မြန်မာ-အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဆင့်မြင့်အရာရှိများ အစည်းအဝေးပြုလုပ်

ပို့စ်တင်ချိန် - 1/15/2014 04:07:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁၅။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများသုံးစွဲသူ လူဦးရေများပြားလာမှုကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr.Shri Rajiv Mehta ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံကောင်စစ်ဝန် Mr.Penden Dorjee Tshering တို့သည် ဇန်နဝါရီ ၁၅ရက်က ဆီးဒိုးနားဟိုတယ် အလုံခန်းမတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရှေ့ဆက် လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အစည်းအဝေးပွဲတစ်ခုကိုပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဇော်ဝင်းက “ယနေ့မူးယစ်ဆေးဝါးပြဿနာသည် ပြည်သူလူထု၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေပြီး အနာဂတ်နိုင်ငံခေါင်းဆောင်များကိုလည်း ပျက်စီးဆုံးရှုံး စေပါတယ် ဒါကြောင့် ပြည့်စုံကောင်းမွန်သည့် အကြံပြုချက်တွေနှင့်အတူ ယခုအစည်းအဝေးမှာ ကျွန်တော်တို့နှစ်နိုင်ငံ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ် လို့မျှော်လင့်သလို အနာဂတ်မှာလည်း မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်များ ချမှတ်နိုင်ပြီး အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲမှုပြဿနာကို ၁၉၉၆ခုနှစ်တွင်စတင်ရင်ဆိုင်ခဲ့ရပြီး စိတ်ကြွရူးသွပ်ဆေးပြား ချက်လုပ်ရန် လိုအပ်သည့် ဓာတုပစ္စည်း(Precursor)များအား အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်း၊ လာအိုနှင့်အိန္ဒိယနိုင်ငံများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အမြောက်အများ ဝင်ရောက်ခဲ့ရာ မြန်မာနိုင်ငံအတွင်း ဓာတုဗေဒပစ္စည်း(၂၆)မျိုးအား ထိန်းချုပ်နိုင်ခဲ့သည်။

ဆူဒိုအက်ဖီဒရင်းပါဝင်သည့် အအေးမိပျောက်ဆေးပြားများ တရားမဝင်သယ်ဆောင်ခြင်းသည် အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ ဆူဒိုအက်ဖီဒရင်း ပါဝင်သော အအေးမိ ပျောက်ဆေးပြားများအား ၂၀၀၈ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ဆေးပြားစုစုပေါင်း(၉၃.၆)သန်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု ကိန်းဂဏန်းများအရ ၂၀၀၉ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် အများဆုံးဖမ်းဆီခြင်းလည်းဖြစ်ပြီး ယင်းဆေးပြားများမှ အိန္ဒိယနယ်စပ်မှ အများဆုံး ဝင်ရောက်ခြင်းလည်းဖြစ်သည်။

၂၀၀၉ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ဆူဒိုအက်ဖီဒရင်းဆေးပြား စုစုပေါင်း(၂၂.၀၉)သန်း ဖမ်းရမိပြီး အက်ဖီဒရင်း(၇၀.၅)ကီလိုနှင့် ဆူဒိုအက်ဖီဒရင်း အမှုန့်(၄၇.၀၇) ကီလိုတို့ကိုထပ်မှန်ဖမ်းဆီးရမိခဲ့သည်။

မြန်မာ – အိန္ဒိယနှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး နားလည်မှု စာချွန်လွှာကို ၁၉၉၃ခုနှစ်မတ်လ(၃၀)ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၃ခုနှစ်မှ ၂၀၀၂ခုနှစ်အထိ အဆင့်မြင့် အရာရှိများ အစည်းအဝေးများကို  စတင်ကျင်းပနိုင်ခဲ့သည်။

နယ်စပ်ဖြတ်ကျော် အောက်ခြေအဆင့်အရာရှိများ အစည်းအဝေးကို ၁၉၉၃ခုနှစ်မှ ယနေ့အထိ(၅၇)ကြိမ်ကျင်းပနိုင်ခဲ့ပြီး အောက်ခြေအရာရှိများအဆင့် သတင်းဖလှယ် ဆွေးနွေးမှုအား(၉)ကြိမ် ကျင်းပပြီးပြီဖြစ်သည်။မြန်မာနိုင်ငံအတွင်းသို့ အိမ်နီချင်းနိုင်ငံများမှ တရားမဝင် ဓာတုပစ္စည်းများ ဝင်ရောက်နေခြင်းအား ထိန်းချုပ်ရန် တရုတ်၊ မြန်မာ၊ အိန္ဒိယ သုံးနိုင်ငံ ထိန်းချုပ် ဓာတုပစ္စည်းများဆိုင်ရာ အစည်းအဝေးကို ၂၀၀၃ခုနှစ်၊ ဇန်နဝါရီ ၂၀ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး အလားတူ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည် ဓာတုပစ္စည်းများဆိုင်ရာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနှင့်အိန္ဒိယ (၅)နိုင်ငံ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိများအဆင့် အစည်းအဝေးများအား ၂၀၀၃ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ ပထမအကြိမ် ကျင်းပခဲ့ရာ ၂၀၀၄ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဒုတိယအကြိမ် ဆက်လက်ကျင်းပခဲ့သည်။

၂၀၀၆ခုနှစ်၌အိန္ဒိယနိုင်ငံတွင် တတိယအကြိမ် ဆက်လက်ကျင်းခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် အိမ်နီချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး သတင်းဖလှယ်နိုင်ရန် ၂၀၀၁ခုနှစ်မှ စတင်၍(BLO)ရုံးများ ဖွင့်လှစ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။

၂၀၁၃ခုနှစ်၊ဇွန်လ(၁၉)ရက်နေ့မှ(၂၀)ရက်နေ့အထိ ပုဂံမြို့၌(၂၀)ကြိမ်မြောက် မြန်မာ – အိန္ဒိယနှစ်နိုင်ငံ နယ်စပ် နယ်ဘက်အာဏာပိုင်များ၏ ဒေသအဆင့် အစည်းအဝေးအား ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးမှ  မြန်မာ – အိန္ဒိယနယ်စပ် တစ်လျောက်တွင် မူးယစ်ဆေးဝါးတားဆီနှိမ်နင်းရေး ဆိုင်ရာသတင်းဖလှယ် နိုင်ရေးအတွက် နယ်စပ်ဆက်ဆံရေးရုံး(BLO)ရုံးများဖွင့်လှစ်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှု ပူးပေါင်းဆောင်ရွက်ရေးအား ဆွေးနွေးခဲ့ပြီး အိန္ဒိယနိုင်ငံမှမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး သင်တန်းများပေးရန် ကမ်းလှမ်းခဲ့သည့်အတွက် ဇန်နဝါရီ ၁၅ရက်နေ့ (ယခု)အစည်းအဝေးတွင် တည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

ချစ်မင်းထွန်း
The Myanma Age