ယူကရိန်းနှင့်ရုရှား ထောက်ခံသူ ၂ စုကြား ပဋိပက္ခဖြစ်

ပို့စ်တင်ချိန် - 4/29/2014 06:38:00 PM


ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဒန်ညက်စ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ယူကရိန်း ထောက်ခံသူတွေနဲ့ ရုရှားထောက်ခံသူတွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ယူကရိန်းထောက်ခံသူ ၂ ထောင်လောက်က ဒန်ညက်စ်မြို့တွင်း ယူကရိန်းအလံတွေကို ဝှေ့ယမ်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာကို စစ်ဝတ်စုံနဲ့ ရုရှားထောက်ခံသူတွေက ဘော့ဘော ပတ်တံတွေနဲ့ ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက လူတွေ ဦးခေါင်းမှာ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဒဏ်ရာမပြင်းထန်ပေမယ့် ယူကရိန်းအရှေ့ပိုင်းမှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သွေးထွက် သံယိုမှု ဖြစ်ပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းအရေးမှာ ၀င်ရောက်စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှား ထိပ်တန်းခေါင်းဆောင် ၇ ဦးနဲ့ သမ္မတပူတင်နဲ့ နီးစပ်တဲ့ ရုရှားကုမ္ပဏီ ၁၇ ခုကို အမေရိကန်နိုင်ငံက ဧပြီ ၂၇ ရက်နေ့မှာ ထပ်မံ ပိတ်ပင်လိုက်ပါတယ်။

ပိတ်ပင်ခံရသူတွေထဲမှာ ရုရှားနိုင်ငံရဲ့ အဓိကရေနံကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌနဲ့ ရုရှားအဆင့်မြင့်နည်းပညာကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌတို့လည်း ပါဝင်ခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ စွမ်းအင် နဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေ အပါအ၀င် ရုရှားနိုင်ငံရဲ့အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ပင်တာ ဖြစ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ ပိတ်ပင်မှုတွေ အားလုံးဟာ ရုရှားခေါင်းဆောင်တဦးချင်းစီနဲ့ စီးပွားရေး လုပ်ငန်း တခုချင်းစီကို အတိအကျ ပစ်မှတ်ထားပိတ်ပင်တာလည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာကစ်မြို့ မြို့တော်ဝန်ဟာ ဧပြီ ၂၇ ရက်နေ့က သေနတ်ပစ်ခံရပြီး ဒဏ်ရာရခဲ့ပါတယ်။

မြို့တော်ဝန်ဟာ ယူကရိန်းအစိုးရကို ထောက်ခံသူတဦး ဖြစ်ပြီး ယူကရိန်းနိုင်ငံခွဲထွက်ရေးနဲ့ ယူကရိုင်းပိုင် နယ်တွေကို သိမ်းပိုက်တာတွေကို ဆန့်ကျင်သူတဦးလည်း ဖြစ်ပါတယ်။

DVB Burmese