ခန္ဓာကိုယ်လှပမှု လျှို့ဝှက်ချက်ကို ဖွင့်ဟသွားခဲ့သည့် ကန်ဒိုက်စ်

ပို့စ်တင်ချိန် - 6/08/2014 04:40:00 AM







သူမ၏ ကျော့ရှင်းလှပသော ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး အဓိကကျသော လျှို့ဝှက်ချက်ကို ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက အလှမယ်သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ကမ္ဘာ့နာမည်အကြီးဆုံး မော်ဒယ်လ်များအနက် အပါအဝင် ဖြစ်လာသည်အထိ ထိုးထွက် တောက်ပလာသူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Victoria’s Secret အမှတ်တံဆိပ်၏ အထူးဖက်ရှင်ပွဲတွင် ဒေါ်လာ(၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကိုယ်ဟန်ပြခွင့် ရရှိသည်အထိ ကန်ဒိုက်စ်အနေဖြင့် အောင်မြင်မှုများ ရရှိလာခဲ့သည်။

သူမ၏ ခန္ဓာကိုယ် အလှအပနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ထိန်းသိမ်းပြုပြင်ကြောင်း မေးမြန်းသည့်အခါ ကန်ဒိုက်စ်က ထိုင်ထမကြာခဏ ပြုလုပ်ခြင်းဟု ဖြေကြားသွားသည်။ မကြာသေးမီက Maxim မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် ဆွဲဆောင်အား အပြင်းပြဆုံး အမျိုးသမီး (၁၀၀)စာရင်း၌ နံပါတ်(၁) သတ်မှတ်ခြင်း ခံခဲ့ရသည့် ကန်ဒိုက်စ်က Vogue မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမ၏ ကြံ့ခိုင်မှု လေ့ကျင့်ရေး လျှို့ဝှက်ချက်များကို ဖွင့်ဟလာခြင်း ဖြစ်သည်။

“ကျွန်မအတွက် အဓိက သော့ချက်ကတော့ ထိုင်ထလုပ်တာပဲ။ တကယ်လို့ ကျွန်မက အားလပ်ရက် ရနေတယ် ဆိုပါစို့။ စိတ်ထဲမှာ ဘယ်လိုမှ သက်တောင့်သက်သာ မရှိဘူး။ အနည်းဆုံး ထိုင်ထ (၁၀)ကြိမ်လောက် လုပ်လိုက်ရမှ နေသာထိုင်သာ ရှိသွားတယ်။ ဒီလေ့ကျင့်မှုက သိပ်ကို အကျိုးရှိတယ်လေ”ဟု သူမက ဆိုသည်။ ကန်ဒိုက်စ်က “ထိုင်ထ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ကိုယ်က ထိုင်နေရာက ထလိုက်ပြီဆိုရင် ကြွက်သားတွေကို အရမ်းအားစိုက်ပြီး ညှစ်ထားသင့်တယ်။ ဒါမှလည်း တကယ်တမ်း တစ်ခါဆို တစ်ခါလောက် အလုပ်ဖြစ်တာပါ”ဟုလည်း ရှင်းပြသွားခဲ့သည်။

Planet Myanmar Network