လာမည့် သင်္ကြန် တွင် Light Truck ယာဉ် ပေါ်ပါ လူဦးရေကန့်သတ်ချက် များအား ထုတ်ပြန်သွားမည်

ပို့စ်တင်ချိန် - 4/20/2014 08:31:00 PM


ယခုနှစ်သင်္ကြန်အတွင်း Light Truck ယာဉ်များ မဆင်မခြင်မောင်းနှင်မှုနှင့် လူဦးရေ ပိုမို တင်ဆောင်မှုများ ကြောင့် အခြားယာဉ်များထက်ယာဉ်တိမ်းမှောက်မှုများ ပိုမိုဖြစ်ပွားခဲ့သဖြင့် လာမည့်သင်္ကြန်ရက်ကာလများတွင် Light Truck ယာဉ်များနှင့်ပတ်သက်၍ ယာဉ်ပေါ်စီးနင်းမည့် လူဦးရေကန့်သတ်ချက်များ ထုတ်ပြန် သွားမည် ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရ သည်။

“သာမန်အားဖြင့် Light Truck ယာဉ် တွေအနေနဲ့ သတ်မှတ်ထားတဲ့လူဦးရေထက် ပိုမိုတင်ဆောင်ပြီး အရှိန်ပြင်းမောင်းနှင်မှုနဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေကြောင့် ဒီနှစ်သင်္ကြန်မှာ ယာဉ်မတော်တဆမှုတွေ ပိုဖြစ် လာတယ်။ ဒါကြောင့် နောက်နှစ် သင်္ကြန်တွေမှာ ဒါနဲ့ပတ်သက်ပြီး အသိပေးနှိုးဆော်ကန့်သတ်ချက် စည်းကမ်း တွေကို ထုတ်ပြန်သွားဖို့ရှိပါတယ်” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ယခုနှစ်သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၆၂ ခုမှ ဒဏ်ရာရရှိသူ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၆၇ဦးနှင့် သေဆုံးသူ အမျိုးသား ၁၃ ဦး၊အမျိုးသမီး ၂ ဦးရှိခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆဖြစ်စဉ်များတွင် Light Truck ယာဉ်များမှာ မှုခင်းဖြစ်စဉ်ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် ၁၃ မှုနှင့် နယ်နိမိတ်ပြင်ပတွင် တစ်မှုဖြင့် စုစုပေါင်း ၁၄ မှုထိဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိသူ ၇၀နှင့် သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်းသိရသည်။

ယခုနှစ် သင်္ကြန်ရက်များတွင် ယာဉ်မတော်တဆဖြစ်စဉ် ၆၂ ခုဖြစ်ပွားခဲ့သော အကြောင်းအရင်းများ ကိုပြန်လည် သုံးသပ်ကြည့်ပါက ယာဉ်မောင်းသူ၏ မဆင်မခြင်မောင်းနှင်မှု၂၁ မှု၊ လမ်းကူးသူပေါ့ဆမှု လေးမှု၊ခရီးသည် ပေါ့ဆမှုကြောင့် နှစ်မှု၊ အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ၁၆ မှု၊ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှု၁၇ မှု၊ အရက်သေစာသောက်စားမောင်းနှင်မှု ၂ မှုတို့အားတွေ့ရှိခဲ့သည်။

ပါဝင်ခဲ့သော ယာဉ် အမျိုးအစားအရ မှုခင်းဖြစ် စဉ်များမှာကိုယ်ပိုင်ယာဉ်များကြောင့် ၃၀ မှု၊အငှားယာဉ်များကြောင့် ငါးမှု၊ခရီးသည်တင်ယာဉ်များ ကြောင့် ခြောက်မှု၊ မော်တော်ဆိုင်ကယ်
များ ကြောင့်၁၃မှု၊တက္ကစီယာဉ်များကြောင့် လေးမှု၊ထော်လာဂျီများ ကြောင့်၎ မှုရှိခဲ့သည်။

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ၄၉ မှုနှင့်နယ်နိမိတ်ပြင်ပတွင် ၁၃ မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ဒီနှစ်သင်္ကြန်မှာ ရေကစားတာပိုများလာသလို ကားတွေထွက်လာတာလည်း များလာပါတယ်။ ဒီအချက်တွေ ထဲမှာ ယာဉ်တွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်တာပါတယ်။လစဉ် ယာဉ်တစ်သောင်းကျော် တိုးလာတာ လည်းပါပါတယ်” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှဒုတိယရဲမှူးကြီး လင်းထွဋ် ကပြော သည်။
ယခုနှစ် သင်္ကြန်ရက်များအတွင်းယာဉ်မတော်တဆဖြစ်မှုများထက်ယခင်နှစ်ထက် ၁၆ မှု ပိုမိုဖြစ်ပွား ခဲ့ပြီး၂၀၁၃ ခုနှစ်တွင် ယာဉ်မတော်တဆမှုဖြစ်စဉ် ၄၆ မှုတွင် ဒဏ်ရာရရှိသူ ၉၂ ဦးနှင့် သေဆုံးသူ လေးဦးသာရှိ ကြောင်းသိရသည်။
စိုးအောင်ဖေ

MOI Webportal Myanmar