ဘန်ကောက် သန်းခေါင်ယံ ပစ်ခတ်မှု ဆန္ဒပြသမား ၂ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 1/15/2014 11:20:00 PM


ဓာတ်ပုံ - ရိုက်တာ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မနေ့ညသန်းခေါင်ယံ သေနတ်ပစ်ခတ်မှုအတွင်း အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရုပ်သံတွေက ဖော်ပြပါတယ်။
ဗွီဒီယိုအရုပ်မှာ သေနတ်သံကြားတဲ့အချိန် ဆန္ဒပြသမားတွေ ၀ပ်ချလိုက်တာကို တွေ့ရပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ အဓိက စခန်းချနေတဲ့ ဆိုင်းယမ် ဒစ်စကိုဗာရီ (Siam Discovery) ဈေးဝယ်ကုန်တိုက်ကြီးအနီး သေနတ်ပစ်ခတ်မှုအတွင်း လူ ၂ ဦး အသေးစား ဒဏ်ရာရသွားတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အကြီးအကဲ ပရာဒွန်း ပါတာနာ အသာဘတ်က ပြောပါတယ်။
အမျိုးသား ၁ ဦး ခြေဆစ်မှာ ကျည်ဆန် ထိမှန်ခဲ့ပြီး အမျိုးသမီး ၁ ဦးကတော့ ပြန်ကန်တဲ့ ကျည်ဆန် ထိခဲ့တာလို့ ဆိုပါတယ်။ သေနတ်ပစ်ခတ်မှုနဲ့ ဆက်စပ်လို့ ဘယ်သူမှ အဖမ်းမခံရသေးပါဘူး။
မနေ့ညမှာပဲ ဒီမိုကရက်ပါတီခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ရဲ့ နေအိမ်မှာလည်း ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အဲဒီ အဖြစ်အပျက်မှာတော့ ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။

ဆန္ဒပြပွဲတွေ ၃ ရက်မြောက်ဖြစ်တဲ့ ဒီနေ့မှာ အစိုးရဆန့်ကျင်တဲ့ သဘောထား ပြင်းထန်သူ ဆန္ဒပြသမားတချို့က တကယ်လို့ ၀န်ကြီးချုပ် ယင်းလပ် ရာထူးကနေ ဆင်းမပေးရင် စတော့အိတ်ချိန်း (Stock Exchange) နဲ့ လေကြောင်း ဆက်သွယ်ရေးအချက်ပြဌာနကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ကတော့ ဆန္ဒပြခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ဇန်န၀ါရီ ၁၅ ရက် ဒီနေ့မှာ တွေ့ဆုံဖို့ ဖိတ်ခေါ်ထားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အဖွဲ့တွေနဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားတာပါ။
DVB