ယာဉ်ထွက်ခွါစဉ် နောက်တွဲအောက်ရှိ ယာဉ်နောက်လိုက်အား ကြိတ်မိသဖြင့် သေဆုံး


ရန်ကုန်၊ မတ် ၃၁

၃၀.၃.၂၀၁၄ရက်နေ့ ၁၇၃၀အချိန် အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုံ(၃)၊ ဦးထွန်းညိုလမ်းဘေး၌ ရပ်ထားသော 6B---နစ်ဆန်းထရပ် အစိမ်းရောင်
နောက်တွဲယာဉ်အားယာဉ်မောင်းဖြစ်သူ ဝေဇင်ထွန်း(၂၃)နှစ်၊ပိတ်ချောင်းနိုင်
ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူမှ ၎င်းယာဉ်အားရှေ့သို့မောင်းထွက်စဉ်
နောက်တွဲအောက်၌ရှိသော ၎င်းယာဉ်၏ ယာဉ်နောက်လိုက် သူရအောင် (၂၁)နှစ်၊ အုတ်တွင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူအား ယာဉ်၏
နောက်တွဲ ၀ဲဘက်ဘီးဖြင့်ကြိတ်မိရာမှ နှာခေါင်းသွေးထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။

ယင်းသို့ ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဝေဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်းယာဉ်(ပ) ၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူအား ခရီးသည်မှ ၀က်အူလှည့်ဖြင့်ထိုးခဲ့၍ ဒဏ်ရာရ


ရန်ကုန်၊ မတ် ၃၁

၃၀.၃.၂၀၁၄ ရက်နေ့ ၁၉၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ ပြည်တော်သာ
ရပ်ကွက်နေ ဦးထွန်းတင်အောင်သည် လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာ
ရပ်ကွက်၊ သီတာအေးတိုးချဲ့၊ ငြိမ်းချမ်းဖြိုး လမ်းကြားတွင် တူဖြစ်သူ ဆိုင်ကယ်ကယ်ရီမောင်း သက်ပိုင်ဦး ကို ခရီးသည်မှ ၀က်အူလှည့်ဖြင့် ထိုးသွားကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုရာ သက်ပိုင်ဦးတွင် ယာနံရိုးဘေးထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲ/ယာလက်မောင်းများ၌ ထိုးသွင်း
ဒဏ်ရာ(၁)ချက်စီတို့ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူခဲ့ရ
ပါသည်။

ဖြစ်စဉ်အားမေးမြန်းရာ တူဖြစ်သူ သက်ပိုင်ဦးသည် လှည်းကူးတာဆုံရှိ
ကယ်ရီဂိတ်တွင်ရှိနေစဉ် ၎င်း၏ဆိုင်ကယ်ကို အမျိုးသားတစ်ဦးမှ
အောင်မင်္ဂလာရပ်ကွက်၊ သီတာအေးတိုးချဲ့၊ ငြိမ်းချမ်းဖြိုး လမ်းကြားသို့
ငှားရမ်းသဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ အဆိုပါလမ်းကြားအရောက် လူပြတ်
နေသဖြင့် ဆက်လက်မလိုက်လိုတော့ဘဲ ဆိုင်ကယ်အားရပ်လိုက်သည်ကို ခရီးသည်အမျိုးသားမှ မကျေမနပ်ဖြစ်ကာ ၀က်အူလှည့်ဖြင့်ထိုးသွားသဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူကိုစုံစမ်းအရေးယူပေးပါရန် ဦးထွန်းတင်အောင်
မှတိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း(ပ)၁၄၀/၂၀၁၄၊ပြစ်မှုပုဒ်မ-၃၂၆
ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိ


နေပြည်တော်၊ မတ် ၃၁

၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် ၄ နာခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၇/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ ရွာသာကြီးနေ ချစ်မင်းခိုင်(၂၅)နှစ် မောင်းနှင်လာသည့် ၃D/xxxx “သီတာထွန်း” ဘုရားဖူးပို့ဆောင်ရေးမှန်လုံယာဉ်မှာရှေ့
မှမောင်းနှင်နေသောတောင်ငူမြို့၊အမှတ်(၁၁)ရပ်ကွက်နေဦးနေလင်းမောင်(၄၂)နှစ်မောင်းနှင်သည့် ၆ခ/xxxx ပါဂျဲရိုး စိမ်း/ငွေမင်ကြားရောင်
ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး

၆ခ/xxxxပါဂျဲရိုးယာဉ်မှာ လမ်းယာဘက်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ၃D/xxxxယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၆ခ/xxxx ယာဉ်မောင်း ဦးနေလင်းမောင်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာပါးပွန်းပဲ့၊ ယာလက်မောင်းကျိုးဒဏ်ရာနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တဘက်ကွေ့ရွာနေ ၀င်းဇော် (၂၃)နှစ်တွင် နဖူးဝဲဘက်ဖူးရောင်၊ ၀ဲလက်မောင်းနာကျင်၊ ယာတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့်
ယာဉ်မဆင်မခြင်မောင်းနှင်သူ ချစ်မင်းခိုင်အားဘော
နတ်ကြီးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

တရားမ၀င်သယ်ဆောင်လာသည့်ရွှေတုံးများ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်ဖမ်းမိ


နေပြည်တော်၊ မတ် ၃၁

၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ်စဉ် MH-၇၄၃ ဖြင့် မလေးရှားနိုင်ငံသို့လိုက်ပါမည့် အိနိ္ဒယနိုင်ငံသား Mr.Jaffar Mohamed Shafi (၄၃)နှစ်၏ ခရီးဆောင်အိတ်အား စစ်ဆေးရေးအဖွဲ့မှ X-Rays စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ်

အိတ်အတွင်းမှ တိပ်အနက်ရောင်ဖြင့်ပိတ်၍ ကာဗွန်ခံကာ ပလပ်စတစ်အနက်ဖြင့်ပိတ်ထားသော (၁)တုံးလျှင်(၁၀)ကျပ်သားခန့်စီရှိ ရွှေတုံး(၂၀)တုံး၊ အလေးချိန်(၂၀၀)ကျပ်သားခန့်၊ တန်ဘိုးငွေကျပ်သိန်း(၁၃၀၀)ခန့်အား စစ်ဆေးတွေ့ရှိရသောကြောင့် Mr.Jaffar Mohamed Shafi အား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၄၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အသည်းကွဲခြင်းကို ပြန်လည်ကုစားပေးနိုင်မယ့် အချက် (၃) ချက်




မေသော် on 2014-03-31 17:37    
အသည်းကွဲရောဂါကို ခံစားဖူးတဲ့ လူတိုင်းဟာ အဲ့ဒီလို ခံစားနေရချိန်ကို ငရဲလို့ တင်စားလေ့ရှိကြပါတယ်။ မအိပ်နိုင်၊ မစားနိုင်၊ ဘယ်မှ မသွားချင်မလာချင် ဖြစ်လေ့ဖြစ်ထ ရှိကြပေမယ့် ဒီရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာမျိုးကိုတော့ သူတို့သေချာမသိကြပါဘူး။ အချိန်က ကုစားသွားမယ်ဆိုတာမျိုးက မှန်ပေမယ့် အဲ့ဒီအချိန်တွေကုန်အောင် ဘယ်လိုဖြတ်ကျော်မလဲဆိုတာက အရေးကြီးနေပြန်ပါရော။ အဲ့ဒီတော့ ရောဂါကို ခံစားရတာ မှန်ပေမယ့် သက်သက်သာသာလေးနဲ့ ဖြတ်ကျော်သွားနိုင်မယ့် နည်းလမ်း (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလုပ်အပြင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပရဟိတလုပ်ငန်းလေးတွေ လုပ်ပေးပါ။ မိဘမဲ့ကလေးတွေဆီ သွားပေးတာမျိုး၊ ဘုန်းကြီးကျောင်းမှာ သွားပြီးကူညီပေးတာမျိုး၊ တိရိစ္ဆာန်ထိန်းသိမ်းရေး စင်တာတွေမှာ သွားကူညီတာမျိုး စသဖြင့် ကိုယ်နဲ့နီးစပ်ရာအသိုင်းအ၀ိုင်းကို အကူအညီတောင်းပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ပေးပါ။ ကိုယ့်ဘာသာကိုယ်လည်း စိတ်ချမ်းမြေ့နိုင်သလို ခံစားနေရတာတွေကိုလည်း အထိုက်အလျောက် သက်သာစေမှာပါ။ အချိန်ကို အကျိုးရှိစွာ အသုံးချနည်းတစ်မျိုးပဲပေါ့။

၂။လေ့ကျင့်ခန်းလုပ်ပေးပါ။ မနက်ဖြစ်ဖြစ်၊ ညနေ ကျောင်း၊ ဒါမှမဟုတ် အလုပ်ပြီးတဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ အားကစားလုပ်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတဲ့အပြင် ညဘက် ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့အတွက် အသည်းကွဲနေလို့ ညဘက်အိပ်မပျော်တာမျိုးတွေ မဖြစ်တော့ဘူးပေါ့။

၃။အိမ်ထဲ အောင်းမနေဘဲ အပြင်သွားပါ။ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး၊ ဆွေမျိုးတွေဆီ သွားလည်တာမျိုးတွေအတွက် အချိန်ပေးလိုက်ပါ။ အဲ့ဒီလိုမှ မလုပ်ချင်ဘူးဆိုရင်တော့ တစ်ယောက်တည်း လေကောင်းလေသန့် ထွက်ရှုတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ အခန်းအောင်းပြီး တစ်ယောက်တည်းနေခြင်းက စိတ်ကျရောဂါ ဖြစ်နိုင်တာကြောင့်ပါ။

Trend Myanmar

မှတ်ဉာဏ်ချန်ပီယံ Nelson Dellis ရဲ့ ဉာဏ်ရည်မြင့်နည်း လျှို့ဝှက်ချက်များ




သီဟနိုင် on 2014-03-31 16:29  


၁၇ကြိမ်မြောက် အမေရိက မှတ်ဉာဏ်ချန်ပီယံပြိုင်ပွဲကြီးကို နယူးယောက်မြို့မှာ မတ်လ ၂၉ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဟော့ဒေါ့ စားပြိုင်ပွဲလို ပြိုင်ပွဲတွေနဲ့ ယှဉ်ရင်တော့ တမူထူးနေတာပေါ့။

ချန်ပီယံဆု နှစ်ကြိမ်ရတဲ့ Nelson Dellis က ဉာဏ်ရည်တိုးတက်အောင်၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး တိုးတက်အောင် လုပ်ချင်နေသူတွေအတွက် ဉာဏ်ရည် ချန်ပီယံတစ်ယောက်ရဲ့ နေ့စဉ်ပုံမှန်လုပ်နေကျ အလေ့အကျင့်တွေအကြောင်း Yahoo Newsကို ပြောပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ၅နှစ်လုံး ကဏ္ဍ ၄ခုကိုပဲ ကျွန်တော် အာရုံစိုက်လုပ်ဆောင်ခဲ့တယ်။ ၁။ စိတ်ကို တက်ကြွအောင်ထားတယ်၊ ၂။ သင့်တင့်တဲ့ အစားကိုစားတယ်၊ ၃။ ကိုယ်ကာယလေ့ကျင့်ခန်းကို စိတ်ပါလက်ပါ လုပ်တယ်၊ ၄။ မိတ်ဆွေ၊ မိသားစု ဆိုတဲ့ ပတ်ဝန်းကျင် ကောင်းကောင်းမှာ ရှင်သန်တယ်။” လို့ အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ မှတ်ဉာဏ်ချန်ပီယံ Nelson Dellis ကပြောပါတယ်။

ဖဲတစ်ထုတ်ကို ၅မိနစ်အတွင်း အစအဆုံးမှတ်မိနိုင်တဲ့ သာမန် လူငယ်လေးတစ်ယောက် ဘ၀ကနေ ဘယ်လိုဖြတ်ကျော်လာလည်းဆိုတာကို ရှင်းပြဖို့ ပဉ္စလက်ဆန်တဲ့အရာ လုံးဝမရှိပါဘူးလို့ သူကပြောပါတယ်။

Ref:dailymail.co.uk
Trend Myanmar

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း ၁၀ ချက်




၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်း လမ်းဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ် မပေးရင်ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ် တာမျိုး၊စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင် မှုတွေကို လျော့ကျစေသလိုဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့်ကာဗွန်ဒိုင်အောက် ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့
လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေ ပါတယ်။

၅) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက် တာမျိုးရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံး တဲ့နှုန်း မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကိုအောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောင့်အယှက် ဖြစ်စေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း

ဒါကတော့ ကျွန်တော် ကိုယ်တိုင်လည်းသောက်တာပါ ပဲ ဆေးလိပ်ေ သာက်ခြင်းကြောင့်ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ် လာနိုင်ပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေး လွှတ်ကြောတွေကိုတင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း

မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။

မြ၀တီ

တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် ပစ်ခတ်


နယ်စည်းအနီး အခုလို ဖြစ်ရပ် မကြာခဏ ဖြစ်ပေါ်

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာလို့ တောင်ကိုရီးယား ဘက်က ဆိုပါတယ်။

သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက် လာလို့ သူတို့လည်း တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြို ထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း မရှိဘဲ အဲဒီ နယ်စည်း အနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။


အမေရိကန်ဘက်က ရန်စပြုမူနေသေးသရွေ့ နျူကလီးယား စမ်းသပ်မှုများ ဆက်လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်




ပြုံယမ်း၊ မတ် ၃၀

အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ မိမိတို့နိုင်ငံအပေါ် ရန်ပြုလိုသည့် မူဝါဒများ ဆက်လက် ကျင့်သုံးသွားမည် ဆိုပါက နျူကလီးယား စမ်းသပ်မှု ပုံစံသစ်များကို မပြုလုပ်ဘဲ နေမည် မဟုတ်ဟု မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယားတွင် နျူကလီးယား စမ်းသပ်မှုများကို ပုံစံအသစ်ဖြင့် ပြုလုပ်သွားမည့် အခြေအနေ ရှိနေပြီး အကယ်၍ အမေရိကန် ပြည်ထောင်စုကသာ ရန်ပြုလိုသည့် မူဝါဒများကို ဆက်လက် ကျင့်သုံးနေမည် ဆိုပါက အဆိုပါ စမ်းသပ်မှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ပြုံယမ်း ကွန်မြူနစ်အစိုးရက သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

“နျူကလီးယား စမ်းသပ်မှုသစ်များကို မပြုလုပ်ဘဲ နေသွားမည် မဟုတ်ပေ။ အကယ်၍ ကိုရီးယားကျွန်းဆွယ် ဒေသတွင် ယမ်းပုံမီးကျ အခြေအနေမျိုး ဖြစ်ပေါ်လာမည် ဆိုပါက အဆိုပါကိစ္စ အဝဝကို အမေရိကန်ပြည်ထောင်စုက တာဝန်ယူရလိမ့်မည် ဖြစ်သည်” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်ကို နိုင်ငံပိုင် KCNA သတင်း ဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယား၏ လတ်တလော တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီတွင် တံခါးပိတ် ဆွေးနွေးမှုများ ပြုလုပ်ကာ ပြစ်တင် ဝေဖန်ခဲ့ပြီးနောက် ပြုံယမ်း ကွန်မြူနစ် အစိုးရက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုလာခြင်း ဖြစ်သည်။

“မြောက်ကိုရီးယား နိုင်ငံအပေါ် ဖိနှပ်ချုပ်ချယ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီအပေါ် သွေးဆောင်စည်းရုံးနေသေးသရွေ့ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့၏ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်သည်” ဟု မြောက်ကိုရီးယား၏ ကြေညာချက်က ဆိုသည်။

ထို့ပြင် တန်ပြန်ပြုမူရေးနှင့် ပတ်သက်၍လည်း မြောက်ကိုရီးယားဘက်မှ အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု အဆိုပါ ကြေညာချက်က ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် ရိုဒေါင်ဟူသည့် ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီးနောက် သုံးလအကြာတွင် နျူကလီးယား စမ်းသပ်မှုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်မှုကို ၂၀၀၉ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး တတိယအကြိမ် စမ်းသပ်မှုကိုမူ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည်။


The Voice Weekly

မန္တလေးမြို့မှာ မီတာခ မြင့်တက်သွားတာနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်





မန္တလေးမြို့မှာ မီတာခ မြင့်တက်သွားတာနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ပွဲကို ၂၆လမ်း ၇၇လမ်း နဲ့ ၇၈လမ်ကြားမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဆန္ဒပြမှုကို ၂၆လမ်း ပိုက်ကျုံးထိပ်ကနေ ဖယောင်းတိုင်ထွန်း လမ်းလျှောက်ခဲ့ကြပြီး ၈၉ လမ်း နဲ့ ၂၆လမ်းထိပ်မှာ ရဲအင်အားများက ပိတ်ဆို့တားဆီးခဲ့ပါတယ်။ အခုချိန်မှာတော့ ဆန္ဒပြပွဲပြီးစီးသွားပြီး ဖမ်းဆီးခြင်းတော့ မရှိသေးပါဘူး။

ဆန္ဒထုတ်ဖော်သူတွေဟာ -
၁ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသောအစိုးရ (အလိုမရှိ)
၂ အများပြည်သူဆန္ဒနဲ့ဆန့်ကျင်ပြီး လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း (အလိုမရှိ)
၃ လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူ ၃ စားဝတ်နေရေးကြပ်တည်းလာနိင်င်သည်
၎ လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံခြင်း (အလိုမရှိ)
၅လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း ချက်ချင်းရပ်ဆိုင်းရေး (ဒို့အရေး)
၆ ၂၄နာရီ လျှပ်စစ်မီးလင်းရေး (ဒို့အရေး)
၇ မြေယာပြဿနာများ၊ လူထုအခက်ခဲများ ဖြေရှင်းပေးရေး (ဖြေရှင်းပေး)
စတဲ့ကြွေးကြော်သံများနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - Super


ဆန္ဒဖော်ထုတ်မယ်ဆိုတဲ့သတင်းကြောင့် လုံခြုံရေးများ တိုးမြှင့်ချထား




မန္တလေးမြို့ မှာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာနဲ့ပတ်သပ်ပြီး ဆန္ဒဖော်ထုတ်မယ်ဆိုတဲ့သတင်းကြောင့် ၇၈လမ်း ၂၆လမ်း နဲ့ ၂၇လမ်းကြားမှာရှိတဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မန္တလေးတိုင်း ဒေသကြီးရှေ့မှာ လုံခြုံရေးများ တိုးမြှင့်ချထားပါတယ်။ ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့တဲ့ လူ၎ဦးကိုတော့ ပုဒ်မ ၁၈နဲ့ တရားစွဲဆိုထားပါတယ်။

Photo - Super
DVB TV News

သံချေးတက်နေတဲ့ သေနတ်တစ်လက်တွေ့ရှိ





သံချေးတက်နေတဲ့ သေနတ်တစ်လက်ကို နေပြည်တော် ပျဉ်းမနားမြို့ လယ်တီစံကျောင်းမှာ အဆောက်အဦဆောက်လုပ်ရန် မြေတူးနေစဉ် မတ်လ ၃၁ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေး ယူဆောင်သွားပြီး ရိုင်ဖယ်အမျိုးအစားဖြစ်ဖွယ်ရှိကြောင်း ပြောသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံသတင်း - icj ဖိုးသား (ပျဉ်းမနား)
DVB TV News

DVB - သင်္ကြန်တွင်း ယာဉ်မောင်းတွေ အရက်မူးတိုင်းစစ်ဆေးမည်


သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ ယာဉ်မောင်းတွေကို အရက်မူးတိုင်း ကိရိယာနဲ့ စစ်ဆေးမယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ပြောပါတယ်။ ဦးညီငယ်က ပေးပို့ထားပါတယ်။



DVB TV - 31.03.2014

စာအုပ်ပေါင်း လေးသန်းကျော် ဖတ်ရှုနိုင်မည့် အီလက်ထရွန်းနစ် စာကြည့်တိုက် ကို ရန်ကုန်တက္ကသိုလ် တွင် စတင်ဖွင့်လှစ်


ရန်ကုန် ၊ ၃၁-၃-၂၀၁၄

ထိုင်းနိုင်ငံ အခြေစိုက် iGroup မှ အမှုဆောင် အရာရှိချုပ် Mr. Pote N.tee ၏ ပံ့ပိုးမှုဖြင့် စာအုပ်ပေါင်း ၄ သန်းကျော် ဖတ်ရှုနိုင်မည့် အီလက်ထရွန်နစ် စာကြည့်တိုက်ကို ရန်ကုန် တက္ကသိုလ်တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်က စတင် ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

စာကြည့်တိုက်တွင် IBM Server ဖြင့် ချိတ်ဆက် ထားသည့် ကွန်ပျူတာ ၂၅ လုံး တပ်ဆင်ထားပြီး အသုံးပြု သူများ လွယ်ကူစေရန် ဖိုင်ဘာစနစ် အင်တာနက် ကွန်ရက်ကို တည်ဆောက် ထားကြောင်း သိရသည်။ “လက်ရှိ ကျောင်းက ဖွင့်လှစ်ထားတဲ့ သင်တန်းသား ၃၀ ကတော့ အဓိက သုံးနေပြီး နောက်ပိုင်း သင်တန်းသား တစ်ဦးစီ အတွက် Registering ပြုလုပ်ပြီး အသုံးပြုရမည် ” ဟု ရန်ကုန် တက္ကသိုလ် သိပ္ပံဆောင်ရှိ International Center of Excellence (ICOE) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တခြားဌာနက ကျောင်းသား တွေအားလုံး သုံးနိုင်အောင် အလှူရှင်တွေ ပေါ်လာရင် လက်ရှိ ကွန်ပျူတာ အရေအတွက် ထက် အားလုံး သုံးနိုင်ပြီး အင်တာနက် လိုင်းတွေ ပိုကောင်းအောင် ချိတ်ဆက်မယ့် လိုအပ်တဲ့ ပစ္စည်းတွေ ထပ်ဖြည့်ပြီး အသုံးပြုနိုင်မှာဖြစ်သည်” ဟု ၎င်းကဆိုသည်။

ယင်းစာကြည့်တိုက် International Center of Excellence (ICOE) တွင် Online Data Base (O.B.D) ဖြင့် ချိတ်ဆက် ထားသည့် e-Book 2 သန်းကျော် စာတမ်း ပြုစုသူများ အထောက်အကူ ဖြစ်စေနိုင်သည့် ပြုစုပြီး နမူနာ စာတမ်းပေါင်း ၁ သန်းကျော် နှင့် ရှားပါး စာအုပ်ပေါင်း ၁ သန်း စုစုပေါင်း စာအုပ် ၄ သန်းကျော် ဖတ်ရှု နိုင်မည် ဖြစ်သည်ဟု သိရသည်။

ဝေေ၀အင်တာနက် (၁၅/၁၄)

Themyawadydaily

ဟိုတယ်သဖွယ်ဖြစ်နေသော မဟာသန္တိသုခအား သာသနာပြုကျောင်းတော်အဖြစ် ရပ်တည်နိုင်ရန် ပီနန်ဆရာတော် တရားဥပဒေနှင့် မျက်နှာချင်းဆိုင်မည်


ဟိုတယ်တစ်ခုသဖွယ်ဖြစ်နေသော မဟာသန္တိသုခကျောင်းတိုက်ကို သာသနာပြု ကျောင်းတော်ကြီးအဖြစ်သာ ရေရှည်ဆက်လက် ရပ်တည် သွားလိုသောကြောင့် ပြန်လည်ရယူရန် ကြိုးပမ်း နေခြင်းဖြစ်ကြောင်း မူလ ပိုင်ရှင်ဖြစ်သည်ဟုဆိုသော ပီနန်ဆရာတော် ဦးပညာဝံသက မိန့်သည်။ ပြည်ပသာသနာပြုခရီးစဉ်များမှ ပီနန် ဆရာတော်ပြန်ရောက်လာသော ၂ဝ၁၃ ခုနှစ်တွင် မဟာသန္တိသုခကျောင်းတိုက်မှာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာ ဟိုတယ်သဖွယ်ဖြစ်နေ သည့်အတွက် ဆရာတော်ကြီးက ပြန်လည်ရယူ ပြီးသာသနာပြုကျောင်းတော်ကြီးအဖြစ် ပြန်လည် ပြောင်းလဲရန်ကြိုးပမ်းခဲ့ရာမှ နိုင်ငံ၏သာသနာရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သော
သံဃမဟာ နာယကနှင့် ပိုင်ဆိုင်မှုအငြင်းပွား နေရခြင်းဖြစ်သည်ဟု သိရသည်။
”အဲ့ဒီတုန်းက ဒီကျောင်းကြီးဟာ သာသနာ ပြုကျောင်းပုံစံမဟုတ်ဘဲ ဟိုတယ်ကြီးတစ်ခုလို ဖြစ်နေလို့ မင်္ဂလာပွဲတွေ၊ ရုပ်ရှင်ရိုက်ကွင်းတွေနဲ့ ရှုပ်နေတာပဲ။ အဲ့ဒါကြောင့် ဆရာတော်ကြီးက ငါ ပြန်နေပြီး သာသနာပြုကျောင်း ဖြစ်အောင် ပြန်လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ”ဟု ပီနန် ဆရာတော်၏လက်ထောက်ဆရာတော် ဦးဥတ္တရ က မိန့်သည်။

သို့ရာတွင် ပီနန်ဆရာတော်နှင့် သံဃမဟာနာယကတို့ကြား အငြင်းပွား မှု စတင်ဖြစ်ပွားခဲ့သော လွန်ခဲ့သည့် ရှစ်လ ခန့်မှစကာ ရုပ်ရှင်ရိုက်ကွင်းများ ငှားရမ်းခြင်းကို သာသနာရေး ဝန်ကြီး ဌာနက တားမြစ်ခဲ့သည်။

”အရင်တုန်းကတော့ အဲ့ဒီမှာပဲ ရိုက်ကွင်းတော်တော်များများ ရိုက်ကြတယ်။ ဈေးကလည်း အရမ်းသက်သာ တယ်။မင်္ဂလာပွဲ၊ အလှူ၊ ရဲစခန်း၊ ဆေးရုံ ရိုက်ကွင်းအစုံပဲ ဒါပေမဲ့ ဒါတွေဟာ သာသနိက အဆောက်အဦနဲ့ မသက် ဆိုင်ဘူး ဆိုပြီး လွန်ခဲ့တဲ့ ရှစ်လလောက် ကတည်းက သာသနာရေးက ပိတ်ပင်ခဲ့ တယ်”ဟု ရိုက်ကွင်းမန်နေဂျာ ကိုသက် ထွေးက ဆိုသည်။

အလှူများ၊ မင်္ဂလာပွဲများ လက်ခံ ကျင်းပခြင်း၊ ရိုက်ကွင်းများငှားရမ်းခြင်း တို့ကြောင့် ရရှိလာသော ဝင်ငွေပမာဏ ကို အသေအချာ မသိရဘဲ ယင်းငွေများ မှာ သာသနာရေး ဝန်ကြီးဌာနထံသို့သာ စီးဆင်းသွားဖွယ်ရှိသည်ဟု ဆရာတော် ဦးဥတ္တရက မိန့်သည်။

”တစ်နှစ်ကို ကျပ်သိန်း ၅ ထောင် ထက် နည်းဖို့မရှိဘူးထင်ပါတယ်။ ဒါက လည်း သာသနာရေးကိုပဲ ရောက်သွား လိမ့်မယ် ထင်တာပဲ”ဟု ၎င်းက မိန့် သည်။ သာသနာရေးဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူး ဦးထွန်းညွန့်ကမူ ”ဒီခေတ် ဒီအခါမှာ စွပ်စွဲမှုတွေ လုပ်လည်း လုပ် လို့ရတဲ့ ခေတ်ကိုးဗျ။ လုပ်ပါ ရပါတယ်။ တစ်ခုကိုပဲ အခိုင်အမာ ပြောချင်တယ်။ ဒါက သာသာနာ့ ငွေ။ သာသာနာရေး ဝန်ကြီးဌာနက တစ်ပြားမှ မယူဘူး”ဟု ပြောသည်။

ထိုဝင်ငွေများကို ဂေါပက အဖွဲ့က သာ ကိုင်တွယ်ပြီး ဘဏ်စာရင်းဖွင့်ထား သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ မဟာသန္တိသုခကျောင်းတိုက်ကို ၂ဝဝ၃ ခုနှစ်တွင် ကျောင်းဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ မရှိခြင်း၊ လုပ်ကိုင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကို ဆက်လက်ထားရှိလျှင် ကျောင်းကြီး ပျက်စီးနိုင်ခြင်း၊ ကျောင်းတိုက်တွင် အကြွေးများစွာရှိနေခြင်း စသည့် အကြောင်းပြချက်များဖြင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပသာသနာပြု ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ပီနန်ဆရာတော်မှာ ယင်းကျောင်း တော်ကြီးတွင် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါ ရီ ၂ဝ မှစကာ အာဂန္တုအဖြစ်

သတင်း သုံးနေပြီး ယခုအချိန်အထိ သံဃာမဟာ နာယကအဖွဲ့က ယင်းကျောင်းတော်မှ ထွက်ခွာသွားရန် နှစ်ကြိမ်တိုင်တိုင် သတိပေး အကြောင်းကြားခဲ့သည်။ဒုတိယမြောက် အကြောင်းကြား စာအရ ပီနန်ဆရာတော်မှာ ယင်း ကျောင်းတော်မှ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ပြောင်းရွှေ့ ပေးရမည် ဖြစ်သော်လည်း ဆရာတော်
က မ ပြောင်းရွှေ့ပေးနိုင်ဘဲ တရားဥပဒေအရ သံဃာမဟာနာယကအဖွဲ့ကို ရင်ဆိုင် သွားမည်ဟု သိရသည်။

ဗုဒ္ဓတရားတော်များကို နိုင်ငံခြား ဘာသာစကားများဖြင့် ကျွမ်းကျင်စွာ ဟောပြောပြသနိုင်သည့် ပြည်ပ သာသ နာပြု ပုဂ္ဂိုလ်များကို လေ့ကျင့်သင်ကြား ပေးရန်အတွက် နိုင်ငံတော် အစိုးရက တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်တွင် တိပိဋကနိကာယသာသနာပြု ဥပဋ္ဌာက ပြည်ပသာသနာပြုအဖွဲ့ ဥက္ကဋ္ဌအား စင်ကာပူ ပီနန်ကျောင်း အမည်ဖြင့် သာသနာ့ မြေဂရန် ချပေးပြီး မဟာ သန္တိသုခ ကျောင်းတိုက်ကို တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျောင်းတိုက်ကို ၁၉၉၆ ခုနှစ်တွင် ပန္နက်တင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တည်ဆောက်စ ရိတ်ကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော် ကုန်ကျခဲ့ကြောင်း၊ ကုန်ကျစရိတ်များ အနက် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီကကျပ်သိန်း ၁ဝဝဝ၊ မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာန က ကျပ်သိန်း ၁ဝဝဝ၊ အေးရှားဝေါလ် ကုမ္ပဏီက ကျပ်သိန်း ၁၄ဝဝ၊ ပီနန်ဆရာ တော်ကြီး၏ နိုင်ငံခြား ဒါယိကာမများက ကျပ်သိန်း ၁ဝဝဝ၊ ပြည်တွင်းစေတနာရှင် များက ကျပ်သိန်း ၂၁ဝဝ ကျော် လှူ ဒါန်းခဲ့ကြပြီး လိုအပ်ငွေကျပ် သိန်း ၂ဝဝဝ ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ချေးယူ၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ၏ ချေးငွေကျပ်သိန်း ၂ဝဝဝ ကိုလစဉ်ကျပ် ၁ဝ သိန်းဖြင့် ပြန် လည်ပေးဆပ်ခဲ့ရာ ၂ဝ၁၂ ခုနှစ် မတ် ၁၆ ရက်တွင် အကျေပြန်လည်ပေးဆပ် နိုင်ခဲ့ကြောင်း သိရသည်။

MTA, KYL

Popular Myanmar Journal

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ၏ လွတ်လပ်စွာ အိမ်ထောင်ဖက်ရွေးချယ်ခွင့်ကို ပိတ်ပင်မည့်ဥပဒေသမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌငြင်းပယ်ရန် HRW တိုက်တွန်း



ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ ၏ လွတ်လပ်စွာ အိမ်ထောင်ဖက်ရွေး ချယ်ခွင့်ကို ကန့်သတ်သော လက်ထပ်ထိမ်းမြားခြင်း ဥပဒေပြုရေးဆိုင်ရာ အဆိုပြုချက်ကို သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌတို့က ငြင်းဆိုသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Right Watch) က ဆိုသည်။

''မဘသ'' (အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့) ဆရာတော်ကြီးများက အဆိုပြု သော ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ အတွက် လက်ထပ်ထိမ်းမြားခွင့် ဥပဒေဆိုင်ရာအရေးပေါ် ကန့်သတ် ထိန်းချုပ်ရေးကို အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့က လက်ခံ စဉ်းစားနေခြင်းသည် အလွန်ပင်

တုန်လှုပ်ဖွယ်အနေအထားဟု HRW ၏ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး ဘရက်ဒ်အဒမ်က ပြောသည်။

''ဒီဥပဒေဟာ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာအိမ်ထောင်ဖက် ရွေးချယ်ခွင့်ကို ထိခိုက်လာပါလိမ့်မယ်။ ပြီးတော့ အမျိုးသမီးထုရဲ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို အဓိက ထိပါးလာမယ့် အရာပါ''ဟု ၎င်းက ပြောသည်။

အဆိုပြုထားသော ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် ဗုဒ္ဓဘာ သာဝင်အမျိုးသားနှင့်သာ လက်ထပ် ရမည်။ ဘာသာခြားအမျိုးသားများ အနေဖြင့် လက်မထပ်မီ ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းရန် လိုအပ်ပြီး ပျက် ကွက်ပါက ထောင်ဒဏ် ၁ဝ နှစ်နှင့် ပိုင် ဆိုင်သည့် ပစ္စည်းဥစ္စာအားလုံး သိမ်း ဆည်းခံရမည်ဖြစ်သည်ဟု ယင်းထုတ် ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါ ဥပဒေကြမ်းပါ အချက်အ လက်များမှာ လူ့အခွင့်အရေးနှင့် သဟဇာတမျှတစွာနေထိုင်ရေးတို့ အပေါ်ဆိုးကျိုးကြီးစွာ သက်ရောက် လာနိုင်ပြီး မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်လည်း ကိုက်ညီမှုမရှိကြောင်း HRW က ဆိုသည်။

''လူမျိုးစုအရရော ယဉ်ကျေးမှုအရ ပါ ကွဲပြားခြားနားမှုတွေ စုနေ တဲ့ မြန်မာ နိုင်ငံမှာ အစိုးရခေါင်းဆောင်တွေက ဘာသာရေးအရ ကွဲပြား မှုအပေါ် အခြေခံပြီး လက်ထပ်ထိမ်းမြားမှုကို ထိန်းချုပ်ဖို့ လုပ်ရတယ်။ ဒါဟာ မီးနဲ့ ကစားနေရသလိုပဲ အန္တရာယ်အလွန်များ ပါတယ်'' ဟု အ ဒမ်က ပြောသည်။ ယခုလုပ်ရပ် ရပ်တန့်ရန်အတွက်

နိုင်ငံတကာမှ အလှူရှင်များနှင့် ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက်များသည်လည်း တာဝန်ရှိကြောင်း ၎င်းက သုံးသပ်သည်။ ''မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တိုးတက်မှုကို ဂရုပြုတဲ့ နိုင်ငံတကာအလှူရှင်တွေနဲ့ ဖွံ့ဖြိုးတိုး တက်ရေး မိတ်ဖက်တွေကလည်း အစိုးရက ဒီလို ထိတ်လန့်တုန်လှုပ်ဖွယ် ဥပဒေပြဋ္ဌာန်းရေး ကြိုးစားနေတာကို ရပ်တန့် ဖို့ တောင်းဆိုသင့်ပါတယ်''ဟု ၎င်းက ပြောသည်။

KYL

Popular Myanmar News Journal

ရန်ကုန်-တိုက်ကြီး ယာဉ်လိုင်းသမားများ ဆန္ဒထုတ်ဖေါ်













လာမည့် ဧပြီလ ၁ ရက်ကစပြီး ဟိုင်းလတ်ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်မည်ဖြစ်သောကြောင့်
ပြန်လည်ပြေးဆွဲခွင့်ရရန် ရန်ကုန်-တိုက်ကြီး ဟိုင်းလတ် ကားသမားများ ဆန္ဒထုတ်ဖေါ် တောင်းဆိုနေကြစဉ်၊( ဓာတ်ပုံ-ဟိန်းထက်)။ ဆန္ဒထုတ်ဖော်ပွဲကို ၂၀၁၄ခုနှစ် မတ်လ ၃၁ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်း (မဟာဗန္ဓုလပန်းခြံအနီး) တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းကောက် ဆရာမတစ်ဦး မြွေကိုက်ခံရ


ဆိုက်ကျင်၊ သုံးခွ၊ မတ်-၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အမှတ်(၄)ရပ်ကွက်
၌သန်းခေါင် စာရင်းကောက်ယူရေးအဖွဲ့ဝင်တစ်ဦး သန်းခေါင်စာရင်းစစ် တာဝန် ထမ်းဆောင်စဉ် မတ် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်
က အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်း ဥက္ကံဝတံတား အနောက်ဘက်
ခြမ်းလမ်းတွင် ၀ဲဘက်ခြေမျက်စိ၌ မြွေကိုက်ခံခဲ့ရကြောင်း သိရသည်။

မြွေကိုက်ခံရသော ဆရာမ ဒေါ်သီတာခိုင် (၄၉)နှစ်အား သုံးခွမြို့နယ်
ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူရာ မြို့နယ်ဆရာဝန်၏ ညွှန်ကြားချက်အရ ၂၄ နာရီ စောင့်ကြည့်ရမည်
ဖြစ်ကြောင်း လောလောဆယ် အခြေအနေ၌စိုးရိမ်စရာမရှိကြောင်း
သိရပြီး စာရင်းစစ် ဒေါ်သီတာခိုင်ကိုယ်စား စာရင်းစစ် ဒေါ်ဇာခြည်လွင်က အစားထိုးကောက်ယူလျက်ရှိသည်။

မြွေကိုက်ခံရသော ဆရာမဒေါ်သီတာခိုင်ထံသို့ သုံးခွမြို့နယ် သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အတွင်းရေးမှူး ဦးရှာမွေလတို့က မြို့နယ်ဆေးရုံသို့ သွားရောက်ပြီးလိုအပ်သည်များ
မေးမြန်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မြို့လယ်ခေါင်၌ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား


မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားOK MOBILE PHONEဆိုင် ရှေ့တွင် ကားတစ်စီးက ဆိုင်ကယ်သမားအား သေနတ်ဖြင့်ပစ်ခတ်မှု ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားသည်။
မျက်မြင်သက်သေများ၏ ပြောပြချက်အရ သေနတ်ဖြင့်ပစ်မည့်သူများသည် ညနေ ၆ နာရီခန့်က ဆိုင်ကယ် များဖြင့် ကြိုတင်ရောက်နှင့်နေပြီး မတ်တူးကားတစ်စီးက သေနတ်ဖြင့် စတင်ပစ်ခတ်ရာ ဆိုင်ကယ်သမား သုံးဦးကလည်း ပြန်ပစ်ခတ်၍ ကားဘီးမှန်သွားကြောင်းနှင့် ထိုကားနောက်သို့ ဆိုင်ကယ်သမားများ လိုက် သွားကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ အမှတ်(၁) ရဲစခန်းမှ လာရောက်စစ်ဆေးရာ ကျည်ခွံနှစ်ခု သိမ်းဆည်းရမိကြောင်း သိရ သည်။ အမှတ် (၁) ရဲစခန်းမှ တာဝန်မှူး ရဲအုပ်မင်းစည်သူအား မဇ္ဈိမကမေးရာ “ပစ်ခတ်မှုဖြစ်ပွားတာ ဟုတ် ပါတယ်။ ကျည်ခွံတွေကတော့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက စစ်ဆေးဖို့ ယူသွားပါတယ်။ အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး”ဟု ဖြေကြားသည်။
ထိုသို့ လူစည်ကားရာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် မြို့ခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ် ပွားလျက်ရှိကြောင်း သိရသည်။

Mizzima - News in Burmese

သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်၌ သန်းခေါင်စာရင်း ကောက်ယူမှုခံယူ


နန္ဒ၊ ရန်ကုန်၊ မတ်-၃၀

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှ စတင်
ဆောင်ရွက်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ယင်း
နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော်တွင် ကောက်ယူခဲ့ သည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏၀က်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစု၏ လူဦး
ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမြင့်ဦးဆောင်၍
နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးချိုထွန်း၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးမံဇာ
ခုပ်၊ စာရင်းကောက် ဒေါ်ဟေမာန်မြတ်တို့ ပါဝင်သည့် သန်းခေါင်စာရင်း
ကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်သမ္မတ အိမ်တော်၌ လာရောက်၍ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြရာ သန်းခေါင်စာရင်း မေးခွန်း ၄၁ ချက် ကို နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက်ရှိပြီး
မြေပြင်စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း
အင်အား ၁၁၁၂၅၄ ဦးအား သင်တန်းများပေး၍ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်း
ကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုရန် သန်းခေါင်စာရင်း မေးခွန်း ပုံစံပေါင်း ၁၄၈၃၅၆၀၀ နှင့် လက်စွဲစာစောင်များ၊ လုပ်ငန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် စာရွက်စာတမ်း အပြည့်အစုံအား
နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာဒေသ၊ရပ်ကွက်၊ ကျေးရွာကွပ်ကဲရေးရုံးများ
တွင် ဖြန့်ဝေ ထားပြီး သန်းခေါင်စာရင်းမေးခွန်းများကို အိမ်ထောင်စု တစ်စုလျှင် မေးခွန်း ၄၁ ချက်၊ အဖွဲ့အစည်းများတွင် ၁၁ချက် မေးမြန်း
ကောက်ယူမည်ဖြစ်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက်ယူခြင်းအား မတ် ၂၉ ရက် ညသန်းခေါင်ယံကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ကာ မတ် ၃၀ မှ ဧပြီ
၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက်ယူလျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)


(၁) ဖြစ်တဲ့သူ အသက်က 36 ပါဆရာ။ နောက်ဆုံးရာသီလာတဲ့နေ့က 15.2.2014 ပါဆရာ။ နောက်ဆုံး အတူနေတဲ့ရက်က 20.1.2014 ပါ။ အခု 20.3.2014 ကစပြီး အဖြူတွေပဲ ဆင်းနေပါတယ်တဲ့ ဆရာ။ သူအခုရောက်နေတဲ့ နေရာ့ မှာက အင်တာနက်တခုပဲ ရလို့ပါဆရာ။ ဆီးစစ်တံလဲ မလွယ်လို့ပါတဲ့ ဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။
(၂) ရာသီမလာခင်တစ်ရက် ကိုယ်ဝန်စစ်တော့ မရှိပါ။ အခု ရာသီလာမဲ့ရက်ထက် သုံးရက်လောက် ကျော်နေပါပြီ။ မစစ်ရဲသေးလို့ပါ။ ကိုယ်က ကိုယ်ဝန်လိုချင်တာဆိုတော့ မရှိရင် ငိုမိမှာစိုးလို့ပါ။ ရင်သားတွေကတော့ အရမ်းနာကျင်ပါတယ်။ အဖြူကလည်း တော်တော်ဆင်းပါတယ်။ အဲဒါ ရာသီနောက်ကျတာပါလားရှင်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလဲလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။ သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။ Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။

ရာသီလဲ မလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာ တင့်ဆွေ

ကွင်းလယ်ဒိုင်ကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်အသင်းမန်နေဂျာကို ထုတ်ပယ်


ရန်ကုန်၊မတ် ၃၀

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ၏ ပွဲစဉ်တစ်ခုဖြစ်သည့် ဟံသာဝတီ ယူနိုက်တက်နှင့် ရခိုင်ယူနိက်တက် အသင်းတို့ ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်ယူနိုက်တက် အသင်းမန်နေဂျာကို ထုတ်ပယ်လိုက်ကြောင်း ယင်းအသင်း အမှုဆောင် အရာရှိ ဦးရဲလှိုင်ဝင်းက ပြောကြားသည်။

ဟံသာဝတီယူနိုက်တက်နှင့် ရခိုင်ယူနိက်တက် အသင်းတို့ မတ်လ ၂၈ ရက်နေ့က ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဒုတိယပိုင်း ပြီး၍ နာကျင်အချိန်ပိုတွင် ကွင်းလယ်ဒိုင်က ဟံသာဝတီယူနိုက်တက်ကို ပယ်နယ်တီ ပေးခဲ့သည့် အပြင် ကျန်ကစားချိန်၌ ရခိုင်ယူနိုက်တက် ကစားသမားတစ်ဦးကို အနီကတ်ပြ ထုတ်ပယ်ခဲ့ခြင်းကြောင့် ရခိုင်ယူနိုက်တက် အသင်းမန်နေဂျာ ဦးဖြိုးညီညီစိုးက ကွင်းလယ်ဒိုင် ဦးဇော်ခိုင်၏ မျက်နှာကို ကွင်းအတွင်း၌ လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ယင်းကြောင့် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

ပြည်တွင်းခရီး ထွက်နေသည့် အသင်းပိုင်ရှင် ပြန်လည် ရောက်ရှိလာပါကလည်း ယင်းကိစ္စအတွက် ထပ်မံ အရေးယူမည် ဖြစ်ကြောင်း၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ အရေးယူခြင်းကိုလည်း ကျခံရမည် ဖြစ်ကြောင်း ဦးရဲလှိုင်ဝင်းက ဆိုသည်။

“စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ ဒီကိစ္စကို တရားမျှတစွာ ဆုံးဖြတ်မယ်လို့ ယုံကြည်ပါတယ်။ အသင်းကို ချမှတ်မယ့် ပြစ်ဒဏ်က မတရားဘူး ဆိုရင်တော့ ဖြေရှင်းရဦးမှာပေါ့” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒိုင်လူကြီးက ကျွန်တော့်ကို မင်းအဆင့်က ဘာရှိလို့ ငါ့ကို လာပြောနေတာလဲ။ ငါဒိုင်လူကြီး။ ငါလုပ်ရင် ပြီးတယ်လို့ ပြောတဲ့အချိန်မှာ စိတ်မထိန်းနိုင်ဘဲ ထိုးခဲ့မိတာပါ” ဟု ဦးဖြိုးညီညီစိုးက ပြောကြားသည်။

ယင်းသို့ ထိုးခဲ့သည့်အတွက် ဒိုင်လူကြီးကို တောင်းပန်မည် မဟုတ်ဘဲ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ အရေးယူခြင်းကို ခံယူမည် ဖြစ်ကြောင်း၊ ပြန်လည် ထိုးခဲ့သည့် ဒိုင်လူကြီးကိုလည်း အရေးယူစေလိုကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်ရပ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က တရားစွဲမည် ဆိုပါက ရင်ဆိုင်မည် ဖြစ်ကြောင်း ရခိုင်ယူနိုက်တက်အသင်း အုပ်ချုပ်မှုမန်နေဂျာ ဦးလှိုင်းဝင်နိုင်က ပြောဆိုသည်။

လက်ရှိ အချိန်၌ ယင်းဖြစ်ရပ်အတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ ကွင်းလယ်ဒိုင်၏ အစီရင်ခံစာ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ အစီရင်ခံစာနှင့် ရခိုင်ယူနိုက်တက်အသင်း၏ အစီရင်ခံစာတို့ တင်ပြထားခြင်း မရှိသေးသည့်အတွက် မည်သို့ အရေးယူမည်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောဆိုသည်။

ဦးဖြိုးညီညီစိုးမှာ ဥဿာယူနိုက်တက် (ယခု ဟံသာဝတီယူနိက်တက်) တွင် ဈေးကွက်ရှာဖွေရေး မန်နေဂျာအဖြစ် ၂ နှစ်ကြာ တာဝန်ယူခဲ့သူ ဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်း၏ မန်နေဂျာအဖြစ် တာဝန်ယူလာခဲ့သည်မှာလည်း ၂ နှစ်ခန့် ရှိပြီဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းဖြစ်သည့် ဇွဲကပင်ယူနိုက် အသင်းပိုင်ရှင် ဦးလှဌေးက ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့သည့် ဖြစ်ရပ် ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပွားခဲ့ရာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ၎င်းကို ဒဏ်ငွေ ကျပ် ၁၅ သိန်း ချမှတ်ခဲ့သည်။

The Voice Weekly 

လော့စ်အိန်ဂျလိစ်၌ ငလျင်ငယ်ပေါင်း ၁၀၀ ကျော်လှုပ်ခတ်


လော့စ်အိန်ဂျလိစ်၊ မတ်-၃၀

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ် ဒေသ၌ မတ် ၂၉ ရက်က အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ရပ် လှုပ်ခတ်ခဲ့ပြီးနောက် ကယ်လီဖိုးနီးယား ပြည်နယ်တစ်ဝန်း နောက်ဆက်တွဲ
မြေငလျင် ၁၀၀ ကျော်တို့ မတ် ၃၀ ရက်တွင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မြေငလျင်လှုပ်ခတ်မှုများကြောင့်သေဆုံးဒဏ်ရာရသူ မရှိခဲ့သော်လည်း
လူနေအဆောက်အအုံများနှင့် ကုန်တိုက်များအထိုက်အလျောက်ပျက်စီး
ခဲ့ပြီး ရေပေးဝေမှု ပိုက်လိုင်းများ ပေါက်ထွက်ခဲ့ရာ လော့စ်အိန်ဂျလိစ်မြို့တော် ရပ်ကွက်အချို့၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရသည်။

မတ် ၂၉ ရက် မြေငလျင်လှုပ်ခတ်ခဲ့အပြီး ထပ်မံလှုပ်ခတ်ခဲ့သော နောက်
ဆက်တွဲငလျင်များမှာ ၁၀၀ ကျော်အထိ ရှိခဲ့ရာအများစုမှ အင်အား ရစ်ခ်ျတာစကေး ၂ အထက်ရှိ ငလျင်ငယ်များဖြစ်ကြောင်းသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ဇာတ်ညွှန်းမိတ္တူ အမှုကိစ္စအတွက် ကြားလူတစ်ယောက် အနေဖြင့် လူမှု ကွန်ရက်ပေါ်တွင် ဖြစ်စဉ်အားရေးသားခဲ့သူ တေးသံရှင် Cobra


Laser World ကုမ္ပဏီ နဲ့ အဆိုပါ ကုမ္ပဏီမှာ Presenter အဖြစ် လုပ်ကိုင် ခဲ့ဖူး သော မဆုဆုအောင် တို့ရဲ့ ဇာတ်ညွှန်း မိတ္တူ အမှုကိစ္စ အတွက် ကြားလူ တစ်ယောက် အနေနဲ့ လူမှုကွန်ရက်ပေါ်တွင် ဖြစ်စဉ်အား ရေးသားခဲ့သူ တေးသံရှင် Cobra ကို အဆိုပါ အမှုကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော အခြေ အနေကို ဆက်သွယ်မေးမြန်းကြည့်ရာ “ခုတော့ ကောင်မလေး အာမခံရသွား ပါပြီ။

လူလည်း အပြင်ရောက်သွားပြီ။ အမှုကတော့ မပြီးသေးဘူး။ ဒါပေမဲ့ အမှုက တော့ အရင် အမှုထက် နည်းနည်းသေးတဲ့ ပုဒ်မနဲ့ဖြစ်သွားတယ်။ ကျွန်တော်တို့ ဖေ့ဘုတ်မှာ ဒီလိုရေးတဲ့ အတွက် ကုမ္ပဏီ ဘက်က တရားစွဲမယ် ဆိုတာ တော့ ဂျာနယ်က တစ်ဆင့် သိရတယ်။ ကျွန်တော်နဲ့တော့ တိုက်ရိုက် ပြောတာ မဟုတ်ဘူး။ ဂျာနယ်က တစ်ဆင့် သူတို့ဘက်က ပြောတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့က ဒါကိုတော့ ခေါင်းထဲမှာ သိပ်မရှိပါဘူး။ အဓိကက ဒီကောင်မလေး လွတ်သွားတယ် ဆိုရင်ပဲ ဝမ်းသာ ပါတယ်။ သူနဲ့က ဘယ်လို သိလဲ ဆိုတော့ သူ့အမျိုးသား နဲ့ကျွန်တော့် အစ်မ အမျိုးသားက သူငယ်ချင်း၊ အဲဒီတော့ ပတ်ဝန်းကျင် မှာ မြင်နေကြားနေ ရတော့ ဒီကိစ္စကို ဝင်ပါဖြစ်တာ။ အဲဒီတုန်းက ကုမ္ပဏီဘက်က ကိုအောင်ကြူဟိန်းနဲ့တောင် ဖုန်းပြောဖြစ် တယ်။

ပြောတုန်း ကတော့ အေးအေးဆေးဆေး ပါပဲ။ ပြီးတော့မှ ဂျာနယ်မှာ တစ်ဆင့် ပြောတာ ကိုတွေ့ရတာ။ ခုထိတော့ သူတို့ဘက်က ဘာမှအကြောင်းမကြား သေးဘူး။ ဒီကိစ္စမှာ ဝင်ပါဖြစ်တာက ဒီအမှုလေးက ကြီးတဲ့ အမှုငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တကယ်တမ်းကြည့်ရင် ဒီအမှုက ငယ်အောင် လုပ်လို့ ရတယ်။ ကောင်မလေး အလုပ် ထွက်တာလည်း ကြာပြီ။ တကယ်တမ်း အရေးကြီးတယ်ဆိုရင် အလုပ်မထွက် ခင်ကတည်းက ဒါကိုတောင်းထားလို့ရတယ်။

ခုလို ၅ လလောက် ကြာမှဖြစ်တာဆိုတော့ သိပ်မဟုတ်ဘူး။ ပြီး တော့ ဒါက ဇာတ်ညွှန်းပေးပြီး အိုက်တင်လုပ်ဖို့ ကိုသူတို့ ကိုယ်တိုင်ပေးတာပဲ။ ပြီးတော့ ပါသွားတဲ့ ဇာတ်ညွှန်း ကလည်း မိတ္တူ အပိုင်းအစပဲ။ ကောင်မလေး အခန်းရဲ့ အပိုင်းပဲပါတာ။ ဒါကို ဥပမာ ရောင်းစားလိုက်လို့ တခြားက ရိုက်တယ်ဆိုလည်း တစ်မျိုးပေါ့။ ခုဟာက အဲ့ဒီလို လည်း မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော် ဝင်ပါပြီး Facebook မှာ status တင်ဖြစ်တာပါ။ တင်ဖြစ်တာ ကလည်း ဒါကိုမြင်ရင် သက်ဆိုင်ရာ လူကြီး မင်းတွေ အနေ နဲ့ မီဒီယာတွေ ကတစ်ဆင့် သိနိုင်ပြီး လျှော့ပေါ့စဉ်း စားလို့ရအောင် ဒါလေးကို တင်ဖြစ် တာပါ။ အခုတော့ အမှုက အရင်စွဲထားတဲ့ အမှုထက်တော့ လျှော့ပေါ့သွားပြီလို့ ကြားပါတယ်” လို့ ကော်ဘရာက ပြောပြခဲ့ပါတယ်။

Popular Journal

Mobile Water Purification system ဖြင့် ဒလမြို့နယ်တွင် ကန်ရေများအား သောက်သုံးရေအဖြစ်ပြောင်းလဲလှူဒါန်း




ရန်ကုန် မတ်လ ၂၆

သောက်သုံးရေရှားပါးမှု နှစ်စဉ်ကြုံတွေ့လေ့ရှိသော ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် Trendy Myanmar Co.,Ltd နှင့်ဂျပန်နိုင်ငံတိုကျိုမြို့ Metawater Co.,Ltd တို့ပူးပေါင်းလျက် ရွေ့လျားရေသန့်စင်စက်ဖြင့် ကန်ရေများအားသောက်သုံးရေအဖြစ် ပြောင်းလဲလှူဒါန်းခြင်းကို မတ်လ ၂၆ရက်နေ့တွင် အဆိုပါနေ့မနက် (၉း၀၀)နာရီမှ စတင်ကာလုပ်ဆောင်ခဲ့သည်။ အဆိုပါကားသည် သောက်သုံးရန်မသင့်လျော်သော ကန်ရေ အနောက်များကို သောက်သုံးနိုင်သောအဆင့်ထိရောက်အောင်သန့်စင်နိုင်ကြောင်း ပြည်သူများရှေ့တွင် စွမ်းရည် ပြသခြင်း၊ ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေစေလျက် ယုံကြည်လက်ခံနိုင်မှုကို တိုင်းတာခြင်းများ ပြုလုပ်ရန် ဒလမြို့နယ်ရှိ ဗိုလ်ရန်ပြေရပ်ကွက်၊ မြိုနယ်ထွေအုပ်ရုံးရှေ့ရှိ ရေကန်တွင်လည်းကောင်း၊ ရာဇသင်္ကြန် ရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်များတွင်လည်းကောင်း ပြုလုပ်ကြသည်။ အဆိုပါ Mobile Water Purification system ကားနှင့်စက်၏တန်ဖိုးမှာ ကျပ်သိန်း သုံးထောင်ဝန်းကျင်ရှိပြီး မည်သည့်အဖွဲ့အစည်းမဆိုဝယ်ယူ၍ ရေလှူဒါန်းခြင်းများဆောင်ရွက်နိုင်ကြောင်း Trendy Myanmar Co.,Ltdမှ မန်နေဂျာ ဦးနိုင်လင်းဇော်မှ ပြောသည်။ ၄င်းတို့၏စမ်းသပ်သန့်စင်ချက်တွင်ရေ PHအဆင့် 8မှ PH အဆင့် 7.4 အထိပြောင်းလဲသန့်စင် သွားသည်ကိုတွေ့ရသည်။ အချိန်ကြာကြာသန့်စင်ပါက ပိုမိုကောင်းမွန်ကြောင်း သိရှိရသည်။

MOI Webportal Myanmar 

အခွန်ထမ်းကြီးများ ရုံးဖွင့်မည်


အခွန်ပမာဏ မြင့်မားစွာထမ်းဆောင်သူများနဲ့ အများပိုင်ကုမ္ပဏီတွေ သီးသန့် အခွန်ဆောင်နိုင်မယ့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသစ်ကို ရန်ကုန် ပန်းဆိုးတန်းလမ်းမှာ ဖွင့်လှစ်မယ်လို့ ရန်ကုန်တိုင်း အခွန်ဦးစီးမှူးတယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

ဒီ ရုံးကနေ အခွန်ထမ်းလိုသူတွေအနေနဲ့ တယောက်ချင်းစီ၊ ကုမ္ပဏီတခုချင်းစီရဲ့ အချက်အလက် တွေ ပါဝင်တဲ့ Tax- Payer Identification Number (TIN) တွေ ထုတ်ပေးပြီး ကိုယ်တိုင် အခွန်စည်းကြပ်စေတဲ့စနစ် ကျင့်သုံးမှာ ဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာ အကူအညီပေးရေးရုံးက အရာရှိတယောက်ကလည်း အကူအညီ ပေးမယ်လို့ သိရပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က အခု ဘဏ္ဍာရေးနှစ်မှာ အခွန်ကနေ ကျပ်ငွေ ၃ ဒဿမ၊ ၅ ထရီလီယံကျော် ရခဲ့ပြီး လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ဆိုရင် ကျပ်ငွေ ၄ ဒဿ မ ၉ ထရီလီယံနီးပါး အခွန်ဝင်ငွေ ၃၆ ရာခိုင်နှုန်း တိုးတက်ရရှိအောင် ကောက်မယ်လို့ ရှင်းလင်းခဲ့ပါတယ်။

DVB Burmese 

စီးကရက်ဗူးခွံမှာ ကျန်းမာရေးသတိပေးချက် ရုပ်ပုံတွေနဲ့ ဖော်ပြရမည်


လာမယ့် ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းမှာ ဖြန့်ဖြူးမယ့် စီးကရက်ဗူးခွံတွေမှာ ကျန်းမာရေး ဆိုင်ရာ သတိပေးချက်ကို ရုပ်ပုံတွေနဲ့ ရာခိုင်နှုန်း ၃၀ ကနေ ၄၀ ၀န်းကျင် ဖော်ပြပေးမှ ရောင်းချ ခွင့်ပြုမယ့် နည်းဥပဒေတရပ် Tobacco Control Project က ရေးဆွဲနေတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန နေပြည်တော်ရုံး တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။

လက်ရှိ ပြည်တွင်း ဖြန့်ချိတဲ့ စီးကရက်ဗူးခွံတွေမှာ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုတဲ့ စာသားလောက်ပဲပါပြီး နောက်ပိုင်း ဆေးလိပ်သောက်လို့ ဖြစ်ပွားလာတဲ့ ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြသွားနိုင်ဖို့ ဓာတ်ပုံတွေ စုဆောင်းပြီး ၀န်ကြီးဌာနကို တင်ပြလာတာ ရှိတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံ စီးကရက် ဈေးကွက်မှာ Red Ruby, V, Flavour, Premium နဲ့ နိုင်ငံခြားက ၀င်လာတဲ့ စီးကရက် အမျိုးအစားတွေကို ရောင်းချနေကြပါတယ်။

DVB Burmese

ထိုင်းရုပ်ရှင် မြန်မာပြည်မှာ တရားဝင် ဖြန့်ချိမည်


ထိုင်းနိုင်ငံက ရုပ်ရှင်ထုတ်လုပ်သူတွေဟာ သူတို့ ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကို မြန်မာနိုင်ငံမှာ တရားဝင် ဖြန့်ချိလိုပြီး အရည်အသွေးမီ မြန်မာရုပ်ရှင်ကားတွေကိုလည်း သူတို့ ကုမ္ပဏီတွေက တဆင့် ထိုင်းနိုင်ငံအတွင်း ဖြန့်ချိ ပြသလိုတယ်လို့ ထိုင်းလုပ်ငန်းရှင်တွေက
ပြောပါတယ်။

မတ် ၂၉ ရက်နေ့က ရန်ကုန် ချက်ထရီယံဟိုတယ်မှာ လုပ်ခဲ့တဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ ရုပ်ရှင် ထုတ်လုပ်မှု ဆွေးနွေးပွဲမှာ ထိုင်းလုပ်ငန်းရှင်တွေဘက်က ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်က လုပ်ငန်းရှင်တွေကတော့ ထိုင်းကုမ္ပဏီတွေဘက်က နည်းပညာ အကူအညီ ရလိုတယ်ဆိုပြီး ဆွေးနွေးကြတာ တွေ့ရပါတယ်။

မတ် ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့တဲ့ အဲဒီ နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံဘက်က သူတို့ အသုံးပြုနေတဲ့ ကင်မရာတွေ၊ အသုံးပြုတဲ့ ဆော့ဖ်ဝဲတွေ၊ သရီးဒီ ဖန်တီးတာတွေ၊ ရုပ်ရှင်ဇာတ်ကားဟောင်းတွေကို အရောင်နဲ့ အလင်းအမှောင် ပြန်ချိန်ပြီး ကားသစ်ပုံစံ ပြန်ဖန်တီးတာတွေကို မိတ်ဆက် ပြသခဲ့ကြပါတယ်။

DVB Burmese 

မြန်မာအလုပ်သမား ၂၅ ဦးပါ ကားတစ်စီး မတော်တဆ ထိခိုက်မှုဖြစ် ၁ ဦး သေဆုံး

ဓာတ်ပုံ - khaosod.co.th

ထိုင်းနိုင်ငံတောင်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး သစ်ပင်နဲ့ ၀င်ဆောင့်မိတာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ သွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထပ်ဆကယ်မြို့နယ် အန်ထောင်းရပ်ကွက်ထဲမှာ မတ် ၃၁ ရက် ဒီနေ့မနက် ၆ နာရီလောက်က ယာဉ် မတော်တဆထိခိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေပါ အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးခဲ့တယ်လို့ တာဝန်ကျရဲမှူး ဖိုင်းရတ်ခ်ျ ဖားခယိုက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ အန်ထောင်းကျောင်းတိုက်အရှေ့က သစ်ပစ်တပင်ကို ၀င်တိုက်တဲ့ အဖြူရောင် မစ်ဆူဘီရှီ ဟိုင်းလပ်ကား ၁ စီးကို တွေ့ရကြောင်း၊ ယာဉ်မောင်းသူမှာ ကားစတီယာရင်ကြား ညှပ်မိပြီး ဦးခေါင်းမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ၊ ကားနောက်ခန်းမှာတော့ လူ ၁ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရတယ်လို့ ရဲမှူးးက ပြောပါတယ်။
အဲဒီထဲမှာ ယာဉ်မောင်းတဦးတည်းသာ ထိုင်းနိုင်ငံသား ဖြစ်ပြီး ကျန်သူအားလုံး မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး ၊ ယောက်ျားလေး ၄ ယောက် ၊ မိန်းကလေး ၁ ယောက်တို့ ပါဝင်ကြောင်း၊ အားလုံးကို ထပ်စကယ်ဆေးရုံ နဲ့ ပရကျုတ်ခီရိခန်ဆေးရုံး ၂ ခုမှာ တင်ထားရတယ် လို့ ပြောပါ တယ်။

သူတို့တတွေဟာ မြန်မာနိုင်ငံ ထားဝယ်နဲ့ မုဒုံဘက်က ဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှာ ရာဘာစေးခြစ်တဲ့အလုပ်ကို သွားလုပ်ဖို့  ဖြစ်ကြောင်း လူ ၁ ဦးကို ဘတ် ၂ ထောင်စီ ပေးရကြောင်း၊ ဒီမနက် ၄ နာရီအချိန် ဆင်းခေါင်န်နယ်စပ်ကနေ ၀င်လာတာမှာ ယာဉ်မောင်းက ကားကို အမြန်မောင်းတဲ့အတွက် ခုလို ထိခိုက်မှုနဲ့ ကြုံရတာလို့ ကားပေါ်ပါလာသူ မွန်အလုပ်သမား နိုင်တေယက ထွက်ဆိုတယ်လို့ ဆိုပါတယ်။

လောလောဆယ် ထပ်စကယ်ရဲစခန်းက ယာဉ်မောင်းဖြစ်သူကို အများသူငှာ နာကျင်ထိခိုက်စေမှု၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ အမှုဖွင့်ထားကြောင်း၊ မြန်မာ အလုပ်သမားတွေဟာ တရားဝင် ၀င်ရောက်လာခြင်း ရှိ၊ မရှိ ဆက်လက် စစ်ဆေးအရေးယူသွားမယ်လို့ ရဲမှူးက ပြောကြောင်း ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။

DVB Burmese 

ဆေးလိပ်မီးမှလောင်သောမီး ရွာလုံးကျွတ်ပြာကျ

ဓာတ်ပုံ - အင်တာနက်

မကွေးတိုင်း ဒေသကြီး မယ်ဇလီအုပ်စုတွင် မတ်လ ၂၈ ရက် ညနေက ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင်ရာမှ တစ်ရွာလုံးရှိ လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

 ညနေ ၄ နာရီခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး အသက်(၆၀)ကျော် အမျိုးသမီးကြီး တစ်ဦး နေအိမ်အတွင်း ဆေးလိပ်သောက်ရာမှ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတုန်းမြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရာသီဥတုပူပြင်းချိန်လေတိုက်နေသောကြောင့် မိနစ်၂၀ ဝန်းကျင်ခန့်၌ပင် တစ်ရွာလုံးရှိလူ နေအိမ် ၃၄ လုံးမီးလောင်ဆုံးရှုံးခဲ့ ခြင်းဖြစ်သည်။

 ‘‘ကျွန်တော်တို့ရောက်တဲ့ အချိန်မှာတောင် အိမ်တိုင်တွေ လောက်ပဲကျန်တော့တယ်။ တစ်ရွာလုံးကျန်တာဆိုလို့ စာသင် ကျောင်းရယ်၊ ဘုန်းကြီးကျောင်း ရယ်၊ ဇရပ်တစ်ခုပဲ ကျန်တယ်’’ဟု မီးလောင်မှုတွင် ပါဝင်မီးငြှိမ်း သတ်ခဲ့သူတစ်ဦးက ပြောသည်။

မီးကြွင်းမီးကျန်များကို ည ၁၂ နာရီအထိ ဆက်လက်မီးငြှိမ်းသတ်ခဲ့ရပြီး မတ်လ ၂၉ ရက်အထိ ပါ ငြှိမ်းသတ်ခဲ့ရကြောင်းအထက်ပါတာဝန်ရှိသူက ပြောသည်။

မီးလောင်မှုကြောင့် လူဦးရေ ၁၂၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ဘုန်းကြီးကျောင်း၌ ခေတ္တနေထိုင်နေကြပြီး အနီးဝန်းကျင်ရွာများမှ ထမင်းထုပ်များဝေငှပေးခဲ့သည်ဟု သိရသည်။

Author:  ဇွဲဉာဏ်
7DAY DAILY