ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ဖောက်ခွဲမှုပြု လုပ်ရန်ကြံစည်ထား သူများကို အင်တာပိုလ် ဖော်ထုတ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေး တာဝန်ယူနေသော  မြန်မာနိုင်ငံ အထူး ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ Photo - EPA

ရန်ကုန်၊ ဧပြီ ၂၈- ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့်ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန် ပါကစ္စတန်နိုင်ငံ မှ အစွန်းရောက်အဖွဲ့တချို့က လုပ် ဆောင်ရန်ကြံစည်ထားခြင်းကို အပြည် ပြည် ဆိုင် ရာ ရဲတပ် ဖွဲ့အင်တာပိုလ် က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ အတည်ပြုပြော သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် အင်တာ ပိုလ်တို့၏ ပူးပေါင်းဖော်ထုတ်ချက် အရ အဆိုပါအစွန်းရောက်အဖွဲ့ သည် ယင်းအစီအစဉ်ကို လတ်တလော အနေဖြင့် ကြံစည် ထားခြင်းသာဖြစ် ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော်ရန်ကြံစည်နေမှုများကို စာရွက် စာတမ်းအထောက် အထားများ ကို သိမ်းဆည်းရမိခဲ့သော်လည်း ကြံ စည်သူတချို့မှာ ထွက်ပြေး လွတ် မြောက်နေ ဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါအရာရှိက ''အင်တာ ပိုလ်က အကြောင်းကြားတယ်။ မြန်မာ နိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်နေတဲ့ပြဿ နာတွေ ကို မကျေနပ် လို့လုပ် မယ့် ပါကစ္စတန်က အစွန်း ရောက်တချို့ကို တားဆီးနိုင်ခဲ့တယ် လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြား ထားလို့ပါ။ ဒီကိစ္စနဲ့ ပတ်သက် ပြီး လုံခြုံရေးတွေကိုလဲ စနစ် တကျလုပ်ဖို့ ညွှန်ကြားထား ပါတယ်''ဟု ပြောသည်။


မြန်မာနိုင်ငံ ရှိ လေဆိပ်၊ ရေဆိပ် များတွင် လုံခြုံရေးများကို အထူးတင်း ကျပ်ထားကြောင်း၊ အထူးသဖြင့်    ပြည်ပ မှဝင်ရောက် လာသည့်   နိုင်ငံခြား သား များ ကို တစ်ဦးချင်းကျပ်မတ်စစ်ဆေး နေကြောင်း လေကြောင်းရဲတပ်ဖွဲ့ မှူး ရုံးမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူတစ်ဦးက ''အခုတလော နိုင်ငံခြားသားတွေဆီက ကျည်ဆန် တွေ၊ ရွှေထည်တွေနဲ့ တရားမဝင်ပစ္စည်း တော်တော်များ များ ဖမ်းဆီးရမိတာ တွေတော့ရှိတယ်။ ဘလက် လစ်ဖြစ် နေတဲ့နိုင်ငံခြား သားတွေ့ရင် လေဆိပ် ကတာဝန်ရှိသူတွေကမေးမြန်းပြီး သံရုံးကနေတစ် ဆင့်   ပြန်လွှတ် တာ တွေလဲရှိတယ်။ လုံခြုံရေး တော့တင်း ကြပ်ထားတယ်''ဟု ပြောသည်။

Myanmar News Network

INGO အခန်းကဏ္ဍ ရခိုင်အမျိုးသားညီလာခံ အသိအမှတ်ပြု


ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့ INGO တွေရဲ့ အခန်း ကဏ္ဍ ကို ငြင်းပယ်လို့ မရကြောင်းနဲ့ အတူတကွ လက်တွဲ ဆောင်ရွက်ရေး မူကိုသာ လက်ကိုင်ထားဖို့ လိုအပ်ကြောင်း ရခိုင်အမျိုးသား ညီလာခံ ဒုတိယနေ့ဖြစ် တဲ့ မနေ့က သဘောထား ပေးခဲ့ကြပါတယ်။

အဓိကထား ဆွေးနွေး ကြတဲ့ အထဲ က နိုင်ငံတကာ အဖွဲ့တွေရဲ့ အရေးပါတဲ့ကဏ္ဍ နဲ့ပတ်သက်ပြီး ရခိုင် အမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးညီညီမောင် က အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ INGO များအခန်းကဏ္ဍကို ဆွေးနွေးပါတယ်။ ကျနော်တို့ ဒီရခိုင်ပြည်နယ်မှာ INGO တွေကဖယ် ထားလို့မရဘူးပေါ့နော် အကုန်လုံးလက်တွဲပြီးတော့ ကျနော်တို့ အကောင်းဘက်ကနေ ကြည့်ပြီးတော့ လက်တွဲပြီးလုပ်မယ်ဆိုရင် အဲ့ဒီနေ့ကို အများသဘော နဲ့ဆွေးနွေးကြပါတယ် ။ဆွေးနွေးပြီးရလာတဲ့ ရလဒ်တွေကို ကျနော်တို့ ပြန်လည်ပူးပေါင်း ပြီးတော့ ပြန်ဆွေးနွေးဖို့ ရှိပါတယ်။"

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဧပြီလ ၂၇ ရက် တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသား ညီလာခံ ကို လာမယ့် မေလ ၁ ရက်နေ့အထိ ၅ ရက်ကြာကျင်းပနေတာပါ။ အဲဒီ ညီလာခံကို ပြည်ထောင်စုအစိုးရ ကိုယ်စားလှယ် တွေ ၊ ပြည်နယ်အစိုးရ နဲ့ ပြည်တွင်းပြည်ပက ရခိုင်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ၊ ရခိုင်ပါတီကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုက ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော် တက်ရောက်ဆွေးနွေးနေကြပါတယ်။

ဒီအတွင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂွမြို့ကနေ ကျော်ဖြူမြို့အထိ မိုင်ပေါင်း ၂ဝဝ လောက် ကြွချီနေကြတဲ့ သံဃာတော်တွေကလည်း ကျေးလက်ဒေသတွေမှာ ပညာရေး ကျန်းမာရေး လိုအပ်ချက်တွေကို စာရေးသားပြီး ညီလာခံ ဥက္ကဌထံ မနေ့က ပေးပို့ထားတယ်လို့ သိရပါတယ်။

RFA Burmese

သိမ်းဆည်းမြေ ပြန်ရရေး ရွှေလဝင်း လွန်းတင်လုပ်သား တစ်ရာကျော် ဆန္ဒထုတ်ဖော်


ရန်ကုန်၊ ဧပြီ ၂၈

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံမှ ငှားရမ်းထားသော မြေကို ဒေးဒရဲမြို့နယ် အုပ်ချုပ်ရေးမှူးက အစိုးရပိုင်မြေ အဖြစ် သိမ်းဆည်းထားခြင်းကြောင့် အဆိုပါ မြေပေါ်တွင် လွန်းတင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ရွှေလဝင်း လွန်းတင်လုပ်သား ၁၀၀ ကျော်က ဧပြီလ ၂၈ ရက် မနက် ၉ နာရီ ဝန်းကျင်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဆန္ဒပြသူများသည် သင်္ဘောလွန်းတင် လုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့် ရရှိရေး၊ ဆင်းရဲသား အလုပ်သမားများ အလုပ်အကိုင်ရရှိရေး ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အငြင်းပွားဖွယ် မြေပေါ်တွင် ရွှေလဝင်း လွန်းတင်လုပ်ငန်း လုပ်ကိုင်သည့် ပိုင်ရှင် ဦးစိုးကြည်က ပြောကြားသည်။

“ကျွန်တော်တို့က မွေး/ရေကို အစိုးရဆိုပြီး ခိုင်ခိုင်မာမာနဲ့ ယုံကြည်ရတယ် ဆိုပြီး စာချုပ်ချုပ်တာပါ။ ခုတော့ ဒီကိစ္စအတွက် သူတို့က တာဝန်လည်း မယူဘူး။ တာဝန်လည်း မခံဘူး။ အလုပ်သမား ၁၀၀ ကျော်ရဲ့ ဝမ်းရေးကလည်း ဒီလုပ်ငန်းပေါ်မှာ မှီခိုနေရတာပါ။ ကျွန်တော်တို့ မြေပေါ်မှာ အလုပ်ပြန်လုပ်ချင်ပါတယ်” ဟု ရွှေလဝင်း လွန်းတင် လုပ်ငန်းရှင် ဦးစိုးကြည်က ဆိုသည်။

ရွှေလဝင်း လွန်းတင်လုပ်ငန်းသည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံမှ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာရှိ မြေ ၁ ဒသမ၂၄ ဧကကို ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်းက တစ်လ ၁၂၀,၀၀၀ ကျပ်ဖြင့် ငါးနှစ်တစ်ကြိမ်၊ သုံးကြိမ်ဆက်တိုက် လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

သို့ရာတွင် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင်မူ ဒေးဒရဲ မြို့နယ်အုပ်ချုပ်ရေးမှူးက အဆိုပါမြေကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်ဖြင့်ဟု ဆိုကာ အစိုးရပိုင် သိမ်းဆည်း၍ လုပ်ငန်းများ ရပ်ဆိုင်းရန် အကြောင်းကြားလာခြင်းကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ဦးစိုးကြည်က ရှင်းပြသည်။

အဆိုပါမြေကို နာဂစ်ကာလ အလွန်တွင် စက်လှေများ လွန်းတင်ရန်အတွက် ဝန်ကြီးဌာနက ပုဂ္ဂလိကကို ငှားရမ်းခဲ့သော်လည်း ယခုအခါ မူလပိုင်ရှင်များက ပြန်လည် လျှောက်ထားလာကြောင်း ဒေးဒရဲ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောကြားသည်။

“ဒါက အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်နဲ့ပါ။ ချုပ်ထားတဲ့ စာချုပ်တွေ ပျက်ပြယ်လား ဘာလားကတော့ ကျွန်တော်လည်း မသိဘူး။ ဒီထက် ပိုပြီးလည်း မပြောနိုင်ပါဘူး” ဟု အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီလ ၂၇ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

အဆိုပါကိစ္စအတွက် စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သည့် ရန်ကုန်တိုင်း ငါးလုပ်ငန်း ဦးစီးဌာနသို့ ဧပြီလ ၂၈ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။

The Voice Weekly

ခံပါဦးကွယ် ခံဦးကွယ် ဆက်ပြီး ခံဦးကွယ်


နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီ။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမား တို့အတွက် ပြဿနာ ဟောင်းတွေ မကုန်သေးသလို ပြဿနာ အသစ်များစွာ တို့က လည်း အဆင်သင့် စောင့်ကြိုလျက် ရှိသည်။

ပြည် ပရောက် မြန်မာ အလုပ်သမား များစွာ တို့ အနက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား တို့လောက် ပြဿနာ များ ကြုံရသူ ရှားလိမ့်မည်။ ပြဿနာပေါင်း သောင်းခြောက်ထောင် ဟု ရှေးလူကြီး များ တင်စားချက်က ထိုင်းရောက် မြန်မာ အလုပ် သမားများနှင့် အလွန် ကိုက်ညီသည်။ ကြုံနေရသော ပြဿနာသောင်း ခြောက်ထောင် တို့တွင် အချို့သောပြဿနာ များက အလုပ်သမားများ ကိုယ်တိုင်နား မလည်မှု၊ အားနည်းမှု တို့ ကြောင့်ဖြစ်ရ သလို၊ အချို့သော ပြဿနာ များကတော့ အစိုးရ တို့၏ ဥပဒေများ၊ မူဝါဒအားနည်း မှုများ၊ အကျင့်ပျက် ခြစား မှုများကြောင့် ဖြစ်ရသည်ဟု ဆိုနိုင် ပါလိမ့်မည်။

ပြဿနာဟောင်းများ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အားလုံး နီးပါးသည် မူလ ကပင် ထိုင်းနိုင်ငံသို့ တရား မဝင်နယ် စပ်ဖြတ်ကျော် သွားရောက်ခဲ့ ကြခြင်း ဖြစ်သည်။ မိမိနိုင်ငံ တွင် အလုပ်အကိုင် ရှားပါးမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ပဋိ ပက္ခ ဖြစ်ပွားမှု များကြောင့် ဤသို့အလုံး အရင်း နှင့် သွားရောက်ခြင်း ဖြစ်သလို ထိုင်းနိုင်ငံ အနေနှင့် လည်း တိုးတက် လာသော စီးပွားရေးကြောင့် ကုန်ထုတ် လုပ်ငန်း များစွာတို့တွင် လုပ်သားလို အပ်မှု များစွာဖြစ်ပေါ် လာသဖြင့် လက်ခံ ထားခြင်းဖြစ်သည်။ နှစ်ဦးနှစ် ဖက် ဆိုင် ရာ ဆိုင်ရာ လိုအပ်ချက်များကြောင့် ဤကဲ့သို့ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်ခဲ့ရ သော်လည်း မြန်မာ အလုပ်သမား တို့၏ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ကို အ ကြောင်းပြု ၍ ထိုင်းနိုင်ငံ ၏ နှိမ်ချဆက် ဆံမှုများကို အစဉ်အဆက် မြန်မာရွှေ့ ပြောင်း အလုပ်သမားတို့ ခံစားခဲ့ရသလို ယခုလက်ရှိတွင် လည်း ခံစား ကြုံတွေ့ နေ ရဆဲ ပင်။

ဥပမာ အနေဖြင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ မဲဆောက်မြို့တွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား ၂သိန်းမှ ၃ သိန်း ခန့်တို့သည် ဆောက်လုပ်ရေး လုပ်ငန်း၊ စက်ရုံ အလုပ်ရုံ လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ဈေးဆိုင် အလုပ်သမား၊ အိမ် အကူစသော အလုပ်သမား များအဖြစ် နေရာစုံ ပုံစံ စုံအလုပ်လုပ်ကိုင် လျက်ရှိ သည်။ သို့သော် ထိုင်းနိုင်ငံ၏ အလုပ် သမား ကာကွ ယ်စောင့်ရှောက်ရေး ဥပဒေ ကပြဋ္ဌာန်း ထားသော အခွင့်အရေး များ၊ အနိမ့်ဆုံး လုပ်အားခစသော အခြေခံ အ ခွင့်အရေး များကို မရရှိခဲ့ကြပါ။ ထိုင်း နိုင်ငံ က အနိမ့်ဆုံး လုပ်အားခကို တစ် နေ့လျှင် ဘတ် ၃ဝဝ ဟု သတ်မှတ်ထား သော်လည်း မဲဆောက်မြို့ ရှိမြန်မာရွှေ့ ပြောင်း အလုပ်သမား များသည် တစ်နေ့ လျှင် ဘတ် ၁ဝဝ ခန့်သာ ရရှိကြသည်။

ဥပဒေက ပြဋ္ဌာန်းထားသော အလုပ် သမား အခွင့်အရေး အတိုင်းပေးသည့် စက်ရုံ အလုပ်ရုံမှာ လက်ချိုးရေလျှင်ပင် လက်ဆယ်ချောင်း မပြည့်တတ်၊ အကြောင်း အမျိုး မျိုးပြကာ မြန်မာအ လုပ်သမား များကို နှိမ်ချ ဆက်ဆံထားသည်။ ထိုင်း အလုပ်သမား ဝန်ကြီးဌာနသို့ တိုင်ကြား လျှင်လည်း အလုပ်သမားများ အပေါ် ကာကွယ် မှုပေးခြင်း အားနည်းသည့် အပြင် အလုပ်ရှင်က ထိုင်းရဲသို့ တိုင် ကြား၍ အလုပ်သမားများ ဖမ်းဆီးခိုင်း ခြင်းများ သာဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မြန် မာရွှေ့ပြောင်း အ လုပ် သမား တို့မှာ မည်သို့မျှ မတတ်နိုင်ဘဲ အလုပ်ရှင်နှင့် အာဏာပိုင်တို့၏ လုပ်သမျှသာ ကြိတ်ခံ နေရသည်။

ထို့ထက် ပိုသည်မှာ မိမိနိုင်ငံ အစိုးရထံမှ မည်သည့် အထောက် အကူ မျှ မရရှိခြင်း ဖြစ်သည်။ ဤအခြေအနေ များဖြစ်ပေါ်နေသည် မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ အကယ်၍ မြန်မာ အစိုးရ အနေဖြင့် သော် လည်းကောင်း၊ နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေး ကော်မတီ ကသော် လည်းကောင်း မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကိုတောင်း ဆိုဆောင် ရွက်ပေး လျှင် အ နည်းနှင့် အများ မြန်မာ အလုပ်သမား တို့ သက်သာရာ ရရှိကြမည် ဖြစ်သည်။ ယခုတော့ ဒုံရင်းဒုံရင်း လူ့ဂုဏ်သိက္ခာ မဲ့စွာ ပြုမူဆက်ဆံ ခံနေကြရသည်။ ယုတ်စွ အ ဆုံး ဖမ်းဆီးခံ ရသော အလုပ်သမားများ ကိုသော် လည်းကောင်း၊ တရားဝင်ပြန်လာ သော အလုပ်သမားများ ကိုလည်းကောင်း နေ့စဉ်တိုင်း အမြတ်ထုတ် အနိုင်ကျင့်ခံ ရခြင်းများကို ပင်ကာကွယ် စောင့်ရှောက် မှုမပေးနိုင်အောင် တာဝန်မဲ့နေသည်။

ပမာဆိုရလျှင် မဲဆောက် မြဝတီ လမ်းမှနေ၍ နေ့စဉ်မြန်မာနိုင်ငံသား ရာ ထောင် ချီလျက် ဖြတ်သန်းနေကြသည်။ အထူးသဖြင့် နိုင်ငံသား စိစစ်ထားပြီး ယာယီ ပတ်စ်ပို့ ကိုင်ဆောင် ထားသော မြန်မာ အလုပ်သမား များစွာတို့သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ မွေးရပ်မြေ သို့ ကူးလူး သွားလာနေကြသည်။ ဘန်ကောက် မှ မဲဆောက် သို့သွားလာရာ တွင် တရားဝင် ပတ်စ်ပို့ ဗီဇာ ရှိပါလျက် စစ်ဆေးရေး ဂိတ်များ၌ ထိုင်းရဲတို့က မတရား ငွေညှစ်ခြင်းများ ပြုလုပ်နေကြ သည်။ ခရီးသွားချင်း တူပါ လျက် မြန်မာ အလုပ်သမား များကိုသာရွေးပြီး ကား ပေါ်မှဆင်း၊ တန်းစီစေလျက် စာရွက်စာတမ်း များစစ်ဆေးသည်။

ကားပေါ်ရှိ ထိုင်းနိုင်ငံသားနှင့် အခြားနိုင်ငံသား များ ကိုမူ ဤသို့မပြုမူ။ မြန်မာ အလုပ်သမား များသာ တရားခံ စစ် အစစ်ခံရသည်။ ပတ်စ်ပို့ဗီဇာ ရှိလျှင်ပင် ခရီးသွား လာ ခွင့်ရှိသော်လည်း အခြား အလုပ်လုပ် ခွင့် လက်မှတ်၊ အလုပ်ရှင် ထောက်ခံချက် စသော မလိုအပ်သည့် စာရွက်စာတမ်း များကို မေးမြန်းပြသခိုင်းသည်။ နောက် ဆုံးတွင် မည်မျှ စာရွက် စာတမ်းပြည့်စုံ သည်ဖြစ်စေ ငွေတောင်းခံ ရသည်သာ။ ယခုလို ဖြစ်နေ သည်မှာ ကာလကြာမြင့် ပြီ ဖြစ်သော်လည်း မြန်မာ အစိုးရအနေ ဖြင့် မိမိနိုင်ငံသား များကို ကာကွယ်ပေး သည့် လှုပ်ရှားတောင်းဆိုမှု များကိုမတွေ့ ရသေးပါ။

ထိုမှတစ်ဖန် နယ်စပ် ဖြတ်သန်းရာ ဂိတ်တံတား ရောက်လျှင်လည်း တံဆိပ် တုံး ထုခ အဖြစ်ပေးဆောင် ရပြန်သည်။ ပွဲစားဗြောက်သောက် တို့က ၄င်းတံတား ထိပ်၌ မာဖီးယား ဂိုဏ်းဆန်ဆန် အလုပ် သမားများ အပေါ်ငွေလဲသည့် ကိစ္စ၊ ကား စီးမည့် ကိစ္စတို့တွင် ဗြောင်ကျကျ ခေါင်း ပုံဖြတ်နေသည်။ မြဝတီ တံတားထိပ် တွင် ဗိုက်ဖောက် အဖွဲ့ဟု နာမည်ကြီး သောအဖွဲ့ တစ်ဖွဲ့က လှုပ်ရှားနေသည်။ အစိုးရတာဝန်ရှိ သူများရှေ့မှောက်တွင် ဤသို့ဗြောင်ကျကျ လှုပ်ရှားဆောင် ရွက် နေသော် လည်း မြန်မာ အလုပ်သမား တို့အဖို့ ကူရာကယ်ရာမဲ့နေသည်။

ထို့ထက်ပို၍ အခြေအနေ ဆိုးသူများမှာ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မှု ကြောင့် ထိုင်းရဲ တို့ ဖမ်းဆီးခံရပြီး နယ်စပ်ပြန်ပို့ခံ ဒုက္ခသည်များ ဖြစ်သည်။ ၄င်းတို့ကို နယ်စပ် ပြန်ပို့ရာတွင် အစိုးရ ချင်း တရားဝင်ပြန် ပို့သည့် စနစ်မဟုတ် ဘဲ နယ်စပ်ရှိ တရားမဝင် ဖွင့် ထားသော လက်နက်ကိုင် အဖွဲ့ တစ်ခု၏ ဂိတ်သို့ပြန် ပို့ခြင်းဖြစ်သည်။

၎င်းဂိတ်သို့ရောက် လျှင် ထိုပြန်ပို့ခံ ဒုက္ခသည် များသည် ဘတ်ငွေ ၁၂ဝဝ ပေးဆောင်မှသာ သွား လိုရာ သွားခွင့်ရသည်။ မပေးပါက ခြိမ်း ခြောက် ငွေညှစ်ခြင်း နည်းမျိုးစုံနှင့် ကြုံ တွေ့ရမည် ဖြစ်သည်။ တစ်ဖက်နိုင်ငံမှ ဖမ်းဆီး၍ ပြန်ပို့ ခံနေရသော အချုပ် သား ဒုက္ခသည်များကို ထပ်ဆင့်ငွေညှစ် ခြင်းမှာ ရုပ်ဆိုးလွန်းလှပြီး ၄င်းအဖြစ်အ ပျက်သည်လည်း နှစ်ပေါင်း ကြာမြင့်စွာ ဖြစ်ပွားနေဆဲပင်။

ကြုံရဦးမည့် ပြဿနာအသစ်

ပြောမကုန်၊ စာဖွဲ့ မကုန်သော ပြဿနာဟောင်းများ ဖိစီးနေသည့် မြန် မာရွှေ့ပြောင်း အလုပ်သမား တို့အတွက် နောက်ထပ် လက်ဆောင် ပြဿနာသစ် များ ကို မြန်မာနှင့် ထိုင်းအစိုးရ တို့က ဖန် တီးပေး ဦးမည်ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်မှ စတင်၍ နိုင်ငံသား စိစစ်ပြီး ယာယီ ပတ်စ်ပို့၊ ဗီဇာ တို့ကို မြန်မာနှင့်ထိုင်း အစိုးရ တို့ ထုတ်ပေးထား ခဲ့သည်။ အစိုးရ သတ်မှတ်ဈေးထက် အဆပေါင်း များစွာ ပိုမို ကုန်ကျခဲ့ပြီးမှ မြန်မာ အလုပ်သမား ၁ ဒသမ ၇ သန်းတို့ ၄င်းယာယီ ပတ်စ်ပို့ ကို ရရှိ ခဲ့ ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ သတ်မှတ်ချက် အရ ဗီဇာ လေးနှစ်ပြည့် လျှင် ထိုင်းနိုင်ငံမှ အထွက်ပြပြီး မိမိ နိုင်ငံတစ်ဆင့် နောက်ထပ် ထိုင်းနိုင်ငံ သို့ ပြန် ဝင်ရ မည်ဖြစ်သည်။

ယခုအခါ လေး နှစ်ဗီဇာသက် တမ်း ကုန်ခဲ့သည်မှာ ၁ဝ လနီးပါး ရှိခဲ့ပြီ။ သက်တမ်း ကုန်နေသူ ဦးရေမှာလည်း နှစ်သိန်း ဝန်းကျင်ရှိနေပြီ ဖြစ်သည်။ ထိုင်းနှင့် မြန်မာ အစိုးရတို့ ဤကိစ္စတွင် ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ ၍ ယခုအချိန် အထိ ၄င်းနှစ်သိန်း ဝန်း ကျင်ရှိ မြန်မာ အလုပ်သမားတို့ ထိုင်း နိုင်ငံတွင် ဆက်လက် အလုပ် လုပ်ဖို့အရေး မသေမချာ မရေမရာဖြစ်နေဆဲပင်။ ရှုပ် ထွေးလှသော လုပ်ငန်းစဉ် များချမှတ်ပြီး မူလ ကိုင်ဆောင်ထားသော ယာယီ ပတ်စ်ပို့အစား ပုံမှန်ပတ်စ် ပို့ပြောင်းရန် မြန်မာ အစိုးရက မူဝါဒချလိုက်သည်။ ဘူးလေးရာ ဖရုံဆင့်စေသော ထိုလုပ်ရပ် ကအလုပ်သမား တို့အပေါ် သောကတိုး စေတော့သည်။

ငွေကုန် ကြေးကျ များစွာ ခံထားပြီး မှ ရရှိသော ယာယီပတ်စ်ပို့မှာ အသုံး မဝင်တော့ဘဲ ပုံမှန် ပတ်စ်ပို့ကို ပြောင်း လဲ လုပ်ဆောင်စေခြင်းကြောင့် အလုပ် သမားတို့ မှာ မြန်မာ အစိုးရအပေါ် နား မလည်နိုင် ဖြစ်ရသည်။ အထူးသဖြင့် ပုံမှန် ပတ်စ်ပို့ လုပ်ဆောင်ရန် အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံသားမှတ်ပုံ တင် နှင့် အိမ်ထောင်စု စာရင်း မရှိသော၊ မ ပြည့်စုံသော၊ ကျေးလက် ဒေသနေဖြစ် သော၊ တိုင်းရင်းသား အများစုဖြစ်သော ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဤ သို့ ပြု လုပ်စေသည့် မြန်မာအစိုးရ၏ ရည်ရွယ်ချက်က မေး ခွန်းထုတ်စရာ။

လောလောဆယ်တွင် တော့ မိုးကျရွှေကိုယ် ထိုင်းမြန်မာပွဲစား တို့က လုပ်စားရန်ခွင် ကြီးကြီး အဖြစ် ပျော်မြူးနေ ကြပေပြီ။ ယခင်နိုင်ငံသား စိစစ်၍ ယာယီ ပတ်စ်ပို့လုပ်စဉ်ကလည်း မြိုးမြိုးမြက်မြက် စားခဲ့ဖူးသောကြောင့် ယခုအစိုးရက သတ်မှတ် လိုက်သော လုပ်ငန်းစဉ် ရှုပ်ထွေး လေလေ ပိုကြိုက် လေလေဖြစ်နေတော့သည်။ တကယ် အလုပ်သမား အကျိုးရှိဖို့ဆိုလျှင် အလုပ် သမားများ လွယ်ကူ လျင်မြန်စွာဖြင့် လုပ် ဆောင်နိုင်ရန် စီစဉ်ပေးသင့်သည်။

အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား တို့သည် ကျေးလက်ဒေသနေ တိုင်းရင်းသားပြည် သူ အများစုဖြစ်သည်။ လိမ်လည်လှည့် ဖျားရန် လွယ်ကူ သူ၊ ရိုးသားသူ၊ စာရွက် စာတမ်းကိစ္စ များအတွက် အတွေ့အကြုံ နည်းသူ များဖြစ်ကြသော ဤအလုပ် သမားများသည် ထိုင်းနှင့် မြန်မာ ပွဲစား လူလည် များ အ တွက်တော့ အမဲကောင် များသာ ဖြစ်ကြသည်။ ယခု အစိုးရက သတ်မှတ်သော ပုံမှန် ပတ်စ်ပို့ကို ငွေ ကုန်ကြေးကျ များစွာအကုန် အကျခံပြီး မှသာ ရရှိနိုင်မည့် အနေအထား ရှိသည်။ ၄င်းပုံမှန် ပတ်စ်ပို့ကို ခက်ခက်ခဲခဲရရှိပြီး လျှင်လည်း စိတ်အေးရဦး မည်မဟုတ် သေး။ နောက်ထပ် ခေါင်းပုံဖြတ်ခံ ရဦး မည့် အနေ အထား၊ ပြဿနာ များစွာ ထပ်မံ တွေ့ကြုံကြပေဦးမည်။ မူလယာ ယီပတ်စ်ပို့ သည် ထိုင်းနိုင်ငံ အတွက် သာ သီးသန့် ထုတ်ထားပေးခြင်းဖြစ် ပြီး ယခု ပုံမှန် ပတ်စ်ပို့ ပြောင်းလိုက်လျှင် နိုင်ငံတကာကို သွားနိုင်မည်ဖြစ်သည်။

ထိုသို့ နိုင်ငံတကာကို သွားနိုင်သည် ဆို သောအချက်ကို အကြောင်းပြု၍ ထိုင်း မြန်မာ ပွဲစား လူလည် တို့က ဂျပန်ပို့ပေး မည်။ သြဇီ ပို့ပေးမည်။ ယူအက်စ်ပို့ပေး မည်။ ယူကေ ပို့ပေးမည် စသည်ဖြင့် လိမ် လည်လှည့်ဖျားရန် အလွန် လွယ်ကူသွား ပြီဖြစ်သည်။ ထို့ အတူ မြန်မာနိုင်ငံ သို့ အိမ်ဖော် အလုပ်သမားဈေးကွက် ဖော် ဆောင်ရန် ကြိုးစားနေသော ဟောင် ကောင်၊ စင်ကာပူမှအေးဂျင့် များနှင့် မြန်မာပြည်ပ အလုပ် အကိုင် အေဂျင်စီ တို့က ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား တို့ကို ပစ်မှတ်အဖြစ်ဦး တည်လာနိုင်သည်။ ထို့ထက် ပို၍ တရုတ် နိုင်ငံသို့ မယားပြုရန် သိမ်း သွင်း ခေါ် ဆောင်သည့် လူကုန်ကူး လုပ်ငန်းများ သည်လည်း ထိုင်းရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမား များထံ ဦးတည် လာနိုင်သည်။

အသက် ၁၈ မှ ၃၅ နှစ် အရွယ်ရှိ မိန်းကလေး ၈ သိန်းခန့် ရှိသော ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအ လုပ်သမား တို့သည် ရည်ရွယ်ချက် အမျိုး မျိုးရှိသော ကိုယ်ကျိုးရှာ အေဂျင်စီ၊ ပွဲ စားများ အတွက် လုပ်စားစရာ ဈေးကွက် ဖြစ်လာပေတော့မည်။ နဂိုကတည်းက ထိုင်းနိုင်ငံတွင် အလုပ်လုပ် ရသည်မှာ လုပ်အားခ နည်းပါးခြင်း၊ ပြဿနာ များစွာ ကြုံရခြင်း တို့ကြောင့် ကြိတ် မှိတ်ကာ မဖြစ်မနေ အလုပ် လုပ်နေရရှာ သော မြန်မာရွှေ့ ပြောင်း အလုပ်သမား များကို အခြား အဆင့်မြင့်နိုင်ငံ များသို့ ပို့ပေးမည်ဟု စည်းရုံး လှည့် ဖျားခြင်းမှာ အလွန် လွယ်ကူသည့် အနေအထားရှိ နေသည်။

ဘယ်သူတာဝန်ယူမလဲ

ဖော်ပြသကဲ့သို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတို့ သည် ပြဿနာ ဟောင်း ပေါင်းသောင်းခြောက်ထောင် နှင့်နေ့စဉ် လုံးထွေးနေ ရပြီဖြစ်သည်။ ထို့ အ တွက် မြန်မာ အစိုးရက သိသာထင် ရှားစွာ ကူညီဖြေရှင်းမှုများ မလုပ်နိုင် သေး။ ယခုတစ်ဖန် နောက်ထပ် ပြဿနာ အသစ် ဖြစ်ပွားစေသော မူဝါဒကို ထပ်မံ ချမှတ် လုပ်ဆောင်နေပေပြီ။

သို့ဆိုလျှင် ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော ပြဿ နာအဟောင်း၊ ပြဿနာ အသစ်များအ တွက် မြန်မာအစိုးရ အနေဖြင့် မည်သို့ တာဝန် ယူမည်၊ ဖြေရှင်းဆောင်ရွက် မည်၊ ပြင်ဆင် ထားသည်ကို မေးခွန်း ထုတ်ရပေတော့မည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့ အဖို့ မြန်မာ အစိုးရထံ မှ မျှော်လင့်ချက်ကြီး ကြီးထား၍ မရကြောင်း ၄င်းတို့အတွေ့ အ ကြုံများက သက်သေပြနေပြီ ဖြစ်သည်။

အကယ်၍ မြန်မာ အစိုးရ အနေဖြင့် မိမိ၏ မူဝါဒနှင့် လုပ်ဆောင်မှု များကို အချိန်မီ ပြင်ဆင်ပြောင်းလဲမှု များ မလုပ်နိုင်ခဲ့ လျှင် ကျွန်ုပ်တို့ အနေဖြင့် သင်္ကြန်တေး သွားအလိုက် ”ခံပါဦးကွယ် … ခံဦးကွယ် … ဆက်ပြီးခံ ဦးကွယ်” ဟု ရေ ရွတ်နေရုံမှ တစ်ပါး ….။

မော်ဖိုးစိန်
Popular Myanmar News Journal

ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ ဓာတု ပညာရှင်ဖြစ်လာသူ


ပုံမှာ မြင်တွေ့ နေရတဲ့ ကလေးဟာ အက် ၁၃ နှစ်သာ ရှိသေးတဲ့ ဗြိတိန်နိုင်ငံ က Jamie Edwards လို့ အမည်ရတဲ့ ကျောင်းသား တစ်ဦး ဖြစ်ပါတယ်။

Science ကို အဓိက ထား သင်ကြားတဲ့ ကျောင်း ဖြစ်ပြီး ဓာတ်ခွဲခန်းမှာ ပရောဂျက် ကိုယ်စီ ပြုလုပ်ခွင့် ပေးထား ပါတယ်။ ယင်းသို့ ပြုလုပ်ခွင့် ပေး ထားရာကနေ Jamie ဟာ နျူကလိယ စွမ်းအင် ထုတ်လုပ်မယ့် စီမံကိန်း တစ်ခုကို ကျောင်းအုပ်ကြီးသို့ ပြသပြီး အကောင်အထည် ဖော်ခွင့် ရရှိခဲ့ကြ ပါတယ်။ ပထမ အစ ကတော့ ဒါဟာ အင်မတန် ကြောက်စရာ ကောင်းပြီး အန္တရာယ်များတဲ့ အခြေအေန ဖြစ်တာကြောင့် အံ့သြ သွားကြ ပေမယ့် Jamie ပြ တဲ့ စီမံကိန်းဟာ လုံခြုံမှု အပြည့်အဝ ရှိတယ် ဆိုတာကို သက်သေပြခဲ့ ပါတယ်။ Nuclear Fusion ကနေ ဟီလီယံကို ဖန်တီးမှာ ဖြစ် ပါတယ်။ ယင်း စံမံကိန်း ကြောင့်ပဲ ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံး သိရှိသွား ရပြီး ကမ္ဘာ့ သတင်းမီဒီယာများသို့ ပြန့်နှံ့ခဲ့ ပါတယ်။

ဒါကြောင့်မို့ Jamie Edwards ဟာ ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ စွမ်းအင် ထုတ်လုပ်သူ ပညာရှင် အဖြစ် အသိအမှတ်ပြု ခံခဲ့ ရပါတယ်။
.
Ref:dailymail
အောင်ခမ်း (ရိုးရာလေး)

အမေရိကန်နှင့် နေတိုးတို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ရုရှားမှ သတိပေး နှိုးဆော်ထား


ဧပြီ ၂၉။

မော်စကိုအနေဖြင့် ယူကရိန်း အကျပ်တည်း မြင့်တက်နေမှုကြားတွင် ရှရှားနယ်စပ် အနီး အမေရိကန်-နေတိုးတို့၏ စစ်ရေးဆိုင်ရာ
လှုပ်ရှားမှုများကြောင့် စိုးရိမ်ပူပန်မိကြောင်း ပြောဆိုခဲ့သည်။

ရုရှား၏ ကာကွယ်ရေး ဝန်ကြီး ဆာဂီးရှိုဂူမှ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်နှင့် ဖုန်းပြောဆိုမှုတွင် ၎င်းကဲ့သို့
ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အမေရိကန်မှလည်း ရုရှားအနေဖြင့် ယူကရိန်းအား ကျူးကျော်မည် မဟုတ်ဟု အာမခံခဲ့ကြောင်း
ပြောဆိုခဲ့သည်။

အရှေ့ဥရောပတွင် တပ်ဖွဲ့များ တိုးမြှင့်ချထားမှုသည် နေတိုး မဟာမိတ်အဖွဲ့များကို အာမခံရန် အတွက် ဖြစ်ကြောင်း အမေရိကန်မှ
ပြောဆိုထားသည်။ ယူကရိန်းတွင် ဝင်ရောက်စွက်ဖက်မှုများကြောင့် ရုရှားအပေါ်တွင် စီးပွားရေး ပိတ်ဆို့မှု အသစ်များကိုလည်း
အမေရိကန်မှ ထပ်မံချမှတ်ခဲ့သည်။

ထပ်မံ ပြုလုပ်ခဲ့သော စီးပွားရေး ပိတ်ဆို့မှုတွင် ရုရှားမှ လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီ ၁၇ ခုတို့ ပါဝင်ပြီး ၎င်းတို့သည် ရုရှား သမ္မတ ဝလာဒီမာ
ပူတင်၏ အတွင်းစည်းမှ ဖြစ်ကြောင်း အမေရိကန်မှ ပြောကြားခဲ့သည်။

ဥရော သမဂ္ဂမှလည်း လူ ၁၅ ဦးအပေါ်တွင် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခြင်းကို ယနေ့ အင်္ဂါနေ့အတွင်း နာမည် စာရင်းထုတ်ဖော်ပြီး
ပြုလုပ်သွားမည် ဖြစ်သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးနှင့် တစ်နာရီခန့် ရှည်ကြာသည့် ဖုန်းပြောဆိုမှုတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း မစ္စတာ ရှိုဂူမှ
ပြောကြားခဲ့သည်။ အမေရိကန်နှင့် နေတိုးတို့၏ အရှေ့ဥရောပအတွင်း စစ်ရေးဆောင်ရွက်မှုများသည် ရုရှားအား ထိန်းသိမ်းရန် လိုအပ်သည်
ဟူသော အကြောင်းပြချက်ဖြင့် လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း မစ္စတာ ရှိုဂူမှ ပြောကြားခဲ့သည်။ ရုရှား တပ်ဖွဲ့များသည် ၎င်းတို့၏ ပင်မ
အခြေစိုက်စခန်းများသို့ ယူကရိန်း နယ်ခြားအနီး စစ်ရေး လေ့ကျင့်မှုများအပြီးတွင် ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်းလည်း ပြောဆို
သွားခဲ့သည်။

ပင်တဂွန်မှလည်း မစ္စတာ ရှိုဂူသည် မော်စကို အနေဖြင့် ယူကရိန်းအား ကျူးကျော်ရန် အစီအစဉ်မရှိကြောင်းကို အာမခံခဲ့ကြောင်း ပြောကြား
သွားသည်။ ရုရှားမှ ဆက်လက်ပြီး ရန်လိုတိုက်ခိုက်မှုများ ပြုလုပ်နေလျှင် သံတမန်ရေးရာနှင့် စီးပွားရေး ဆိုင်ရာ အကျပ်အတည်းများကို ပိုမို
ရင်ဆိုင်ရမည့် အကြောင်း မစ္စတာ ဟေဂယ်မှ သတိပေးပြောကြားခဲ့ကြောင်း ပင်တဂွန်မှ ပြောဆိုခဲ့သည်။

Ref: BBC
The Myanma Age

မနေ့က နေ့လည်ဘက်အချိန် ကောင်းကင်ယံတွင် ပန်းကန်ပြားပျံ တစ်စီး တွေ့ရှိခဲ့သည့် ဓာတ်ပုံ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေ


အမျိုးအမည်မသိရတဲ့ ယာဉ်ပျံတစ်စီး လန်ဒန်မြို့ ကောင်းကင်ယံမှာ ပျံသန်းနေတာကို မနေ့ က ၂၈ ရက်နေ့ က တွေ့ မြင်ခဲ့ရကြောင်း သိရှိရပါတယ်။ ဒါဟာ UFO တစ်စီးဖြစ်နိုင်ကြောင်း တစ်ချို့ က ခန့်  မှန်းပြောဆိုနေကြပါတယ်။

ဒီထူးဆန်းတဲ့ယာဉ်ပျံကို လန်ဒန်မြောက်ပိုင်းမှာ နေ့ လည် ၁နာရီခွဲဝန်းကျင်က တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

မျက်မြင်တွေ့ ရှိသူတွေထဲက တစ်ယောက်က ဒီယာဉ်ပျံကို ဓာတ်ပုံ အမိအရရိုက်ကူးခဲ့ပြီး Facebook ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော် နေတဲ့နေရာက လမ်းနည်းနည်းခြားတဲ့နေရာကနေ ဒီအရာဝတ္ထုကို ရိုက်ကူးခဲ့တာပါ” လို့ သူက ဆိုရှယ်နက်ဝေါ့ခ်မှာ ရေးသားခဲ့ပါတယ်။

“ ဒီ ယာဉ်ရဲ့ အရောင်က အနက်ရောင်ပါ။ ယာဉ်က လည်ပတ်ပြီး ပျံသန်းနေတာဗျ။ ဒီယာဉ် ကျွန်တော့်မြင်ကွင်းက ပျောက်ပြီး Highbury နဲ့ Islington ဘက်မထွက်သွားခင် ငါးမိနစ်စာလောက်ကို ကျွန်တော် ဗီဒီယိုရိုက်ထားနိုင်ခဲ့တယ်။ ဒါက ဘာအရာဝတ္ထုလဲတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ ပထမတော့ မိုးလေ၀သပူဖောင်းထင်နေတာ။ နောက်တော့ အဲ့ကနေ အလင်းရောင်လေးကို မြင်လိုက်ရတယ်။” လို့ ပြောကြားခဲ့ကြောင်း Mirror သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Ref: Mirror.co.uk
Trend Myanmar

ယူကရိန်းနှင့်ရုရှား ထောက်ခံသူ ၂ စုကြား ပဋိပက္ခဖြစ်


ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဒန်ညက်စ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ယူကရိန်း ထောက်ခံသူတွေနဲ့ ရုရှားထောက်ခံသူတွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ယူကရိန်းထောက်ခံသူ ၂ ထောင်လောက်က ဒန်ညက်စ်မြို့တွင်း ယူကရိန်းအလံတွေကို ဝှေ့ယမ်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာကို စစ်ဝတ်စုံနဲ့ ရုရှားထောက်ခံသူတွေက ဘော့ဘော ပတ်တံတွေနဲ့ ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက လူတွေ ဦးခေါင်းမှာ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဒဏ်ရာမပြင်းထန်ပေမယ့် ယူကရိန်းအရှေ့ပိုင်းမှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သွေးထွက် သံယိုမှု ဖြစ်ပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းအရေးမှာ ၀င်ရောက်စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှား ထိပ်တန်းခေါင်းဆောင် ၇ ဦးနဲ့ သမ္မတပူတင်နဲ့ နီးစပ်တဲ့ ရုရှားကုမ္ပဏီ ၁၇ ခုကို အမေရိကန်နိုင်ငံက ဧပြီ ၂၇ ရက်နေ့မှာ ထပ်မံ ပိတ်ပင်လိုက်ပါတယ်။

ပိတ်ပင်ခံရသူတွေထဲမှာ ရုရှားနိုင်ငံရဲ့ အဓိကရေနံကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌနဲ့ ရုရှားအဆင့်မြင့်နည်းပညာကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌတို့လည်း ပါဝင်ခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ စွမ်းအင် နဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေ အပါအ၀င် ရုရှားနိုင်ငံရဲ့အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ပင်တာ ဖြစ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ ပိတ်ပင်မှုတွေ အားလုံးဟာ ရုရှားခေါင်းဆောင်တဦးချင်းစီနဲ့ စီးပွားရေး လုပ်ငန်း တခုချင်းစီကို အတိအကျ ပစ်မှတ်ထားပိတ်ပင်တာလည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာကစ်မြို့ မြို့တော်ဝန်ဟာ ဧပြီ ၂၇ ရက်နေ့က သေနတ်ပစ်ခံရပြီး ဒဏ်ရာရခဲ့ပါတယ်။

မြို့တော်ဝန်ဟာ ယူကရိန်းအစိုးရကို ထောက်ခံသူတဦး ဖြစ်ပြီး ယူကရိန်းနိုင်ငံခွဲထွက်ရေးနဲ့ ယူကရိုင်းပိုင် နယ်တွေကို သိမ်းပိုက်တာတွေကို ဆန့်ကျင်သူတဦးလည်း ဖြစ်ပါတယ်။

DVB Burmese 

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ပုဂ္ဂလိကကုမ္ပဏီ ပူးပေါင်းပြီ


ဓာတ်ပုံ - သာနိုးဝေ

ကုန်းလမ်းပို့ဆောင်ရေးက ပြည်တွင်းကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်းမှာ စီးတီးဘတ်စ်ယာဉ်လိုင်းတွေ ပြေးဆွဲသွားတော့မှာ ဖြစ်ပါတယ်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးက forever green right service company limited နဲ့ ပူပေါင်းပြီး ရန်ကုန်မြို့တွင်းမှာ စက်တင်ဘာလက စပြီး စီးတီးဘတ်စ် ၂၅ စီးနဲ့ ယာဉ်လိုင်းတခု စတင်ပြေးဆွဲတော့မှာပါ။

ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအမျိုးအစား Gas အသုံးပြုတဲ့ စီတီးဘတ် စုစုပေါင်း ၇၅ စီး တင်သွင်းပြီး မြို့တွင်းမှာ ပြေးဆွဲသွားမှာ ဖြစ်သလို အဝေးပြေးယဉ်လိုင်းတွေကိုလည်း ကားအသစ်တွေဝယ်ယူပြီး ပြေးဆွဲသွားဖို့ ရှိနေပါတယ်။
ကုမ္ပဏီနဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတို့ နှစ်ခုပါင်းပြီး ကျပ်သန်းပေါင်း ၇၄၀၀ ကုန်ကျခံ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမယ်လို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦး တင်ဝင်းအောင်က ခုလို ပြောပါတယ်။

“စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ကျပ်သန်းပေါင်း ၇၄၀၀ ရှိပါတယ်။ သူတို့က ကျပ်သန်းပေါင်း ၇၄၀၀ ထည့်ဝင်ထားပြီးတော့ ကျနော်တို့က ကုန်းလမ်းပို့ဆောင်ရေးရှေ့က မြေဧက ၂ ဒဿ မ ၅ ဧကမှာ နှစ် ၃၀ ငှားရမ်းစရိတ်ကို ကျပ်သန်းပေါင်း ၃၀၆၀၀ နဲ့ သတ်မှတ်ပြီးတော့မှ သူက ၇၀ ရာခိုင်နှုန်း၊ ကျနော်တို့က ၃၀ ရာခိုင်နှုန်းနဲ့ ဒီလုပ်ငန်းကို အကျိုးအမြတ်ယူပြီး ဒီမြေနေရာမှာ အလုပ်လုပ်မယ်။”

ပြေးဆွဲမယ့်ယာဉ်လမ်းကြောင်းနဲ့ ယာဉ်စီးခနှုန်းထားကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးအနေနဲ့ အခုလို ပြည်တွင်းကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးတင်ဝင်းအောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ ဌာနအနေနဲ့ကတော့ မူဝါဒအရလည်း ရေရှည်သွားတော့မယ်။ စီးပွားရေး လုပ်ငန်းဖြစ်တဲ့အတွက် အစိုးရကလည်း တဖြည်းဖြည်း ဖြေလျော့သွားတယ်။ ပူပေါင်းဆောင်ရွက်မှု ဘာကြောင့်လုပ်ရလဲဆိုတော့ လူထုအတွက်လည်း လုပ်ပေးနိုင်မယ်။ ကျနော်တို့ ၀န်ထမ်းတွေလည်း အလုပ်အကိုင် ရမယ်။ ဒါကြောင့် ကျနော်တို့ ပိုပြီး ကြိုးစားမှာ ဖြစ်ပါတယ်။”

ကုန်းလမ်းပို့ဆောင်ရေးက ၂၀၁၁ ခုနှစ်မှာ ဂျပန်နိုင်ငံ ICE Group မှ JCCI ကုမ္ပဏီ တခုနဲ့ အခုလိုယာဉ်လိုင်းတွေပြေးဆွဲဖို့ အမေရိကန်ဒေါ်လာ ၄၅၀ ဒဿ မ ၆၈၃ သန်းဖိုး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကုမ္ပဏီဘက်က ပြန်လည်ရုပ်သိမ်းသွားပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးကို ၁၉၆၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဘတ်စ်ကားအသစ်တွေ မတင်သွင်းနိုင်တဲ့အတွက် ရန်ကုန်မြို့တွင်းမှာ ယာဉ်လိုင်းမပြေးဆွဲတာ ဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီး အခုခါမှာတော့ forever green right service company limited နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအနေနဲ့ နောက်ထပ်ပူးပေါင်းလုပ်ကိုင်မယ့် ကုမ္ပဏီတွေရှိရင်လည်း ပူးပေါင်း လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

DVB Burmese 

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ


ဓာတ်ပုံ - ကိုဟန်ဝင်းအောင်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာ ၁၇ လပြည်ခဲ့ပြီဖြစ်ပေမယ့် ဥပဒေကြောင်းအရ အရေးယူနိုင်မှုမရှိတဲ့အပေါ် ရန်ကုန်နဲ့ လက်ပံတောင်းတောင်မှာ ဧပြီ ၂၉ ရက်နေ့က ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံး တရာခံ ဖော်ထုတ်ရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေးတို့အတွက် ရာချီတဲ့ ဒေသခံ လယ်သမားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်ကို ဆည်တည်းရွာက တောင်းခံခဲ့တာဖြစ်ပြီး တုံရွာထိပ်ကနေ ညောင်ပင်ကြီး ငွေဇင်ယော် ဆိပ်ကမ်းအထိ ချီတက်ဆန္ဒပြခဲ့တာလို့ ဦးဆောင်ဆန္ဒပြတဲ့ မနွယ်နွယ်ဝင်းက ပြောပါတယ်။

“၂၀၁၂ ခုနှစ် ၁၁ လပိုင်းကနေ ကနေ့အထိဆိုရင် ၁ နှစ်နဲ့ ၅ လရှိပြီ။ ၁ နှစ်နဲ့ ၅ လပြည့်တာတောင် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရတဲ့ မီးလောင်ဗုံးတရားခံကို အခုထက်ထိ မဖော်ထုတ်နိုင်သေးဘူး။ အဓိက အချက်ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်အရေးယူပေးရေး၊ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းပေးရန် အဲဒီ ၃ ချက်ကို ဦးတည်ပြီး ကျမတို့ ဒီနေ့ ဆန္ဒပြတာပါရှင့်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး နစ်နာခဲ့တဲ့ လျော်ကြေးမယူထားတဲ့ တောင်သူတွေကို  ဖြေရှင်းချက် တစုံတရာ မပေးသေးသလို ဆက်လက်လုပ်ကိုင်နေတယ်လို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၉ ရက် ညနေပိုင်းမှာလည်း လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် ရန်ကုန် မြို့လယ် မဟာဗန္ဓုလ ပန်းခြံကို တပတ်ပတ်ပြီး ဆူးလေဘုရားပေါ်အထိ တက်ရောက် ဆုတောင်းခဲ့တယ်လို့ ဒီမိုကရေစီ အင်အားစုက ဦးသန်းဆွေက ပြောပါတယ်။

“လယ်တီ သိမ်ကိစ္စနဲ့ လျော်ကြေး မယူထားတဲ့ မြေတွေကို သိမ်းပြီး တရားစွဲတာတို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာတို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လစဉ်လတိုင်း ဆုတောင်းနေကြဆိုတော့။ မီးလောင်ဗုံးနဲ့ ပစ်တဲ့ တရားခံ မမိသေးသ၍ ကျနော်တို့ကလည်း တောင်းဆိုနေမှာပါ။”

ဒီစီတန်းလှည်လည်မှုနဲ့ ဆုတောင်းပွဲကို လူပေါင်း ၇၀ လောက် ပါဝင်ခဲ့သလို အာဏာပိုင်တွေထံကနေ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။

DVB Burmese 

နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေတွင် မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်

ဓာတ်ပုံ - ရိုက်တာ

နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်နဲ့ မြောက်ကိုးရီးယားနယ်စပ်က ရွမ်ဖုန်ကျွန်းနဲ့ ဖျင်ယုံကျွန်းနားမှာ မြောက်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ဒီနေ့ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

အခုလို လက်တွေ့ ပစ်ခတ်ခြင်းနဲ့ လေ့ကျင့်မှုတွေ မပြုလုပ်ခင် တောင်ကိုရီးယားကို အသိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ကင်မင်ဆွတ် (Kim Min-Seok) က တောင်ကိုရီးယားတပ်တွေကိုလည်း အဆင့်သင့် ပြင်ထားပြီး တောင်ကိုရီးယား ငါးဖမ်းစက်လှေတွေကိုလည်း အဲ့ဒီနေရာက ထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားအမြောက်ကျည်တွေ တောင်ကိုရီးယားနယ်နိမိတ်ထဲကို ကျရောက်လာရင်တော့ အပြင်းအထန် တုံ့ပြန်မယ်လို့ တောင်ကိုရီးယားပြောခွင့်ရက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ကလည်း မြောက်ကိုရီးယားနိုင်ငံက အခုလိုပဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး အမြောက်ကျည် ၁၀၀ ကျော်ဟာ တောင်ကိုရီးယားနိုင်ငံထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံကလည်း အမြောက်ကျည် ၁၀၀ ကျော် တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က ရွမ်ဖုန်ကျွန်းပေါ် မြောက်ကိုရီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နောက်ပိုင်း နယ်စပ်ကျွန်းတွေမှာ တောင်ကိုရီးယားတပ်တွေကို အင်အားတိုးမြှင့်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

DVB Burmese 

ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဝဲဘက်ခြမ်းရှိ ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ


နေပြည်တော်၊ ဧပြီ ၂၉

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမုံရွာသို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ သိန်းနိုင်လင်း(၃၃)နှစ်မောင်းနှင်လာသော ၂စ/xxxx လင့်ခရူဇာအဖြူရောင်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဝဲဘက်ခြမ်းရှိ ဘာရီယာတုံး(၁၆)တုံးအား ၀င်ရောက် တိုက်မိကာ လမ်းလယ်ကျွန်းပေါ်တွင် ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ယာဉ်၏ ရှေ့ခေါင်းပိုင်း
ပိန်ချိုင့်၊ ရှေ့ဝဲဘီးပြုတ်ထွက်၍ တန်ဘိုးငွေကျပ်သိန်း(၃၀)ခန့်နှင့် ဘာရီယာတုံး(၁၆)တုံး၊ တန်ဘိုးငွေကျပ်(၃)သိန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် သိန်းနိုင်လင်းအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အရက်သေစာသောက်စားခြင်းရဲ့ ဆိုးကျိုးများ


       ပူပြင်းတဲ့ နွေရာသီမှာ အရက်ပူတွေအလွန်အကျွံသောက်လို့ သေကြတယ်ဆိုပြီး ကြားသိရပါတယ်။ စာရေးသူတို့ရွာမှ ဒကာ တစ်ဦးလည်းပဲ အရက်စွဲပြီး အတွင်းကလီစာပျက်ဆီးကာ ပိန်ချုံးချိနဲ့ပြီး သေသွားတယ်လို့ သိရပါတယ်။ ဒါကြောင့်  ဒီနေ့တော့ မူးယစ်သောက်စား အပြစ်များကို ပြောပြချင်ပါတယ်။ အရက်သေစာ၊ မူးယစ်ဆေးစတာတွေဟာ သုံးစွဲသူကို မေ့လျှော့စေတတ်တယ်။ မူးယစ်စေတတ်တယ်။ ပက်သဒင်းဆေးရည်၊ တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ၊ ဘီယာအမျိုးမျိုး စတာတွေဟာ သုရာမေရယ၊ မူးယစ်စေ တဲ့အထဲမှာ ပါဝင်ပါတယ်။
       တကယ်တော့ အရက်စတာတွေဟာ မကောင်းတာလုပ်မိဖို့အတွက် ရဲဆေးပါ။ ပင်ကိုယ် အသိစိတ်ရှိနေရင် လူတွေဟာ မကောင်းတာလုပ်ဖို့ လက်တွန့်ကြတယ်။ အရက်လေးဝင်သွားလိုက်ရင်၊ ဒါမှမဟုတ် မူးယစ်ဆေးလေးရှုလိုက်ရင် အရင်က မပြောရဲ တာ ပြောရဲလာတယ်။ မလုပ်ရဲတာ လုပ်ရဲလာတယ်။ ဒါကြောင့် အရက်သေစာ၊ မူးယစ်ဆေးဝါးစတာတွေဟာ သုံးစွဲသူရော၊ သုံးစွဲ သူနဲ့ ဆက်စပ်တဲ့ သူတွေအားလုံးကိုပါ အကျိုးပျက်ဆီးစေပါတယ်။
       ဒါကြောင့် အရက်ရဲ့ အပြစ်တွေကို ခုလိုဆိုကြပါတယ်။
“အရက်ဟာ ဆင်ခြင်တုံတရားကို နှင်ထုတ်တယ်၊
မှတ်ဥာဏ်ကို နစ်မြုပ်စေတယ်၊
ဦးနှောက်ကို ဖျက်ဆီးတယ်၊
ခွန်အားကို လျှော့နည်းစေတယ်၊
သွေးကို လှုံဆော်တယ်၊
ကုစားလို့မရနိုင်တဲ့ အတွင်းအပြင် ဒဏ်ရာတွေကို ဖြစ်စေတယ်၊
ကိုယ်ခန္ဓာကို ဖျက်ဆီးတဲ့ စုန်းမ၊
စိတ်ကိုဖျက်ဆီးတဲ့ မကောင်းဆိုးဝါး၊
ပိုက်ဆံအိတ်ကို နှိုက်မယ့်သူခိုး၊
သူတောင်းစားရဲ့ ကျိန်စာ၊
မယားရဲ့ရန်သူ၊
သားသမီးတွေရဲ့ သောက၊
လူ့တိရိစ္ဆာန်ရဲ့ ပုံရိပ်၊
ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်း၊
သူများကျန်းမာဖို့ ဆုတောင်းပြီး ခွက်မြောက်သောက်သူ၊
ကိုယ်ပိုင်ပစ္စည်းတွေကို ကိုယ်တိုင်ပဲ ဓားမြတိုက်နေသူ” လို့ဆိုပါတယ်။
       အရက်ကို စွဲလမ်းမိလို့ သားအရင်းကိုတောင် သတ်ပြီး အရက်မြည်းတဲ့ အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။ ဗာရာဏ သီပြည်မှာ အရက်ကြိုက်တဲ့ ဘုရင်တစ်ပါးရှိခဲ့တယ်။ အသားလည်း အစားကြူးတယ်။ အရက်နဲ့အသား၊ အသားနဲ့အရက် သူ့အတွက် မရှိမဖြစ်ပဲပေါ့။ အဲတုန်းကတော့ ဥပုသ်နေ့မှာ အသားမသတ်ရ စည်းကမ်းရှိတယ်။ ဒီတော့ ဘုရင်အတွက် အသားကို ကြိုဝယ်ထား ရတယ်။ တစ်နေ့တော့ ၀ယ်ထားတဲ့အသား ခွေးစားသွားလို့ အရက်သောက်တဲ့အခါ အသားမပါခဲ့ဘူး။ အရက်သာ တစ်အိုးပြီး တစ်အိုးသောက်နေတာ အသားမပါတော့ အရသာမရှိ။ မသိစိတ်က အသားတောင့်တလေတော့ ရင်ခွင်ထဲ ပွေ့ချီထားတဲ့ မွေးကင်းစ သားလေးကို လည်ချိုးကာ ချက်ခိုင်းလိုက်ပါတော့တယ်။ ကြင်ယာတော်များလည်း မငြင်းသာ။ ငိုချင်ရက်နဲ့ အောင့်ထားရရှာပါတယ်။ ဘုရင်ဟာ တစ်ညလုံး အရက်ကလေးသောက်လိုက်၊ သားလေးရဲ့ အသားကို ဖဲ့စားလိုက်နဲ့ ဇိမ်ကို ရှိနေတာပါပဲ။ ဒီလိုနဲ့ မနက်မိုး လင်းလို့ အမူးပြေတော့ သားလေးကို သတိရတယ်။ ဒါနဲ့ မိဖုရားကို ခေါ် သားတော်လည်းကို ခေါ်ခဲ့ပါဦးလို့ ဆိုတော့ ဒီတော့မှ မိဖုရားများလည်း ညက ဖြစ်စဉ်ကို ပြန်သံတော်ဦးတင်လိုက်ပါတယ်။ ဘုရင်ဟာ မိဖုရားစကားကြားလိုက်တော့ ငယ်ထိပ် မြွေပေါက် ခံရသလို၊ ရင်ဘက် မီးဟုန်းဟုန်းတောက်သလို ထိတ်လန့်တုန်လှုပ်ကာ အိနြေ္ဒမဆည်နိုင်အောင် ရှိုက်ကြီးတငင် ငိုရပါတော့တယ်။ အမှားဟာ ပြန်ပြင်လို့မရတော့ပါ။ ညက မငိုပဲ အောင့်ထားတဲ့ မိဖုရားနဲ့ နန်းတွင်းသားအားလုံးလည်း ခုမှ အားရပါးရ ငိုကြ ပါလေတော့တယ်။
       အဲဒီအချိန်ကစပြီး ဘုရင်ဟာ ဒီလောက် လူကို ဆင်းရဲစေတဲ့အရက်ကို ရဟန္တာဖြစ်တဲ့အထိ မသောက်တော့ဘူးလို့ ဆုံးဖြတ် လိုက်ပါတယ်။

       ဒါကြောင့် အရက်သေစာ၊ မူးယစ်ဆေးဝါးဆိုတာ နည်းနည်းသုံး နည်းနည်းမူးတယ်။ များများသုံး များများမူးယစ်လို့ များများအပြစ်လုပ်မိမယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ဆိုကျိုးပေး၊ လူ့အကျင့်စာရိတ္တကိုလည်း ပျက်ပြားစေတဲ့အရက်ကို စာဖတ်ပရိသတ်အားလုံး ရှောင်ကြဉ်နိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ 

အင်ဒိုနီးရှား အိမ်အကူကို ညှဉ်းပန်းမှုဖြင့် ဟောင်ကောင် အမျိုးသမီးတဦးကို ရုံးထုတ်


တရားရုံးအပြင်မှာ ဆန္ဒပြတွေက “အလုပ်သမားတွေ ဖြစ်တယ်၊ ကျွန်တွေ မဟုတ်ဘူး” ဟု ကြွေးကြော်စဉ်
တရားရုံးအပြင်မှာ ဆန္ဒပြသမားတွေက “အလုပ်သမားတွေ ဖြစ်တယ်၊ ကျွန်တွေ မဟုတ်ဘူး” ဟု ကြွေးကြော်စဉ်

ဟောင်ကောင်တွင် အင်ဒိုနီးရှား အိမ်အကူလုပ်သား အတော်များများကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ အလှဖန်တီးရှင်ဟောင်း လော်ဝမ်တန်ကို ဒီနေ့ တရားရုံးထုတ်လာပါတယ်။

ဒါဟာ ဟောင်ကောင်မြို့အတွင်း နိုင်ငံခြားသား အိမ်အကူလုပ်သား ၃ သိန်းလောက် အတွက် အားကိုးရာ ဖြစ်လာပါတယ်။

အလှဖန်တီးရှင်ဟောင်း လော်ဝမ်တန်ဟာ အိမ်အကူ အတော်များများကို ဒဏ်ရာရစေမှု၊ စော်ကားမှုနဲ့ ရာဇ၀တ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေအပါအ၀င် စွဲချက် ၇ ချက်ကို ရင်ဆိုင်နေရပါတယ်။

သူမရဲ့ အိမ်အကူတွေထဲက အင်ဒိုနီးရှားအိမ်အကူ အာဝီယာနာရဲ့ အမှုကတော့ ဒီနှစ် အစောပိုင်းမှာ လူသိရှင်ကြား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဇန်န၀ါရီလက သူ့ကို ဖမ်းပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် မေ  ၂၀ ရက်နေ့မတိုင်မီအထိ အမှုကို ရွှေ့ဆိုင်းခဲ့ပါတယ်။

တရားရုံးအပြင်မှာတော့ ဆန္ဒပြသူ အယောက် ၂၀ လောက်က “အလုပ်သမားတွေ ဖြစ်တယ်၊ ကျွန်တွေ မဟုတ်ဘူး” လို့ ကြွေးကြော်နေကြပါတယ်။

ဒီအမှုဟာ ဟောင်ကောင်လို တရားဥပဒေစိုးမိုး လိုက်နာတဲ့နေရာမှာ ဖြစ်ခဲ့တာ အံ့သြစရာပဲလို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (amnesty international)ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ရောဘတ်ဂေါ့ဒန်က ပြောပါတယ်။

တိုင်းမ်မဂ္ဂဇင်းကတော့ အင်ဒိုနီးရှားအိမ်အကူ အာဝီယာနာကို ကမ္ဘာ့သြဇာအရှိဆုံး လူ အယောက် ၁၀၀ စာရင်းမှာ ထည့်သွင်းခဲ့ပြီး အခွင့်အရေးအတွက် ပြန်တိုက်တဲ့ ရွှေ့ပြောင်း လုပ်သားအဖြစ် ဖော်ပြခဲ့ပါတယ်။

ဒီဗွီဘီ 

Snake-bite မြွေကိုက်လျှင်


ဆရာ Snake bite အကြောင်းရေးပါအုံးခင်ဗျား။

မြွေအမျိုးအစား အများကြီးရှိပေမဲ့ အဆိပ်ရှိတဲမြွေက အရေအတွက် နည်းတယ်။ သူများတိုင်းပြည်က မြွေတွေကို ဘယ်လောက်ဆန်းဆန်း အသာထားပါ။ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတဲ့ မြွေပွေးနဲ့ မြွေဟောက်ကိုသာ သိထားစေချင်ပါတယ်။ ဒီမြွေတွေ မဟုတ်ရင် မစိုးရိမ်ပါနဲ့။ မြွေပွေးကသာ အသက်သေစေတာ အများဆုံး ဖြစ်တယ်။

အရေးကြီးတဲ့ နောက်တချက်ကတော့ မြန်မာပြည်ပေါက်မြွေတွေအတွက် မြန်မာပြည်ထုတ်ဆေးတွေက အကောင်းဆုံး ဖြစ်တယ်။ ချမ်းသာတိုးတက်တိုင်းပြည်တွေမှာ မြွေအကြောင်း ဆရာဝန်တွေကအစ သိပ်မသိကြဘူး။ သူတို့ဆီမှာ ၉၁၁ နံပါတ်ကို ဖုန်းခေါ်တာနဲ့ ချက်ချင်းဆေးအဖွဲ့ရောက်လာတာမို့ ရှေးဦးသူနာပြုစရာ အချိန်သိပ်မလိုပါ။ ကျွန်တ်ာတို့ တိုင်းပြည်မှာတော့ ဘာမဆို ‘အတ္တာဟိ အတ္တနော နတ္ထော’ ချည်းဘဲမဟုတ်ပါလော။

ရှေးဦးသူနာပြုသင်ခန်းစာတွေ တချို့က ဟောင်းသွားပြီး၊ ခေတ်မီနည်းတွေ ထပ်မထည့်ကြတော့ဘူး။ အစိုးရရဲ့ မြဝတီ (ဆိုက်) ထဲမှာ “သတိပြုရှောင်ကြဉ်ဖွယ် မြွေဆိုးအန္တရာယ်” ကိုလဲ ဖတ်ကြည့်ပါတယ်။ လိုတာလေး တွေ့ရတယ်။ "မြွေဆိပ် ကာကွယ်ဆေးမှာ အကိုက်ခံရပြီး လေးနာရီအတွင်းထိုးလျှင် ထိရောက်မှု အရှိဆုံးဖြစ်ပြီး၊ အကယ်၍ ၁၂ နာရီ ကျော်ပါက ဆေးအာနိသင်မှာ လျော့ပါးလာနိုင်ပါသည်။" လို့ဖတ်ရပါတယ်။

ဒါနဲ့ (ကွန်မင့်) ထဲမှာ ဒီလိုရေးလိုက်ပါတယ်။ “အမှန်မှာ မြွေဆိပ်ဖြေဆေးကို မြန်မြန်ထိုးနိုင်လေ ကောင်းလေဟုသာ ရေးသားသင့်ပါသည်။ ၄ နာရီ အတွင်းနှင့် ၄ နာရီကျော်အတွက် သုတေသန လုပ်ထားချက် မတွေ့ဘူးပါ။ ဆေးအာနိသင် လျှော့ပါသည်ဟု ရေးသားခြင်းမှာ မမှန်ပါ။ မြွေဆိပ်ဒဏ်တွေ ခံနေရတာကြာလို့ လူနာအသက်အတွက် ဆေးထိုတာ နောက်ကျလေလေ အန္တရာယ်များလေလေ ဖြစ်ပါတယ်။ ဆေးက တန်ဘိုးမလျှော့ပါ။”

သူများကို အပြစ်ထောက်ပြရတာ အင်မတန်လွယ်တယ်။ ကိုယ်ပြောတာကကော ဘယ်လောက်မှန်လို့၊ ဘယ်အထိ တိကျသလဲ။ အနောက်နိုင်ငံတွေနဲ့ မြန်မာပြည်လိုပဲ မြွေဆိုးအန္တရာယ်ခံနေရတဲ့ အိန္ဒိယနိုင်ငံကနေ ပေးထားကြတဲ့ မြွေကိုက်ရင် လုပ်သင့်တဲ့ ရှေးဦးသူနာပြည်နည်းတွေကို ယှဉ်ကြည့်တော့ မတူတာတွေ တွေ့ရပါတယ်။ ရှေးဦး သူနာပြုစုနည်းမှာ အဓိကကွဲလွဲချက်တခုက ကြိုးစည်းမလား၊ မစည်းဘူးလားဆိုတဲ့အချက် ဖြစ်တယ်။

မလုပ်သင့်တာတွေ -
• ဆေးမီးတိုနည်းသုံးတာ၊ မြွေကိုက်တဲ့နေရာကို ပါးစပ်နဲ့စုပ်တာ၊ ဒါးနဲ့ခွဲတာ၊ လေဟာနယ်ပုလင်းလုပ်ပြီး စုပ်ယူတာ၊ ကြိုးစီးတာ၊ ရေခဲတင်တာ၊ မြွေကိုကိုလိုက်ရှာပြီး သတ်ယူတာ။ လူနာကို အတတ်နိုင်ဆုံး လှုပ်ရှားမှု မလုပ်စေပါနဲ့၊ ခြေထောက်မှာကိုက်ရင် လမ်းမလျှောက်စေပါနဲ့။

လုပ်သင့်တာတွေ -
• အကိုက်ခံရသူကို အန္တရာယ်ရှိရာကနေ နေရာရွေ့ပါ၊
• မြွေဆိပ်ဖြေဆေးရှိတဲ့ အနီးဆုံးနေရာကို လူနာအမြန်ဆုံး သယ်ပို့ပေးဘို့ အရင်ဦးဆုံးလုပ်ပါ။
• နှစ်သိမ့်အားပေးပါ၊ စိတ်တည်ငြိမ်စေပါ၊ ပြုစုသူကလဲ တည်ငြိမ်ပါ။
• ခြေလက်မှာ ကိုက်ခံရတာဆိုရင် လက်ဝတ်လက်စား၊ အလှအပအတွက် ဝတ်ဆင်ထားတာတွေ ချွတ်ယူပါ။
• ကိုက်တဲ့မြွေအကြောင်းမေးပါ၊ မြွေကိုက်ချိန်၊ လူနာမှာ ဖြစ်ပေါ်ခံစားလာရတာတွေကို မှတ်သားပါ။ ဆရာဝန်ကိုပြန်ပြောပြပါ။
• Shock ရှော့ခ်ဖြစ်ရင် ရှေးဦးသူနာပြုစုနည်းအတိုင်းလုပ်ပါ။
• အကိုက်ခံရတဲ့နေရာကို နှလုံး (ရင်ပတ်) နေရာ အထက်ကို မမြှင့်စေပါနဲ့။
• ရေသန့်သန့် + ဆပ်ပြာနဲ့ ဆေးကြောပေးပါ။ Antiseptic ပိုးသေဆေးရည် ရှိရင်သုံးပါ။ မရှိရင် အချိန်ကုန်ခံပြီး ရှာမနေပါနဲ့။

• ကြိုးစည်းတာကို လုံးဝမသုံးပါနဲ့လို့ မဆိုလိုပါ။ အကိုက်ခံရတဲ့နေရာအထက် ၂ လက္မအကွာမှာ စည်းပါ။ ရောင်နေရင် ရောက်နေတာအထက်က စည်းပါ။ သွေးလုံးဝမလျှောက်အောင်အထိ တင်းစရာမလိုပါ။ ကြာမယ်ဆိုရင် ပြန်လျှော့-ပြန်စီးလုပ်ပါ။ ကြိုးက ၁ လက္မလောက်တုပ်တာ ကောင်းတယ်။ အကိုက်ခံရပြီး မိနစ် ၂ဝ အတွင်းသာ စီးပါ။ နောက်ကျသွားရင် မစီးပါနဲ့တော့။
• အကိုက်ခံရတဲ့နေရာကို ငြိမ်အောင်လုပ်ပေးနည်းက အရိုးကျိုးသူတွေကို လုပ်ပေးနည်းအတိုင်း ဖြစ်တယ်။
• မြွေကသေပြီးနောက်မှာ တနာရီကြာတဲ့အထိ ထိလိုက်ရင် တုန့်ုပြန်ကိုက်နိုင်စွမ်းရှိတာ သတိထားပါ။
• အရက်၊ ကော်ဖီအပြင်းစား၊ အိပ်ဆေး၊ မူးယစ်စေတဲ့ဆေး၊ အမျိုးအမည်မသိတဲ့ဆေး မတိုက်ပါနဲ့။
• လူနာရဲ့ အရေးပါလက္ခဏာ ၄ မျိုးကို သတိထားကြည့်နေပါ။ အပူချိန်၊ အသက်ရှူမှု၊ နှလုံးခုန်တာနဲ့ သွေးဖိအား။

Neurological bites (Elapid species) မြွေဟောက်လို အာရုံကြောကိုထိတဲ့မြွေမျိုးဖြစ်ရင် ရှေးဦးသူနာပြုနည်းမှာ တခုပိုပါတယ်။ Cobras, King Cobras, Kraits, Coral snakes and Sea Snakes မြွေအမျိုးအစားတွေဖြစ်တယ်။ Pressure immobilization ဖိအားပါတဲ့ ပတ်တီးစီးနည်းလုပ်ပါ။ Sutherland method နည်းခေါ်တယ်။ 5 - 10 cm အကျယ်ရှိတဲ့ Elastic Crepe Bandage ဆန့်နိုင်-ကျုံ့နိုင်တဲ့ပတ်တီးမျိုး ၃-၄-၅ လိပ်သုံးပါ။ Splint အခုအခံပြားတခုခုသုံးပါ။ ဒီလိုနည်းအတွက် အချိန်ပိုမကုန်ပါစေနဲ့။ မြွေဆိပ်ဖြေဆေးရှိရာကို ရောက်စေဘို့ကို ပဌမဦးစားပေးပါ။

(၁) အဖျားပိုင်းကနေစပြီး အထက်ဆီသွားနည်းအတိုင်း ပတ်တီးစည်းပါ။ ဘောင်းဘီချွတ်ရန်မလိုပါ။ အကိုက်ခံရတဲ့ ခြေ-လက်ကို ငြိမ်နေစေပါ။
(၂) ကြောင်လိမ်နည်းနဲ့ တင်းတင်းစီးပါ။
(၃) ပတ်တီးကို အဖက်ပိုင်းဆီရောက်နိုင်သမျှရောက်အောင်စီးပါ။
(၄) သစ်သားပြား (ဝါး၊ သတ္တုချောင်း) နှစ်ချောင်း သုံးပြီး ငြိမ်အောင်လုပ်ပါ။
(၅) လက်ကိုကိုက်ရင် လက်ကိုပတ်တီးစီးပြီး သုံးထောင့်ပတ်တီးသုံးပြီး ကိုယ်မှာကပ်ထားပါ။

India national snake-bite protocol in 2007 အိန္ဒိယ မြွေကိုက်ခြင်းလိုက်နာရန်အချက်များ ၂ဝဝ၇
• မြွေ ၇ဝ% မှာ အဆိပ်မရှိ။
• အကိုက်ခံရသူ ၅ဝ% မှာသာ အဆိပ်သင့်။
• Tight ligatures တင်းကြပ်နေအောင် စီးနှောင်တာမလုပ်ပါနဲ့။

Anti-venom မြွေဆိပ်ဖြေဆေးကို ၁၈၉၅ မှာ ပြင်သစ်ဆရာဝန် Albert Calmette ကနေ ပဌမဆုံးသုံးခဲ့တယ်။ မြွေရဲ့ ပါးစပ်ကနေ အဆိပ်ကို နို့ညှစ်သလို ထုတ်ယူပြီး၊ မြင်း၊ သိုး ကိုယ်ထဲကို ဆေးထိုးပေးတယ်။ အဲဒီအခါ အကောင်ရဲ့ သွေးထဲမှာ မြွေဆိပ်ကို တန်ပြန်တဲ့ ခုခံဓါတ် Antibodies (အင်တီဘော်ဒီ) တွေထွက်လာမယ်။ အဲဒီဓါတ်ကို ထုတ်ယူပြီး မြွေဆိပ်ဖြေဆေးအဖြစ် သုံးနိုင်အောင်စီမံရတာ ဖြစ်ပါတယ်။ လူနာရဲ့သွေးထဲကို ထိုးပေးလိုက်ရင် ကိုယ်ထဲဝင်နေတဲ့ မြွေဆိပ်ကို ဆန့်ကျင်ပြီး အဆိပ်ပျယ်စေတော့တယ်။ နောက်ပေါ်မြွေဆေးတွေက Polyvalent antivenom ခေါ်တဲ့ မြွေမျိုးစုံ အဆိပ်တွေကို နိုင်တယ်။

ကနေ့လို ဒိဂျစ်တယ်လ်ကာလမှာ ဆဲလ်ဖုန်းကနေလဲ ရှေးဦးသူနာပြုနည်း၊ ပတ်တီးစည်းနည်း၊ မြွေဆေးရတဲ့နေရာ၊ စတာတွေကို ချက်ချင်း ရှာဖွေကြည့်နိုင်လို့ နည်းပညာရဲ့အကျိုးကိုရယူပါလေ။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၃
၂၉-၄-၂ဝ၁၄

လယ်သစ်ကျေးရွာ၌ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံး


၂၀၁၄ ခုနှစ် ဧပြီလ (၉) ရက်နေ့ နံနက် (၆)နာရီ အချိန်၌ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ အုပ်စု အနောက်လယ်သစ် ကျေးရွာတွင် စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သိ ရ သည်။

ဖြစ်စဉ်မှာ အနောက်လယ်သစ် ကျေးရွာနေ ဦးအေး (ခ) မြင့်အေး ၊ အသက် (၄၁)နှစ်၊ (ဘ) ဦးကြီးစိန် သည် ၄င်းတို့၏ ဥယျာဉ်သို့ သွားရောက်ကာ ကွမ်းသီးပင်တွင် လုံးပတ် (၅)မူးလုံး အရွယ် အရှည်ပေ (၂၀)ရှိ နိုင်လွန်ကြိုးအား ၄င်း၏ လည်ပင်း၌ ကြိုးကွင်း  အဖြစ် ချည်နှောင်ပြီး  တောင်အောက် သို့ လျောဆင်း၍ ပြင်ပ ဒဏ်ရာ မရှိဘဲ ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။

ထိုသေဆုံးမှုနှင့် ပတ်သက်၍ တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့မှ သေမှု သေခင်း ဖွင့်လှစ်ပြီး  အမှု စစ်ဆေး  နေကြောင်း  သတင်းရရှိသည်။

မြိတ်ပုလဲမြေ 

ကားမီးလောင်ရာတွင် ပါသွားသည့် သန်းခေါင်စာရင်း စာရွက်များ အသစ်ပြန်ကူးနေပြီ

ကားမီးလောင်ရာတွင် ပါသွားသည့် နောင်တရားမြို့နယ်မှ သန်းခေါင်စာရင်းစာရွက်တချို့ ပျက်စီးသွားသဖြင့် အသစ်ပြန်လည် ကူးယူနေသည်ကို ဧပြီလ ၂၉ ရက် နံနက်က တောင်ကြီးခရိုင် လဝကရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း)

ဂျွန်ချစ်ငြိမ်း

တောင်ကြီး၊ မဇ္ဈိမ။ ။ကားမီးလောင်ရာတွင် ပါသွားသည့် နောင်တရားမြို့နယ်၏ သန်းခေါင်စာရင်း စာရွက်စာတမ်းအချို့ကို စက်ဖတ်၍ မရနိုင်တော့သဖြင့် အသစ်ပြန်လည်ကူးနေပြီဟု တောင်ကြီးခရိုင် လဝက ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ဧပြီ ၂၉ရက်က မဇ္ဈိမကို ပြောသည်။

" ဘေးသားတွေ ပဲလောင်သွားတော့ စာတွေကမြင်နေရပါတယ်၊ ဖတ်မရအောင်ပျက်စီးသွားတာ မရှိပါဘူး၊ ပြန်ကူးလို့ရတဲ့ အနေထားကြောင့် သန်းခေါင်စာရင်းထပ်ကောက်သွားဖို့မလိုပါဘူး" ဟု တောင်ကြီးခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂၈ရက် နံနက်က တောင်ကြီးမြို့သို့ တက်မည့် အတက်လမ်းတွင် ပရိုဘောက်ကားတစ်စီး မီးလောင်ခြင်းကြောင့် ကားပေါ်တွင်ပါသည့် နောင်တရားမြို့နယ်အတွက် သန်းခေါင်စာရင်းကောက်ခံထားသည့် စာရွက်အချို့ ၁၀ရာခိုင်နှုန်း ပျက်ဆီးသွားသည်ဟု ခန့်မှန်းပြောဆိုခဲ့သော်လည်း အမှန်တကယ် စိစစ်ခွဲထုတ်၍ သန့်ရှင်းရာတွင် ပျက်ဆီးမှုပမာဏမှာ ၎င်းပမာဏထက်လျော့နည်းသည်ဟု ဦးရဲနောင်က ဆိုသည်။

အသစ်ပြန်လည်ကူးယူနေသည့် သန်းခေါင်စာရင်းစာရွက်များကို တောင်ကြီးမြို့နယ်၊ ခရိုင်၊ ပြည်နယ် မှ လ၀က ၀န်ထမ်းများဖြင့်သာ ပြန်လည်ကူးယူနေခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက် တစ်ရက်တည်းဖြင့် ပြီးစီးနိုင်သည်ဟု တောင်ကြီးခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ဆိုသည်။

အသစ်ကူးယူပေးထားသည့် သန်းခေါင်စာရင်းဆိုင်ရာစာရွက် နှင့် နှုတ်ခမ်းသားများမီးလောင်သွားသည့် သန်းခေါင်စာရင်းစာရွက် မူရင်းတို့ကို ပြန်လည် စစ်ဆေးသည့်အခါ ကွဲလွဲမှု မရှိစေရန် အတွက် အဆိုပါ နှစ်ခုလုံးကို နေပြည်တော်သို တွဲ၍ ပေးပို့ပေးသွားမည်ဟု တောင်ကြီးခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ပြောသည်။

ယခု မီးလောင်မှုကြောင့် အသစ်ပြန်လည်ကူးယူပေးနေသော သန်းခေါင်စာရင်း စာရွက်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက် မှ ကောက်ကွက် ၅ကွက်၊ ပုန်းအိမ်အုပ်စု ကောက်ကွက် ၄ကွက်၊ မြင်းတွင်း ၄ကွက်၊ နောင်ပီ ၂ကွက်၊ ဘုရားဖြူ ၂ ကွက် နှင့် ဘန့်ပြင် ၁ကွက် စုစုပေါင်း ကောက်ကွက် ၁၈ကွက်မှ ခန့်မှန်း သန်းခေါင်စာရင်းဆိုင်ရာ စာရွက်ရေ (၁၀၀၀) ဖြစ်သည်ဟု တောင်ကြီး ခရိုင် ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

Mizzima Burmese 

ခြင်၊ ယင်၊ ပိုးဟတ်တွေကို နေ့စဉ်လိုက်လံနှိမ်နှင်းပြီး ပတ်ဝန်းကျင်ကို အကျိုးရှိအောင် လိုက်လံပြုလုပ်ပေးနေတဲ့ ချီးကျူးလေးစားဖွယ် အသက် ၈၀ အရွယ် ဘွားဘွား


တရုတ်နိုင်ငံ၊ ဟန်ဇူးမြို့မှာနေထိုင်တဲ့ အသက်(၈၀) နှစ်အရွယ်ရှိ ရူအန်တန် အမည် ရှိတဲ့ အဘွားအိုဟာ အသက်ရှင်နေစဉ် ကာလ အတွင်းမှာ ပတ်ဝန်းကျင်ကိုအကျိုးရှိစေမယ့် အလုပ်တစ်ခု လုပ်ဆောင်သွားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ရူအန်တန်ဟာ အလုပ်တစ်ခု ကနေ အနားယူပြီးတဲ့နောက် ပြီးခဲ့တဲ့ (၁၄)နှစ်တာ ကာလအတွင်း နေ့စဉ်နေ့တိုင်း ပတ်ဝန်းကျင် ကို အကျိုးရှိစေမယ့် အလုပ်တစ်ခုခဲ့ပါတယ်။ အဲဒါကတော့ ပတ်ဝန်း ကျင်မှာရှိနေတဲ့ ခြင်၊ ယင်၊ ပိုးဟတ်တွေကို လိုက်လံနှိမ်နင်းခြင်းပဲ ဖြစ်ပါတယ်။ ရူအန်တန်ဟာ တစ်နေ့ကို ခြင်၊ ယင်၊ ပိုးဟတ်(၁၀၀၀)ကျော်ကို နှိမ်နင်းလေ့ရှိ ပါတယ်။ ဒီလိုလုပ်ရာမှာ တစ်နေ့ကို ရှစ် နာရီခန့် အချိန်ယူရလေ့ရှိတယ်လို့ သိရပါ တယ်။ ရူအန်တန်ဟာ ခြင်၊ ယင်၊ ပိုးဟတ် တွေကို နှိမ်နင်းတဲ့ ရိုက်တံ လေးကို ကိုင်ဆောင်ပြီး မြို့အနှံ့လျှောက်သွားကာ နှိမ်နင်းနေ ခြင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်က လူတွေ ကလည်း ရူအန်တန်ရဲ့ အပြုအမူကို ချီးကျူးခဲ့ကြ သလို တရုတ် မီဒီယာ တွေကလည်း တခမ်းတနား ရေးသားဖော်ပြခဲ့ကြပါတယ်။ ရူအန်တန်က ကျွန်မအလုပ်ကနေ အနားယူပြီးတဲ့နောက်မှာ ပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးရှိအောင် လုပ်ပေးမလဲဆို တာ စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတတ်နိုင် တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ခြင်၊ ယင်၊ ပိုး ဟတ်တွေကို နှိမ်နင်းတာဟာ ကျွန်မနဲ့ အကိုက်ညီဆုံး အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒီအလုပ်ကို နေ့စဉ် လုပ်နေပါတယ်”” လို့ ပြောကြား သွားခဲ့ပါတယ်။ တရုတ်မီဒီယာ တွေကတော့ ရူအန်တန်ဟာ ပြည်သူတွေ အတွက် ရောဂါဘယတွေ ဖြစ်စေနိုင်တဲ့ ခြင်၊ ယင်၊ ပိုးဟတ်တွေကို နှိမ်နင်းမှုပြုလုပ်နေကြောင်း ကို ရေးသားဖော်ပြမှုတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။ ရူအန်တန် ကလည်း အိမ်နီးနားချင်းတွေကို ကူညီခွင့်ရလို့ ဂုဏ်ယူမိကြောင်း ပြောကြားသွားခဲ့ပါတယ်။ အိမ်နီးနားချင်း ဖြစ်သူ အသက် (၅၈) နှစ် အရွယ်ရှိ ဂျီအမ်က လည်း ရူအန်တန်ဟာ ပျံသန်းနေတဲ့ အင်းဆက် ပိုးမွှား တွေကို နှိမ်နင်းရာမှာ အလွန်ကျွမ်းကျင်ကြောင်း ချီးကျူးစကားဆိုခဲ့ပါတယ်။
The Messenger

သုံးခွန်းသောစကား


28.4.2014

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်ကို နန်းတော်သို့ မကြာမကြာပင့်ပြီး ဆွမ်းကပ်လေ့ရှိသည်။

"ဆရာတော်ဘုရား၊ တပည့်တော်လည်း ခြွေရံသင်းပင်းများစွာနှင့် ထီးနန်းစည်းစိမ်ကို ခံစားနေရမယ့် အရွယ်ဟိုင်းလို့ ဇရာပိုင်း ရောက်လာသည့်အတိုင်း လောကီနယ်က ထွက်ပြီး လောကုတ္တရာနယ်ထဲ ရောက်နိုင်မယ့် တရားထူးလေးများရှာပြီး ဟောပါဦးဘုရား" ဟု မင်းတုန်းမင်းကြီးက ဗန်းမော် ဆရာတော်အား လျှောက်ထားလေသည်။

ထိုအခါ ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား

"ဒကာတော် ရေမြေ့ရှင် လျှောက်ထားတဲ့ အကြိမ်ပေါင်းလည်း များလှပြီ၊ ဟောရတဲ့တရားလည်း များလှပြီ၊ ကဲ……ဒီတစ်ခါ ဥပမာပေးကာ ဟောရဦးမှာပေါ့" ဟု မိန့်တော်မူပြီး အောက်ပါပုံပြင်တစ်ခုကို ထုတ်ဆောင်၍ ဟောကြားတော်မူလေသည်။

ရှေးအခါက ရွာတစ်ရွာတွင် အိမ်ထောင်ဦးစီးတစ်ယောက်မှာ သားကျွေးမှုမယားကျွေးမှု ပြုလုပ်နေရာ၊ ဘာပညာမှလည်း တတ်ကျွမ်းနားလည်မှုမရှိ၍ အခက်အခဲတွေ့နေရသလို မယားလုပ်သူကလည်း "သားကလေးကလည်း ကြီးလာပြီ၊ ရှင်ပြုရတော့မယ်၊ စီးပွားဥစ္စာကလည်း လုံးပါးပါးနေတယ်၊ တော် ဒီအတိုင်းနေလို့ မဖြစ်ဘူး၊ တစ်ခုခုလုပ်မှ ဖြစ်မယ်" ဟု လင်သားအပေါ်မှာ ဆူပူကြိမ်းမောင်းလေသည်။

လင်ဖြစ်သူသည် စိတ်ညစ်ညစ်ဖြင့် ရှိစုမဲ့စု ငွေကလေးများစုဆောင်းပြီး အသပြာ ၃ဝဝိ ပိုက်၍ မယား ကျွေးမှုသားကျွေးမှုအတွက် အရပ်တစ်ပါးသို့ ပညာသင်ရန် ထွက်ခဲ့လေသည်။

သို့နှင့် တစ်ရွာဝင် တစ်ရွာထွက် ပညာရှာထွက်ခဲ့ရာ သုံးနှစ်ကျော်အချိန်အထိ ဘာပညာမှမရသေးဘဲ ရှိနေခဲ့သည်။ နောက်ဆုံး ပညာရနိုင်သည့်နေရာ ရှာဖွေစူးစမ်းရာ ဒိဿပါမောက္ခ ဆရာကြီးထံ ရောက် သွားလေသည်။

ဆရာကြီးက ဤပုဂ္ဂိုလ်၏ ကြန်အင်လက္ခဏာကို ကြည့်၍တစ်ကြောင်း၊ အသက်အရွယ်ထောက်၍ တစ်ကြောင်း၊ အချိန်တိုစနစ်နှင့် ပညာသင်ပေးမှ ဖြစ်မည်ဟု ကြံစည်တွေးတောပြီး အောက်ပါစကား သုံးခွန်းကို သင်ကြားပေးလေသည်။

ဒိဿပါမောက္ခ ဆရာကြီးသည် ထိုပညာမဲ့ တပည့်အားကြည့်ကာ "မင်းမှာ ဉာဏ်ပူဇော်ခ အသပြာပါရဲ့ လား" ဟု မေးလေသည်။

"ဟုတ်ကဲ့ ဆရာကြီး၊ ရှိစုမဲ့စုကလေး စုလာတဲ့ အသပြာ ၃ဝဝိ တော့ပါ ပါတယ် ဆရာကြီး"

"ကဲ-၃ဝဝိနဲ့ တန်အောင်တော့ ပညာပေးရသေးတာပေါ့ကွာ၊ စကားသုံးခွန်း သင်ပေးမယ်၊ နားစိုက် ထောင်နော်" ဟုပြောပြီး အောက်ပါစကား သုံးခွန်းကိုသင်ကြားပေးလေသည်။

(၁) ကုလားသေ ကုလားမော မအိပ်ရာ

ပေးကွဲ့ ငွေတစ်ရာ။

ဟု သင်ပေးရာ "ဟုတ်ကဲ့ ဆရာကြီး" ဟု ပြောပြောဆိုဆို အိတ်ထဲက အသပြာ ၁ဝဝိ ကို ထုတ်ပေး လေသည်။ ထို့နောက် ဆရာကြီးက…..

(၂) ရေချိုးဆိပ်မှာ မချိုးရာ ပေးကွဲ့ ငွေတစ်ရာ။

ဟု ဆရာကြီးက သင်ပေးပြန်ရာ "ဟုတ်ကဲ့ပါဆရာကြီး" ဟု ပြောပြောဆိုဆို အိတ်ထဲက ငွေတစ်ရာကို ထုတ်ပေးပြန်သည်။

(၃) မစူးစမ်း မဆင်ခြင် မပြုရာ ပေးကွဲ့ ငွေတစ်ရာ။

ဟု သင်ပေးပြန်လေသည်။

ထိုအခါ ပညာမဲ့တပည့်က ပညာရ၍ အားရကျေနပ်စွာဖြင့် အိတ်ထဲကျန်နေသည့် ငွေတစ်ရာကိုထုတ်၍ ပူဇော်လိုက်သည်။ ပညာမဲ့တပည့်သည် ပညာရ၍ အားရဝမ်းသာနှင့် ဆရာကြီးအား ပြန်ရန်ကန်တော့ ရာ ဆရာကြီးက "မင်းအဲဒီသုံးခွန်းသောစကားကို မြဲမြဲသာမှတ်ထား" ဟု ပြောပြီး ပြန်လွှတ်လိုက်လေ သည်။

လမ်းခုလတ် ရွာတစ်ရွာတွင် နေကလည်း ဝင်သွားပြီဖြစ်၍ အချိန်မရသည်နှင့် ထိုရွာအနီးရှိ ဇရပ် တစ်ဆောင်ပေါ်သို့ တက်ရောက်တည်းခိုပြီး အိပ်မည်ဟု ကြံစည်လေသည်။

ဆရာကြီး သင်ပေးလိုက်သော စကားများကို စိတ်ထဲတွင်တွေးတောမိပြီး ခရီးကလည်း ပန်းလာသည် ဖြစ်၍ အနည်းငယ်သက်သာရုံမျှ မှိန်း၍သာ နေလေသည်။

သန်းခေါင်ကျော် အချိန်တွင် ဇရပ်ပေါ်ရှိ လူသားစား ဘီလူးမတစ်ကောင်သည် ထိုလူသားအား စားမည် အပြုတွင်-

အိပ်မပျော်သေးသော လူသားက ဘီလူးမ၏လက်ကိုတအားဆွဲ၍ ကျောကိုထောင်းထုတော့သည်။ ဘီလူးမသည် အပွဲပွဲနွှဲလာပြီး သည်တစ်ပွဲကြမှ ခံလိုက်ရခြင်းဖြစ်၍ ကြောက်အားလန့်အားနှင့် "အသက်ချမ်းသာပေးပါ၊ ဟောဒီ ရွှေသုံးပိဿာယူပါ" ဟု တောင်းပန်ပြောဆိုမှ ဘီလူးမကို လွှတ်လိုက် လေသည်။ ထိုသူသည် မိုးစင်စင်လင်းသည်အထိ မအိပ်တော့ပေ၊

ဤတွင် ထိုလူသည် ဆရာကြီး သင်ပေးလိုက်သည့် "ကုလားသေကုလားမော မအိပ်ရာ" ဟူသော စကား အလွန်မှန်ကန်ကြောင်း သဘောပေါက်ပြီး ရွှေသုံးပိဿာပိုက်၍ နောက်တစ်နေ့တွင် ခရီးဆက်ခဲ့ လေသည်။

လမ်းခုလတ် မြစ်ကမ်းပါးအနီး ရေချိုးဆိပ်သို့ရောက်လျှင် ရေချိုးရန်စိတ်ကူးထားလေသည်။ လူအများ ရေချိုးရာ ရေဆိပ်ဖြစ်၍ ရေချိုးသူတွေ ရှုပ်ထွေးနေသည်ကိုလည်း တွေ့ရပြန်သည်။ ထိုအခါ ဆရာကြီး မှာလိုက်သည့် "ရေချိုးဆိပ်မှာ မချိုးရာ" ဟူ သောစကားကို ပြေး၍ သတိရမိပြန်သည်။ ထို့ကြောင့် ထိုလူပေါများသည့် ရေဆိပ်တွင် ရေမချိုးတော့ဘဲ အခြားလူမရှိသည့် မြစ်အထက်ဘက်သို့ သွားရောက် ပြီး ရေချိုးလေသည်။ ရေချိုးအပြီး အိမ်သို့အမြန်ရောက်ချင်ဇောနှင့် အဝတ်လဲ ခပ်သုတ်သုတ် ခရီးဆက် ခဲ့သည်။ ခရီးအတော်လှမ်းလှမ်းရောက်သွားမှ ရေချိုးသည့်နေရာတွင် ရွှေသုံးပိဿာကျန်ခဲ့ကြောင်း သိရတော့သည်။ ဤတွင်ကပျာကသီပြေး၍ ရေချိုးသည့်နေရာပြန်ကြည့်ရာ ရွှေသုံးပိဿာမှာ နေရာ မပျက်ဘဲတွေ့ရသည်။ "ရေချိုးဆိပ်မှာ ရေမချိုးရာ" ဟူသော ဆရာ့စကား အလွန်မှန်ကြောင်း တွေ့ရပြန်သည်။

ဆရာကြီး သင်ပေးလိုက်သည့် စကားများကို အမြဲနှလုံးသွင်း၍ အိမ်သို့အမြန်ရောက်ရန် ခရီးဆက်ခဲ့ပြန် သည်။ အိမ်ဝင်းအနီးသို့ ရောက်ခဲ့ပေပြီ။ မယားအလှကို ရွှေစများ ပြချင်နေ၍ အိမ်ပေါ်သို့ လှမ်းကြည့် ရာ၊ အခန်းတွင်းဝယ် ချစ်မယားသည် ကာလသား လူငယ်တစ်ယောက်နှင့် အတူတွဲအိပ်နေသည်ကို မြင်လိုက်ရာ၊ ရုတ်တရက် ဒေါသ ဖြစ်သွားကာ တုတ်ကိုဆွဲ၍ ရိုက်မည်ပြုလိုက်သည်။

ဤတွင် ထိုသူသည် ဆရာကြီးသင်ပေးလိုက်သည့် "မစူးစမ်း မဆင်ခြင် မပြုရာ" ဟူသော စကားကို သွား၍ သတိရပြန်သည်။ နောက်ဆုံး စုံစမ်းမေးကြည့်တော့မှ ၁၃ နှစ်သားက ထား ဒကာတော်ရေမြေ့ရှင်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသော လက္ခဏာရေးသုံးပါးကို ပွားများပြီးသာနေပါ" ဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား မိန့်ကြားပြောဆိုလေရာ မင်းတရားကြီးမှာ များစွာကျေနပ်သွားလေတော့သည်။

မောက္ခ
myanmar spectrum

ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မပေးပါကလမ်းမထွက် ဆန္ဒပြရမည်ဟုမိုးသီးဇွန်ပြောဆို


ရန်ကုန်၊ ဧပြီ ၂၈ ။

ABSDF ကျောင်းသားတပ်မတော်နှင့် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူမိုးသီးဇွန်သည် လာမည့်
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ် မဲဆန္ဒ ၃၁ တစ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ချင်သော်လည်း ၎င်း၏ ကိုယ်ပိုင်
မှတ်ပုံတင်မရရှိသေးသည့်တွက်ကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရန်ခက်ခဲနေလျက်ရှိကြောင်းဧပြီ ၂၈ ရက်နေ့ကသိရသည်။

လက်ရှိတွင် မိုးသီးဇွန်သည် အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဦးဖြစ်ပြီးမှတ်ပုံတင်ပြန်လည် ရရှိရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီထံသို့ တင်ပြထားကြောင်း ၎င်းကပြောသည်။

“အကိုတစ်ယောက်ထဲမရတာတော့ မဟုတ်ဘူး ပြန်လာတဲ့သူတွေအကုန်မရသေးဘူး။ မှတ်ပုံတင်က ပြန်လျှောက်ထားပြီးပြီအကိုတို့က
နိုင်ငံသားတွေပါ မှတ်ပုံတင်ကို ပြန်ထုတ်ပေးပါ။ ဒါမရရင် အကိုအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ဘာမှဆက်လုပ်လို့မရဘူး ” ဟု
မိုးသီးဇွန်ကဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရအခြားနိုင်ငံသားအဖြစ်ခံယူထားသူသည် မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲတွင် ယှဉ်ပြိုင်ခွင့်မရှိပဲ
မြန်မာနိုင်ငံတွင် ၁၀နှစ်ကျော်အခြေချနေထိုင်သူဖြစ်မှသာ ရွေးကောက်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်းသိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးဖို့ မပြင်ပေးဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်းသမ္မတလုပ်လို့မရသလို၊ငါတို့လည်း
အမတ်လုပ်လို့မရဘူး။ငါတို့ကို ပြန်ခေါ်ထားပြီးတော့ရွေးကောက်ပွဲဝင်ခွင့်မပေးဘူးဆိုရင် ငါတို့လမ်းမထွက် ဆန္ဒပြရတော့မယ် ” ဟု
မိုးသီးဇွန်ကထပ်လောင်းပြောဆိုသည်။

အမည်မဲစာရင်းပယ်ဖျက်ပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားသော မြန်မာနိုင်ငံသားများအားမှတ်ပုံတင်
ပြန်ထုတ်ပေးခြင်းအခွင့်အာဏာသည်နိုင်ငံတော် သမ္မတထံတွင် သာရှိပြီးမိုးသီးဇွန်အနေဖြင့် မှတ်ပုံတင် ပြန်လိုချင်ပါက နိုင်ငံတော်
သမ္မတထံသာတိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး
ကပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ အနေနဲ့ က ဘာမှလုပ်ပေးလို့မရဘူး။ သူမှတ်ပုံတင်ပြန်လိုချင်တယ် ဆိုရင် နိုင်ငံတော်
သမ္မတထံသာတိုက်ရိုက်လျှောက်ပါ။ နိုင်ငံတော်သမ္မတက လုပ်ပေးပါလို့ ကျွန်တော်တို့ ကိုပြောလာရင် ကျွန်တော်တို့အနေနဲ့ လုပ်ပေးမှာပါ “ဟု
ဦးထွန်းထွန်းဦးကဆိုသည်။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအားအောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီးမိုးသီးဇွန်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအားဝင်ပြိုင်ခွင့်
ရရှိခဲ့ပါက တသီးပုဂ္ဂကိုယ်စားလှယ်အဖြစ်သာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

နှင်းနွယ်
The Myanma Age 

ကိုကို့အတွက် ကြိုးစားချက်


ခရိုနီသူဌေးကြီး နဲ့လွှတ်တော်အမတ်ကြီးလည်းဖြစ်သူ ဦးဘ က အနှစ်(၄၀)မြောက်
မင်္ဂလာနှစ်ပတ်လည်ညမှာ သူ့ဇနီး ဒေါ်မြကို မေးသတဲ့။

“ မြရေ။ ကိုတို့ အိမ်ထောင်သက် နှစ်၅၀ တွင်းမှာ မင်းတာဝန်
ကျေပွန်ခဲ့ပါတယ်ကွာ။ ကျေးဇူးလည်း တင်ပါတယ်။ ကို တစ်ခုမေးချင်တယ်။ မင်း
တခြားသူနဲ့များ ကျူးလွန်ဖူးသလားဆိုတာ အမှန်အတိုင်းပြောပြပါလား။ ကို
လုံးဝအပြစ်မယူပါဘူး။ သိချင်ယုံပါ ”

“ အင်းလေ ကိုမေးတော့လည်းပြောရတာပေါ့။ ၃ ခါထဲပါ။ ”
“အင်း…. ပထမ တစ်ခါက ဘယ်သူနဲ့လဲ”
“ကို အသက်၃၅နှစ်မှာ ကို့ကုမ္ပဏီလေး အရှံးပေါ်ပြီး ရောင်းရမလိုဖြစ်တော့
အကြီးအကဲတစ်ဦးရောက်လာပြီး  လိုသလောက်ငွေတွေ ချေးပေးခဲ့တာ မှတ်မိသေးလား”
“အော်ဒါလား မြ ကို့ကြောင့် အနစ်နာခံခဲ့ရတာပဲ၊ ကို အပြစ်မတင်တဲ့အပြင်
ကျေးဇူးတောင်တင်ပါတယ်ကွာ၊  နောက်တစ်ခါကရော”
“ကို အသက် ၄၅နှစ်မှာ နှလုံးရောဂါဖြစ်တော့၊ ခွဲစိတ်ရင်လည်း
အောင်မြင်မှာမဟုတ်ဘူးဆိုပြီး ဘယ်ဆရာဝန်မှ နာမည်ပျက်ခံပြီး
မခွဲချင်ကြဘူးလေ၊ နောက်ဆုံး ဆရာဝန်ကြီး တစ်ယောက် စိတ်ပြောင်းပြီး
ခွဲပေးလို့ အသက်ရှင်ခဲ့တာရောမှတ်မိလား”
“အော်ဒါလည်း မြ အနစ်နာခံခဲ့တာပဲလား ကျေးဇူးတင်လိုက်တာမြရယ်၊ နောက်ဆုံး အခေါက်ကရော”
“ကို အသက် ၅၅ နှစ်မှာ ပထမဆုံး အကြိမ်ရွေးကောက်ပွဲဝင်တော့ ကြိုတင်မဲ ၃၅၀
ရခဲ့တာ မှတ်မိသေးလား……. ”

ရဲစတိုင်း
The Myanma Age 

ATM ကတ်က ဘတ် သန်း ၅၀ ကျော် ခိုးထုတ်သူတွေ ဖမ်းမိ


 ဓာတ်ပုံ – ဘန်ကောက်ပို့စ်
ATM လို့ ခေါ်တဲ့ ငွေထုတ်စက်ကနေ ကွန်ပျူတာ နည်းပညာတွေသုံးပြီး ထိုင်းနိုင်ငံ တဝှမ်း ဘတ်ငွေ သန်းပေါင်း ၅၀ ကျော်ကို ခိုးထုတ်ယူခဲ့တဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး ထားတဲ့အကြောင်း တနင်္လာနေ့က ရဲတာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာ ခရိုင် ဟတ်ယိုင်ဒေသမှာ ရဲက စုံစမ်းစစ်ဆေး မှု တွေကို ရက်သတ္တပတ်နဲ့ချီပြီး လုပ်နေခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ဖော်ပြပါတယ်။

အခုလို ဖမ်းဆီးရမိမှုဟာ ရာဇဝတ်မှု နှိမ်နင်းရေး ရဲဌာန၊ Siam Commercial Bank (SCB) ဘဏ်ရဲ့ ဘဏ္ဍာငွေ ကြေး ရာဇဝတ်မှုကာကွယ်ရေး အဖွဲ့၊ ပြင်သစ်သံရုံး အရာရှိတဦးတို့ ပါဝင်တဲ့ ပူးပေါင်း ဆောင် ရွက် မှုကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။

ရဲအရာရှိကြီးတဦးက တနင်္ဂနွေနေ့က ပြောတာမှာတော့ ဟတ်ယိုင်ဒေသမှာ ရှိတဲ့ Odeon Shopping Center ကုန်တိုက်အတွင်းက (SCB) ဘဏ်ရဲ့ ATM ငွေထုတ်စက်ကနေ ပထမဆုံး သံသယရှိသူ ၃ ဦးကို အားလုံးက ဝိုင်းဝန်းစောင့်ကြည့်နေစဉ်မှာ ဘတ်ငွေ ၅ သိန်းကို ထုတ်ယူခဲ့တာပါတဲ့။

ဒါနဲ့ ရဲပူးပေါင်း အဖွဲ့တွေက သူတို့ တည်းခိုတဲ့ ဟိုတယ် အပြင်ဘက်မှာပဲ သူတို့ကို တားဆီးလိုက်ပြီး ရှာဖွေ လိုက် တော့ ခရက်ဒစ်ကတ်အတု ၇၃၂ ခုနဲ့ အတူ ခိုးယူထားတဲ့ ငွေတွေ Debit ကတ်တွေ၊ စကင်မာ ( Skimmer ) တခုနဲ့ ကွန်ပျူတာ တလုံးကို သိမ်းဆီးရမိတယ်လို့ သိရပါတယ်။

ပြင်သစ်သံရုံးက အရာရှိတဦးပါဝင်ရတဲ့အကြောင်းကတော့ အထူးသဖြင့် ငွေထုတ်ခိုးယူခံရ သူ အများ စု ဟာ ပြင်သစ်နိုင်ငံသားတွေဖြစ်တာကြောင့်လို့ သိရပါတယ်။


အိမ့်သံစဉ် ~

Irrawaddy

သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်စေဖို့ နည်းလမ်း




အဆီပို မရှိ သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင် လိုသူ အားလုံး အတွက် အရိုးရှင်းဆုံး အလွယ်ဆုံး နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။


၁။ အားကစား ပြုလုပ်ခြင်း

အားကစား လို့ ဆိုတဲ့ နေရာမှာ ရေကူး၊ တင်းနစ် တို့ အပြင် လမ်း ပုံမှန် လျှောက်ခြင်း၊ ပြေးခြင်းကလည်း အားကစားပါပဲ။ အဲ့ဒီထဲက တစ်ခု သို့မဟုတ် တစ်ခုထက် မနည်းကို လိုက်စားနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၂။ အစိမ်းရောင် သစ်နှံ စားသုံးခြင်း

အစိမ်းရောင် သစ်သစ်၊ သစ်ရွက် များကို ပုံမှန် စားသုံးဖို့ လိုအပ်ပြီး အချဉ်ဓာတ် ပါတဲ့ အသီးများက အက်ဆစ်ဖြစ်တာကြောင့် အဆီတွေကို ချေဖျက် ပေးပါတယ်။

၃။ ရေ ပုံမှန်သောက်ခြင်း

တစ်ရက်ကို သောက်ရေ ပုံမှန် အနည်းဆုံး ၃ လီတာ သောက်သုံးရန် လိုအပ် ပါတယ်။ ယခု လို ပူအိုက်ပြီး ချွေးအထွက် များတဲ့ ရာသီ ဥတု မှာဆိုရင် ယင်းထက် ဆတိုးကို များများ သောက်ဖို့ လိုအပ်ပါတယ်။ မနက် အိပ်ရာ ထချိန်မှာ ဖန်ခွက် ၂ ခွက်စာ သောက်ဖို့ လိုပြီး ပူအိုက်တဲ့ ရာသီမှာ ဆိုရင် ရေကို သွားလေရာ ဆောင်ထားဖို့ လိုအပ် ပါတယ်။ ရေက ကိုယ်တွင်းက အညစ်အကြေးများ၊ အဆီများကို ချေဖျက် စေတာမို့ ပိန်ဖို့ အတွက် အထောက်အကူ အပြုဆုံး သဘာဝ နည်းလမ်း ဖြစ်ပါတယ်။

၎။ နွားနို့ သောက်ပါ

အဆီဓာတ် ဖယ်ရှားထားပြီးသား ဖြစ်တဲ့ နွားနို့ကို ညအိပ်ရာ ဝင်တိုင်း တစ်ခွက် ပုံမှန် သောက်သုံးခြင်းဖြင့်လည်း ပိန်စေမှာ ဖြစ်ပါတယ်။

Ref: medicfact
အောင်ခမ်း (www.innewsmyanmar.com)

အမြှောက်အပင့် အဖားတွေကြားက သာယာမှုများနဲ့လူ



(Written by: မောင်စံပေါ)

(၁)
ကြားဖူးနားဝ ပုံပြင်လေးတစ်ခု ရှိပါတယ်။ အင်မတန်မှ မြှောက်တတ်ပင့်တတ် ဖားတတ်တဲ့ လူတစ်ယောက် ငရဲပြည်ကို ရောက်လာပါသတဲ့။ ဒီလူကို ယမမင်းကြီးရဲ့ ရှေ့တော်မှောက် မသွင်းခင်မှာ ယမမင်းကြီးရဲ့ ကိုယ်ရေးအရာရှိက ယမမင်းကြီးကိုကြိုပြီး သံတော်ဦးတင်ထားတယ်။

“အရှင်ယမမင်းကြီး၊ အဲဒီလူဟာ အင်မတန်မှ မြှောက်တတ်ပင့်တတ် ဖားတတ်တယ်။ လူ့ပြည်မှာ သူ့ကြောင့်လူတွေအများကြီး ဒုက္ခရောက်ခဲ့ ကြရပါတယ်။ အရှင်ယမမင်းကြီး ကြိုတင်သိပြီး သတိထားနိုင်အောင် လျှောက်ထားအပ်ပါတယ်”

“အေး ကောင်းပြီ။ ရှေ့တော်သွင်းစေ”

အဖားဝိဇ္ဇာ ပါရဂူ ၀င်လာတယ်။ ယမမင်းကြီးကို လက်အုပ်ချီကန်တော့ပြီး အံ့အားသင့် နှစ်သက်သဘောကျ မြတ်နိုးကိုးစား ယုံကြည်မှုတွေ ဖော်ပြရင်း ယမမင်းကြီးကို လျှောက်ထားတယ်။

“လူ့ပြည်မှာ ကြားခဲ့ရတဲ့ သတင်းနဲ့ ငရဲပြည်မှ အခုမြင်ရတဲ့ အဆင်းက တခြားစီပါလား ဘုရား။ ယမမင်းကြီးကို ရက်စက်ယုတ်မာ ကြောက်စရာကောင်းတဲ့ သတ္တ၀ါကြီး ထင်မှတ်မှားခဲ့တာ အခု မျက်ဝါးထင်ထင် မြင်ရတော့မှ မှားမှန်းသိတယ် ဘုရား။ ချောမောခန့်ညား ကြည်ညိုစရာ ကိုယ်တော်ကြီးပါတကား”

ကိုယ်ရေးအရာရှိ အံ့အားသင့်သွားတယ်။ ဒီလူ တယ်အတင့်ရဲလှပါလား။ ရောက်တာနဲ့ မြှောက်ပါပကော။ ငါ့အရှင်ကလည်း သဘောကျနေပုံပဲ။ စောစောစီးစီး ရှင်းထားမှ။ တော်နေကြာ အနားခေါ်ထားပြီး အပါးတော်မြဲ ခန့်လိုက်ရင် ငါနေရာပျောက်ရချည်ရဲ့ဆိုတွေးပြီး လျှောက်ရဲ့။

“အရှင်ယမမင်းကြီး ဒီလူအရှင့်ကို မြှောက်နေပြီဘုရား။ သတိပေးစကား လျှောက်ထားအပ်ပါတယ် ဘုရား” ယမမင်းကြီးက ဘ၀င်မကျတဲ့ မျက်နှာနဲ့ ကိုယ်ရေးအရာရှိကို စူးစိုက်ကြည့်တယ်။ အလိုမကျသံ လွှမ်းနေတဲ့ လေသံမာမာနဲ့ ဟောက်တယ်။ “ဟကောင်ရ ဒါကတော့ အမှန်ပြောတာလေကွာ။ ပြောပါစေ”

(၂)
အမှန်တရားဆိုတာ အသံကြားတာနဲ့ နားခါးတယ်တဲ့ ဗာလာနံတွေက ပြောကြတယ်။

ဘုတ်ကိုကျီးကမြှောက်၊ ကျီးကိုဘုတ်ကမြှောက်နဲ့ ဟုတ်နေတဲ့ လောကကြီးထဲမှာ ဖြစ်ရပ်မှန်ပုံပြင်တွေ စာတင်ခဲ့ဖူးပါတယ်။

(၃)
ပုဂ္ဂိုလ်လေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ မျက်နှာပေးချိုချိုနဲ့ အသံလေးချိုချိုနဲ့ အင်မတိ အင်မတန်မှ ပေါင်းတတ်သင်းတတ်တာကလား။ သူ့အတွက်များ အကျိုးရှိမယ်ဆိုရင်၊ သူ့ကိုမစနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေဆိုရင် ဖားချက်က ကမ်းကုန်တယ်။ ကြုံဖူးတာလေးတစ်ခု ပြောပါတယ်။

“ကျွန်တော်ဗျာ အဲဒီပုဂ္ဂိုလ်ကြီး ပြောစကားကြားတော့ အရမ်းကို လေးစားသွားတယ်။ တစ်ခါမှ မကြားဖူးဘူးဗျာ။ သူပြောမှ ကြားဖူးတာ။ လုပ်စရာအလုပ်ကို ချက်ချင်းလုပ် အကြွေးမထားနဲ့တဲ့။ သြော် ဒါ့ကြောင့် သူကြီးပွားအောင်မြင် နေတာကိုးလို့ အောက်မေ့မိတယ်” တဲ့။ သူပြောတဲ့ စကားတွေနော်။ ခဏခဏ ပြောတယ်။

အဲဒီပုဂ္ဂိုလ်ကြီး နားပေါက်နိုင်တဲ့ နေရာတွေဆိုရင် ပြောပြီ အဲဒီပုဂ္ဂိုလ်ကြီးရဲ့ အသိုင်းအ၀ိုင်းကြားမှာဆိုရင် ပြောပြီ။ ပုဂ္ဂိုလ်ကြီး နာမည်တပ်ပြီး ပြောတာ။ ဒီစကားတွေက အဲဒီပုဂ္ဂိုလ်ကြီးနားကို ပြန်ရောက်တာပေါ့။ ပုဂ္ဂိုလ်ကြီးကလဲ သဘောကျတာပေါ့။ ပုဂ္ဂိုလ်လေးကလည်း ပုဂ္ဂိုလ်ကြီးဆီမှာ မျက်နှာသာ ပေးခံရတယ်။

(၄)
ဒီလိုသားမျိုး မွေးထားတဲ့ မိဘတွေ၊ တပည့်တော်ခဲ့တဲ့ ဆရာတွေမှာ ဘယ်လောက်ရှက်ရှာမလဲ။ ဒီနေ့အလုပ်ကို မနက်ဖြန်မရွှေ့နဲ့ဆိုတဲ့ စကားတွေ ဆရာမိဘများ ပြောနေကျလေ။ အဲဒါကို သူ့အဘပြောမှ ကြားဖူးရတယ်ဆိုတော့ မွေးရကျိုး၊ သင်ရကျိုးနပ်လေခြင်းဆိုပြီး ငိုချင်းချဖို့ပဲ ရှိတော့တယ်။

နောက်တစ်ယောက် ရှိသေးဗျ။ နေရာတကာမှာ တွေ့မြင်ရတတ်တဲ့ ဆရာတကာ ရေးတတ်တဲ့စာကို ငါ့ဆရာ ရေးခဲ့တာဆိုပြီး မှတ်ပုံတင် တံဆိပ်ကပ်တာ။ ဆရာသုံးပါး သင်ကြားသမျှ နာယူမှတ်သား ခဲ့တာတွေကို ပြန်ပြီးရေးကြ ပြောကြတာ မဟုတ်လားဗျ။

(၅)
ဂေါက်သီးကစားတယ်ဆိုတာ စည်းနဲ့ကမ်းနဲ့ ကျင့်ဝတ်နဲ့ အင်မတန်မှ ချစ်စရာကောင်းတဲ့ ကစားနည်းမို့ လူကြီးလူကောင်း ကစားနည်းလို့ ဆိုကြပါတယ်။ အဲဒီ လူကြီးလူကောင်း ကစားနည်းဟာ လူကြီးလူကောင်းဖားနည်း ဖြစ်သွားတာကတော့ မဟာပံသု မြေလွှာထုမှာ ဒီတစ်နေရာပဲ ရှိမယ်ထင်ရဲ့။

၁၉၉၀ စွန်းစနှစ်မှာပါ။ တိုင်းကြီးသခင်အဘ တိုင်းခန်းလှည့်ကြွလာရင်း မြို့တစ်မြို့ ရောက်ပါတယ်။ ညနေပွဲအတွက် ကြိုတင်လက်သွေးမယ်ဆိုပြီး ဂေါက်သီးရိုက် ကျင့်ပါရော။ မြို့ခံအကြီးအကဲရော ဌာနဆိုင်ရာ အရာရှိကြီးများပါ ၀ိုင်းကြည့်ပြီး အားပေးကြတယ်။ ရိုက်ချက်တွေက ကွေးတိကွေးကောက်နဲ့ စိတ်ပျက်ပြီး သေလောက်တယ်။ ဂေါက်သမားအခေါ် Banana Shot တွေဗျာ။ အဲဒါကို ပုဂ္ဂိုလ်တစ်ယောက်ကထပြီး ချီးမွမ်းစကားဆိုတယ်။ ကောင်းလိုက်တဲ့ Golden Banana Shot အဘရယ်တဲ့။

ညနေရိုက်တော့ရော။ အဲဒီအဘရိုက်တာ ပျက်သွားရင် အစားရိုက်ခွင့် ပေးတယ်။ လေးငါးချက်လောက်ရိုက်ပြီး အကောင်းဆုံးကို ယူတယ်။ ကျင်းစိမ်မြက်ခင်းပြင် (Green) ပေါ် ဘောလုံးရောက်တာ ON တာနဲ့ အဘလက်နဲ့ဆို ၀င်ပါတယ်ဆိုပြီး ပေးတယ်။ ဘယ့်နှယ်ဗျာ ကမ္ဘာ့ထိပ်သီး ဂေါက်သီးအကျော်အမော်တွေတောင် တစ်ပေလောက်လွဲလို့ ချန်ပီယံဖလားနဲ့ ဝေးခဲ့ကြရတာများပေါ့။ (အဲဒီပေးတဲ့လူတွေပဲ အဲဒီအဘရာထူးက နားလဲပြီးရော မရဘူး၊ မပေးဘူး၊ ကိုယ့်ဘာသာ ကြိုးစားပြီး ကျင်းဝင်အောင်သွင်း လုပ်ကြတာ။)

နံပါတ် ၁၃ ကျင်းရောက်တော့ အဲဒီအဘ ဘောလုံးက အတော်ကြီးဝေးနေတော့ မပေးသာတော့ဘူး။ အဘကျင်းစိမ်ရိုက်ချက် ရိုက်ခါနီးမှာ အဲဒီမြို့က အဖားဝိဇ္ဇာဆရာလေး ထလာတယ်။ “အဘ အဘ ခဏလေး” ဆိုပြီး ကျင်းစိမ်လမ်းကြောင်းပေါ်မှာ အမှိုက်ရောက်နေလို့ဆိုပြီး ကုန်းမှုတ်တယ်။ ဘာရှိလို့လဲဆိုတော့ ဖွဲပြာစ သေးသေးလေး ရောက်နေလို့တဲ့။ ပရိသတ်ထဲက အသံထွက်လာတယ်။ “ကုန်းများမှုတ်နေရသေးကွာ၊ ကုန်းပြီးလျှာနဲ့လျက်လိုက်ရင် ပြီးရော” တဲ့။ သံတူကြောင်းကွဲ ဂေါက်ကွင်းဇာတ်လမ်းတွေ၊ ဖြစ်ရပ်မှန် ပုံပြင်တွေ အများကြီးရှိပါတယ်။

(၆)
ပြောလက်စနဲ့ မထူးတော့ပါဘူး။ သူများအကြောင်းရေးရင် ပြဿနာရှိနိုင်တာမို့ ကိုယ့်အမျိုးထဲက သွားလေသူ ဘိုးကြီးဘေးကြီးတစ်ယောက်နဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်လေးတစ်ခု ပြောပါရစေ။

အဲဒီဘိုးဘိုးကြီးက သီပေါမင်း ပါတော်မမူခင်ကတည်းက လူဖြစ်ခဲ့တာ ဆိုပေမယ့် အောက်ပြည်အောက်ရွာကဆိုတော့ မျက်နှာဖြူ အုပ်ချုပ်မှုအောက်မှာ တောက်လျှောက်နေခဲ့ရတာ။ ရုပ်ကလေးကသန့်ပြီး ဘိုလိုရွှတ်ရှက်နွတ်ဒက်ကလည်း ကောင်းကောင်းမှုတ်တတ်တော့ အင်္ဂလိပ်ကုန်သည်ကြီး တစ်ယောက်က စပါးအ၀ယ်တော် ခန့်လိုက်တာဗျာ။ ဒါနဲ့ တစ်ရွာတစ်ကျီဆောက်တဲ့ ဇာတ်လမ်းတွေ ဆက်ခဲ့ပါတယ်။

သောက်တော်ဘူးကိုယ်မကွာ ပျိုကညာ ထည်လဲနဲ့ မယားယူပွဲကြီး ကျင်းပခဲ့တယ်။ လခနဲ့ ကော်မရှင်အပြင် စပါးပေါ်ငွေပေး ဈေးနှိမ်အကြွေးဖြတ်လို့ရတဲ့ ပိုက်ဆံတွေက တနင့်တပိုးရယ်။ ရုပ်ကလဲချော ဥစ္စာကလည်းပေါတော့ အဲဒီခေတ် အဲဒီအခါအလျောက် ရယူခံစားနိုင်သမျှသော လောကီစည်းစိမ်တွေ ခံစားခဲ့သပေါ့။ မကောင်းတာတွေလုပ်ပြီး မဟုတ်တာတွေကြားမှာ ပျော်ပါးရင်း အချိန်တွေကုန်ခဲ့တာ။ ပြစရာဆိုလို့ ရွာထိပ်က ဇရပ်ကြီးနဲ့ ဘုရားတည်ခဲ့တာပဲ ကျန်ရဲ့။

တစ်ရက်သားမှာတော့ ဘယ်ကရောက်လာမှန်း မသိရတဲ့ ငမူးငရူး တစ်ယောက်ပေါ့ဗျာ၊ ဘိုးဘိုးကြီးရဲ့အလှူ ကမ္ပည်းစာတွေဖတ်လိုက်၊ သူမြင်တောင် မမြင်ဖူး ကြားတောင်မကြားဖူးတဲ့ ဘိုးဘိုးကြီးရဲ့ ဂုဏ်တွေကို အမွှန်းတင်လိုက်နဲ့။ သူတော်ကောင်းကြီးပြောလိုက်၊ သာသနာပြု ပုဂ္ဂိုလ်ကြီးဆိုလိုက်၊ ဘုရားဒါယကာကြီးတလိုက်နဲ့ ကြာတော့ ရွာကအမျိုးတွေ နားကလောလာတယ်။

“သေသွားခဲ့ပြီးသားလူကို မဟုတ်ကဟုတ်က လာဖားလို့ ဘာမှမစားရ မသောက်ရဘူး၊ နားလည်လား ငမူးရဲ့ သွားစမ်း” ဆိုပြီး မောင်းထုတ်တဲ့ဘ၀ ရောက်ပါရော။

(၇)

ကိုယ်ကပဲ မတော်မတည့်တွေ မြင်မြင်နေတတ်တာလား။ လောကကြီးကပဲ မတော်မတည့်တွေ များနေသလား။ တစ်ခုထက်မကများ မှားနေရော့သလား။

ရူးအောင်လည်း မြှောက်တတ်ကြတယ်။ မျက်နှာပြောင်နဲ့ မသိချင်ဟန်လည်း ဆောင်တတ်ကြတယ်။

ဟေးဆိုတဲ့အသံနဲ့ ပြေးလွှားသွားကြတဲ့ ၀တ်ကောင်းစားလှတွေနဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတယ်။ စတုဒိသာစားဖို့ အရေးတော့ဖြင့် ဒီလောက်မပြေးတန်ရာလို့ အောက်မေ့မိတယ်။ အလားအလာရှိသူ တစ်ယောက်ထံပါး ရွှေနားတော်သွင်း ဘုန်းတော်ဘွဲ့ တေးချင်းတွေ ဆက်သဖို့ နေရာမရမှာစိုးလို့ ဆိုပဲ။

သူတစ်ထူးရဲ့ ဂုဏ်ကျေးဇူးကို ဖော်ကျူးတယ်၊ ချီးမွမ်းတယ်ဆိုတာ မင်္ဂလာရှိတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမဲ့ တကယ်ရှိတဲ့ ရေမရောတဲ့ဂုဏ် ဆိုရင်တောင်မှ အလွန်အကြူး မဖွဲ့မိရလေအောင် သတိဆောင်ရပါမယ်။ သတိထားသင့်ပါတယ်။ ပညာရှိ သူတော်ကောင်းကြီးများဟာ ဒီလိုမြှောက်ပင့် ချီးမွမ်းခြင်းမျိုးကို မနှစ်သက်ကြပါဘူး။ သူယုတ်သူမိုက်သည် သူတော်ကောင်းပညာရှိကို ချီးမွမ်းခြင်းဖြင့် ဖျက်ဆီးတတ်၏တဲ့။

(၉)

ဒီစာကို နှစ်သစ်ဆောင်စရာ သံပေါက်နဲ့ နိဂုံးချုပ်ပါရစေ။
လူကြီးဆိုရင် ဆရာမလုပ်နဲ့
ညာညာတုတ်လို့ အကျိုးအောင်စေ။
လူကြီးတွေကို ပျော်အောင်ထားကွဲ့
အမောင်ဖားဖို့ ကြိုးစားလေ။
လူပုံအလယ်မှာ ပညာပြဖို့
ဝေါဟာရတွေ ရှာပေးလေ။
ကိုယ့်ခွင်ထဲမှာ လာလာရှုပ်လို့
ဆရာလုပ်လည်း သည်းခံနေ။
သူတတ်သူတော် သူ့ဂုဏ်ဖော်လို့
ကြော်ငြာစကား လွှင့်ပေးလေ။
မျက်နှာညိုအောင် မလုပ်ပါနဲ့
နေရာပျောက်မယ် သတိရှိစေ။
မြှောက်ကာပင့်ကာ ဖားစရာအရေး
မျှော်တွေးရှုဆ တတ်ကြစေ။
အဲဒါမှ
လူကြီးတွေက ပြန်ပြီးမမယ်လေ။

လူကြီးများ မြှောက်ပင့်ဖားဘေးမှ ကင်းဝေးကြပါစေ။

Eleven Media Group

ကမ္ဘောဒီးယား မြေလုပွဲ


မနက် ၈ နာရီအချိန်မှာ ကီရီဆာကော် ခရိုင်မှာ နေထိုင်ကြတဲ့ မိသားစုတွေ သူတို့အိမ်တွေကို စွန့်ခွာ ပြေးနေကြတာပါ။ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ Union Development Group က သူတို့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြပါတယ်။

ဒါဟာ ဒီခရိုင်အတွင်း စစ်တပ်ရဲ့ လတ်တလောအကျဆုံး ဖြိုခွင်းမှုလည်း ဖြစ်ပါတယ်။ ဒီနယ်မြေလူထုရှိရာ သေနတ်တွေနဲ့ ချီတက်လာကြတဲ့ အာဏာပိုင်တွေကို တချို့ဒေသခံမိဘတွေ ပြန်တိုက်ခိုက်နေကြတဲ့အခါ သူတို့ကလေးတွေ ငိုနေကြပါတယ်။ ဒီနေရာမှာ မိသားစုတွေ ၂ ထောင်လောက်ဟာ ၁၉၈၀ လောက်ကတည်းက နေထိုင်လာခဲ့ကြတာပါ။

မြေ ၂၀ ဟက်တာကို တရုတ်ပိုင် ကုမ္ပဏီက မနှစ်တုန်းက သိမ်းယူခဲ့ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသခံ လယ်သမားတဦးဖြစ်တဲ့ ဖရက် ဆာရတ်သ် က “ဒီမြေဟာ ကျမတို့ မိဘတွေက သူတို့သားသမီးတွေအတွက် ပေးထားတဲ့မြေပါ။ ခုတော့ အသိမ်းခံလိုက်ပါပြီ။ ကျမတို့ကို ကုမ္ပဏီက မြေကွက်သေးသေးလေး တကွက်ပဲ ပေးတယ်။ အဲဒါက အရင်တုန်းက ကျမတို့ စပါးတွေ၊ ငှက်ပျောပင်တွေ စိုက်ခဲ့သလို ပြန်စိုက်ဖို့ ဘယ်လိုလုပ် လောက်မှာတုန်း။ အဲလိုဆိုတော့ ကျမတို့ ဘယ်လိုများ နေရပါ့မလဲ”လို့ ပြောပြပါတယ်။

ကီရီ ဆာကော်နဲ့ ဘိုတွန် ဆာကော် ဒေသတွေရဲ့ လမုပင်တွေနဲ့ တောင်တွေကိုလည်း ခုတ်ထွင်ရှင်းလင်းနေကြပြီး တချိန်တည်းမှာပဲ အိမ်တွေကို မီးရှို့နေတာလည်း ဖြစ်ပါတယ်။ Union Development Group ဆိုတဲ့ တရုတ်ကုမ္ပဏီဟာ မြေဟက်တာပေါင်း ၄ သောင်းခွဲ ရှိတဲ့ ဒီနယ်မြေကို ၂၀၀၈ ခုနှစ်က ပူးတွဲပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီး ဧရာမ ခရီးသွားလုပ်ငန်း အပန်းဖြေစခန်းကြီးအဖြစ် အသွင်ပြောင်းစီမံကိန်း လုပ်ဆောင်နေတာပါ။ ကုမ္ပဏီဟာ အခု ဒီမြေကို နှစ်ပေါင်း ၉၉ နှစ် မြေငှားခွင့် ရရှိထားပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကုန်ကျတဲ့ အပန်းဖြေစခန်း စီမံကိန်းကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တချို့မိသားစုတွေကတော့ ပြန်လည် နေရာချထားရေး နေရာတွေကို ပြောင်းရွှေ့သွားကြပါတယ်။ ဒါပေမယ့် ဖရိ(ပ်) ရာသာ ကတော့ သူ့အိမ် ဆုံးရှုံးခဲ့ရပေမယ့်လည်း ဒီမှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဖရိ(ပ်) ရာသာက “ကျမတို့က သေတဲ့အထိ တိုက်သွားမှာပဲ။ ကျမတို့ရဲ့ ရိုးရာလယ်မြေတွေနဲ့ ကျမတို့ရဲ့ သက်မွေးဝမ်းကျောင်းကိုတော့ စွန့်ပစ်မသွားနိုင်ဘူး။ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရင် ကျမတို့လည်း ငတ်ပြတ်မယ်၊ ကျမ ကလေးတွေလည်း အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ဒီအမှုကို စောင့်ကြည့်နေတဲ့ NGO ဖိုရမ်တခုမှ ချန်ဆီသန်ကတော့ စစ်တပ်က ဖြိုခွင်းမှုနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲလို့ ဆိုပါတယ်။

“ဒါဟာ လူ့အခွင့်အရေးမှတ်တမ်းမှာ သိပ်ဆိုးဝါးတယ်လို့ ကျနော်တော့ ထင်ပါတယ်။ စစ်တပ်ကိုသုံးပြီး လူနေအိမ်တွေကို မီးရှို့တယ် ဆိုတာဟာ လူသားဖြစ်တည်မှုကို ကျူးလွန်တဲ့ ရာဇ၀တ်မှုပါ။ ပြီးတော့ ဥပဒေမဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။ စစ်တပ်ဆိုတာ ပုဂ္ဂလိက ကုမ္ပဏီကို ကာကွယ်ပေးခွင့် မရှိပါဘူး။ ဒါ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပါပဲ။”

စစ်တပ်ကိုသုံးပြီး ရှင်းလင်းဖြိုခွဲတာ ဘာမှ အမှားအယွင်း မရှိဘူးလို့ ကီရီဆာကော် ပြည်နယ်အုပ်ချုပ်ရေးမှူး ခင်မ်ချန်ဒီက ဆိုပါတယ်။

“ဒါက ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရှိဘဲ ဒီနေရာကနေ ဖယ်ပေးဖို့ ငြင်းဆန်ပြီး ဆက်နေချင်တဲ့ လူတွေရဲ့ ဒုက္ခတွေပေါ့ဗျာ။ ကျနော်တို့ သူတို့ကို ဒီနယ်မြေတ၀ိုက်မှာ နေခွင့်ပေးရမလားလို့ ဗဟိုအစိုးရကိုလဲ မေးထားပါတယ်။ ဒါပေမယ့် အစိုးရက ခွင့်ပြုမိန့် မပေးပါဘူး။”

ကီရီဆာကော် ပြည်နယ်မှာတော့ လယ်သမားအတော်များများဟာ သူတို့ရဲ့ မြေယာနဲ့ နေအိမ်တွေကို ကာကွယ်ဖို့ နေထိုင်နေကြပါတယ်။

ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ ၀န်ကြီးချုပ်ဆီ တောင်းဆိုထားတဲ့ လယ်သမား ဆိုဆမ်ဘာ့သ်က “အာဏာပိုင်တွေက ကျမတို့ ပြည်သူတွေကို လာရိုက်နှက်ကြတယ်။ ကျမတို့အိမ်တွေကိုလဲ မီးရှို့ပစ်ပြီး သင့်တင့်လျောက်ပတ်တဲ့ လျော်ကြေး မပေးပဲ ကျမတို့ကို အတင်းဖယ်ခိုင်းတယ်။ ခုတော့ ကျမတို့မှာ ဘာမှလဲ စားစရာ မရှိတော့ဘူး။ ကျမ သားတွေကို ဘယ်လိုမှ မကျွေးမွေး မစောင့်ရှောက်နိုင်တော့ဘူး။ ဒီအကျပ်အတည်းကို ၀န်ကြီးချုပ်ကနေ ဖြေရှင်းပေးစေချင်ပါတယ်”လို့ ဆိုပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘိုရင်းနောင်က ကမ္ဘောဒီးယားကနေ ဒီဖြစ်ရပ်ကို တင်ပြခဲ့တာပါ။

DVB Burmese b

ဘန်ကောက်တွင် မြန်မာအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ


ဖမ်းဆီးခံခဲ့ရတဲ့ ကိုကျော်နိုင်ဦး (ဓာတ်ပုံ – ရွှေလုပ်သား)
ထိုင်းနိုင်ငံ ဘန်ကောက်က ညဈေးတန်းတခုမှာ မြန်မာအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဧပြီ ၂၈ ရက် ည ၇ နာရီကျော်အချိန်က ဆာထောင်းန်မြို့နယ် ပတူနမ့် ညဈေးမှာ အရပ်ဝတ်ရဲတွေက ၀င်ရောက်လာပြီး အလုပ်သမားတွေကို ဖမ်းဆီးတဲ့အတွက် မောင်ဖြစ်သူ ကျော်နိုင်ဦးနဲ့အတူ အခြား မြန်မာအလုပ်သမား စုစုပေါင်း ၁၂ ဦး အဖမ်းခံခဲ့ရတယ်လို့ မချယ်ရီက ဒီဗွီဘီကို ပြောပါတယ်။


“တယောက်စီ ၀င်ဖမ်းတာ။ တောက်လျှောက်ဖမ်းတာ။ အကုန်လုံး ၁၂ ယောက်လောက် ပါသွားတယ်။ ကျမမောင်လေးကိုတော့ ဆိုင်ထဲဝင်လာပြီး ကုပ်ကို ဖမ်းဆွဲတယ်။ ပြီးတော့ မင်းဗမာလားပေါ့ဆိုပြီးတော့ ဖမ်းသွားတာ။ ဘာမှ စကားတွေ၊ ဘာတွေ ပေးမပြောဘူးတဲ့။ လက်တဖက်ကို အနောက်ကို လိမ်ထားပြီးတော့ ကုပ်ကို ဆွဲပြီး ခေါ်သွားတာ။ ရဲဝတ်စုံနဲ့ မဟုတ်ဘူး။ တခါတည်း သူတို့စခန်း ခေါ်သွားတယ်။ သူ့အလုပ်ရှင် သူဌေးမက လိုက်သွားတော့ ရုံးတင်လိုက်ပြီလို့ ပြောတယ်။ ညက ချက်ချင်းထုတ်ချင်ရင် ၂ သောင်း ပေးရမယ်” လို့ ပြောပါတယ်။
ထိုင်းရဲက တောင်းတဲ့ငွေ ၂ သောင်းဟာ သူတို့အတွက် သိပ်များလွန်းတဲ့အတွက် မတတ်နိုင်လို့ မထုတ်ခဲ့ကြောင်း၊ တရားရုံးတက်ပြီး အာမခံနဲ့ ပြန်ထွက်လာမယ်ဆိုရင်တော့ ၁ ထောင်ကျော်ပဲ ကုန်မယ်လို့ ပြောကြတဲ့အတွက် မောင်ဖြစ်သူကို ရဲစခန်းမှာပဲ ထားခဲ့ရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ အဖမ်းခံရကြောင်း ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြားရာမှာတော့ စခန်းရောက်ပြီးတဲ့ကိစ္စ ဘာမှမတတ်နိုင်ကြောင်း၊ အခြား လိုအပ်တဲ့ ထောက်ခံစာတွေတော့ ထုတ်ပေးနိုင်ကြောင်း တာဝန်ရှိသူက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆာထောင်းန်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲဝန်ထမ်းတဦးက ခုလို ဖြေကြားခဲ့ပါတယ်။

“မနေ့ညက ဖမ်းထားတာ ရှိပါတယ်။ ၃ – ၄ ဦးက ပတ်စပို့ပဲ ရှိပြီး အလုပ်သမားကတ် မရှိဘူး။ တချို့က ဈေးရောင်းခွင့်မရှိဘဲနဲ့ ရောင်းနေတာ။ လက်မှတ်ထဲ ခွင့်ပြုတဲ့ အလုပ်ကို မလုပ်ဘူး။ ၂ သောင်းကောက်တဲ့ကိစ္စတော့ ကျနော်တို့လည်း မသိပါဘူး။ သွားဖမ်းတဲ့ရဲပေါ် မူတည်ပါတယ်။ ကျနော်တို့တာဝန်က စခန်းကို ရောက်လာရင် အမှုဖွင့်မယ်၊ တရားရုံးတင်မယ်၊ ပတ်စပို့ပဲ ရှိပြီး အလုပ်သမားကတ် မရှိရင် ဗီဇာရုပ်သိမ်းပြီး နယ်စပ်ပြန်ပို့၊ အလုပ်သမားကတ်မှာ ဖော်ပြတဲ့အတိုင်း အလုပ်အကိုင်၊ နေရာနဲ့ အလုပ်ရှင်တွေ မှားယွင်းလွဲချော်ရင်တော့ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး ပြန်လွှတ်တယ် အဲဒါပါပဲ” လို့ ရှင်းပြပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့တော့ အခုလို တရားမ၀င်အလုပ်သမားတွေကို ၀င်ရောက် စစ်ဆေးဖမ်းဆီးတာဟာ အလုပ်သမားရှာဖွေရေးရုံးရဲ့ တောင်းဆိုချက်အရ အခါအားလျော်စွာ ၀င်ရောက် စစ်ဆေးရကြောင်း တာဝန်ကျရဲဝန်ထမ်းက ပြောသွားပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေဟာ ရုံးတင်စစ်ဆေးခံရတယ်ဆိုရင် ရုံးချိန်းရက်ပေါ် မူတည်ပြီး အချုပ်ခန်းထဲ ကြာကြာနေရမှာ စိုးတဲ့အတွက် တတ်နိုင်သူတွေကတော့ ပြင်ပမှာပဲ ရဲနဲ့ ညှိနှိုင်းပြီး ပြန်လွှတ်လာလေ့ ရှိပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်က အလုပ်သမားတွေ တရားဝင်အနေနဲ့ရော၊ တရားမ၀င်အနေနဲ့ပါ စုစုပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

DVB Burmese

လမ်းအကွေ့၌ အရှိန်မထိန်းနိုင်သောယာဉ် တံတားဘောင်အားတိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ


နေပြည်တော်၊ ဧပြီ ၂၈
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၂/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဘူတာလမ်းနေ ဇော်မင်းလေး(၃၃)နှစ်မောင်းနှင်လာသည့် 6G/xxxx မစ်ဆူဘီရှီအပြာရောင်ယာဉ်သည် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တံတားဘောင်စွန်းအားတိုက်မိပြီး လမ်းမပေါ်သို့ လဲကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ဇော်မင်းလေးနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာနေ ဒေါ်စန်း(၅၁)နှစ်ပါ ကျား ၄ ဦး၊ မ ၉ ဦး၊ စုစုပေါင်း (၁၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့တင်ပို့ကုသခဲ့ရာ ဒေါ်စန်းမှာ ဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇော်မင်းလေးအား ဘောနီ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

အီဂျစ်သေဒဏ်စီရင်ချက် ကုလစိုးရိမ်


သေဒဏ်စီရင်ခံရတဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ထောက်ခံသူတွေ ကိုင်ရိုမြို့တောင်ပိုင်း၊ Minya တရားရုံးရှေ့မှာ စုဝေးဆန္ဒဖော်ထုတ်ကြစဉ်။ (ဧပြီ ၂၈၊ ၂၀၁၄)

အီဂျစ်နိုင်ငံတရားရုံးက သမ္မတဟောင်း မိုဟာမက်မော်စီအပေါ်ထောက်ခံတဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ အဖွဲ့ဝင်တွေကို သေဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးလိုက်ပါတယ်။ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ဟာ တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့အဖွဲ့ ဖြစ်ပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ အခြေခံဖြစ်တဲ့ မျှတတဲ့ တရားစီရင်မှု စံနှုန်းတွေနဲ့ မကိုက်ညီတာ သိသာပေါ်လွင်နေကြောင်း၊ အခုလို သေဒဏ် အပစ်ပေးမှုတွေကြောင့် နိုင်ငံရဲ့ ရေရှည်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ကြောင်း မစ္စတာဘန်ကီမွန်းက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်တာပါ။

တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အလွန်စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုပါတယ်။ နိုင်ငံတကာ တရားစီရင်မှု အခြေခံ စံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒီအမှုဟာ သြဂုတ်လအတွင်း Minya နဲ့ အီဂျစ်နိုင်ငံရဲ့ တခြားနေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ဆက်နွယ်တဲ့ အမှုဖြစ်ပါတယ်။ အဓိကရုဏ်းတွေအတွင်း လူတွေ သေဆုံးခဲ့တဲ့အထိဖြစ်ခဲ့ရတာပါ။ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ကို တရားမဝင် အဖွဲ့အဖြစ် ကြေညာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့တာပါ။

ညီအကိုတော်များအဖွဲ့ကလည်း ငြိမ်းချမ်းတဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး စစ်အုပ်ချုပ်ရေးကို အဆုံးသပ်ပစ်နိုင်အောင် ကြိုးပမ်းမယ်လို့ ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ကျန်းမာရေး ကောင်းဖို့အတွက် နာရီဘယ်လောက် အိပ်ပေးသင့်သလဲ



(၁) ၁ လမှ ၂ လ ကလေးငယ်လေးတွေ အတွက် တစ်နေ့ကို ၁၄ နာရီမှ ၁၈ နာရီ အိပ်ပေးသင့်ပါတယ်။

(၂) ၃ လမှ ၁၁ လ ကလေးငယ်တွေ အတွက် တစ်နေ့ကို ၁၃ နာရီမှာ ၁၆ နာရီ အိပ်ပေးသင့်ပါတယ်။

(၃) ၁ နှစ်မှ ၃ နှစ် ကလေးငယ်တွေ အတွက် တစ်နေ့ကို ၁၂ နာရီမှ ၁၄ နာရီ အိပ်ပေးသင့်ပါတယ်။

(၄) ၅ နှစ်မှ ၁၂ နှစ် ကလေးတွေ အတွက် တစ်နေ့ကို ၁၀ နာရီမှ ၁၁ နာရီ အိပ်ပေးသင့်ပါတယ်။

(၅) ၁၃ နှစ်မှ ၁၇ နှစ်တွေ အတွက် တစ်နေ့ကို ၉ နာရီမှ ၁၀ နာရီ အိပ်ပေးသင့်ပါတယ်။

(၆) ၁၈ နှစ်အထက် ကတော့ တစ်နေ့ကို ၇ နာရီမှ ၉ နာရီထိ အိပ်ပေးသင့်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

မန်နေဂျာ ရာထူးအတွက် လူးဝစ်ဗန်ဂါးကို ပေါင် ၂၅ သန်းတန် သုံးနှစ်စာချုပ်ဖြင့် ယူနိုက်တက် ချုပ်ဆိုဖွယ်ရှိ


နယ်သာလန် နည်းပြ လူးဝစ်ဗန်ဂါးသည် ယခု ရက်သတ္တပတ် အတွင်း မန်ချက်စတာ ယူနိုက်တက်၏ မန်နေဂျာသစ် ဖြစ်လာဖွယ်ရှိပြီး ၎င်းအနေဖြင့် ပေါင် ၂၅ သန်းတန် သုံးနှစ်စာချုပ်ကို လက်မှတ်ထိုးရန် အသင့်ရှိနေကြောင်း သိရသည်။

ထို့အပြင် ဗန်ဂါးသည် ၎င်း၏ နည်းပြအဖွဲ့ဝင်ကို အိုးထရတ်ဖို့ဒ်သို့ ခေါ်ဆောင်လာဖွယ် ရှိသော်လည်း ယူနိုက်တက်၏ ယာယီ မန်နေဂျာ ရိုင်ယန်ဂစ်ကို နည်းပြအဖွဲ့ဝင် အဖြစ် ခန့်အပ်သွားဖွယ် ရှိသည်။ ဒေးဗစ်မိုယက်စ် ထုတ်ပယ် ခံရပြီးနောက် ပရီးမီးယားလိဂ် လက်ကျန် ၄ ပွဲကို တာဝန်ယူ ကိုင်တွယ်နေသည့် ရိုင်ယန်ဂစ်သည် ၎င်း၏ ပထမဦးဆုံး ပွဲစဉ်တွင် နော်ဝစ်ခ်ျကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ကွင်း ပရိသတ်များအား ကျေနပ်မှု အပြည့် ရရှိစေခဲ့သည်။ သို့သော်လည်း ယူနိုက်တက်မှ တာဝန်ရှိသူများက အမြဲတမ်း မန်နေဂျာ ရာထူးအတွက် ဂစ်ကို အာမခံ ထားခြင်း မရှိကြောင်း သိရသည်။

အသက် ၆၂ နှစ်အရွယ် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ် နည်းပြဟောင်းသည် ယခုတစ်ပတ် အတွင်း ယူနိုက်တက်နှင့် သဘောတူညီမှု ရရှိရန် စိတ်အားထက်သန်နေကြောင်း၊ သို့မှသာ ဘရာဇီးလ်တွင် ကျင်းပမည့် ကမ္ဘာ့ ဖလားပြိုင်ပွဲ အတွက် နိုင်ငံအသင်းအပေါ် အပြည့်အဝ အာရုံစိုက်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။

မန်ချက်စတာယူနိုက်တက်မှ စိတ်ဝင်စားနေသည့် မန်နေဂျာများတွင် ကာလို အန်ဆယ်လော့တီ ပါဝင်သော်လည်း ၎င်းအတွက် ကုန်ကျစရိတ်သည် အေးဂျင့်မလိုသည့် ဗန်ဂါးထက် ပိုမိုကုန်ကျမည် ဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ရာသီကုန်တွင် စပိန်ထိပ်သီးကလပ်မှ ထွက်ခွာဖွယ် မရှိသောကြောင့် ဗန်ဂါးသာ မန်နေဂျာသစ် ဖြစ်လာနိုင်ဖွယ်ရှိသည်။

အကယ်၍ လူးဝစ်ဗန်ဂါးကို မန်နေဂျာအဖြစ် ခန့်အပ်ပြီးခဲ့ပါက ယူနိုက်တက် အနေဖြင့် ဆောက်သမ်တန်မှ လုခ်ရှော၊ ဘိုင်ယန်မြူးနစ်မှ တိုနီခရူးစ်၊ ဘိုရပ်ရှားဒေါ့မွန်မှ မာကိုရူးစ်နှင့် ပေါ်တိုမှ အီလီယာကွင်မ် မန်ဂယ်လာတို့ကို ခေါ်ယူရေး အတွက် ဆက်လက် ဆောင်ရွက်ဖွယ်ရှိသည်။

Soccer Myanmar

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ မေလတွင် ပြုလုပ်နိုင်မည်


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ရဲ့ညှိနှိုင်းဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ အပစ်အခတ် ရပ်စဲရေး ရက်အကန့်အသတ်မရှိ ရွှေဆိုင်းလိုက်တယ် ဆိုတဲ့အပေါ် မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက မဟုတ်မှန်ကြောင်းနဲ့ မေလမှာ ပြုလုပ်နိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အန်စီစီတီအဖွဲ့ဝင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက်နေ့ထိ အစည်းအဝေး လုပ်နေတုန်း ဖြစ်ပါတယ်။

“ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ကျနော်တို့ အစိုးရ အဖွဲ့ဘက်က အပစ်အခတ် ရပ်စဲရေးအတွက် စားပွဲဝိုင်းဆွေးနွေးဖို့ မေ ၁၇ ရက်နေ့ကို လုပ်နိုင် ဖို့ ညှိနှိုင်းနေတယ်။ ဒီနေ့ ညနေမှာ အဖြေသိရမှာပါ။ ငြိမ်းချမ်းရေးဆိုတာ စားပွဲဝိုင်းမှာပဲ ဆွေးနွေးလို့ ရတာ၊ တခြားဘယ်မှာမှ ဆွေးနွေးလို့ မရနိုင်ဘူး။ ဒီလို ထွက်ပေါ်လာတာကလည်း အန်စီစီတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မဟုတ်ဘူး” လို့ ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

အန်စီစီတီက ဧပြီ ၂၈ ရက်နေ့မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွက် အစိုးရနဲ့ မေလမှာ အကြမ်းဖျင်းတွေ့ဆုံမယ်လို့ ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်သားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေကြရာမှာ တိုင်းရင်းသားတွေဘက်က လိုလားတဲ့ ဖက်ဒရယ်အသုံးအနှုန်း၊ ဖက်ဒရယ် တပ်မတော်ဆိုတာတွေကို အစိုးရဘက်က မလိုက်လျောနိုင်တဲ့အတွက် ဆွေးနွေးမှုကို တိုင်းရင်းသားတွေဘက်က ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တာလို့ အန်စီစီတီ အဖွဲ့ဝင် ဦးနိုင်ဟံသာရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

DVB Burmese 

အိမ်နောက်ဖေး မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ မျက်နှာအသားအရေလှပအောင် ဘယ်လိုလုပ်နိုင်သလဲ (အပိုင်း-၁)


တစ်ခါတစ်လေ ကိုယ့်မျက်နှာအသားအရေမှာ အဖုအပိန့်တွေ ထွက်လာလို့ စိတ်ညစ်ရပြီဟေ့ဆိုရင် ၀က်ခြံပျောက်ဆေးကို စဉ်းစားရတာကတစ်မျိုး၊ သွားဝယ်ရမှာ ဘာညာနဲ့အလုပ်ရှုပ်ဦးမှာကတစ်မျိုး ခေါင်းရှုပ်စရာပဲပေါ့။ ဒီတော့ အိမ်နောက်ဖေး မီးဖိုချောင်ထဲက အရာတစ်ချို့နဲ့ မျက်နှာအသားအရေ ကောင်းမွန်အောင် ဘယ်လိုပြုလုပ်နိုင်တယ်ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။

၁။ ၀က်ခြံအတွက် စိတ်မပူနဲ့။

မျက်နှာမှာ ၀က်ခြံထွက်လာပြီဆိုရင် မီးဖိုချောင်ထဲက ကြက်ဦးတစ်လုံးရယ်၊ စားပွဲတင်ဇွန်းတစ်ဇွန်းစာ ပျားရည်ကို ပထမဆုံးယူလိုက်ပါ။ ခွက်အလွတ်ထဲ ခလောက်ထားတဲ့ ကြက်ဥထဲ ပျားရည်ကိုထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးတာနဲ့ မျက်နှာပေါ် ပါးပါးလေး သုတ်လိမ်းပြီး မိနစ် ၂၀ခန့်ကြာအောင် ထားလိုက်ပါ။ ပြီးတဲ့နောက်မှာတော့ ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်လိုက်ရုံပါပဲ။

၂။အရေးအကြောင်းတွေအတွက် စိတ်ရှုပ်စရာ မလိုပါဘူး။

မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာမှာစိုးရင် အိမ်နောက်ဖေးက ပစ္စည်းတစ်ချို့နဲ့ Mask လုပ်နည်းလေး ပြောပြပေးချင်ပါတယ်။ ကြက်ဥတစ်လုံးရယ်၊ ကြက်ဥအနှစ်ရယ်၊ နောက် စားပွဲတင်ဇွန်းစာရှိတဲ့ ၀ိုင်နီ အားလုံးကို ရောမွှေပြီး ဘရက်ရှ်လေးသုံးကာ မျက်နှာမှာ သုတ်လိမ်းပေးပါ။ ခြောက်သွားပြီဆိုရင်တော့ ရေနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးလိုက်ရုံပဲပေါ့။ ဒါကို မကြာခဏလုပ်ပေးမယ်ဆိုရင် အရေးအကြောင်းတွေလည်း နည်းပါးသွားမှာ သေချာတယ်နော်။

၃။မျက်နှာအသားအရေ နီးမြန်းတာတွေအတွက်လည်း နည်းလမ်းလေးတွေ ရှိပါတယ်။

နီစပ်စပ်ဖြစ်နေတဲ့ မျက်နှာအသားအရေ ပိုင်ရှင်တွေအတွက် ကဖင်းဓာတ်ပါတဲ့ ကော်ဖီတစ်ခွက်ကို ရေခဲသေတ္တာထဲကို တစ်ညလောက်ထည့်ထားလိုက်ပါ။ တော်တော်လေး အေးသွားပြီဆိုရင်တော့ ချည်သား အ၀တ်စလိုဟာမျိုးနဲ့ စုပ်ယူပြီး မျက်နှာပေါ် သုတ်လိမ်းပါ။ ၁၀ မိနစ်ကျော်လောက် ထားပြီးရင်တော့ ရေအေးအေးလေးနဲ့ သစ်ချလိုက်ရုံပဲပေါ့။


Ref:luckymag.com
Trend Myanmar