အိပ်စက်ချိန်ဆူညံခြင်းမပြုရန်တားမြစ်သူအား အုတ်ခဲဖြင့်ထုရိုက်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 1/17/2014 12:00:00 PM


ညသန်းခေါင်အချိန် လမ်းပေါ်တွင်ဆိုင်ကယ်ရပ်လျှက် ဆူညံစွာ စက်နှိုးကာ အော်ဟစ်သီချင်းဆိုနေကြ သူများအား အိပ်စက်ချိန်ဖြစ်သည့် အတွက် ဆူညံခြင်းမပြုရန် တားမြစ် သူကို အော်ဟစ်သူများက ညစ်ငြမ်းစွာ ပြန်လည်ဆဲဆို၍ အုတ်ခဲဖြင့်ပါ ထုရိုက် လိုက်သည့်အမှု ဇန်နဝါရီ ၁၂ ရက်ညက ဂန့်ဂေါမြို့၌ဖြစ်ပွါးသည်။

ဖြစ်ပွါးပုံမှာ ဂန့်ဂေါမြို့ မြို့မရပ်ကွက်၌ ည ၁၁ နာရီခွဲအချိန် အိမ်ရှေ့လမ်းတွင် ဆိုင်ကယ် ရပ်ထားကာ ဆူညံစွာ စက်နှိုးပြီး အော်ဟစ် သီချင်းဆိုကြ သူများအား ဦးကျော်လင်း(၃၄)နှစ်က ဇနီး၊ ယောက်ဖတို့နှင့်အတူ အိပ်စက်ချိန် ဖြစ်သည့်အတွက် ဆူညံခြင်းမပြုကြရန် သွားရောက်မေတ္တာရပ်ခံ တားမြစ်ရာ အော်ဟစ်ကြသူ အမည်မသိ လူငယ် ၅ ဦးက ညစ်ငြမ်းစွာပြန်လည်ဆဲဆို၍ ဦးကျော်လင်း၏ဦးခေါင်းအား အုတ်ခဲဖြင့် ထုရိုက် သဖြင့် ဦးခေါင်း နောက်စေ့ဝဲဖက်ခြမ်းတွင်ပေါက်ပြဲ ဒဏ်ရာ ရရှိသွားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဂန့်ဂေါမြို့ မြို့မရဲစခန်းက (ပ) ၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၅/၂၉၄/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

MOI Webportal Myanmar