မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု အခက်အခဲဖြစ်ပေါ်ပါက ဖြစ်ပေါ်သည့် နေ့ရက်၊ အချိန်၊ နေရာများကို တိကျစွာ ဆက်သွယ်ပြောကြားခြင်းဖြင့် ကူညီရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဆို

ပို့စ်တင်ချိန် - 1/15/2014 08:30:00 AM


အတွဲ (၁၅)၊ အမှတ် (၃)
မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု အခက်အခဲဖြစ်ပေါ်ပါက Call Center ၏ (1876) ဖုန်းနံပါတ်သို့ ဆက်သွယ်ပြောကြားခြင်းဖြင့် ကူညီပေးရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားသည်။

မိမိတို့ ဖြစ်ပေါ်နေသည့် အခက်အခဲများအား နေ့ရက်၊ အချိန်၊ နေရာများကို တိကျစွာပြောကြားခြင်းဖြင့် ကူညီပေးပါရန်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/ WCDMA မိုဘိုင်းဖုန်းသုံးစွဲမှု အဆင်ပြေစေရန်အတွက် စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်သည်။ ယခုအခါ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများနှင့်အတူ Network Quality Improvement ဖြစ်စေရန်အတွက် Optimization လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ လုပ်ငန်းများဖြစ်သော စက်ချိန်ညှိခြင်းလုပ်ငန်း၊ တိုင်းတာစမ်းသပ်ခြင်း လုပ်ငန်းများကို ၃၁.၁.၂၀၁၄ ရက်အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဒီရက်ပိုင်း လိုင်းကြပ်တာတော့  တော်တော်ဆိုးတယ်၊ ကိုယ့်ဖုန်းကို မသင်္ကာလို့ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့ဖုန်းတွေလည်း လိုင်းကြပ်နေတယ်၊ တော်ရုံနဲ့ ခေါ်မရတာတို့ လိုင်းမကြည်တာတို့ ကြုံရတယ်လို့ ပြောတယ်။ ကျွန်တော့်ဖုန်းဒီလိုဖြစ်တာ နှစ်ပတ် ဝန်းကျင်လောက် ရှိပါပြီ” ဟု ၀၉၄၂ ဖုန်း ကိုင်ဆောင်သူ ကိုဖြိုးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နေပြည်တော်နယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  GSM/ WCDMA မိုဘိုင်း Network တွင် Vendor နှစ်ခုရှိနေသဖြင့် မိုဘိုင်းဖုန်းခေါ်ဆိုမှု အခက်အခဲရှိနေခြင်း၊ အသံအရည်အသွေး ကောင်းမွန်မှုမရှိခြင်းတို့ကို ပြုပြင်ရန်အတွက် စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ဆောင်ရွက်ချက်နှင့်အတူ ဒေသတစ်ခုအတွင်း အသံအရည်အသွေး (Voice Quality) တစ်ခုတည်းရှိအောင် စက်ပစ္စည်းများ လဲလှယ်တပ်ဆင်ခြင်းတို့ကို တပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။ နေပြည်တော်နယ်မြေတွင် ၂၇.၁၁.၂၀၁၃ ရက်မှ ၆.၁၂. ၂၀၁၃ ရက်အထိ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃.၁၂.၂၀၁၃ ရက်မှ ၂၉.၁၂. ၂၀၁၃ ရက်အထိ လည်းကောင်း တိုးချဲ့ လဲလှယ်တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နေပြည်တော်နယ်မြေအတွင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုဘိုင်းရေဒီယို စက်ပစ္စည်းများ လဲလှယ်တပ်ဆင်ပြီးစီး၍ စက်ချိန်ညှိခြင်း၊ တိုင်းတာစမ်းသပ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ထွန်းထွန်း
Internet Journal