နိုင်ငံရေးမှာ အောက်တန်းမကျဖို့ ဒေါ်စုဘာ့ကြောင့်ပြောတာလဲ

ပို့စ်တင်ချိန် - 6/08/2014 12:16:00 PM


ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ကိုပြင်ဖို့ NLD ကကြိုးပမ်းနေတာဟာ ၂ဝ၁၅ ရွေးကောက်ပွဲနိုင်ဖို့အတွက် လုပ်နေတာလို့ စွပ်စွဲတဲ့သူတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်ပါတယ်။ ၂ဝ၁၅မှာ NLD နိုင်မယ်လို့ ဘာ့ကြောင့်တွက်ထားကြတာလဲ။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုက်လို့ ပြည်သူလူထုရဲ့သြဇာ လွှမ်းမိုးရင် ၂ဝ၁၅မှာ NLD နိုင်မယ်လို့ အဲဒီစွပ်စွဲတဲ့သူတွေက တွက်ထားကြပုံပဲလို့ ဒို့ရိုးရာစားသောက်ဆိုင်မှာ ဇွန် ၇ရက်နေ့က ကျင်းပတဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေအနေနဲ့ အဆင့်မြင့်တဲ့နိုင်ငံရေးစံနှုန်းတွေနဲ့အညီ လုပ်ကိုင်ကြဖို့နဲ့ ဥပဒေဘောင်အတွင်းကနေပြီး အောက်တန်းကျတဲ့လုပ်ရပ်တွေကို မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်မှုအောက်မှာ လှုပ်ရှားရတဲ့ အဖွဲ့အစည်းတွေမှာရှိတဲ့ အားနည်းချက်မျိုး NLD မှာရှိနေတာကို ဝန်ခံလိုက်ပြီး ပါတီဝင်အချို့ ဒီမိုကရေစီနိုင်ငံရေးနဲ့ အကျွမ်းတဝင်းမရှိတဲ့ အားနည်းချက်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် NLD ဟာ ရွေးကောက်ပွဲတိုင်း လှုပ်ရှားမှုတိုင်းမှာ ပြည်သူကို ဘယ်တုန်းကမှ မလှည့်ဖျားခဲ့တာကြောင့် လိပ်ပြာသန့်တယ်လို့ ပါတီဥက္ကဌက ပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသားတွေနဲ့ ဆက်ဆံပုံ၊ ပြည်ထောင်စုစနစ်ကို တိုင်းရင်းသားတွေရဲ့ ချဉ်းကပ်ပုံနဲ့သဘောထား၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာဖို့ ဘယ်လိုစည်းလုံးကြမလဲဆိုတာ ပါတီဝင်တွေ အသားပေးကြဖို့၊ NLD ဟာ တစ်ပြည်လုံးအတွက် ဖွဲ့စည်းထားတာမို့ တိုင်းရင်းသားအားလုံးရဲ့ လုံခြုံလွတ်လပ်ရာနေရာဖြစ်ဖို့ ပါတီဝင်တိုင်း တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Kamayut Media