၂၀ ရက်နေ့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ဗုံးဖောက်ခွဲ ခဲ့သူများသည် ရွှေတိဂုံစေတီတော် အပါအဝင် နိုင်ငံခြားသားများ အများဆုံး သွားရောက်လေ့ ရှိသည့် ပုဂံမြို့ရှိ အာနန္ဒာဘုရားတွင် ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ကြောင်း၊ ခိုင်းစေခံရသူများက မလုပ်ဝံ့သဖြင့် ဗုံးဖောက်ခွဲမှုများ အထမမြောက်ခဲ့ခြင်း ဖြစ်ကြောင်း ဗုံးဖောက်ခွဲမှု ကြောင့် ဖမ်းဆီးခံထားရသူများ၏ ထွက်ဆိုချက်ကို အခြေခံကာ ၎င်းက ရှင်းပြသည်။

အာနန္ဒာဘုရားကို နှစ်ကြိမ် ရောက်ရှိကာ လေ့လာခဲ့ပြီး ယင်းသို့ လေ့လာခဲ့သူမှာ ဗုဒ္ဓဘာသာဝင်လည်း မဟုတ်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောဆိုသည်။
“ဗုံးဖောက်ခွဲမှုသာ အောင်မြင်သွားလို့ရှိရင် ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေကို ပဋိပက္ခ ပိုကြီးထွားအောင် လုပ်တယ်လို့ သုံးသပ်ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သာသနိက အဆောက်အအုံများတွင် ဗုံးဖောက်ခွဲမည့် အစီအစဉ်များကို အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးနေ့ ဖြစ်သည့် ဘက္ကရီးအီးဒ်နေ့တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

ဗုံးဖောက်ခွဲမှု ဖြစ်စဉ်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဟန့်တားရန် လုပ်ဆောင်သည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ပျက်စီးစေရန်၊ တည်ငြိမ်စ ပြုနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကို ပြန်လည် ဖြစ်ပွားစေရန် စသည့် နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ဗုံးဖောက်ခွဲမှုများတွင် ကိုယ်တိုင်လည်း ပါဝင်ပြီး ဖောက်ခွဲရန်လည်း ခိုင်းစေခဲ့သည်ဟု ဆိုသော KNU ၏ မြို့နယ်အဆင့် စီးပွားရေးလုပ်ငန်း တာဝန်ခံ နေတိုးခေါ် စောရွှေထူး ဦးဆောင်သည့် အဖွဲ့သည် ဗုံးဖောက်ခွဲမှုများ မပြုလုပ်မီ ရန်ကုန်၊ မန္တလေး၊ ချောင်းသာ၊ တောင်ငူ၊ သံတောင်၊ ပုဂံ၊ ညောင်ဦး၊ မကွေး၊ မင်းလှ၊ ပုပ္ပား၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့် နေရာများကို ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းတို့ အဖွဲ့၏ လက်ချက်ဟု ပြောဆိုထားသည့် မိုင်းဗုံး ၁၀ လုံး ဖောက်ခွဲမှုတွင် ခြောက်လုံး ပေါက်ကွဲခဲ့ပြီး လေးလုံးကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုများကြောင့် လူနှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ရှစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

Miss Universe Myanmar မိုးစက်ဝိုင် မော်စကိုမြို့ သီတင်းကျွတ်ည မီးပုံးပျံလွှတ်ပွဲ တက်ရောက်ဆင်နွှဲ



မော်စကို၌ ရောက်ရှိနေသည့် Miss Universe Myanmar အလှမယ်မိုးစက်ဝိုင်သည် ထိုင်းသံ အမတ်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ယမန်နေ့

နံနက်ပိုင်းက Miss Universe Thailand ဖြစ်သည့် အလှမယ် Chalita Yaemwannang နှင့် အတူ သွားရောက် လည်ပတ်ခဲ့ပြီး ထိုင်းသံအမတ်ကြီးက နံနက်စာအဖြစ် ဧည့်ခံကျွေးမွေးခဲ့သည်။ ထို့နောက် နေ့လယ်ပိုင်း၌လည်း မြန်မာနိုင်ငံသံရုံးမှ ထပ်မံဖိတ်ကြားသည့်အတွက် အလှမယ် Chalita Yaemwannang နှင့်အတူ ရုရှားနိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံရုံးတွင် သံရုံးမိသားစုများ၊ ကျောင်းသားများနှင့် ပျော်ရွှင်ရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ထို့နောက်တွင် ပြိုင်ပွဲအတွက် လိုအပ်မည့် အင်ဒိုး၊ အောက်ဒိုး ဓာတ်ပုံများကို မော်စကိုမြို့လယ်၌ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးတင်ယု၏ ညစာစားပွဲကို တက်ရောက်ခြင်းနှင့် သံရုံးအတွင်း၌ ကျင်းပသော သီတင်းကျွတ်ည မီးပုံးပျံ လွှတ်ပွဲသို့ တက်ရောက်အားပေး ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြ၀တီ

တရားမဝင် ပြောင်းရွှေ့နေထိုင် သူများအား ဖုန်းမှတစ်ဆင့် စာသားမက်ဆေ့ခ်ျ ပေးပို့ခြင်းဖြင့် ဗြိတိန် ပြည်ထဲရေး ဝန်ကြီးဌာန သတိပေး




ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဌာနသည် နိုင်ငံ အတွင်းရှိ တရားမဝင် ပြောင်းရွှေ့ နေထိုင်သူ ၄ဝဝဝဝ နီးပါးခန့်ကို ၎င်းတို့ အနေဖြင့် နိုင်ငံတွင်း၌ ဆက်လက် နေထိုင်ရန် အခွင့်အရေး လုံးဝမရှိ ဟူသော

စာသား မက်ဆေ့ခ်ျများကို ဖုန်းမှတစ်ဆင့် ပေးပို့ခြင်းဖြင့် တရားမဝင် နေထိုင် သူများအား သတိပေးခဲ့ သည်ဟု အောက်တိုဘာ ၁၈ ရက်တွင် ဒေသတွင်း အရာရှိ များ၏ ပြောကြားချက် အရ သိရသည်။ တရားမဝင် နေထိုင်သူများ အနေဖြင့် ဗြိတိန်နိုင်ငံ အတွင်း၌ ဆက်လက် နေထိုင်ခွင့် မရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ ကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီး ဌာနနှင့် လာရောက်ဆက်သွယ် ဆွေးနွေးရန် လိုအပ်သည်ဟု အဆိုပါ မက်ဆေ့ခ်ျ များတွင် ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ စာသားမက်ဆေ့ခ်ျ များကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာမှ ၂ဝ၁၃ ခုနှစ် ဇွန်လ အကြားတွင် လူဦးရေ ၃၉ဝဝဝ သို့ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ မက်ဆေ့ခ်ျများနှင့် အဓိပ္ပာယ် တူသည့် အခြားမက်ဆေ့ခ်ျ များစွာကိုလည်း စာတိုက်ပုံးမှ တစ်ဆင့်သော် လည်းကောင်း၊ email ဖြင့်သော်လည်းကောင်း ပေးပို့ ခဲ့ရကြောင်း ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ

ခရက်ဒစ်ကတ် ထုတ်ပေးရေး ဗဟိုဘဏ် လက်တွန့်နေ


ရန်ကုန်နှင့် အခြားမြို့ကြီးများ၏ အချက်အချာ နေရာအချို့တွင် ATM စက်အနည်းငယ် ရှိနေပြီဖြစ်သော်လည်း ပလပ်စတစ်ငွေကြေးကတ် စနစ် ထွန်းကားရေး အလှမ်းဝေးနေဆဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ခေတ်မီ ဘဏ်စနစ်က အလုံးစုံနီးပါး လွှမ်းခြုံထားသည့် ကမ္ဘာတွင် ATM စက်များနှင့် အကြွေးဝယ်ကတ်များ ကင်းမဲ့နေ ခြင်းသည် စီးပွားရေးစနစ် ခေတ်နောက်ကျနေကြောင်း ပြသနေခြင်းဟု ဆိုနိုင်ပါသည်။

ရာစုနှစ်ပေါင်းများစွာ စီးပွားရေးတံခါးပိတ်နေခဲ့သည့် နိုင်ငံတခုဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုအခါ မြို့ပြ၏ အချက်အချာ နေရာအချို့တွင် ATM စက်အနည်းငယ် ရှိနေပြီး အခြားနိုင်ငံများတွင် ရရှိနေခဲ့ပြီး ဖြစ်သည့် ငွေကြေးဝန်ဆောင်မှုမျိုး ပေး နေပြီ ဖြစ်သည်။

သို့သော်လည်း ခရက်ဒစ် အကြွေးဝယ်ကတ်များနှင့် ပတ်သက်၍ ယခုထက်ထိ ရေရေရာရာ သိနိုင်ခြင်း မရှိသေးပါ။

နိုင်ငံခြားသား ခရီးသည်များ နှင့် ဆက်ဆံဆောင်ရွက်နေရသော ဟိုတယ်ကြီး အချို့နှင့် စတိုးဆိုင်ကြီးများကို သာလျှင် Visa သို့မဟုတ် Master ကဒ်များ ဖြင့် ငွေပေးချေခြင်းကို လက်ခံခွင့်ပြုရန် သက်ဆိုင်ရာမှ စဉ်းစားခဲ့သည်။ ထိုကဒ် အမျိုးအစားများနှင့် အခြားသော အသုံးနည်းသည့် အကြွေးဝယ်ကတ်များ ဖြစ်သည့် JCB ကဒ် နှင့် China Union Pay ကဒ်များကိုပါ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန်  မြန်မာနိုင်ငံတွင် အောက်တိုဘာလ အတွင်းမှာမှ ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ပလပ်စတစ်ကတ်များကို ငွေပေးချေသည့် နည်းလမ်းတခုအဖြစ် အသုံးပြုရန် ဘာကြောင့် ဤကဲ့သို့ နှောင့်နှေးနေရပါသနည်း။ အဓိက အကြောင်းပြချက်မှာ ဘဏ်များသည် ပြည်တွင်းရှိ စားသုံးသူများလက်သို့ အကြွေးဝယ်ကဒ်များ ထုတ်ပေးရန် အခွင့်အာဏာ ယခုအချိန်အထိ မရရှိသေးခြင်း ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်က မြန်မာနိုင်ငံ ဗဟိုဘဏ်ကို တုန်လှုပ်စေခဲ့သော အဖြစ်အပျက်များကလည်း ရှိခဲ့သည်။ ယခုအချိန်အထိ သွေးလန့်နေဆဲဟု ပြောနိုင်သည်။

၂၀၀၃ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ၌ အဆိုးရွားဆုံးသော ငွေကြေးအကျပ်အတည်းနှင့် ကြုံတွေခဲ့ရသည်။ ဘဏ်များကို အတိုးနှုန်း မြင့်မားစွာ ပေးနေသည့် အမည်ခံ အသေးစားငွေချေးလုပ်ငန်းများ ရုတ်တရက် ပြိုကွဲသွားကြသည့် အခါ တရားမ၀င် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသာမက အစိုးရ အသိအမှတ်ပြု တရားဝင် ပုဂ္ဂလိကဘဏ်များကိုပါ ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

မြန်မာ မေဖလားဝါးဘဏ်နှင့် အာရှဓန ဘဏ်တို့သည် အများဆုံး ထိခိုက်ဆုံးရှုံးသူများ ဖြစ်ခဲ့သည်။ နိုင်ငံခြား လေ့လာသူများ ယူဆကြသလို ယခင်စစ်အစိုးရနှင့် ဆက်သွယ်နေသော ငွေကြေးခ၀ါချမှုများကို ဦးတည်၍ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့်ဟု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ထိုအချိန်က အဆိုပါဘဏ်နှစ်ခုသည် ပြည်တွင်းမှ ဖောက်သည်များအတွက် ATM စက်များ၊ အကြွေးဝယ်ကတ်များ နှင့် အွန်လိုင်းဘဏ်စနစ် စသည့် ၀န်ဆောင်မှုများကို  စတင် မိတ်ဆက် ပေးနေသူများဖြစ်သည်။

ဘဏ်များတွင် ငွေမရှိတော့ဟု သံသယကြီးထွားလာပြီး ငွေအပ်နှံသူများက ဘဏ်များအပေါ် ယုံကြည်မှု ကင်းမဲ့ကာ ငွေများကို ပြန်ထုတ်ကြသောအခါ အာရှဓနနှင့် မေဖလားဝါးဘဏ်များအား ဗဟိုဘဏ်က ကျောထောက်နောက်ခံ မပေးခဲ့ပါ။ “(သိပ်မကြာခင်က ဖြစ်ခဲ့သလို) ကမ္ဘောဇဘဏ်လို မဟုတ်ဘူး။ ကမ္ဘောဇဘဏ်က ဗဟိုဘဏ်မှာ ဒီအတွက် သဘောတူညီချက်နဲ့ အာမခံငွေ တင်ထားတယ်။ သူတို့ကတော့ တင်မထားတဲ့ အတွက် ကိုယ့်ဖာသာပဲဖြေရှင်းခဲ့ရတယ်” ဟု အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD)၏ ဦးဆောင် ညွှန်ကြားရေးမှူး ဦးရဲမင်းဦးက ဧရာဝတီသို့ ပြောပြသည်။

AGD ဘဏ်ကိုမူ အမေရိကန်က ငွေကြေးလွှဲပြောင်းခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သော်လည်း ပိတ်ဆို့မှုစာရင်းဝင်နေသေးသော ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးတေဇ ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့သော  AGD ဘဏ်မှ ဦးရဲမင်းဦးက ၂၀၀၃ ခုနှစ် ငွေကြေးပြဿနာသည်  မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ခေတ်မီ ဖွံ့ဖြိုးရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်ဟု ဆိုသည်။

“အရင် အစိုးရက အကြွေးဝယ်ကတ်တွေကြောင့် ဒီလိုပြဿနာဖြစ်တာလို့ ယူဆခဲ့တယ်။ အမှန်ကတော့ ဒါတွေအားလုံးက တရားမ၀င်လုပ်ကိုင်နေတဲ့ ငွေချေးလုပ်ငန်းတွေကြောင့် ဖြစ်ခဲ့ရတာပါ” ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်း မှု တခုတွင် သူက ပြောသည်။

အကယ်၍ အကြွေးဝယ်ကတ်များသည် မြန်မာနိုင်ငံ၏ လူသိများသော ဘဏ်နှစ်ခုကို ပျက်စီးစေသည့် အကြောင်းမဟုတ်ဟု ဆိုလျှင်ပင် ဖြစ်ခဲ့ရသော အကျပ်အတည်းသည် ၀န်ဆောင်မှုအသစ်တခုကို ပြည်တွင်းဈေးကွက်သို့ စတင် မိတ်ဆက်ရာမှ အားနည်းချက်များကို မြင်သာစေခဲ့သည်ဟု ၂၀၀၃ ခုနှစ် ငွေကြေးအကျပ်အတည်းတွင် မပြိုလဲဘဲ ကျန်နေနိုင်ခဲ့သည့် ရိုးမဘဏ်၏ ဒုတိယဥက္ကဌ ဦးမြတ်သင်းအောင်က ဆိုသည်။

“အကြွေးဝယ်ကတ် စနစ် ကျဆုံးရခြင်းအကြောင်း အားလုံးက ဘဏ်တွေရဲ့ အမှားပါ။ သူတို့က သူတို့ရဲ့ ဖောက်သည်တွေကို  အယုံလွန်ခဲ့တဲ့အတွက် လုံလောက်တဲ့ အသေးစိတ် အချက်အလက်တွေ မယူထားကြဘူး။ မဆင်မခြင် သုံးစွဲတာကိုလည်း နောက်ကနေလိုက်ပြီး မထိန်းချုပ်နိုင်ခဲ့ဘူး” ဟု သူကရှင်းပြသည်။

သို့သော်လည်း အတိတ်မှာ အမှားတွေရှိခဲ့သည့်တိုင် အိမ်နီးချင်းနိုင်ငံများမှာ အကြွေးဝယ်ကဒ်သည် အရေးပါသည့် အစိတ် အပိုင်းတခု ဖြစ်နေသလိုမျိုး မြန်မာနိုင်ငံမှာလည်း ရှိစေချင်သည်ဟု ဦးမြတ်သင်းအောင်က ပြောသည်။

“ဗဟိုဘဏ်က ပြည်သူတွေကို အကြွေးဝယ်ကဒ် ကိုင်ခွင့်ပြုစေချင်ပါတယ်။ ဒါပေမယ့် စွန့်စားမှု အနည်းဆုံး နည်းလမ်းနဲ့ တော့ ဖြစ်ရပါမယ်” ဟု သူက ဆိုသည်။ သုံးစွဲသူများက မိမိတို့သည့် အကြွေးယူရန် ထိုက်တန်ကြောင်း သက်သေပြနိုင် လာသည့် အချိန်အထိ စုငွေထုတ်ကတ် (Debit Card) စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာအောင် ပြုလုပ် ပေးခြင်းသည် အကြွေးဝယ်ကတ် (Credit Card) စနစ်သို့ ရောက်ရန် ကောင်းမွန်သောစတင်ခြင်း ဖြစ်မည်ဟုလည်း ဦးမြတ်သင်းအောင်က အကြံပြုသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် ငွေစက္ကူများကို အခြေခံကာ ပြုလုပ်ရသည့် အပေးအယူ စနစ်ကို ကျော်လွန်သွားနိုင်ဖို့ အရေးတကြီး လိုအပ်နေသည်ဟုလည်း သူကဆိုသည်။

“ပြီးခဲ့တဲ့ နှစ်ကစပြီး တစ်သောင်းတန် ငွေစက္ကူတွေ စထုတ်ခဲ့ပေမယ့် ဘယ်သူကမှ ညစ်ပေနေတဲ့ ငွေစက္ကူတွေ အများကြီး ကို သယ်မသွားချင်ကြဘူး။ ကျနော်ဆိုရင် ကျနော့်ရဲ့ စီးပွားဖက် မိတ်ဆွေတွေကို စားသောက်ဆိုင်မှာ ညစာကျွေးချင်တဲ့ အခါဆို ဒီတိုင်းပဲ လုပ်နေရတယ်” ဟု ဦးမြတ်သင်းအောင် က ပြောသည်။

စားသုံးသူများကို ၀ယ်ယူရာတွင် လွယ်ကူအောင် ပြုလုပ်ပေးခြင်းသည် ၀ယ်လိုအားကို တိုးတက်လာအောင် လှုံ့ဆော်ပေးရာလည်း ရောက်ကြောင်း သူက ထပ်ပြောသည်။

“ဘဏ်တွေ အနေနဲ့ သူတို့ရဲ့ဖောက်သည်တွေကို ထိန်းကျောင်းထားနိုင်တာနဲ့ အမျှ ငွေပိုသုံးလာစေခြင်းဟာ ခေတ်မီ ထုတ်ကုန်တွေကို ၀ယ်နိုင်ဖို့ လူတွေကို အလုပ်ပိုကြိုးစားလုပ်လာအောင် အားပေးရာလည်း ရောက်ပါတယ်” ဟု ရိုးမ ဘဏ်၏ ဒုတိယဥက္ကဌ နှင့် လှိုင်သာယာ စက်မှုဇုန်၏ ဥက္ကဌလည်း ဖြစ်သူ ဦးမြတ်သင်းအောင် ကဆိုသည်။

ဗဟိုဘဏ်က မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ် အသုံးပြုခွင့်ပေးရန် တွန့်ဆုတ်နေသော်လည်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် ၁၉ ခု အနက်မှ ၁၄ ခုက ပူးပေါင်းတည်ထောင်ထားသည့် Myanmar Pay Union (MPU) က ဂျပန်နိုင်ငံမှ JCB ပူးပေါင်း၍ ပြည်တွင်း စုငွေထုတ်ကတ် အသုံးပြုသူများ ကွန်ရက်ကို တိုးချဲ့ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရယူပြီး လုပ်ဆောင်နေသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြားတွင် MPU ကဒ် အသုံးပြုသူ ၂၀၀၀၀၀ ခန့်ရှိကြောင်း MPU မှ စာရင်းဇယားများ အရ သိရှိရသည်။

AGD ဘဏ်မှ ဦးရဲမင်းဦး၏ ပြောပြချက်အရ JCB နှင့်ပူးပေါင်းဆောင်ရွက်မှုသည် ယခုအချိန်အထိ JCB ကဒ် ကိုင်ဆောင်ထားသူ နိုင်ငံခြားသားများအား မြန်မာနိုင်ငံတွင် သူတို့၏ အကြွေးဝယ်ကတ်များကို အသုံးပြုခွင့်ရအောင် ပြုလုပ်ပေးရန်သာ ဦးတည်ချက် ထားကြောင်း သိရသည်။ သို့သော်လည်း နောက်တဆင့် အနေဖြင့် မြန်မာနိုင်ငံသားများအတွက် ပူးတွဲ စုငွေထုတ်ကတ်များ ထုတ်ပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။

“ဥပမာ ပြောရရင် ကျနော်တို့က AGD-JCB ကဒ် ထုတ်ပေးမယ်” ဟု သူကဆိုသည်။ China Union Pay ကလည်း အလား တူ အစီအစဉ်မျိုး စတင်လုပ်ဆောင်နေပြီဖြစ်သည် ဟုလည်း ဦးရဲမင်းဦးက ထပ်ပြောသည်။

MPU ကဒ်ကို လက်ခံသော စီးပွားရေးလုပ်ငန်း အရေအတွက်လည်း သိသိသာသာ တိုးတက်လာနေပြီး မြန်မာနိုင်ငံတ၀ှမ်း နေရာ ၇၀၀ ခန့်တွင် အသုံးပြုနိုင်သည်ဟု သိရသည်။ JCB ကဒ်ကို ကုန်သည်များကလည်း လက်ခံပြီး နိုင်ငံပေါင်း ၁၉၀ ကျော်တွင် အသုံးပြုနိုင်သည်။

နောက်တဆင့် တက်၍ အပြည့်အ၀သုံးနိုင်သော အကြွေးဝယ်ကတ်ကို ထုတ်ပေးခြင်းဖြင့် ကြီးမားသော သက်ရောက်မှု ကို ရရှိနိုင်မည် ဖြစ်သည်။

“ဗဟိုဘဏ်က ကျနော်တို့ကို အကြွေးဝယ်ကတ် ထုတ်ဝေခွင့်ပြုလိုက်မယ် ဆိုရင် အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ ဖြိုးလာမှာ သေချာတယ်။ စီးပွားရေးလည်း ကောင်းလာမယ်လို့ ကျနော်ယုံကြည်တယ်” ဟု ဦးရဲမင်းဦး က ပြောသည်။

သို့သော်လည်း ၂၀၀၃ ခုနှစ်မှ စတင်၍ စုငွေစာရင်းများ အပေါ်တွင်ပင် တင်းကျပ်စွာ ထိန်းချုပ်ထားပြီး တပတ်လျှင် တကြိမ်သာ ထုတ်ယူခွင့်ပြုထားသော ဗဟိုဘဏ် အနေဖြင့် အကြွေးဝယ်ကဒ် ကိစ္စတွင်လည်း စွန့်စားခြင်းအစား လုံခြုံစိတ်ချရသည့် လမ်းကြောင်းကိုသာ ရွေးချယ်မည် ဖြစ်သည်။

ယင်းသည် မြန်မာနိုင်ငံ ပလပ်စတစ်ငွေကြေးအသိုင်းအ၀ိုင်းတခု ဖြစ်လာရေးနှင့် အဆင်သင့် စောင့်နေကြသည့် ထိပ်တန်း အကြွေးဝယ်ကတ် လုပ်ငန်းကြီးများ ဖြစ်သော အမေရိကန် အခြေစိုက် American Express နှင့် Diners Club International တို့ ၀င်ရောက်လာနိုင်မည့်အခြေအနေ ဝေးနေစေတော့သည်။

irrawaddy

အထက်တန်းကျောင်းများသို့ ကွန်ပျူတာ ၄၀၀ ကျော် ချင်းအမျိုးသားတပ်ဦးလှူ

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ချင်းပြည်နယ် မြောက်ပိုင်းမြို့များရှိ အထက်တန်းကျောင်း များသို့ ချင်းအမျိုးသားတပ်ဦး (CNF) က ဒိန်းမတ်နိုင်ငံ အကူအညီဖြင့် ကွန်ပျူတာ ၄၅၅ လုံးနှင့် အင်တာနက် အသုံးပြုနိုင်ရန် Satellite Internet ကိုးလုံးတို့ကို လှူဒါန်းခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးက ပြောကြားသည်။

ဟားခါးမြို့သို့ ၁၈၄ လုံး၊ တီးတိန်မြို့သို့ ၁၃၅ လုံး၊ ဖလမ်းမြို့သို့ ၆၅ လုံး၊ ထန်တလန်မြို့သို့ ၄၁ လုံး၊ တွန်းဇံမြို့သို့ ၃၀ လုံး ကွန်ပျူတာများ ခွဲတမ်းရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

"ဒီလှူဒါန်းမှုဟာ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အလွန် အကျိုးရှိပါတယ်။ ကျောင်းသားတွေ အတွက် ခေတ်နဲ့အညီ အွန်လိုင်းကတစ်ဆင့် လိုအပ်တာ ရှာဖွေလို့ရသလို ဆရာတွေအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ တောင်ပိုင်း မြို့တွေကိုလည်း လှူဒါန်းမှာပါ။ သွားလာရေး ခက်ခဲသေးလို့ မသွားနိုင်သေးတာပါ" ဟု ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာဘမောင် က ဆိုသည်။

ချင်းအမျိုးသားတပ်ဦးအနေနှင့် ဒိန်းမတ်နိုင်ငံ အကူအညီဖြင့် ချင်းပြည်နယ် အတွင်းရှိ အထက်တန်းကျောင်း များတွင် တစ်ကျောင်းလျှင် ကွန်ပျူတာ သုံးလုံးနှုန်း၊ အင်တာနက် အသုံးပြုနိုင်ရန် အတွက် ADSL လိုင်းများ တပ်ဆင်ပေးမည် ဖြစ်ပြီး လျှပ်စစ်မီး အတွက်လည်း တစ်ရက်လျှင် လေးနာရီစာ ဓာတ်ဆီဖိုးများ နေ့စဉ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရထံမှ သိရသည်။

ချင်းပြည်နယ်၌ ၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၇၄၅၉ ဦးတွင် အောင်မြင်သူ ၁၂၃၂ ဦး ရှိကာ အောင်ချက် ရာခိုင်နှုန်း ၁၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိသဖြင့် ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း တစ်နိုင်ငံလုံး အနေဖြင့်မူ အနိမ့်ဆုံး အောင်ချက်စာရင်းတွင် ပါဝင်နေသေးကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ချင်းပြည်နယ်တွင် အထက်တန်း ကျောင်းပေါင်း ၃၇ ကျောင်း ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး ထံမှ သိရသည်။
The Voice Weekly

သူရိယအလင်း ဂျာနယ်တိုက် ထုတ်ဝေသူနှင့် အယ်ဒီတာများ က သဘောထား ထုတ်ပြန်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်း ၊ အမှတ် ၆၈ ရှိ သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ ဦးခန့်ဝင်ရောက်ပြီး ရုံးခန်းတွင်းရှိ ကွန်ပျူတာ system ပုံး ၁၄လုံးနှင့် CCTVတစ်လုံးကို
ဖြုတ်ယူသွားကြောင်း အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုများကို ယင်းတိုက်၏
ထုတ်ဝေသူနှင့် အယ်ဒီတာများ၏သဘောထား ကြေညာချက်ကို
နိုင်ငံပိုင် သတင်းစာများတွင် ၂၀၁၃ ခုနစ် အောက်တိုဘာ ၊ ၂၁ ရက်နေ့တွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်က ပြောကြားသည်။

“ထုတ်ဝေသူနဲ့ အယ်ဒီတာအဖွဲ့တွေ တားမြစ်တဲ့ကြားထဲကမှ ပုဂ္ဂိုလ်ရေးထိခိုက်တဲ့ ဆောင်းပါးတွေပါသွားတဲ့ အတွက်
တောင်းပန်တာရယ် ၊ ဒီဂျာနယ်ကိုလည်း အပြီးရပ်ဆိုင်းပြီဆိုတာကို အများပြည်သူသိအောင် ကြေညာတဲ့သဘောပါပဲ”ဟု
The Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ပြဿနာဖြစ်ပွားသည့်ညက ထုတ်ဝေသူ၏ မွေးနေ့ဖြစ်သည့်အတွက် ညနက်မှသာ ဂျာနယ်တိုက်ကို ရောက်သွားခြင်းဖြစ်ကြောင်းနှင့် ဂျာနယ်များကို ဆက်ထုတ်ဝေရန် ဆန္ဒမရှိသည့်အတွက် တိုက်တွင်ရှိသော ဂျာနယ်များကို မဖြန့်စေချင်၍ သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ၊
၊ CEO ဦးမိုးဟိန်းရှင်းလင်းသွားသည့်အထဲတွင် CCTV ကိုဖြုတ်သိမ်းသွားသည်ဆိုသည်မှာလည်း မမှန်ကန်ကြောင်း
ထုတ်ဝေသူ ဦယုနိုင်ရှင်းပြသည်။

"ဂျာနယ်တွေနဲ့ ကွန်ပျူတာတွေသယ်တာ ကျွန်တော့်သားနဲ့ သူ့ သူငယ်ချင်းတွေပါ။ CCTV တွေ ဖြုတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ နောင်ကိုလည်း ဆက်ထုတ်ဖို့အစီအစဉ်မရှိတဲ့အတွက် system ပုံးတွေကို သိမ်းသွားတာပါ" ဟု ဦးယုနိုင်က ဆိုသည်။

The Voice Weekly

သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် အစွမ်းထက် တိုင်းရင်းဆေး တစ်လက်


မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆ဝ ခန့်မှာ သွေးတိုးရောဂါ ခံစားနေရသူ ယခင်နှစ်များထက် ပို၍ မြင့်တက်လာ နေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများ အရ သိရသည်။

ထို သွေးတိုးရောဂါကို ပြည်ပ နိုင်ငံခြား ဆေးဝါးများဖြင့် ကုသနိုင်သကဲ့သို့ မိရိုးဖလာ တိုင်းရင်းဆေးများ ဖြစ်သည့် အစွမ်းထက် ဆေးဝါးများဖြင့် ကုသ ပျောက်ကင်း စေနိုင်သည်။

ရှေးမြန်မာ မင်းများလက်ထက် ကတည်းက သွေးလေ ညီညွတ်စေရန် ဟင်းပွဲများတွင် အစာလည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ ပွဲတော် တည်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မျှတသော အရာများကို ဖြည့်စွက် မှီဝဲ သုံးစွဲတော် မူလေသည်။

ထိုဟင်းပွဲများထဲတွင် သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် ဒန့်သလွန်ရွက် ဟင်းချို၊ မြင်းခွာရွက်သုပ်၊ မြင်းခွာရွက် ဟင်းခါးနှင့် ခံတက်ရွက် ဟင်းချိုတို့ဖြစ်သည်။

ထို့အပြင် ဒန့်သလွန်ရွက် သတ္တုရည်ကို ဟင်းစားဇွန်းနှစ်ဇွန်း တစ်နေ့လျှင် နှစ်ကြိမ်ထက် မနည်း သောက်သုံး ကပျောက်ကင်း စေနိုင်သကဲ့သို့ ဧကရာဇ်အရွက်နှင့် အမြစ်တို့ကို တစ်နေ့လျှင် သုံးကြိမ်မျှ သတ္တုရည်အဖြစ် ပြုလုပ် သောက်သုံးပါက သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်ကြောင်း မြန်မာ တိုင်းရင်းဆေး သမားတော် ကြီးများက ပြောပြခဲ့သည်။

ထို့အပြင် တစ်နေ့လျှင် ကြက်သွန်ဖြူဥ (ဥတစ်လုံး) ကို ထမင်းစားတိုင်း သုံးလုံး မှငါးလုံးအထိ စားသုံးပေးပါက သွေးပေါင်တက်ခြင်းကို ကျစေပြီး သွေးပေါင်ကျနေသူကို ပြန်လည် ညှိပေး စေနိုင်သည်။

နောက်တစ်နည်းမှာ သံပရာသီး တစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေးအပူချိန် ၇၅ ဒီဂရီ ဖာရင် ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ်ရည်ကို သောက်သုံးပါက တစ်ခဏ အတွင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်သည်။

မြန်မာ့ တိုင်းရင်းဆေးဖြင့် လူကြီး၊ လူငယ်များ သွေးတိုးခြင်းမှ ကင်းဝေး နိုင်ပါစေ။ ။

myawady

ဝန်ကြီးဦးဆန်းဆင့်ပေးတဲ့ “သီတင်းကျွတ်လက်ဆောင်”

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ မဟာသီဝံစေတီတော် အနီးမှာ လူပေါင်းများစွာဟာ ကားတစီးအလာကို မျှော်တလင့်လင့်နဲ့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတယ်။

“ဒုက္ခသည်တွေလွတ်မြောက်ရေး သာသနာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးကူညီပေးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးထွန်းရွှေ အား ထူးကြီးဒေသခံများက ဂုဏ်ပြုမှတ်တမ်းပေးအပ်စဉ်” ဓာတ်ပုံ- ဆလိုင်းသန့်စင်

မကြာခင်မှာပဲ ရန်ကုန် - ထူးကြီးပြေးဆွဲတဲ့ “အောင်ကျော်မိုး” လေအိတ်ကားကြီးက တငြိမ့်ငြိမ့်နဲ့ မောင်းဝင် လာပြီး ကော့သောင်းကပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားဒုက္ခသည်တွေ ကားပေါ်က ဆင်းလာချိန်မှာတော့ မဟာသီဝံစေတီနားတ၀ိုက်မှာ ငိုသံတွေ၊ ရီသံတွေ ပွက်လောတိုက်အောင် ဆူညံသွားကြတယ်။

တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့နယ်က ထူးထူးတိုး ရာဘာစိုက်ပျိုးရေးကုမ္ပဏီမှာ သွားအလုပ် လုပ်ပြီး ဒုက္ခရောက်နေကြတဲ့ ထူးကြီးဒေသက ရွှေ့ပြောင်းလုပ်သား ၆၅ ဦးကို သာသနာရေးဝန်ကြီးဌာနက တာဝန်ယူပြီး သူတို့မိဘများထံ ပြန်ပို့ပေးခဲ့တဲ့အတွက် ထူးကြီးဒေသက မိသားစုအများအပြားဟာ သူတို့ ချစ်ရတဲ့ ခင်ပွန်းတွေ၊ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေကို ဖက်လှဲတကင်းကြိုဆိုရင်း သီးတင်းကျွတ် အကြို အဖိတ်နေ့ညမှာ ပီတိအပြုံးတွေနဲ့ ဝေဆာနေကြတယ်။

 ကော့သောင်းကပြန်လာတဲ့ အလုပ်သမားတွေ

 “သာသနာရေးသာ မကယ်ရင် ကျနော်တို့ဘ၀က တပိန်ပိန်တလိန်လိန်နဲ့သေရမှာပဲ” လို့ ကော့သောင်းကနေပြန်ရောက်လာတဲ့ ကိုသန်းထိုက်ဝင်းက ခရီးဆောင်အိတ်ကို လွယ်ထားရင်းနဲ့ ပြောတယ်။

သတင်းထောက်ရဲ့အမေးကိုဖြေရင်း လက်ကလည်း သူတလတာဝေးကွာခဲ့တဲ့ သူ့သားလေးကို ဆွဲထား တယ်။ သူ့အမျိုးသမီး မမိုးမိုးကလည်း အခက်အခဲများစွာကြားက ပြန်ရောက်လာတဲ့ ခင်ပွန်းဖြစ်သူကိုကြည့်ပြီး ပြုံးနေတယ်။

သာသနာရေးဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ရဲ့ညွှန်ကြားချက်နဲ့ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး ၇ ဦးပါဝင်တဲ့ ဒုက္ခသည်တွေကို တနင်္သာရီတိုင်းဒေသကြီး သာသနာရေးဌာနက ထူးကြီး
ကျေးရွာ အထိ တာဝန်ယူခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

အဲဒီလူတွေကို ထူးကြီးကျေးရွာမှာနေတဲ့ ကိုအငယ်လေး (ခေါ်) ဌေးလင်း၊ ကိုလှဟန်နဲ့ ကိုမိုးဇော် ဆိုသူတွေ က ကော့သောင်းက ရာဘာခြံမှာ ဆေးဖြန်းရမယ်၊ ရာဘာပင်စိုက်ရမယ်၊ တနေ့ကို လုပ်ခ ၄၅၀၀ ကျပ်ရမယ် လို့ ပြောဆိုစည်းရုံးပြီး ခေါ်ဆောင်သွားရာမှာ ဟိုရောက်တော့ ပြောထားတဲ့အတိုင်းလုပ်ခမရဘဲ အကြွေးနဲ့ ချည်နှောင်ခိုင်းစေခံရတဲ့အတွက် အလုပ်သမားတွေက မကျေပ်နပ်လို့ပြဿနာတွေတက်ကြပါတယ်။

အဲဒါနဲ့အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထူးထူးတိုးကုမ္ပဏီက ထူးကြီးကအလုပ်သမားတွေကို နှင်ထုတ် လိုက်ရာမှာ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးက ဘုတ်ပြင်းမြို့အထိရောက်အောင် ကူညီပေးခဲ့ပြီး ဘုတ်ပြင်းမြို့ဓမ္မ၀ိဇယကျောင်းတိုက်ဆရာတော်နဲ့ ဘုတ်ပြင်းမြို့ ဌာနဆိုင်ရာတွေက ဒုက္ခသည်တွေ ကို စောင့်ရှောက်ထားကြပါတယ်။

နောက်ပိုင်းမှာ သာသနာရေးဌာနအကူအညီနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပေးခဲ့တာဖြစ်ကြောင်း သိရပါ တယ်။ နေရပ်ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေပြောဆိုချက်အရ ထူးထူးတိုးကုမ္ပဏီဟာ ရာဘာ စိုက်ပျိုးရေးကုမ္ပဏီမဟုတ်ဘဲ ရေလုပ်ငန်းအဖြစ်သာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ဖြစ်ကြောင်း သိရပါတယ်။ ထူးထူးတိုးကုမ္ပဏီရဲ့ရာဘာစိုက်ဧက ၆၀၀၀ လောက်ရှိပြီး ပိုင်ရှင်ဖြစ်သူက ဦးကျော်ကျော်လို့ ဆိုပါတယ်။

ရာဘာစိုက်ခင်းကိုတော့ သူဌေးဖြစ်သူကတခါမှလာရောက်ခြင်းမရှိဘဲ ဦးဝင်းနိုင် ဆိုသူက စိုက်ခင်းတာဝန်ခံ အဖြစ် သူတို့ကိုစီမံအုပ်ချုပ်ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်လုပ်ခဲ့ရတဲ့ကာလမှာ သူတို့ကိုအကြွေးနဲ့ချည်နှောင်ပြီး အလုပ်ခိုင်းတာ၊ ဆူပူကြိမ်းမောင်းတာ၊ အဓမ္မ လုပ်အားပေးခိုင်းစေတာနဲ့ ရာဘာစိုက်ခင်းအနီးမှာရှိတဲ့ ခြေမြန်တပ်ရင်း ၅၉၇ နာမည်သုံးပြီး ခြိမ်းခြောက်တာတွေလုပ်တယ်လို့ ရွှေ့ပြောင်းလုပ်သား ဒုက္ခသည်ခေါင်းဆောင် ကိုမြစိုးက ဧရာဝတီကိုပြောပါတယ်။

“ကျနော်တို့ကို နှင်ထုတ်တဲ့ညကဆို သေနတ်တွေမိုးပေါ်ထောင်ဖောက်ပြီး ထူးကြီးကဟာတွေ ချက်ခြင်းထွ က်ဆိုပြီး မောင်းထုတ်တယ်။ နင်တို့ကို ခမရ ၅၉၇ တပ်ကိုခေါ်ပြီး အကုန်ပစ်သတ် ခိုင်းမယ်လို့လည်း သူဌေးရဲ့မိန်းမကပြောဆိုခြိမ်းခြောက်တာတွေ လုပ်တယ်။ လမ်းခင်းဖို့ အတွက် အဓမ္မလုပ်အားပေးခိုင်းစေ တာတွေလည်း လုပ်ခဲ့ရတယ်”လို့ သူက ပြောပါတယ်။

အောက်တိုဘာလ ၁၂ နေ့မနက်ပိုင်းက ထူးထူးတိုးရာဘာစိုက်ခင်းက အလုပ်သမားတွေ အားလုံး လမ်း ကိုကျောက်ခင်းဖို့အတွက် လုပ်အားပေးဆင်းခဲ့ရပြီး သူကမလိုက်တဲ့အတွက် လုပ်ခထဲကနေ ၅၀၀၀ ကျပ် အဖြတ်ခံခဲ့ရတယ်လို့ ကိုဇေယျာလင်းက ပြောပါတယ်။

“သူတို့လမ်းပြင်တာ ကျနော်ကိုလုပ်အားပေးလုပ်ရအောင်ဆိုပြီး လာခေါ်တယ်။ ခင်ဗျားတို့ အလုပ်လုပ် ရအောင်ခေါ်တာလား လုပ်အားပေးလုပ်ရအောင်ခေါ်တာလားဆိုပြီး ကျနော်က ပြောလိုက်တယ်။ အဲဒါနဲ့ လိုက်မသွားဘူး။ မနက်ခင်းကနေ နေ့လည် ၁ ချက်တီးမှ အလုပ်ဖြုတ်ပေးတယ်။ လုပ်ခတပြားမှမပေးဘူး။ ကျောက်တွေခင်းခိုင်းနေတာ။ အဲဒါနဲ့ကျနော်က မလိုက်တော့ ငွေ ၅,၀၀၀ အဖြတ်ခံရတယ်”လို့ သူက ပြောပါတယ်။

ထူးကြီးဒေသကနေ ကော့သောင်းကိုလူပေါင်း ၁၀၃ ဦးခေါ်ဆောင်သွားခဲ့ရာမှာ အခုဆိုရင် ရာဘာစိုက်ခင်းကနေ ထွက်ပြေးလာသူ ၁၂ ဦး၊ သာသနာရေးဌာနအကူအညီနဲ့ ပြန်ရောက်လာသူ ၅၈ ဦး (ကလေးများ မပါ) ရှိပါတယ်။

ထူးခြားချက်အနေနဲ့ ဧရာဝတီတိုင်းအစိုးရ၀န်ကြီးချု့ပ် ဦးသိန်းအောင်ရဲ့ဇာတိရွာဖြစ်တဲ့ ထူးကြီးကျေးရွာ အုပ်စု အလယ်စုရွာက အလုပ်သမား ၅ ဦကိုတော့ ထူးထူးတိုးကုမ္ပဏီက သူတို့အစီအစဉ်နဲ့ ဒေသ ကို ပြန်ပို့ပေးထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါကြောင့် ထူးကြီးဒေသက လူပေါင်း ၂၈ ဦးလောက် ရာဘာစိုက်ခင်းထဲမှာကျန်နေသေးပြီး ပဲခူးတိုင်း နတ္တလင်း၊ ပြည်စတဲ့ဒေသများက အလုပ်သမားတွေနဲ့ဆိုရင် စိုက်ခင်းထဲမှာ လူပေါင်း ၁၀၀ နီးပါးလောက် ရှိနေသေးတယ်လို့ ကော့သောင်းကပြန်လာတဲ့အလုပ်သမားတွေက ပြောပါတယ်။

“တချို့ဆို ၇ နှစ်၊ တချို့ဆို ၅ နှစ်လောက်ရှိပြီ။ ခုချိန်အထိ သူတို့အကြွေးတွေ မကျေသေးဘူး ပြောတယ်။ အကြွေးကျေမှပြန်ရမှာဆိုတော့ သူတို့လည်းဖြစ်သလိုနေ ဖြစ်သလိုစားပြီး ဆက်လုပ်နေကြတယ်။ သာပေါင်းမြို့ကလူတဦးဆိုရင် သူ့သားလေးကို ၈ တန်းကျောင်း ထားလို့ရတယ်ဆိုလို့ လိုက်လာတာ။

ဟိုရောက်တော့ ဘာကျောင်းမှမရှိဘူး။ အဲဒီကလေးလည်း ကျောင်းမတက်ရဘဲ သူ့အဖေနဲ့အတူ ပေါင်းရှင်း
နေ တာတွေ့ခဲ့ရတယ်”လို့ ကိုဇေယျာလင်းက ပြောပါတယ်။

အသက် ၇၀ ကျော်နဲ့ ကော့သောင်းလိုက်သွား တဲ့ ဦးအေးသောင်းက“ဟိုမှာ စားစရာမရှိတော့ ငါးပိပဲ
နေ့တိုင်းနီးပါး စားခဲ့ရတယ်။ နေတဲ့အဆောင်ကမိုးယိုတော့ အခန်းထောင့်တနေရာမှာ လူ ၃ ၊ ၄ ယောက်စု ပြီး နံရံမှီပြီးစောင်ခြုံအိပ်ရတယ်။ စိုက်ခင်းထဲကဆေးခန်းက အခမဲ့လို့သာ နာမည်တပ်ထားတယ်။ ပတ်တီး တခါစည်း ၅၀၀၊ ပါရာစီတမောတလုံးကို ၂၀၀။ ရောက်ကတည်းက အင်း ငါတို့တော့ ထိုင်းဘတ်ငွေနဲ့ မဟုတ်ဘဲ မြန်မာငွေပေါပေါလောလောနဲ့ ရောင်းစားခံလိုက်ရပြီလို့ပဲ နားလည်လိုက်တယ်”လို့ ပြောပါတယ်။

အံ့သြစရာတခုကတော့ မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီဒေသကနေ မိုင်ပေါင်းများစွာ ကျော်ဖြတ်ပြီး တာဝန်ယူခေါ်လာခဲ့တဲ့ဒုက္ခသည်တွေကို သာသနာရေးဌာနက ဧရာဝတိုင်းက တာဝန်ရှိသူတွေထံ အခမ်းအနား နဲ့ပြန်လည်အပ်နှံဖို့စီစဉ်ခဲ့ပေမယ့် အဲဒီအခမ်းအနားကို ဧရာဝတီတိုင်းက တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်သာမက ထူးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအဆင့်တောင် မတက်ရောက်ခဲ့လို့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကိုပဲ ဒုက္ခသည်တွေ အပ်နှံခဲ့ရပါတယ်။

ဒုက္ခသည်အပ်နှံတဲ့အခမ်းအနားပြုလုပ်ဖို့အတွက် နေရာတောင်းခံရာမှာ အဆင်မပြေလို့ မဟာသီဝဘုရား
စောင်းတန်းရှေ့ လမ်းဘေးမှာပဲ အခမ်းအနားကိုဖြစ်သလိုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။

“သာသနာရေးဌာနက ထူးကြီးဒေသကလူတွေကို ကော့သောင်းကနေ ကယ်ထုတ်ပေးတဲ့ အတွက် ၀မ်း သာပါ တယ်။ ဒါပေမယ့်အပ်နှံတဲ့အခမ်းအနားလုပ်ဖို့ နေရာတောင်းတာ မြို့တော် ခန်းမ၊ အုပ်ချုပ်ရေးမှူးရုံး
တွေအားနေပေမယ့် အကြောင်းအမျိုးမျိုးပြပြီး နေရာမပေးဘူး။ အဲတော့ ဘုရားစောင်းတန်းရှေ့ လမ်းဘေး မှာပဲ ဖြစ်သလိုလုပ်ခဲ့တာ တအားရုပ်ဆိုးတယ်။ တနင်္သာရီတိုင်းကလိုက်ပို့တဲ့ အရာရှိတွေကိုတောင် အားနာ မိတယ်။ ထူးကြီးဒေသအတွက် ရှက်ဖို့ကောင်းတဲ့နေ့ပဲ”လို့ ဒေသခံတဦးကပြောပါတယ်။

အဲဒီအခမ်းအနားမှာ ဒုက္ခရောက်နေတဲ့ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ရောက်အောင် အဓိကကူညီ
ပေးတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ဒေသခံတွေက ဂုဏ်ပြု မှတ်တမ်း
ပေးအပ်ခဲ့ပြီး ထူးကြီးအထိလိုက်ပို့ပေးတဲ့ တနင်္သာရီတိုင်း ဒေသကြီးသာသနာရေးဌာနနဲ့ ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN)ကိုလည်း ဂုဏ်ပြုမှတ်တမ်း တစောင်စီ ပေးအပ်ခဲ့ပါတယ်။

ထူးထူးတိုးကုမ္ပဏီဟာ အလုပ်အကိုင်ရှားပါးတဲ့ဒေသကလူတွေကို အလုပ်လုပ်ဖို့ ဆွဲဆောင် စည်းရုံးခြင်း၊ လူစုဆောင်းခြင်း၊ လွှဲပြောင်းပို့ဆောင်ခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီနဲ့ချည်နှောင် ခိုင်းစေခြင်း များ တွေ့ရှိရတဲ့အတွက် ပုသိမ်မြို့ရှိလူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ထံ အကြောင်းကြား ထား ခဲ့ရာမှာ လူကုန်တားရဲတပ်ဖွဲ့က အလုပ်သမားတွေကို မေးမြန်းစစ်ဆေးချက်တွေယူသွားခဲ့ပေမယ့် ခုချိန် အထိ အရေးယူ ဆောင်ရွက်တာတွေ မကြားမိသေးဘူးလို့ HRWDN အဖွဲ့က ဦးထွန်းရွှေက ပြောပါတယ်။

အဆင်မပြေမှုတွေ အခက်အခဲတွေကြားကနေဘဲ သာသနာရေးဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ကော့သောင်းမှာ ဒုက္ခရောက်နေတဲ့ဧရာဝတီတိုင်းသားတွေကို ကယ်ထုတ်ပေးခဲ့ပါပြီ။

ဒါဟာ အင်္ဂပူမြို့နယ် ထူးကြီးဒေသကလူတွေအတွက် ဦးဆန်းဆင့်ပေးတဲ့ *“သီတင်းကျွတ်လက်ဆောင်”* လို့ပဲ တင်စားပြောဆိုပါရစေဗျာ…

irrawaddy