ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်

ပို့စ်တင်ချိန် - 3/31/2014 11:23:00 AM


ရန်ကုန်၊ မတ် ၃၀

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၃၀ ရက်နေ့တွင် စတင် ကောက်ယူသည့် သန်းခေါင်စာရင်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ကာ ကြီးကြပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်လိုက်သဖြင့် လဝက်ခန့်ကြာ သပိတ်မှောက်ထားမှုကို ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) မှ ပြန်ကြားရေး ဦးခင်မောင်ကြီးက ဆိုသည်။

အဆိုပါ စာထုတ်ပြန်မှုကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စစ်တွေမြို့သို့ ရောက်ရှိပြီး တစ်နာရီခန့် အကြာတွင် တရားဝင် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တရားဝင် ထုတ်ပြန်ချက်သည့် လုံလောက်သည့် ကတိကဝတ် ဖြစ်သည်ဟု ယူဆသဖြင့် သပိတ်လှန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

“အိမ်တွေမှာ ကပ်ထားတဲ့ စာရွက် (သန်းခေါင်စာရင်း သပိတ်မှောက်သည့် စာရွက်) တွေကို ဖြုတ်ဖို့၊ သန်းခေါင်စာရင်း အကောက်ခံဖို့ စစ်တွေမှာ အဖွဲ့လေးဖွဲ့ ဖွဲ့ပြီးပြီ၊ ကားတွေနဲ့ လိုက်လံ အသိပေးနေတယ်။ အခြားမြို့နယ်တွေကိုလည်း အသိပေးထားပြီ” ဟု အဆိုပါ ကော်မတီမှ ကော်မတီဝင် တစ်ဦးက ဆိုသည်။

သန်းခေါင်စာရင်း သပိတ်မှောက်မှုကို ရခိုင်တိုင်းရင်းသားများ ရပ်တန့်လိုက်ပြီ ဖြစ်သော်လည်း ဘင်္ဂါလီများကမှု သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံခြင်း မပြုသဖြင့် သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်နေကြောင်း ရိုဟင်ဂျာဟု ဆိုသူများက ပြောဆိုကြသည်။

“ကျွန်တော်တို့က ရိုဟင်ဂျာလို့ ထည့်ချင်တယ်။ စာရင်းကောက်တွေက ရိုဟင်ဂျာလို့ အထက်က ထည့်ခွင့် မပြုထားဘူးလို့ ပြောတယ်။ ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ အကောက်မခံဘူး” ဟု စစ်တွေမြို့ ဘင်္ဂါလီများ နေထိုင်သည့် အနောက်စံပြကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်မောင်တင်က ဆိုသည်။

အလားတူ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်ကလည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရပါက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ သို့သော်လည်း အကြမ်းဖက်သည့် နည်းလမ်းဖြင့် တုံ့ပြန်သွားမည် မဟုတ်ကြောင်း ပြောကြားသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်မရသဖြင့် ဘင်္ဂါလီများက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ စာရင်းကောက် အဖွဲ့လည်း တိုက်ခိုက်ခံရမှု မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဘူးသီးတောင် မြို့ပေါ်မှာရော၊ နယ်မှာရော ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ ဘင်္ဂါလီတွေ စာရင်းအကောက်မခံဘူး” ဟု ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက စာရင်းကောက် အဖွဲ့များထံမှ ရရှိသည့် သတင်းကို ကိုးကားပြန်လည် ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူရာတွင် လုံခြုံရေး အင်အားကို အပြည့်အဝ ချထားပြီး လုပ်ပိုင်ခွင့်များလည်း ပေးထားကြောင်း၊ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် ဘာဆာကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများက ဘင်္ဂါလီဟု စာရင်းကောက်ခံခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် မတ်လ ၃၀ ရက်နေ့ နေ့လယ် တစ်နာရီမှ စတင်ကာ သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောဆိုသည်။

“ဒုတိယသမ္မတ ကိုယ်တိုင် ဘင်္ဂါလီရွာတွေ၊ ဒုက္ခသည် စခန်းတွေကို သွားပြီး သန်းခေါင်စာရင်း အကောက်ခံဖို့ အားပေးတယ်” ဟု ၎င်းကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်လျှင် ထည့်သွင်းကောက်ယူမည် မဟုတ်ဟု နှုတ်ဖြင့်သာ ပြောဆိုခဲ့ပြီး တရားဝင်စာ မထုတ်ပြန်သဖြင့် ယင်းပြောဆိုမှုမှာ ခိုင်လုံသော အထောက်အထား မဟုတ်ဟု ဆိုကာ ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်ရာမှ သပိတ်လှန်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly