ကြိုတင်ကာကွယ် မီးအန္တရာယ်

ပို့စ်တင်ချိန် - 4/29/2014 09:35:00 AM


မီးသတ်ဘူး



အဆောက်အဦတိုင်းတွင် မီးသတ်ဘူးဆောင်ထားသင့်ပြီး ယာဉ်ပေါ်တွင်လည်း မီးသတ်ဘူး ဆောင်ထားသင့်ပြီး ယာဉ်ပေါ်တွင်လည်း မီးသတ်ဘူး ဆောင်ထားသင့်ပါသည်။ မီးသတ်ဘူးသည် မီးစစလောင်ချင်း မီးငြှိမ်းသတ်ရာ၌ အလွန်အသုံးတည့်သည်။ မီးကူးစက်လောင်ကျွမ်းခြင်းကြောင့် မီးကြီးလောင်သည့်အဖြစ်သို့ မရောက်ရှိအောင် အချိန်မီ တားဆီးနိုင်စွမ်းရှိသည်။
လောင်ကျွမ်းသည့် မီးအမျိုးအစားနှင့်ဆီလျော်သည့် မီးသတ်ဘူး အမျိုးမျိုးကို ထုတ်လုပ်ထားကြရာ၌ အခြေခံအားဖြင့် မီးအမျိုးအစားကို လေးမျိုးခွဲခြားထားကြသည်။
- မီးလောင်လွယ်သော ပစ္စည်းများဖြစ်ကြသည့် စက္ကူ၊ သစ်သား၊ ပလတ်စတစ် အစရှိသည်တို့ လော်ကျွမ်းခြင်းဖြစ်သည်။
- မီးလောင်လွယ်သည့် အရည်များ ဖြစ်ကြသည့် ဓာတ်ဆီ၊ ရေနံဆီ အစရှိသည်တို့ လောင်ကျွမ်းခြင်းဖြစ်သည်။
- လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းကိရိယာများ လောင်ကျွမ်းခြင်း ဖြစ်သည်။ ဤမီးမျိုးကို ရေဖြင့်ငြှိမ်းသတ်သူအဖို့ ရေမှတစ်ဆင့် ဓာတ်လိုက်သေဆုံးနိုင်သည်။ လျှပ်မကူးသည့် အမှုန့်များပက်ဖျန်းခြင်း၊ ဓာတ်ငွေ့ဖြင့် လွှမ်းပစ်ခြင်းတို့ဖြင့် ငြှိမ်းသတ်ကြရပေသည်။
- မီးလောင်ပါကအရှိန်ပြင်းထန်သည့် အရာများ လောင်ကျွမ်းခြင်းဖြစ်သည်။ မဂ္ဂနီဆီယမ်၊ တိုင်တေနီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ် အစရှိသည်တို့ လောင်ကျွမ်းခြင်း ဖြစ်သည်။
ထိုသို့ လေးမျိုးခွဲခြားသည့်အပြင် နောက်ထပ်တစ်မျိုးတိုးပြီး သတ်မှတ်ခြင်းမျိုး ရှိနေပေသေးသည်။
- စားသောက်ဆိုင်တွင် စားသုံးဆီ၊ တိရစ္ဆာန်အဆီ အစရှိသည့် ဆီလောင်ကျွမ်းခြင်းအတွက် ရည်ရွယ်ထုတ်လုပ်သည့် မီးသတ်ဘူး ဖြစ်သည်။
မီးတို့ကို အတန်းအစား ခွဲခြားသတ်မှတ်ပြီး အက္ခရာစဉ်ထိုးသည့် စနစ်များရှိကြရာ၌ Class A, Class B စသဖြင့် အုပ်စုများ ခွဲခြားသတ်မှတ်ပါသည်။
မီးသတ်ဘူးပေါ်တွင် မည့်သည့်မီးအမျိုးအစားကို ငြှိမ်းသတ်နိုင်ကြောင်း ဖော်ပြပေးထားသည်။ မီးအမျိုးအစားနှင့် မီးသတ်ဘူးအမျိုးအစား ဆီလျော်ဖို့ အရေးကြီးသည်။ မှားယွင်းသုံးစွဲမိပါက သေနိုင်သည်အထိ အန္တရာယ် ကြီးမားပါသည်။ သို့ဖြစ်ရာ အရွေးမမှားဖို့ ဂရုစိုက်ရမည်ဖြစ်ပါသည်။ မီးလောင်တော့မှ မီးသတ်ဘူးကို ကောက်ကိုင်ပြီး ဘူးပေါ်မှ ဖော်ပြချက်ကို ဖတ်ရှုပြီး စဉ်းစားဆုံးဖြတ်ရန် မဟုတ်ပါ။ အစောကတည်းက ဖတ်ရှုပြီး အကြောင်းသိအောင် လုပ်ထားရမည် ဖြစ်ပါသည်။ ဤသို့ ရေးသားတိုက်တွန်းရသည်မှာ မီးသတ်ဘူးပေါ်ရှိ ဖော်ပြချက်တို့ကို ဖတ်ရှုသူ အတော်နည်းနေ၍ ဖြစ်ပါသည်။ မဆိုင်သလိုသာ နေလိုက်ကြသည်က များပါသည်။
ယခုအခါ အသုံးများကြသည်မှာ မီးငြိမ်းသတ်ပေးသည့် ဓာတုပေါင်ဒါမှုန့်အခြောက်( Dry Chemical Powder) မီးသတ်ဘူးနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်(Co2) ဓာတ်ငွေ့မီးသတ်ဘူးတို့ ဖြစ်ပါသည်။ ၄င်းမီးသတ်ဘူး နှစ်မျိုးစလုံးသည် မီးလောင်လွယ်သည့် စက္ကူ၊ သစ်သားထည် စသည့် ပစ္စည်းများ လောင်ကျွမ်းသည့်မီး၊ လောင်စာဆီ အမျိုးမျိုးကြောင့် လောင်ကျွမ်းသည့်မီး၊ ဂက်စ်ဓာတ်ငွေ့ကြောင့် လောင်ကျွမ်းသည့်မီးနှင့် လျှပ်စစ်ဝါယာကြိုး ရှော့ခ်ဖြစ်ရာမှ လောင်ကျွမ်းသည့် မီးတို့ကို ငြိမ်းသတ်ရာ၌ အသုံးပြုနိုင်သည်။
မီးသတ်ဘူးသုံးစွဲရာတွင် အဓိကကျသည့်အချက်(၄)ချက်
မီးသတ်ဘူးဖြင့် မီးငြှိမ်းသတ်သောအခါ အဓိကကျသည့် အချက်(၄)ချက် ရှိပါသည်။
ပင်(Pin)ကိုဖြုတ်
ပင်သည် မီးသတ်ဘူး ထိပ်ပိုင်းတွင် ရှိပါသည်။ မတော်တဆပွင့်ထွက်ခြင်း မရှိစေရန်အတွက် ပင်ထိုးပြီး သော့ခတ်ထားခြင်း ဖြစ်သည်။ အသုံးပြုသူအနေဖြင့် ၎င်းပင်ကို ဖြုတ်ရမည် ဖြစ်သည်။
မီးအခြေကို ချိန်ငြှိမ်း
မီးလောင်နေသည်ကို အပေါ်မှ အုပ်လွှမ်းပြီးငြှိမ်းလျင် ငြိမ်းသွားမည်ဟု ထင်တတ်ကြသည်။ အကယ်စင်စစ် အထိရောက်ဆုံးနည်းမှာ အခြေဧရိယာသို့ မီးသတ်ဘူးကို ချိန်ပြီး မီးငြှိမ်းသတ်ရမည် ဖြစ်ပါသည်။ ဤအချက်သည် အရေးအကြီးဆုံး သော့ချက် ဖြစ်ပါသည်။
လက်ကိုင်လီဗာကို ဖြည်းဖြည်းညှစ်
မီးသတ်ဘူးကို သုံးစွဲရာ၌ လီဗာတံကို ဖိညှစ်ပြီး သုံးစွဲရပေရာ လီဗာတံကို ဖြည်းဖြည်းသက်သာစွာ ဖိပေးရမည်ဖြစ်ပြီး ထိုသို့ဖိပေးထားစဉ်၌သာလျှင် မီးသတ်ဘူးသည် ပက်ဖြန်းပေးမည်ဖြစ်သည်။ လွှတ်လိုက်သောအခါ ရပ်သွားမည် ဖြစ်သည်။
ဘေးတိုက်လွှဲရမ်းပြီး ဖြန်း
တစ်နေရာတည်းချိန်ပြီး ပက်ဖြန်းခြင်းမပြုဘဲ တစ်ပြင်လုံးကို ငြှိမ်းပေးနိုင်ရန် ဘေးတိုက်ချာရမ်းပေးရင်း ပက်ဖြန်းပေးရမည်ဖြစ်သည်။ မိမိထံ မီးမကူးမဟပ်နိုင်သည့် ပေအနည်းငယ်အကွာမှ ပက်ဖြန်းရမည် ဖြစ်သည်။ အ၀တ်အစားနှင့် ဆံပင်တို့သည် မီးဟပ်ပြီး ကူးစက်လွယ်သည်ကို သတိပြုပါ။
မီးသတ်ဘူးသည် ခေတ္တမျှသာ ပက်ဖြန်းနိုင်ပါသည်။ သို့ဖြစ်ရာ ဘူးထဲ မကုန်ခင် ထိရောက်စွာ ပက်ဖြန်းငြှိမ်းသတ်နိုင်ဖို့ လိုပါသည်။ တစ်ခါသုံးစွဲပြီးချိန်၌ ဘူးထဲတွင် လက်ကျန်ရှိကောင်းရှိနေဦးမည် ဖြစ်သော်လည်း မီးငြှိမ်းသတ်မည်ဆိုပါက ထိရောက်မှုရှိမည်မဟုတ်ချေ။ မီးငြှိမ်းသတ်ပြီးသော်လည်း ချက်ချင်း ထွက်မသွားပါနှင့်။ အချိန်အတန်ကြာသည်အထိ စောင့်ကြည့်ပေးပါ။ ငုပ်လျှိုးနေသော မီးကြွင်းမီးကျန်မှ အသစ်တဖန် မီးပြန်လောင်တတ်ပါသည်။
မှတ်ချက်။ မန်းသူစေးရေးသားသော သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် အရေးပေါ်စီမံချက်များ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။


MOI Webportal Myanmar