ဆေးလိပ်မီးမှလောင်သောမီး ရွာလုံးကျွတ်ပြာကျ

ပို့စ်တင်ချိန် - 3/31/2014 04:14:00 PM

ဓာတ်ပုံ - အင်တာနက်

မကွေးတိုင်း ဒေသကြီး မယ်ဇလီအုပ်စုတွင် မတ်လ ၂၈ ရက် ညနေက ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင်ရာမှ တစ်ရွာလုံးရှိ လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

 ညနေ ၄ နာရီခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး အသက်(၆၀)ကျော် အမျိုးသမီးကြီး တစ်ဦး နေအိမ်အတွင်း ဆေးလိပ်သောက်ရာမှ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတုန်းမြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရာသီဥတုပူပြင်းချိန်လေတိုက်နေသောကြောင့် မိနစ်၂၀ ဝန်းကျင်ခန့်၌ပင် တစ်ရွာလုံးရှိလူ နေအိမ် ၃၄ လုံးမီးလောင်ဆုံးရှုံးခဲ့ ခြင်းဖြစ်သည်။

 ‘‘ကျွန်တော်တို့ရောက်တဲ့ အချိန်မှာတောင် အိမ်တိုင်တွေ လောက်ပဲကျန်တော့တယ်။ တစ်ရွာလုံးကျန်တာဆိုလို့ စာသင် ကျောင်းရယ်၊ ဘုန်းကြီးကျောင်း ရယ်၊ ဇရပ်တစ်ခုပဲ ကျန်တယ်’’ဟု မီးလောင်မှုတွင် ပါဝင်မီးငြှိမ်း သတ်ခဲ့သူတစ်ဦးက ပြောသည်။

မီးကြွင်းမီးကျန်များကို ည ၁၂ နာရီအထိ ဆက်လက်မီးငြှိမ်းသတ်ခဲ့ရပြီး မတ်လ ၂၉ ရက်အထိ ပါ ငြှိမ်းသတ်ခဲ့ရကြောင်းအထက်ပါတာဝန်ရှိသူက ပြောသည်။

မီးလောင်မှုကြောင့် လူဦးရေ ၁၂၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ဘုန်းကြီးကျောင်း၌ ခေတ္တနေထိုင်နေကြပြီး အနီးဝန်းကျင်ရွာများမှ ထမင်းထုပ်များဝေငှပေးခဲ့သည်ဟု သိရသည်။

Author:  ဇွဲဉာဏ်
7DAY DAILY