ရွှေစက်တော်ဘုရား အောက်ခြေတော်ရာအား ဖန်အုပ်ဆောင်းဖြင့် အသစ်လဲရန်ပြင်ဆင်ရာမှ မူလခြေတော်ရာဟု ယူဆရသည့် အစိတ်အပိုင်းတွေ့ရှိခဲ့ကြောင်း သတင်းထွက်ပေါ်

ပို့စ်တင်ချိန် - 6/08/2014 11:52:00 AM


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ  ရွှေစက်တော်ဘုရား
 အောက်ခြေတော်ရာအား ဖန်အုပ်ဆောင်းဖြင့် အသစ်လဲရန် ပြင်ဆင်ရာမှ
 ဇွန် ၅ ရက် နံနက်ပိုင်းက မူလခြေတော်


ရာ၏ အစိတ်အပိုင်းဟု ယူဆရသည့် ကျောက်သားနှင့် ထွင်းထုထားသော နဂါးအမြီးပိုင်းသဏ္ဌာန်နှစ်ခု တွေ့ရှိခဲ့ကြောင်း လုပ်ငန်းခွင်အတွင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များထံမှ သိရသည်။

မန်းချောင်းရေတက်ချိန်တွင် အောက်ခြေတော်ရာအား ရေလွှမ်းလေ့ရှိသောကြောင့်  ယခင်နှစ်များက ပွဲတော်ချိန်ပြီးသည်နှင့် ယင်းခြေတော်ရာအား သံအုပ်ဆောင်းဖြင့် အုပ်ထားလေ့ရှိကြောင်း ထို့ကြောင့် ပွဲတော်ချိန်ပြင်ပ လာရောက်သောဘုရားဖူးများ အောက်ခြေတော်ရာအား ဆယ့်နှစ်ရာသီဖူးမြော်နိုင်ရန် သံအုပ်ဆောင်းအစား ဖန်အုပ်ဆောင်းဖြင့်လဲရန် ပြင်ဆင်နေစဉ် အဆိုပါအစိတ်အပိုင်းကို တွေ့ခဲ့ကြောင်းဂေါပကအဖွဲ့ဝင်များနှင့် ကိုယ်တိုင်ဖူးတွေ့ခဲ့ရသူများထံမှ သိရသည်။

“သံအုပ်ဆောင်းရဲ့နှုတ်ခမ်းသားအောက်ခြေက ရေမဝင်အောင်ကာထားတဲ့ အဝိုင်းစည်းတွေကိုခွာဖို့ ဖောက်စက်နဲ့ထိုးလိုက်တုန်း အခုဖူးတွေ့နေရတဲ့ ခြေတော်ရာရဲ့ ဝဲဘက်အောက်ခြေနားမှာ နဂါးအမြီးပိုင်းလို အစိတ်အပိုင်းနှစ်ခုနဲ့ ကြေးရောင်နတ်ခေါင်းပုံစံမျိုးလေးတွေ တွေ့ခဲ့ရတာပါ တွေ့ ပြီးပြီးချင်း ဂေါပကအဖွဲ့ဝင်တွေက ချက်ချင်းပြန်အုပ်ခိုင်းထားပြီး နောက်နေ့မှာ လုံခြုံရေးတွေနဲ့ လာစောင့်နေပါတယ်” ဟု ဖန်အုပ်ဆောင်း တပ်ဆင်ရေးလုပ်ငန်းခွင်မှ ကိုယ်တိုင်ဖူးတွေ့ခဲ့ရသူတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ The Daily Eleven သတင်းစာက ရွှေစက်တော်ဘုရား ဂေါပကဥက္ကဌ ဦးမျိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ “အပြင်မှာပြောသလို ခြေတော်ရာပုံစံတူတွေ့တယ်ဆိုတာ မဟုတ်ပါဘူး ကောလာဟလတွေပါ အခုအပြင်မှာ ဖူးတွေ့နေရတဲ့ ခြေတော်ရာလိုမျိုး အစိတ်အပိုင်းပါ မိုးရွာလို့ ရေကျလာရင် လုပ်ငန်းတွေမပြတ်မှာစိုးလို့ လုပ်ငန်းခွင်ဝင်နေတဲ့အချိန်ဖြစ်တာကြောင့် ဘုရားဖူးလာသူတွေ ထိခိုက်မိတာမျိုး လုပ်ငန်းခွင်အတွက်လည်း နှောင့်နှေးမှာမျိုးတွေဖြစ်မှာစိုးလို့ အပြင်လူတွေမဝင်ဖို့ တားထားရတာပါ”ဟု ပြောကြားခဲ့သည်။

 မူလခြေတော်ရာအစိတ်အပိုင်းဟု ယူဆရသည်မျာကို ဖူးတွေ့ရစဉ်

                         

အောက်ခြေတော်ရာအား ဖန်အုပ်ဆောင်းဖြင့် လဲလှယ်ရန်လုပ်ငန်းများ မစတင်မီက ရွှေစက်တော်ဘုရားအနီး နမ္မဒါကျေးရွာမှ အသက်ကြီးသူများအား ခြေတော်ရာနှင့် ပတ်သက်၍ တာဝန်ရှိသူများမှ မေးမြန်းခဲ့စဉ်က ဘိုးဘွားများလက်ထက်ကတည်းက ယခုဖူးတွေ့နေရသော အောက်ခြေတော်ရာမှာ မူလခြေတော်၏အပေါ်မှ ငုံထားသည်ဟု ဖြေဆိုမှုများရှိခဲ့ကြောင်း ရွှေစက်တော်ပွဲတော်ချိန်တွင် လာရောက်ကြသောဘုရားဖူးအချို့မှ ယခင်နှစ် ၅ဝ ခန့်က ၎င်းတို့ ဖူးတွေ့ခဲ့ရသော အောက်ခြေတော်ရာမှာ ယခုဖူးတွေ့နေရသော အနေအထားထက် အနည်းငယ်နိမ့်သည်ဟု မေးမြန်းမှုများရှိခဲ့ကြောင်း အောက်ခြေတော်ရာအနီး နေထိုင်သူများထံမှ သိရသည်။

Eleven media Group