ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှ ရဟန်းတစ်ပါးနှင့် ယောဂီအဖွဲ့ကို ပါတီတာဝန်ရှိသူများတွေ့မည်

ပို့စ်တင်ချိန် - 4/29/2014 11:11:00 AM



ရဟန်းတစ်ပါးနှင့် ယောဂီအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့တွင် ထိုင်နေကြစဉ် (ဓာတ်ပုံ - ကြည်တိုး)
 တက္ကသိုလ်ရိပ်သာလမ်း ရှိဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ တွင် နှစ်ရက်တိတိ တွေ့ခွင့်လာတောင်းခံခဲ့သော ထားဝယ်မှ ရဟန်းတစ်ပါးနှင့်အဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်တွင် ပါတီတာဝန်ရှိသူများက လက်ခံတွေ့ဆုံသွားမည်ဟု သတင်းရရှိသည်။

ထားဝယ်မှ ဦးပဉ္စင်းဦးစန္ဒမာလာသည် ထားဝယ်မြို့လောင်းလုံတွင် သီတင်းသုံးနေစဉ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော်များနှင့် ကျောင်းကိစ္စပြဿနာဖြစ်ပွား၍ ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းပေးရန် လာရောက်တောင်းဆိုခြင်းဖြစ်သည်ဟု သိရှိရသည်။

‘‘ကျောင်းပြဿနာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဖြေ ရှင်းပေးဖို့ လာတောင်းဆိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဖို့ အဆင်မပြေတဲ့အတွက် ပါတီဗဟိုအလုပ်အမှုဆောင်အ ဖွဲ့အနေနဲ့ မနက်ဖြန်တွေ့ဖို့ရှိပါ တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်၏ ပြောရေးဆိုခွင့်ရှိသူတစ် ဦးဖြစ်သည့် ဒေါက်တာတင်မျိုး ၀င်းကပြောသည်။

ဦးစန္ဒမာလာနှင့်အဖွဲ့သည် ဧပြီ ၂၆ရက်ကပင် ဒေါ်အောင် ဆန်းစုကြည်ခြံရှေ့တွင် လာထိုင် နေခြင်းဖြစ်ပြီး ဘုန်းကြီးတစ်ပါးက ရှေ့တွင် တရားဟောသည့်ပုံစံ ဖြင့် ထိုင်၍ ယောဂီဝတ်စုံဝတ်အ မျိုးသမီးများက တရားထိုင်သည့် ပုံစံဖြင့်ထိုင်နေခြင်းဖြစ်သည်။

သို့ရာတွင် ၎င်းအဖွဲ့သည် တရားဟောခြင်းမျိုးပြုလုပ်ခဲ့ခြင်း မရှိဟု ဒေါက်တာတင်မျိုးဝင်းကပြောသည်။

ဧပြီလ ၃ရက်ခန့်ကပင် မရမ်းကုန်းမြို့နယ်မှ မြေသိမ်းခံရသူများက ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ရှေ့သို့ သွားရောက်၍ ဖြေရှင်းပေးရန်တောင်းဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က အပြင်ထွက်တွေ့ဆုံပြီး အတတ်နိုင်ဆုံးပြေလည်အောင်ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်။

ထိုအချိန်မှစ၍ နေ့စဉ်ရက် ဆက်ဆိုသလိုပင် မြေသိမ်းခံပြ ဿနာများဖြေရှင်းပေးရန် ဆန္ဒပြ တောင်းဆိုမှုများရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ခွင့်မရရှိခဲ့ကြပေ။

7day daily