ပါတီတစ်ခုနှင့်တစ်ခု ရန်ဘက်ကဲ့သို့ သဘောထားကာ အပြုတ်တိုက်မည်ဆိုသည့်စိတ်များ ရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

ပို့စ်တင်ချိန် - 6/08/2014 05:28:00 PM



ပါတီတစ်ခုနှင့်တစ်ခု ရန်ဘက်ကဲ့သို့ သဘောထားကာ အချင်းချင်းအပြုတ်တိုက်မည်ဆိုသည့်စိတ်များ ရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဇွန် ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဥပဒေပညာရှင်များတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ပါတီတိုင်းပါတီတိုင်း ကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိဖို့လိုတယ်။ တစ်ပါတီနှင့် တစ်ပါတီ ရန်ဘက်တွေလိုသဘောထားပြီး အပြုတ်တိုက်မယ်။ အပြတ်ရှင်းလိုက်မယ်ဆိုတဲ့ ဟိုးအရင်က စိတ်ထားမျိုးတွေရှိမယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်သွေးစည်းညီညွတ်ရေး ဘယ်လိုမှမရဘူး။ ဒါတွေမရရင် ငြိမ်းချမ်းမှု မရနိုင်ဘူး။ ငြိမ်းချမ်းမှုဆိုတဲ့နေရာမှာ လက်နက်ကိုင်ပြီး တစ်ဖက်နဲ့ တိုက်ခိုက်နေတာကိုသာလျှင် တွက်လို့မရဘူး။
အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အတွင်းမှာလည်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ လိုတယ်။ အဲဒီအတွက် ကျွန်တော်ခုနပြောတဲ့ ဘယ်ပါတီပဲဖြစ်ဖြစ် အချင်းချင်းရန်မဖြစ်ဖို့လိုတယ်။ ထိုနည်းတူစွာပဲ ကိုယ့်ပါတီကိုယ့်မူဝါဒအရ ပြိုင်ပွဲဖြစ်တဲ့ ရွေးကောက်ပွဲကျရင် နိုင်အောင်လုပ်ကြ။ အဲဒီအခါကျရင် ပြိုင်ကြ။တစ်နည်းအားဖြင့်ဆိုရင် ပေါင်းစည်းယှဉ်ပြိုင်နိုင်ဖို့ ဒါကိုလည်း လွှတ်တော်ထဲမှာ ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာသူများသည် ဥပဒေကို သိရှိရုံမျှသာမက ကျွမ်းကျင်သူများဖြစ်ကြောင်း၊ ဥပဒေကို မသိ၊ မတတ်ပါက အမှားများကိုအမှန်ဟု ထင်နိုင်ကြောင်း၊ အုပ်ချုပ်ရေးနယ်ပယ်၌ ဥပဒေကျွမ်းကျင်သူများ ခေါင်းဆောင်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏အခြေအနေမှာ တိုးတက်လာမည်ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ တက္ကသိုလ်များရှိ ဥပဒေဌာနများမှ ပါမောက္ခများ၊ ရှေ့နေများနှင့် ဖိတ်ကြားထားသူ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပြင် မြန်မာနိုင်ငံ၌ ပါတီစုစုပေါင်း ၆၅ ခုရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဟောပြောမှုများနှင့် လူထုဆန္ဒခံယူလက်မှတ်ရေးထိုးပွဲများ ပြုလုပ်လျက်ရှိသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉(စ)မပြင်ရေး ဆန္ဒပြမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်နေခြင်းမဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယ ဥက္ကဌ ဦးဌေးဦးက ဇွန် ၆ ရက်တွင် ပြောကြားသည်။

Eleven Media