ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် ဝန်ကြီးများအား ဖမ်းဆီးမည်

ပို့စ်တင်ချိန် - 1/15/2014 06:50:00 PM


ထိုင်းအစိုးရ ရာထူးမှ နုတ်ထွက်ခြင်း မရှိပါက ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် ဝန်ကြီးများအား ဖမ်းဆီးမည်ဟု အတိုက်အခံ ခေါင်းဆောင် ပြောကြား

ထိုင်းနိုင်ငံတွင် ဗန်ကောက်မြို့တော်အား ချည့်နဲ့သွားစေရန် အတွက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ပိတ်ဆို့မှုများ နှစ်ရက်ကြာ ပြုလုပ်ပြီးနောက် ယာယီ ဝန်ကြီးချုပ် ရင်လပ်နှင့် အစိုးရ အဖွဲ့မှ အဓိက ဝန်ကြီးများက ရာထူးမှ နုတ်ထွက်ခြင်း မရှိပါက ယာယီ ဝန်ကြီးချုပ် ရင်လပ်နှင့် သူမ၏ ဝန်ကြီးများအား ဖမ်းဆီး သွားမည် ဖြစ်ကြောင်း အတိုက်အခံ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဆူသက်သောင် ဆူဘန်က ဇန်နဝါရီ ၁၄ရက်တွင် ခြိမ်းခြောက် ပြောကြား ခဲ့ကြောင်း သိရသည်။

အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြသူများသည် လာမည့်ရက်များ အတွင်း မြို့တော်ရှိ အစိုးရအဖွဲ့၏ အဆောက်အအုံများကို ဝန်းရံပိတ်ဆို့ သွားမည် ရာထူးမှ နုတ်ထွက်ရန် ဆက်လက် ငြင်းဆန် နေမည်ဆိုပါက ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် အစိုးရ အဖွဲ့မှ အဓိက ကျသည့် ဝန်ကြီးများ၏ နေအိမ်များကို ပိတ်ဆို့ သွားမည်ဖြစ်ကြောင်း၊ ယင်းအခြေ အနေတွင် အစိုးရ အနေဖြင့် ရာထူးမှ နှုတ်ထွက်ပေးရန် ဆက်လက်ငြင်းဆန် နေပါက ဆန္ဒပြသူ များက ဝန်ကြီးချုပ် ရင်လပ်နှင့် သူမ၏ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား ဖမ်းဆီးရမည် ဖြစ်ကြောင်း ဆန္ဒပြ ပြည်သူများအား မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

အတိုက်အခံ ခေါင်းဆောင်သောင် ဆူဘန်သည် အစိုးရအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရေးကို အပြင်းအထန် ငြင်းဆိုခဲ့ပြီး နိုင်ငံအတွင်းရှိ ရင်လပ် ဦးဆောင်သည့် ယာယီ အစိုးရက ရာထူးမှ နုတ်ထွက်သွား သည်အထိ ဆန့်ကျင်ဆန္ဒပြ သွားရန် ဆုံးဖြတ် ထားကြောင်း သိရသည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းက အစိုးရ အဖွဲ့၏ အကောက်ခွန်ဌာန၊ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် အလုပ်သမား ဝန်ကြီး ဌာနများအား ဝန်းရံပိတ်ဆို့၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။
 မြ၀တီ