နို့ဘီလူးဇာတ်ကားအား ရိုက်ကူးခွင့်မကျခင် ရိုက်ကူးခဲ့ခြင်းကြောင့် ရိုက်ကူးခွင့် တစ်လပိတ်ပင်ခံလိုက်ရတဲ့ ဇာတ်ကားထုတ်လုပ်သူနှင့် ဒါရိုက်တာလူမင်း

ပို့စ်တင်ချိန် - 6/08/2014 04:40:00 AM


နို့ဘီလူးဇာတ်ကားအား ရိုက်ကူးခွင့်မကျခင် နယ်ထွက်ရိုက်ကူးခဲ့ခြင်းအတွက် ဇာတ်ကား၏ ထုတ်လုပ်သူ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဒါရိုက်တာလူမင်းတို့အား ဇာတ်ကားရိုက်ကူးခွင့် တစ်လပိတ်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အနုပညာလောကအတွင်း ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်အစည်းအရုံးနာယကကြီးများ ဦးဆောင်သည့်အဖွဲ့က ပြန်လည်စီစစ်လိုက်တဲ့အခါမှာ “ရိုက်ကူးခွင့်မကျမီ ရိုက်ကူးခဲ့ခြင်းကို တွေ့ရှိရတာကြောင့် ဆုံးဖြတ်လိုက်တာပါ။

ပြီးတော့ နို့ဘီလူးဇာတ်ကားက ရိုက်ကူးခွင့်မကျခင်မှာ ရိုက်ကူးတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တယ်။ ဒီအတွက်ကျွန်တော်တို့ နာယကကြီးတွေ ဦးဆောင်ပြီး ဇာတ်ကားရိုက်ကူးရာမှာ လိုအပ်တဲ့အချက် အဆင့်ဆင့်ကို စစ်ဆေးပါတယ်။ အဲဒီမှာ ရိုက်ကူးခွင့်မကျခင် ရိုက်ကူးခဲ့တာကို တွေ့ရှိရတဲ့အတွက် ဇာတ်ကားရဲ့ အဓိက တာဝန်ရှိသူတွေဖြစ်တဲ့ အောင်သီရိထုတ်လုပ်ရေးနဲ့ ဒါရိုက်တာလူမင်းတို့ကို အရေးယူလိုက်တာပါ လို့ ရုပ်ရှင်အစည်းအရုံးမှ နာယကတစ်ဦးဖြစ်သူ ဒါရိုက်တာမောင်နှင်းမိုးက ဆိုပါတယ်။

နောက်ပြီး နို့ဘီလူးဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကလည်း “ဒီဇာတ်ကားရဲ့ဖြစ်စဉ်က ဇာတ်ကားတစ်ကားရိုက်မယ်ဆိုရင် ဇာတ်လမ်းစီစစ်ခွင့်ပြုရေးကို တင်ရတယ်။ အဲဒီကကျပြီးမှ ဇာတ်ကားရိုက်ကူးခွင့် တင်ရတာပါ။ ကျွန်တော်တို့က ဇာတ်လမ်းစီစစ်ကို တင်ထားပေမယ့် သင်္ကြန်ပိတ်ရက်က ခံသွားတော့ အစည်းအဝေးက မရှိတော့ဘူး။ ကျွန်တော်တို့ကလည်း ဇာတ်လမ်းစီစစ်က ပြန်ကျလာတဲ့အခါ ထောက်တာတွေ၊ ပြင်ခိုင်းတာတွေရှိရင် အဲဒီ့အတိုင်းပဲ ပြန်လည်ရိုက်ကူးပါမယ်ဆိုတဲ့ ခံဝန်ကတိနဲ့ ရိုက်ကူးဖြစ်ကြတာပါ။ ဇာတ်ကားတစ်ကား ရိုက်ကူးဖို့အတွက် မင်းသား၊ မင်းသမီးအပါအဝင် လိုအပ်တာတွေကို ခြောက်လလောက် ကြိုတင်ပြင်ဆင်ရပါတယ်။ ကျွန်တော်တို့ကလည်း အဲဒီ့ရက်မှာ အားလုံးပြင်ဆင်ထားပြီးသား ဖြစ်နေတော့ ရိုက်လိုက်တဲ့ သဘောပါပဲ။ ဒီဖြစ်စဉ်က ဒီဇာတ်ကားမှ စပြီးဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ အရင်ကလည်းဒီလိုပဲ အခက်အခဲ တစ်ချို့ရှိလာတဲ့အခါ ရိုက်ကြတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာကကျွန်တော် ဖြစ်နေတော့ ပိုပြီး ဝေဖန်မှုတွေများသွားတာပါ။ အခုနာယကကြီးတွေ စီစစ်တဲ့အခါမှာလည်း ရိုက်ကူးခွင့်မကျပဲ ရိုက်ကူးတယ်ဆိုတာကို စီစစ်တွေ့ရှိရတဲ့အတွက် ရိုက်ကူးခွင့် ပိတ်လိုက်တာပါ။ အဲဒါကိုလည်းကျွန်တော့်အနေနဲ့တော့ ခံယူပါတယ်။ ဘာမှပြောစရာမရှိပါဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။

စန္ဒီ
Trend Myanmar