ကားမီးလောင်ရာတွင် ပါသွားသည့် သန်းခေါင်စာရင်း စာရွက်များ အသစ်ပြန်ကူးနေပြီ

ပို့စ်တင်ချိန် - 4/29/2014 05:04:00 PM

ကားမီးလောင်ရာတွင် ပါသွားသည့် နောင်တရားမြို့နယ်မှ သန်းခေါင်စာရင်းစာရွက်တချို့ ပျက်စီးသွားသဖြင့် အသစ်ပြန်လည် ကူးယူနေသည်ကို ဧပြီလ ၂၉ ရက် နံနက်က တောင်ကြီးခရိုင် လဝကရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း)

ဂျွန်ချစ်ငြိမ်း

တောင်ကြီး၊ မဇ္ဈိမ။ ။ကားမီးလောင်ရာတွင် ပါသွားသည့် နောင်တရားမြို့နယ်၏ သန်းခေါင်စာရင်း စာရွက်စာတမ်းအချို့ကို စက်ဖတ်၍ မရနိုင်တော့သဖြင့် အသစ်ပြန်လည်ကူးနေပြီဟု တောင်ကြီးခရိုင် လဝက ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ဧပြီ ၂၉ရက်က မဇ္ဈိမကို ပြောသည်။

" ဘေးသားတွေ ပဲလောင်သွားတော့ စာတွေကမြင်နေရပါတယ်၊ ဖတ်မရအောင်ပျက်စီးသွားတာ မရှိပါဘူး၊ ပြန်ကူးလို့ရတဲ့ အနေထားကြောင့် သန်းခေါင်စာရင်းထပ်ကောက်သွားဖို့မလိုပါဘူး" ဟု တောင်ကြီးခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂၈ရက် နံနက်က တောင်ကြီးမြို့သို့ တက်မည့် အတက်လမ်းတွင် ပရိုဘောက်ကားတစ်စီး မီးလောင်ခြင်းကြောင့် ကားပေါ်တွင်ပါသည့် နောင်တရားမြို့နယ်အတွက် သန်းခေါင်စာရင်းကောက်ခံထားသည့် စာရွက်အချို့ ၁၀ရာခိုင်နှုန်း ပျက်ဆီးသွားသည်ဟု ခန့်မှန်းပြောဆိုခဲ့သော်လည်း အမှန်တကယ် စိစစ်ခွဲထုတ်၍ သန့်ရှင်းရာတွင် ပျက်ဆီးမှုပမာဏမှာ ၎င်းပမာဏထက်လျော့နည်းသည်ဟု ဦးရဲနောင်က ဆိုသည်။

အသစ်ပြန်လည်ကူးယူနေသည့် သန်းခေါင်စာရင်းစာရွက်များကို တောင်ကြီးမြို့နယ်၊ ခရိုင်၊ ပြည်နယ် မှ လ၀က ၀န်ထမ်းများဖြင့်သာ ပြန်လည်ကူးယူနေခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက် တစ်ရက်တည်းဖြင့် ပြီးစီးနိုင်သည်ဟု တောင်ကြီးခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ဆိုသည်။

အသစ်ကူးယူပေးထားသည့် သန်းခေါင်စာရင်းဆိုင်ရာစာရွက် နှင့် နှုတ်ခမ်းသားများမီးလောင်သွားသည့် သန်းခေါင်စာရင်းစာရွက် မူရင်းတို့ကို ပြန်လည် စစ်ဆေးသည့်အခါ ကွဲလွဲမှု မရှိစေရန် အတွက် အဆိုပါ နှစ်ခုလုံးကို နေပြည်တော်သို တွဲ၍ ပေးပို့ပေးသွားမည်ဟု တောင်ကြီးခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ပြောသည်။

ယခု မီးလောင်မှုကြောင့် အသစ်ပြန်လည်ကူးယူပေးနေသော သန်းခေါင်စာရင်း စာရွက်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက် မှ ကောက်ကွက် ၅ကွက်၊ ပုန်းအိမ်အုပ်စု ကောက်ကွက် ၄ကွက်၊ မြင်းတွင်း ၄ကွက်၊ နောင်ပီ ၂ကွက်၊ ဘုရားဖြူ ၂ ကွက် နှင့် ဘန့်ပြင် ၁ကွက် စုစုပေါင်း ကောက်ကွက် ၁၈ကွက်မှ ခန့်မှန်း သန်းခေါင်စာရင်းဆိုင်ရာ စာရွက်ရေ (၁၀၀၀) ဖြစ်သည်ဟု တောင်ကြီး ခရိုင် ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

Mizzima Burmese