အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲအတွက် လုံခြုံရေး တင်းကျပ်

ပို့စ်တင်ချိန် - 4/05/2014 09:18:00 PM


အာဖဂန်နစ္စတန်နိုင်ငံမှာ ဧပြီလ ၅ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲအတွက် ကဘူးလ်မြို့တော်မှာ စနေနေ့မနက်က လုံခြုံရေးတွေ တင်းကျပ်ထားခဲ့ ပါတယ်။

ရွေးကောက်ပွဲမကျင်းပခင် တရက်ကြို ဧပြီ ၄ ရက်နေ့ကလည်း တာလီဘန်တွေ တိုက်ခိုက်ခဲ့လို့ အေပီသတင်းထောက်တဦး သေဆုံးခဲ့ပြီး နောက်သတင်းထောက်တဦးလည်း ဒဏ်ရာရခဲ့ကြပါ တယ်။

ဧပြီ ၅ ရက်နေ့မနက် ၇ နာရီမှာ မဲရုံတွေကို စတင်ဖွင့်လှစ်ပြီး မဲပေးခွင့်ရကြတဲ့ အာဖဂန်ပြည်သူ ၁၃ သန်းဟာ သူတို့ရဲ့ သမတသစ်ကို ရွေးချယ်ကြတော့မှာဖြစ်ပါတယ်။

တာလီဘန်တွေကတော့ အမေရိကန်နောက်ခံတဲ့ရွေးကောက်ပွဲဖြစ်လို့ဆိုပြီး တနိုင်ငံလုံးမှာ နှောင့်ယှက်ဖျက်ဆီးဖို့ တာလီဘန်တိုက်ခိုက်ရေးသမားတွေကို စေလွှတ်ထားပြီး အခုချိန်အထိ ရွေးကောက်ပွဲကို နှောင့်ယှက်တဲ့ တိုက်ခိုက်မှုတွေမှာ လူတွေဒါဇင်နဲ့ချီ သေဆုံးခဲ့ကြရပြီး ဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ ရွေးကောက်ပွဲအတွက် အာဖဂန်လုံခြုံရေး ၃ သိန်းခွဲ တပ်ချထားပြီး တာလီဘန်တွေရဲ့ အမာခံမြို့ဖြစ်တဲ့ ကင်ဒါဟာမြို့ကိုတော့ လုံးဝပိတ်ဆို့ထားလိုက်ပါတယ်။ မြို့ခံတွေကို အိမ်မှာပဲ နေကြဖို့ အစိုးရက အကြံပြုထားပါတယ်။

လက်ရှိသမ္မတ ကာဇိုင်းကတော့ သမ္မတသက်တမ်း ၂ ခုလုံး ကုန်ဆုံးပြီး သမတသစ်ကို အာဏာ လွှဲပြောင်းပေးရတော့မှာဖြစ်ပေမယ့် အာဖဂန်နိုင်ငံရေးမှာ သူ့ရဲ့သြဇာဆက်ရှိနေအုံးမယ်လို့ သုံးသပ်ကြပါတယ်။

၂၀၀၁ ခုနှစ်မှာ အမေရိကန်ခေါင်းဆောင်တဲ့ အနောက်နိုင်ငံတွေက တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပြီး ၁၃ နှစ်တာကာလအတွင်းမှာ အာဖဂန်နစ္စတန်နိုင်ငံဟာ သွေးစွန်းတဲ့ရက်တွေသာ များခဲ့ပြီး အရပ်သား အနည်းဆုံး ၁၆၀၀၀ ကျော်၊ နိုင်ငံခြားတပ်ဖွဲ့ဝင် ၃၅၀၀ ကျော် နဲ့ အာဖဂန်လုံခြုံရေးတွေ ထောင်ချီပြီး သေဆုံးခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး နိုင်ငံတည်ဆောက်ရေးအတွက် သုံးစွဲခဲ့ရပါတယ်။ ၂၀၁၄ အကုန်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားတပ်အများစုကို ပြန်ရုပ်သိမ်းတော့မှာဖြစ်ပြီး တိုက်ခိုက်ရေးမဟုတ်တဲ့ အမေရိကန်တပ်အင်အား ၁ သောင်းလောက်ကိုပဲ ဆက်ထားဖို့ အမေရိကန်နဲ့ အာဖဂန်သမတသစ်တို့ ဆုံးဖြတ်ကြရမှာလည်း ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံဟာ တောင်ထူထပ်ပြီး သွားလာရခက်ခဲ့တဲ့ နိုင်ငံဖြစ်တာကြောင့် ရွေးကောက်ပွဲ ကနဦးရလဒ်တွေကိုတောင်မှ ရွေးကောက်ပွဲကျင်းပပြီး တလခွဲအကြာမှ ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုလဲဖြစ်ဖြစ် ပြဿနာပေါင်းစုံနဲ့ ကျင်းပခဲ့တဲ့ ၂၀၀၉ သမ္မတ ရွေးကောက်ပွဲထက်တော့ သာလိမ့်မယ်လို့ အာဖဂန်ပြည်သူအများစုက မျှော်လင့်နေကြပါတယ်။


DVB Burmese