ဟိုတယ်သဖွယ်ဖြစ်နေသော မဟာသန္တိသုခအား သာသနာပြုကျောင်းတော်အဖြစ် ရပ်တည်နိုင်ရန် ပီနန်ဆရာတော် တရားဥပဒေနှင့် မျက်နှာချင်းဆိုင်မည်

ပို့စ်တင်ချိန် - 3/31/2014 09:26:00 PM


ဟိုတယ်တစ်ခုသဖွယ်ဖြစ်နေသော မဟာသန္တိသုခကျောင်းတိုက်ကို သာသနာပြု ကျောင်းတော်ကြီးအဖြစ်သာ ရေရှည်ဆက်လက် ရပ်တည် သွားလိုသောကြောင့် ပြန်လည်ရယူရန် ကြိုးပမ်း နေခြင်းဖြစ်ကြောင်း မူလ ပိုင်ရှင်ဖြစ်သည်ဟုဆိုသော ပီနန်ဆရာတော် ဦးပညာဝံသက မိန့်သည်။ ပြည်ပသာသနာပြုခရီးစဉ်များမှ ပီနန် ဆရာတော်ပြန်ရောက်လာသော ၂ဝ၁၃ ခုနှစ်တွင် မဟာသန္တိသုခကျောင်းတိုက်မှာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာ ဟိုတယ်သဖွယ်ဖြစ်နေ သည့်အတွက် ဆရာတော်ကြီးက ပြန်လည်ရယူ ပြီးသာသနာပြုကျောင်းတော်ကြီးအဖြစ် ပြန်လည် ပြောင်းလဲရန်ကြိုးပမ်းခဲ့ရာမှ နိုင်ငံ၏သာသနာရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သော
သံဃမဟာ နာယကနှင့် ပိုင်ဆိုင်မှုအငြင်းပွား နေရခြင်းဖြစ်သည်ဟု သိရသည်။
”အဲ့ဒီတုန်းက ဒီကျောင်းကြီးဟာ သာသနာ ပြုကျောင်းပုံစံမဟုတ်ဘဲ ဟိုတယ်ကြီးတစ်ခုလို ဖြစ်နေလို့ မင်္ဂလာပွဲတွေ၊ ရုပ်ရှင်ရိုက်ကွင်းတွေနဲ့ ရှုပ်နေတာပဲ။ အဲ့ဒါကြောင့် ဆရာတော်ကြီးက ငါ ပြန်နေပြီး သာသနာပြုကျောင်း ဖြစ်အောင် ပြန်လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ”ဟု ပီနန် ဆရာတော်၏လက်ထောက်ဆရာတော် ဦးဥတ္တရ က မိန့်သည်။

သို့ရာတွင် ပီနန်ဆရာတော်နှင့် သံဃမဟာနာယကတို့ကြား အငြင်းပွား မှု စတင်ဖြစ်ပွားခဲ့သော လွန်ခဲ့သည့် ရှစ်လ ခန့်မှစကာ ရုပ်ရှင်ရိုက်ကွင်းများ ငှားရမ်းခြင်းကို သာသနာရေး ဝန်ကြီး ဌာနက တားမြစ်ခဲ့သည်။

”အရင်တုန်းကတော့ အဲ့ဒီမှာပဲ ရိုက်ကွင်းတော်တော်များများ ရိုက်ကြတယ်။ ဈေးကလည်း အရမ်းသက်သာ တယ်။မင်္ဂလာပွဲ၊ အလှူ၊ ရဲစခန်း၊ ဆေးရုံ ရိုက်ကွင်းအစုံပဲ ဒါပေမဲ့ ဒါတွေဟာ သာသနိက အဆောက်အဦနဲ့ မသက် ဆိုင်ဘူး ဆိုပြီး လွန်ခဲ့တဲ့ ရှစ်လလောက် ကတည်းက သာသနာရေးက ပိတ်ပင်ခဲ့ တယ်”ဟု ရိုက်ကွင်းမန်နေဂျာ ကိုသက် ထွေးက ဆိုသည်။

အလှူများ၊ မင်္ဂလာပွဲများ လက်ခံ ကျင်းပခြင်း၊ ရိုက်ကွင်းများငှားရမ်းခြင်း တို့ကြောင့် ရရှိလာသော ဝင်ငွေပမာဏ ကို အသေအချာ မသိရဘဲ ယင်းငွေများ မှာ သာသနာရေး ဝန်ကြီးဌာနထံသို့သာ စီးဆင်းသွားဖွယ်ရှိသည်ဟု ဆရာတော် ဦးဥတ္တရက မိန့်သည်။

”တစ်နှစ်ကို ကျပ်သိန်း ၅ ထောင် ထက် နည်းဖို့မရှိဘူးထင်ပါတယ်။ ဒါက လည်း သာသနာရေးကိုပဲ ရောက်သွား လိမ့်မယ် ထင်တာပဲ”ဟု ၎င်းက မိန့် သည်။ သာသနာရေးဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူး ဦးထွန်းညွန့်ကမူ ”ဒီခေတ် ဒီအခါမှာ စွပ်စွဲမှုတွေ လုပ်လည်း လုပ် လို့ရတဲ့ ခေတ်ကိုးဗျ။ လုပ်ပါ ရပါတယ်။ တစ်ခုကိုပဲ အခိုင်အမာ ပြောချင်တယ်။ ဒါက သာသာနာ့ ငွေ။ သာသာနာရေး ဝန်ကြီးဌာနက တစ်ပြားမှ မယူဘူး”ဟု ပြောသည်။

ထိုဝင်ငွေများကို ဂေါပက အဖွဲ့က သာ ကိုင်တွယ်ပြီး ဘဏ်စာရင်းဖွင့်ထား သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ မဟာသန္တိသုခကျောင်းတိုက်ကို ၂ဝဝ၃ ခုနှစ်တွင် ကျောင်းဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ မရှိခြင်း၊ လုပ်ကိုင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကို ဆက်လက်ထားရှိလျှင် ကျောင်းကြီး ပျက်စီးနိုင်ခြင်း၊ ကျောင်းတိုက်တွင် အကြွေးများစွာရှိနေခြင်း စသည့် အကြောင်းပြချက်များဖြင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပသာသနာပြု ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ပီနန်ဆရာတော်မှာ ယင်းကျောင်း တော်ကြီးတွင် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါ ရီ ၂ဝ မှစကာ အာဂန္တုအဖြစ်

သတင်း သုံးနေပြီး ယခုအချိန်အထိ သံဃာမဟာ နာယကအဖွဲ့က ယင်းကျောင်းတော်မှ ထွက်ခွာသွားရန် နှစ်ကြိမ်တိုင်တိုင် သတိပေး အကြောင်းကြားခဲ့သည်။ဒုတိယမြောက် အကြောင်းကြား စာအရ ပီနန်ဆရာတော်မှာ ယင်း ကျောင်းတော်မှ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ပြောင်းရွှေ့ ပေးရမည် ဖြစ်သော်လည်း ဆရာတော်
က မ ပြောင်းရွှေ့ပေးနိုင်ဘဲ တရားဥပဒေအရ သံဃာမဟာနာယကအဖွဲ့ကို ရင်ဆိုင် သွားမည်ဟု သိရသည်။

ဗုဒ္ဓတရားတော်များကို နိုင်ငံခြား ဘာသာစကားများဖြင့် ကျွမ်းကျင်စွာ ဟောပြောပြသနိုင်သည့် ပြည်ပ သာသ နာပြု ပုဂ္ဂိုလ်များကို လေ့ကျင့်သင်ကြား ပေးရန်အတွက် နိုင်ငံတော် အစိုးရက တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်တွင် တိပိဋကနိကာယသာသနာပြု ဥပဋ္ဌာက ပြည်ပသာသနာပြုအဖွဲ့ ဥက္ကဋ္ဌအား စင်ကာပူ ပီနန်ကျောင်း အမည်ဖြင့် သာသနာ့ မြေဂရန် ချပေးပြီး မဟာ သန္တိသုခ ကျောင်းတိုက်ကို တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျောင်းတိုက်ကို ၁၉၉၆ ခုနှစ်တွင် ပန္နက်တင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တည်ဆောက်စ ရိတ်ကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော် ကုန်ကျခဲ့ကြောင်း၊ ကုန်ကျစရိတ်များ အနက် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီကကျပ်သိန်း ၁ဝဝဝ၊ မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာန က ကျပ်သိန်း ၁ဝဝဝ၊ အေးရှားဝေါလ် ကုမ္ပဏီက ကျပ်သိန်း ၁၄ဝဝ၊ ပီနန်ဆရာ တော်ကြီး၏ နိုင်ငံခြား ဒါယိကာမများက ကျပ်သိန်း ၁ဝဝဝ၊ ပြည်တွင်းစေတနာရှင် များက ကျပ်သိန်း ၂၁ဝဝ ကျော် လှူ ဒါန်းခဲ့ကြပြီး လိုအပ်ငွေကျပ် သိန်း ၂ဝဝဝ ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ချေးယူ၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ၏ ချေးငွေကျပ်သိန်း ၂ဝဝဝ ကိုလစဉ်ကျပ် ၁ဝ သိန်းဖြင့် ပြန် လည်ပေးဆပ်ခဲ့ရာ ၂ဝ၁၂ ခုနှစ် မတ် ၁၆ ရက်တွင် အကျေပြန်လည်ပေးဆပ် နိုင်ခဲ့ကြောင်း သိရသည်။

MTA, KYL

Popular Myanmar Journal