၉ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ ဖတ်ရှုပါ




၈ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ ဖတ်ရှုပါ




ကေအင်န်ယူ ထိန်းချုပ်နယ်မြေများ အပါအဝင် ဆက်စပ်နေရာများရှိ တပ်မတော် စခန်းများ ပြန်လည်ဆုတ်ခွာပေးမည်


 ရန်ကုန်၊ ဇွန် ၈- ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ) ထိန်း ချုပ်နယ်မြေများအပါအဝင်ဆက် စပ်နေသည့် ဒေသများ အတွင်းရှိ တပ်မတော်စခန်းများကိုပြန်လည် ဆုတ်ခွာပေးမည်ဖြစ်ကြောင်း အစိုး ရနှင့် ကေအင်န်ယူတာဝန်ရှိသူတို့က အတည်ပြုပြော ကြားသည်။

ကရင်ပြည်နယ်နေရာအနှံ့အ ပြား ရှိ စေတီပုထိုး၊ ဘုရားရှိခိုးကျောင်း တို့နှင့် လူနေဧရိယာအနီးတစ်ဝိုက် စခန်းချထားသည့် တပ်မတော် စခန်း များ ကို နေရာရွှေ့ပြောင်းပေးရန်အတွက် ကေအင်န်ယူဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ဆုံစဉ်ဆွေး နွေး ခဲ့သည့်အတွက် တပ်မတော်ဘက် မှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော် သမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ကပြောသည်။

''ကေအင်န်ယူကတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကလက်ခံပါတယ်။ ဒါကလဲ ကေအင်န် ယူအနေနဲ့ အပစ်ရပ်နှစ်နှစ်တာကာ လအတွင်းစည်းကမ်းရှိရှိသေသေ ဝပ်ဝပ်နေပြီး ယုံကြည်မှုတည်ဆောက် နိုင်တာရဲ့ရလဒ်ပါပဲ''ဟု ဦးရဲထွဋ်က ပြောသည်။

ကရင်အမျိုးသားအစည်း အရုံး (ကေအင်န်ယူ)လက်အောက်တွင် တပ်မဟာ ခုနစ်ခုနှင့် နယ်မြေခုနစ်ခုရှိ ပြီး ယင်းနယ်မြေနှင့် ထိစပ်ဒေသများ တွင် တပ်မတော် တပ်စခန်းများက ဆယ်စုနှစ်ပေါင်းများစွာ တပ်စွဲထား ပြီး လူနေကျေးရွာများ၊ ဘုရား ကျောင်း များနှင့် စေတီပုထိုးများအ တွင်းတွင် ပါတပ်စွဲထားခဲ့မှုများရှိခဲ့ ကြောင်း ကေအင်န်ယူက ဆိုသည်။

''ကာကွယ်ရေးဦးစီးချုပ်က စစ် တိုင်းတွေကိုစာထုတ်ပေးမယ်ပြော တယ် ။ ကေအင်န်ယူရဲ့သက်ဆိုင်ရာ တပ်မဟာတွေအလိုက် စစ်တိုင်းတွေ နဲ့ညှိနှိုင်းပြီး တပ်စခန်းတွေရုပ်သိမ်း ဖို့အရေးဆောင်ရွက်သွားမှာပါ''ဟု အမည်မဖော် လိုသည့် ကေအင်န်ယူ အဆင့်မြင့်အရာရှိတဦးက ဒီမိုကရေစီ တူဒေးသို့ အတည်ပြုပြော ဆိုသည်။

ကေအင်န်ယူ ကရင်အမျိုး သား အစည်းအရုံးသည် နှစ်ပေါင်း ၆၀ ကြာ အစိုးရနှင့်တိုက်ခိုက်နေသည့် တိုင်း ရင်းသား လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနစ်တွင် အစိုးရနှင့်အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ သည်။

ကရင်အမျိုး သား အစည်းအရုံးသည် (ကေအင်န် ယူ)ကရင်ပြည်နယ်အတွင်း တွင်သာမ ကမွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းတို့တွင်လည်း တပ်စ ခန်းနှင့် ထိန်း ချုပ်နယ်မြေများရှိနေပြီး ယခုသဘော တူညီချက်မှာ အဆိုပါ တိုင်းနှင့် ပြည်နယ် များအတွက်ပါအကျုံးဝင်ကြောင်း လည်း ကေအန်ယူ ဘက်မှစုံစမ်းသိရ သည်။

STAL [--Democracy today Daily Newspaper--]
Yangon Media Group

မညစ်ပတ်ကြေး ထွက်မပြေးကြေးဟေ့



 ရွှေသီးရေ... ဒီတစ်ပတ်ကတော့  အငြင်းအခုံနဲ့ သတင်းစုံတဲ့ အပတ်ပဲကွ။ ပထမဆုံး သတင်း တစ်ခုကို ဖောက်သည် ချရရင်တော့ နိုင်ငံတော် သမ္မတကြီးနဲ့ ကေအင်န်ယူ အဖွဲ့တွေ့ကြရာမှာ ကေအင်န်ယူ အဖွဲ့က သမ္မတကြီး နောက်သက်တမ်း ငါးနှစ်ထပ်ပြီး ထမ်းဆောင်ဖို့ တိုက်တွန်း ခဲ့တယ်ဆိုပဲ။ ဒါမှပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေး ခရီးစဉ်ကြီး အောင်မြင် တဲ့အထိ အတွင်းသိ အစင်းသိ ဆက်ရှိနေဖို့ အားကိုးတယ်ဆိုတဲ့ သဘောပေါ့။

သမ္မတကြီး ပြန်ဖြေပုံက လည်း ကြည့်ဦး။ ကျန်းမာရေး မကောင်းပေမယ့် ပြည်သူလူထု က ဆန္ဒရှိရင် လုပ်ပါ့မယ်တဲ့။ ကောင်းလိုက်တဲ့ စေတနာကွာ။ ကျန်းမာရေးကို မမှု၊ အသက်ကို ပဓာနမထားတဲ့ ခေါင်းဆောင်မျိုး ကို ရဖို့လွယ်တာမှတ်လို့။ အဲ ..ငါက တော့ ရုတ်တရက်လူရွှင်တော် တွေရဲ့ ပြက်လုံးခွင်တစ်ခုကို သတိသွားရမိတယ်။ စက္ကူနဲ့ လုပ်ထားတဲ့လက်ဖြစ် မင်းသားခေါင်း ပေါင်းကြီးဆောင်း၊ မျက်နှာမှာ ပေါင်ဒါတွေ ဖွေးနေအောင် ရိုက် ထားပြီး မင်းသားဟန်နဲ့ ပြော ဆိုပြီး ကွေးနေအောင် ကနေတဲ့ လူရွှင်တော်ကို ဘေးကလူရွှင် တော်တွေက ဆက်မကအောင် အမျိုးမျိုးနှောင့်ယှက်ပေမယ့် သူ ကတော့ မင်းသားဟန်ကနေ တစ်ပြားသားမှ မလျှော့ဘဲ ‘‘အင်း-ထမင်းရှင်မိဘများက တောင်းဆိုတော့လည်း သားလေးဒီစင်ပေါ် မှာ ရင်နှစ်ခြမ်း ဗြန်းခနဲနေအောင် ကွဲပါစေ ပင်ပန်းတာကို မမှုပါဘု’’ ဆိုတဲ့ ပြက်လုံးမျိုးလိုပဲ တစ်ပြား သားမှ လျှော့လို့မရဘူး ကိုယ့်လူ ရေ။ ဒါမှပဲ ကောင်းမွန်သော အုပ် ချုပ်မှုနဲ့ သန့်ရှင်းသော အစိုးရဖြစ် ဖို့ အချိန်က လုံလောက်မှာမို့လား။ ဆယ်နှစ်လေ... ဆယ်နှစ်။

နောက်ထပ် ၀မ်းသာစရာ သတင်းတစ်ခုကတော့ PR လို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု စနစ်ကို ဆွေးနွေးဖို့ အမျိုးသား လွှတ်တော်ကလက်ခံလိုက်ပြီဆို တဲ့ သတင်းပဲ။ ဒါလည်း ဖြစ်သင့် တာကြာနေပြီ။ ဘယ့်နှယ် ၁၉၉၀  မှာ တောင်ပြို ကမ်းပြိုနိုင်၊ ၂၀၁၂ ကြားဖြတ်မှာလည်း အုန်းအုန်း ကျွက်ကျွက်ဆိုမှတော့ လွှတ် တော်ကိုယ်စားလှယ်ဖြစ်ချင်လို့ ပါတီထောင်တဲ့သူ တချို့မှာ ဒုက္ခ ရောက်တာပေါ့။ ၂၀၁၀ ကတော့ ရွေးပြီး စလစ်နံပါတစ်ထားလိုက်။ ၂၀၁၅ အမီ PR မှ တို့ ပြည်သာ မှာဟ။ ထူးခြားတာက ဖွဲ့စည်းပုံ ကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့ တပ်မတော်က လွှတ်တော် ကိုယ်စားလှယ်ကြီးများက တစ်ခဲ နက်ထောက်ခံပြီ ဆိုမှတော့ ဒီ PR စနစ်က စပယ်ရှယ်ကို ကောင်းလို့ ပေါ့။ တပ်မတော်ဆိုတာ တိုင်း ပြည်အကျိုးကို အမြဲတမ်းရှေးရှု တာမဟုတ်လား။ ၂၀၀၈ ဖွဲ့စည်း ပုံမှာ PR စနစ်ပါပါ မပါပါ သူတို့ ထောက်ခံပြီဆိုမှတော့ ဘာလို သေးလဲ ရွှေသီးရယ်။ မင်းရော၊ ငါရာ ပါတီထောင်ကြစို့။ မြေတစ် နေရာ၊ အခွန်လွတ်ကားတ၀ီဝီနဲ့ လွှတ်တော်အမတ်ဖြစ်မှ တိုင်းပြည်အကျိုးတို့သယ်ပိုးပေါ့ဟ။

 နောက်ထပ် ဒီထက်ပိုကောင်းတဲ့ သတင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ တပ်မတော်အာဏာသိမ်းတာ နဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားတာ အလွန်ကောင်းဆိုပဲ။ အခြေခံ ဥပဒေမှာ ပုဒ်မ ၄၁၇ ကနေ ၄၃၂ ထိ ထည့်ဆွဲထားတာ အလွန်အ မြော်အမြင်ကြီးလို့တဲ့။ ကာချုပ်က အာဏာသိမ်းချင်ရင်တောင် တစ် နှစ်ပဲ သိမ်းလို့ရမယ်တဲ့။ လိုအပ်မှ နောက်ထပ်ခြောက်လသက်တမ်း နှစ်ခါနဲ့ စုစုပေါင်း ၂ နှစ်ပဲ သိမ်း ခွင့်ရှိတယ်ဆိုပဲ။ ထိုင်းမှာ စစ်တပ် က အာဏာသိမ်းတာ ထိုင်းအခြေ ခံဥပဒေမှာ ဒီလိုပုဒ်မျိုးမပါလို့တဲ့ လေ။ ၁၉၆၂ မှာ ဗိုလ်နေ၀င်းအာ ဏာသိမ်းပြီး ၂၆ နှစ်ကြာတာ ရော။ ၁၉၈၈ မှာ ဗိုလ်စောမောင် အာဏာသိမ်းပြီး နှစ် ၂၀ ကျော် ကြာတာရောက ၁၉၄၇ နဲ့ ၇၄ အခြေခံဥပဒေတွေမှာ ဒီလိုပုဒ်မ တွေ မပြဋ္ဌာန်းခဲ့လို့တဲ့လေ။ ငါ့မှာ အဘတို့လုပ်တာနဲ့ စာအုပ်စိမ်းကြီး ပြေးလှန်ရပါလေရော။

ဟုတ်ပါ့ ရွှေသီးရာ။ ပုဒ်မ ၄၁၈(က)မှာ ပါတာပေါ့။ အရေး ပေါ်အခြေအနေမှာ နိုင်ငံတော် သမ္မတက ကာချုပ်ကို အာဏာ သုံးရပ်လုံး လွှဲပေးရမယ်။ အဲဒီလို လွှဲပေးကြောင်း ကြေညာတဲ့နေ့မှာ ပဲ လွှတ်တော်တွေအားလုံးရပ် ဆိုင်းသွားပြီး အဲဒီလွှတ်တော်တွေ သက်တမ်းကုန်တဲ့အခါမှာ အလို အလျောက် ဖျက်သိမ်းပြီး ဖြစ် တယ်လို့ မှတ်ယူရမယ်တဲ့။ ပုဒ်မ-၄၁၈(ခ)မှာတော့ အဲဒီလိုအာဏာလွှဲပြီးတဲ့နေ့မှာပဲ အခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါ ရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ကျန် ပုဂ္ဂိုလ်တွေကတော့ တာဝန်မှရပ် စဲပြီးဖြစ်တယ်လို့ ဖော်ပြတယ်။

ငါလည်း အဲဒီဥပဒေတွေ ဖတ်ပြီးမှ ၀န်ကြီးချုပ်ဟောင်းဦးနု ကို သွားပြီး သတိရတယ်။ ဦးနုလည်း ဗိုလ်နေ၀င်းကို အားကိုးတကြီးနဲ့ ၁၉၅၈ မှာ အိမ်စောင့်အစိုးရအဖြစ် အာဏာလွှဲပေးခဲ့တာပဲ။ နောက်တော့သာ။ အင်း ..ကျားတို့၊ ခြင်္သေ့တို့ကို အစာပစ်ကျွေးပြီး ဟဲ့... တစ်ဝက်ပဲ စားဆိုတာမျိုးများ ဖြစ်နေမလားနော်။ အခြေခံ ဥပဒေဆွဲခဲ့တဲ့သူတွေ လေးစားဖို့ ကောင်းတယ်ဆိုတာဒါမျိုးပေါ့။ ကျားကို ဥပုသ်စောင့်ခိုင်းတဲ့ ပုဒ်မမျိုးရအောင် ထည့်ဆွဲထားလို့လေ။

နောက်တစ်ခါ အံ့သြဖွယ်ရာ သတင်းတစ်ခုကတော့ သမ္မတ ကြီးရဲ့ မိန်းခွန်းပါပဲ။ သမ္မတကြီး က ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး လှုပ်ရှားမှုတွေကို စောင့် ကြည့်နေပါတယ်တဲ့။ နိုင်ငံရေး ဆွေးနွေးပွဲများမှ ပေါ်ပေါက်လာ သော သဘောတူညီချက်များ ပေါ်မူတည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်တဲ့။ သိတဲ့အတိုင်းပဲ သမ္မတကြီးရဲ့ မိန့်ခွန်းများ နားထောင် လိုက်လို့ကတော့ နားထဲကို ငါးရှဥ့်ဝင်သွားသလားမှတ်ရတယ်။ ချောလို့၊ ကြည့်..ဆက်ပြောသေးတယ်။ ဒိုင်ယာလော့ဆိုတာ ပြဿနာတွေကို အတူတကွ အဖြေရှာ ပြီးရလာမယ့် အဖြေတွေကို စုပေါင်းအကောင်အထည် ဖော်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်တဲ့အတွက် အခုလိုပြုပြင်ပြောင်းလဲမှု ကာလမှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားလိုပါတယ် တဲ့။ ကဲ ငါမပြောဘူးလား ရွှေသီး။သမ္မတကြီးက ဒိုင်ယာလော့ကို အရမ်းကိုအလေးထားပါတယ် ဆို။ အဲ  ..ဟို လေးပွင့်ဆိုင် ကိစ္စကတော့ကွာ။ အင်း ...။ အခါကောင်းရက်ကောင်းလေးများ ရွေးပါရစေဦး ရွှေသီးရဲ့။

ရွှေသီးရေ ၂၀၁၅ မတိုင်မီ မှာ မင်းဇာတ်စုံ တွေ့ရဦးမှာပါ။ အမျိုးဘာသာ၊ ပီအာတွေအပြင် အသစ်အသစ်သော ဇာတ်ညွှန်းများလည်း ထွက်ရှိလာပါဦးမယ်။ငါကတော့ မင်းကိုပြောရင်း ဆိုရင်းနဲ့ပဲ ဟာသ (Joke) တစ်ပုဒ်ကို သတိရမိသေးတယ်။

ဒီလိုကွာ တစ်နေ့မှာ မိန်းမ တစ်ယောက်က ရဲစခန်းကို လာတိုင်သတဲ့။ ညအမှောင်မှာ နောက်ကနေ ချောင်းရိုက်ခံရလို့ တဲ့။ ရဲစခန်းကတော့ ညကလည်း မှောင် နောက်ကလည်းချောင်း ရိုက်ဆိုတော့ တရားခံကို ဖမ်းဖို့ မလွယ်ဘူးလို့ ပြောတာပေါ့။ ဒီမှာတင် အမျိုးသမီးက ပြန်ပြော တယ်။ တရားခံကို သူသိတယ် ပေါ့။ ‘‘ဟ ခင်ဗျားနောက်က ချောင်းရိုက်တယ်ဆိုပြီး တရားခံကို ဘယ်လိုသိလဲ’’လို့ ရဲကမေးတော့ ‘‘ဒီလောက် ညအမှောင် မှာတောင် ကျွန်မကို ရှေ့ကမရိုက် ရဲဘဲ နောက်ကချောင်းရိုက်တာ ကျွန်မကိုသိပ်ကြောက်တဲ့ ကျွန်မ ယောက်ျားပဲ။ သူကလွဲပြီး ဘယ် သူမှ မဖြစ်နိုင်ဘူး’’လို့ ဖြေသတဲ့။

ကဲ  ...မင်းပဲ စဉ်းစားကြည့်၊ မိန်းမတစ်ယောက်ကို နောက်က နေ ချောင်းရိုက်ဖို့ဆိုတာလည်း လွယ်မှတ်လို့။ ငါကတော့ ဟိုအဆိုတော် မိုးမိုးရဲ့ သီချင်းကိုပဲ ခုတစ်လောနှုတ်စွဲနေတယ်...ဘာတဲ့၊ မညစ်ပတ်ကြေး ထွက်မပြေးကြေး ဟေ့။   ။

Author: မောင်နံ့သာ

7DAY DAILY


အောင်စာရင်း သွားကြည့်သူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရ၍ တစ်ဦးသေဆုံး


ရန်ကုန်၊ ဇွန် ၈

ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံရှိ မီးပွိုင့်တွင် ဇွန်လ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အောင်စာရင်း သွားကြည့်ရာမှ နေအိမ်သို့ စက်ဘီးဖြင့် ပြန်လာသူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

မြေနီကုန်းဘက်မှ ဟယ်လ်ပင် မှတ်တိုင်ဘက်သို့ ပြည်လမ်းအတိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မောင်းနှင်လာသော မာစီဒီးအမျိုးအစား ကိုယ်ပိုင်ယာဉ်မှာ ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံ မီးပွိုင့်အနီး City Mart ရှေ့တွင် အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မီးနီမိ၍ ရပ်နေသော စက်ဘီးနှင့် လူငယ်နှစ်ဦးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကောင်လေး နှစ်ယောက်က နယ်က အသိသူငယ်ချင်းတွေရဲ့ အောင်စာရင်းကို ဒဂုံ အထက (၂) မှာ သွားကြည့်ပြီး စမ်းချောင်းဘက်ကို ပြည်လမ်းအတိုင်း ပြန်လာတာ။ မီးပွိုင့်မိနေချိန် တစ်ဖက်ယာဉ်ကြောက ကားကအရှိန်နဲ့ မောင်းလာတုန်း စီယာတိုင်လည်း ဆွဲလို့မရ၊ ဘရိတ်လည်း မမိတော့တာကြောင့် အရှိန်မထိန်းနိုင် ဖြစ်ပြီး လူငယ်နှစ်ဦးကို ဝင်တိုက်ခဲ့တာ” ဟု ဒဂုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲစု ၂၁ မှ ရဲအုပ် နေဝန်းလှိုင်က ရှင်းပြသည်။

အဆိုပါ ယာဉ်တိုက်ခံရသူ လူငယ်နှစ်ဦးမှာ မြေနီကုန်း မြောက်ရပ်ကွက် အောင်တော်မူလမ်းတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ်ရှိ ကိုခိုင်ဇော်မင်းနှင့် အသက် ၂၃ နှစ် အရွယ်ရှိ ကိုလှထွန်းတို့ နှစ်ဦးမှာ ဦးခေါင်း၊ မျက်နှာနှင့် ခြေထောက်များတွင် ပွန်းပဲ့ဖူးရောင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကိုခိုင်ဇော်မင်းမှာ သေဆုံးခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ကောင်လေး နှစ်ယောက်လုံးက ဈေးရောင်းနေသူတွေပါ။ အဲဒီညက နယ်ဘက်က သူငယ်ချင်း အသိတွေက အောင်စာရင်း ကြည့်ပေးဖို့ ဖုန်းဆက်ပြောလို့ သွားကြည့်ရာက ယာဉ်တိုက်ခံရတယ်လို့ ကြားတယ်” ဟု မြေနီကုန်း မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယင်းယာဉ်တိုက်မှုကြောင့် မာစီဒီးယာဉ်မောင်း ကိုမျိုးမြင့်မောင်ကို ဒဂုံမြို့မ ရဲစခန်းက ယာဉ် (ပ) ၂၃/၁၄၊ ပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

MH370 သတင်းအမှန်ပေးနိုင်လျှင် ကန်ဒေါ်လာ ၅ သန်း ရမည်



ဇွန်လ ၈ ရက်နေ့ကမှ ကြေညာလိုက်တဲ့ သတင်း ဖြစ်ပြီး ယင်း ကြေညာချက် အရ ပျောက်ဆုံးနေသော MH370 လေယာဉ် အကြောင်း အစအန တွေ့ရှိ သတင်းမှန် ပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဒီအတွက် MH370 လေယာဉ်ပေါ် လိုက်ပါသွားသူများရဲ့ ကျန်ရှိ မိသားစုများက စုစည်းလို့ ပေးအပ်မယ့် ဆုကြေးငွေ ဖြစ်ပါတယ်။ ဒီအတွက် ကို သေချာ စစ်ဆေးပြီး အမှန်တကယ် တွေ့ရှိ သတင်း ပေးနိုင်သူ ကိုသာ ပေးအပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူကနေ ပေကျင်း မြို့ကို ပြန်သန်းစဉ် အိန္ဒိယ သမုဒ္ဒရာ ထဲသို့ ထိုးကျ နှစ်မြှုပ်သွားတယ်လို့ ခန့်မှန်း ထားကြတဲ့ လေယာဉ် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်ကော၊ လေယာဉ် ဝန်ထမ်း အပါအဝင် ၂၃၉ ဦး ပါဝင် ပါတယ်။ နောက်ဆုံးရ သတင်း အနေနဲ့ သြစတေးလျ ကမ်း အလွန် အန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်မှာ Low Frequency အသံ လိုင်း ကြားရပြီး ရှာဖွေမှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ MH370 လေယာဉ်ကို ကိုယ်တိုင် ဆယ်ထုတ် စရာမလိုပဲ အစအန သတင်း ပြောပြ ရုံမျှသာ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာမို့ နိုင်ငံတကာမှာ ပုဂ္ဂလိက ရှာဖွေရေး အဖွဲ့အစည်း များစွာ ပါဝင် လာကြောင်း သိရ ပါတယ်။

. Ref: Metro အောင်ခမ်း (ရိုးရာလေး)

ခြေထောက် တစ်ဖက်တည်းနှင့် အိန္ဒိယ ကချေသည်မလေး နာမည်ကျော် စတားဖြစ်လာ


အိန္ဒိယနိုင်ငံ လူဒီရာမြို့မှ အသက် ၂၇နှစ် အရွယ် သူနာပြုဆူဘရတ်ဂမ်မန်သည် ၂၀၀၉ ခုနှစ် ဆိုင်ကယ် မတော်တဆမှုကြောင့် ခြေထောက် တစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ်သည်။


သို့သော် ငယ်စဉ်ကတည်းက အကကို ၀ါသနာပါသော ဂမ်မန်သည် ခြေထောက် တစ်ဖက်တည်းနှင့် အကကရန် စိတ်အားထက်သန်လာခဲ့ပြီး ချန်ဒီဂရာ့မြို့ရှိ ရော့ခ်စတား အကယ်ဒမီတွင် အကသင်ကြားခွင့်ရရှိခဲ့သည်။ ယခုနှစ်အတွင်းမှ အိန္ဒိယနိုင်ငံ၏ Britain’s Got Talent ပြိုင်ပွဲမှာ ဂမ်မန်သည် ပထမဆု ဆွတ်ခူးနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် နာမည်ကျော် စတားတစ်ဦး ဖြစ်လာခြင်း ဖြစ်သည်။

ကောလိမ်မှ သူငယ်ချင်းနှင့်အတူ ဆိုင်ကယ်နှင့် ပြန်လာရာ အကွေ့တစ်ခုတွင် ဆိုင်ကယ်မှောက်ခဲ့ခြင်း ဖြစ်ပြီး ဆေးရုံပေါ်တွင် ဆင်းရဲသော ဂမ်မန်ကို ဆရာဝန်များက လျစ်လျူရှူထားခဲ့သောကြောင့် ဒဏ်ရာဖြင့် ၁၅ရက်ကြာ လဲလျောင်းနေခဲ့ရသည်။

ဂမ်မန်၏မိခင်က ဆရာဝန်များအား တောင်းပန်သော အခါမှသာ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဂမ်မန်သည် ခြေထောက်ဒဏ်ရာမှာ သက်သာခြင်းမရှိဘဲ ပုပ်လိုက်လာသောကြောင့် နောက်ဆုံးတွင် ဂမ်မန်ကိုယ်တိုင် ခြေထောက်ကို ဖြတ်ပစ်ရန် ဆုံးဖြတ်ခဲ့ပြီး မိခင်ဖြစ်သူက ၎င်း၏ ခြေထောက်ကို ဖြတ်ပေးနိုင်မည့် ဆရာဝန်ကို ဆေးရုံများတွင် လိုက်လံရှာဖွေ ခဲ့ရသည်။ ဂမ်မန်သည် ခြေထောက်ဒဏ်ရာဖြင့် အိပ်ရာထဲသာ လှဲနေခဲ့ရပြီး တစ်နှစ်ကြာသည့်အခါမှသာ ခရစ်ယာန်ဆေးကောလိပ်မှ ဒေါက်တာ ဟာရင်ဒါက သူမ၏ ခြေထောက်ကို ဖြတ်တောက်ပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ခြေထောက် ဖြတ်ရာတွင်လည်း ငွေသား ပေါင် ၇၀၀၀ ချေးယူခဲ့ရသည်ဟု သိရသည်။

ယခုအခါတွင်မူ ဂမ်မန်သည် ပြိုင်ပွဲ၌ ပေါင် ၆၈၀၀၀ ဆုငွေ ရရှိခဲ့သည့် အပြင် အိန္ဓိယ၌ နာမည်ကျော် ကချေသည် တစ်ဦး အဖြစ် ရပ်တည်နိုင်ပြီ ဖြစ်သည်။



World Myanmar News

ref: DM
ကြယ်စင်

တရုတ် သက်ကြီးရွယ်အိုများ မီးသဂြိုလ် မခံရဘဲ မြေမြုပ် သဂြိုလ် ခံရစေရန် သတ်သေကြ


တရုတ်နိုင်ငံ အန်ဟွိုင်းပြည်နယ် အစိုးရက သုဿာန်တွင် နေရာ မရှိတော့သည့် အတွက် ဇွန်လ ၁ ရက်နောက်ပိုင်းတွင် သုဿာန်များအားလုံး ပိတ်လိုက်တော့မည်ဟု ဧပြီလ ၁ ရက်တွင် ကြေငြာခဲ့သည်။


ထို့ကြောင့် ဇွန်လ ၁ ရက်နောက်ပိုင်း သေဆုံးသူများကို မီးသင်္ဂြိုဟ်သွားမည်  ဖြစ်ကာ မြေမြှုပ်သင်္ဂြိုဟ်ခွင့် မပြုတော့ဟု အာဏာပိုင်များက ဆိုသည်။ ထိုသတင်းသည် တောနေ သက်ကြီးရွယ်အိုများအတွက် သတင်းဆိုး တစ်ရပ် ဖြစ်လာသည်။   မီးသင်္ဂြိုဟ် ခံရခြင်းသည် တရုတ်ထုံးတမ်းစဉ်လာ ယုံကြည်မှုနှင့် ဆန့်ကျင်နေသည့်အတွက် ကျေးလက်ဒေသမှ သက်ကြီးရွယ်အိုများ သည်  မီးသင်္ဂြိုဟ် ခံရမည်ကို အလွန်ကြောက်လန့်ကြသည်။

ထို့အတွက် အချို့သော သက်ကြီးရွယ်အိုများသည် ဇွန်လ ၁ ရက်မတိုင်မီ မိမိကိုယ်မိမိ သတ်သေသွားကြတော့သည်။

၉၇ နှစ်အရွယ် ၀ူလီဇူသည် မေလ ၁၂ ရက်တွင် မိမိကိုယ် မိမိ အဆုံးစီရင်သွားကာ ၈၇ နှစ်အရွယ် ဇန်ဝင်ယင်က မေလ ၁၃ ရက်တွင် ကြိုးဆွဲချ သတ်သေသွားခဲ့သည်။ အဘွားအို ဇန်ဝင်ယင်သည် သေကြောင်းကြံသည့်စာ ရေးသားခဲ့သည်။ မြေမြှုပ်သင်္ဂြီုလ်ခံရပါက ကောင်းမွန်သော သေဆုံးခြင်းဖြစ်သည့်အတွက် ကြိုးဆွဲချ သတ်သေသွားခဲ့ခြင်း ဖြစ်သည်ဟ သူမစာတွင် ရေးသားထားသည်။ အန်ဟွိုင်းပြည်နယ် ရှိ ရွာငယ်သုံးရွာမှ သက်ကြီးရွယ်အို ၇နှစ်ဦးကျော်သည်လည်း ထိုကဲ့သို့ သတ်သေသွားခဲ့ကြသည်ဟု သတင်းများအရ သိရှိရသည်။



ref: OC

ချယ်ရီ
World Myanmar News

ရွာတော်ခရိုင်တွင် ဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာတွင် ဖေါ်ပြ


မြန်မာ နယ်စပ် အနီးရှိ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းတောင်တန်းနယ်
ဘင်ဒရိုဘင် (ရွာတော်) ခရိုင် ရခိုင်ဝ (Roangchari)  ဒေသတွင် အသက်
၂၄ အရွယ် မာရမာအမျိုးသမီး ဆရာမတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည်ဟု The Daily Star သတင်းတွင် ဖေါ်ပြသည်။

ယင်းဆရာမ၏ အမည်မှာ ဦးဖြူ ၂၄ နှစ်ဖြစ်ပြီး Ananda School  အာနန္တဟု အမည်ရသော အန်ဂျီအို တစ်ခုမှ ဖွင့်လှစ်ထားသော ပုဂ္ဂလိက ကျောင်းမှ ဆရာမ ဟု ဆိုသည်။

ရခိုင်ဝမြို့ (Roangchari) မှ ရဲစခန်းမှ တာဝန်ခံ ရဲအရာရှိ Abdus Sattar Bhuiyan က ဒေသခံများကို ကိုးကားပြီး ယင်းဆရာမကို မုဒိမ်းကျင့် သတ်ဖြတ်သွားသူများမှာ ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖေါ်ပြသည်။

သူမ၏ ခန္ဓာတွင် ဒဏ်ရာ အချို့တွေ့ရှိရသဖြင့် သူမသည် မသတ်ခံရမှီ မုဒိမ်းကျင့်ခံခဲ့ရပုံရှိသည်ဟု ရဲအရာရှိက ဆိုသည်။

သူမသည် သောကြာနေ့ ညနေ ၉ နာရီခန့်တွင် ပျောက်ဆုံးသွားပြီး ညဥ့် ၁၁ နာရီခွဲ အချိန်တွင် ချိုင့်ဝှမ်း Vally of Ngarheisatong hill of Bangchhari မှ သူမအလောင်းအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းပြသနာ ဖြစ်ပွားပြီးနောက် ဒေသခံများက သံသယ ရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ရိုတ်ပုတ်ရာ Musalm (၂၈) နှစ်မှာ ဒဏ်ရာဖြင့် ဘင်ဒရိုဘင် ဆေးရုံတွင် သေဆုံးသွားသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ နောက်တစ်ဦးဖြစ်သူ Tara Chang Tanchangya ခေါ်  Debong Tanchangya အား ရဲက စစ်ဆေးရာ သူနှင့် နောက်ထပ် ရိုဟင်ဂျာ ဆိုသူ (၃) ဦးက ယင်းပြစ်မူအား ကျူးလွန်ခဲ့ကြောင်း ၀န်ခံသည်ဟု ဘင်ဒရိုဘင် ခရိုင်ရဲမင်းကြီးကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။

ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို မူရင်းအတိုင်းဘာသာပြန်ထားဟန်ရှိပါသည်။

နိရဉ္စရာသတင်းဌာနမှ သူးယူဖော်ပြပါသည်။

အမျိုးသမီးများကို တရုတ်သို့ပို့ရန် စည်းရုံးခေါ်လာသူ ရန်ကုန်တွင် ဖမ်းမိ


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ အမျိုးသမီးလေးဦးကို တရုတ်နိုင်ငံရှိ KTV
တစ်ခုတွင် အလုပ်ရမည်ဟု ပြောဆို စည်းရုံးပြီး ရန်ကုန်သို့ခေါ်ဆောင်လာရာ ယင်း
အမျိုးသမီး လေးဦးထဲမှ မတင်တင်အေးဆိုသည့် အမျိုးသမီး၏ တိုင်းတန်းမှုကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်သူမှာ တာချီလိတ်မြို့ရှိ KTV မန်နေဂျာ ကျော်သက်ထွေး(ခ) အချောင်ဆိုသူဖြစ်ပြီး မတင်တင် အေး အပါအ၀င် အမျိုးသမီးလေးဦးကို တရုတ်နိုင်ငံ၊ ချင်မြို့ရှိ KTV ဆိုင်တစ်ခု၌ တစ်လလျှင် စရိတ်ငြိမ်း တရုတ်ယွမ်သုံးသောင်းရရှိမည်ဟုဆိုကာ စည်းရုံးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

အထက်ပါ အမျိုးသမီးလေးဦးကို တရုတ်နိုင်ငံ၊ ချင်မြို့သို့ ပို့ဆောင်ရန် ရန်ကုန်သို့ မေ ၂၉ ရက်က ခေါ် ဆောင်လာခဲ့ပြီး လှိုင်မြို့နယ်အတွင်းရှိ The Moon ဟိုတယ်တွင် ခေတ္တတည်းခိုနေစဉ် မတင်တင်အေးက တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပြည်ပအကျိုးဆောင် လုပ်ငန်းလိုင်စင်မရှိပဲ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ဆောင်ရွက်ခဲ့သူ ကျော်သက်ထွေး (ခ)အချောင်ကို အရေးယူပေးပါရန် မတင်တင်အေး၏ တရားလိုပြု တိုင်တန်းချက်ကို လှိုင်နယ်မြေရဲစခန်း က (ပ)၃၁၂/၁၄၊ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ သည်။

Mizzima News

သန်းခေါင်စာရင်းအတွက် ယူအန်အဖွဲ့အစည်းတစ်ခုမှ ပေါက်တောမြို့နယ်ဆရာ ဆရာမများသို့ ထောက်ပံ့သောချက်လက်မှတ် ၃၀၀ ကျော် ငွေထုတ်၍မရ



၂၀၁၄ ခုနှစ်မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၁၀ရက်နေ့ထိ သန်ခေါင်စာရင်း ကောက်ယူ
ရာတွင် နိုင်ငံ တကာ အဖွဲ့အစည်း တစ်ခုမှ ပေါက်တောမြို့နယ် ဆရာ ဆရာမများအား
 ပေးထားခဲ့သော ငွေလွှဲ ချက်လက်မှတ် ၃၀၀ ကျော်အတွက် ဘဏ်မှငွေထုတ်၍ မရဘဲ ဖြစ်နေကြောင်း ပေါက်တောမြို့နယ်မှ ဆရာ ဆရာမများက နိရဉ္စရာ သို့ သတင်းပေးပို့သည်။

အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ပေါက်တောမြို့နယ်ရှိ ဆရာ ဆရာမများသို့ ဖုံးဖြင့် ဆက်သွယ် မေးမြန်းရာ ကံပြင် ကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီးမှ စုစုပေါင်း ချက်လက်မှတ် ၃၃၂ စောင်အား UNPF မှ ပေးထားခဲ့ကြောင်း၊ ယင်းချက်လက်မှတ်အား စစ်တွေရှိ ကမ္ဘောဇဘဏ်မှ သွားထုတ်ရန် ပြောထားခဲ့ကြောင်း၊ ဘဏ်သို့ ငွေထုတ်ရန် သွားရောက်ရာ  ယင်းချက်မှတ်ဖြင့် ငွေထုတ်၍ မရကြောင်း ပြောဆိုသည်ဟု ဆိုသည်။

“ အဲဒီချက်လက်မှတ်တွေနဲ့ ငွေထုတ်လို့ မရဘူးလို့ ပြောပါတယ်။ အဲဒီချက်လက်မှတ်တွေက ကျနော့် လက်ထဲမှာ အခုအချိန်ထိ ရှိနေပါသေးတယ်။ ချက်လက်မှတ် တစ်စောင်ကို ကျပ် တစ်သောင်းခွဲနုန်းနဲ့ ကျပ်ငွေ (၄၉) သိန်းဖိုးကျော် ဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်း UNPF မှ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်သော ပေါက်တောမြို့နယ်မှ ကျောင်းဆရာ ဆရာမများအား ကျပ်ငွေ ၆၀၂၀၀ ကျပ်စီ ပထမ အရစ်အနေဖြင့် ထောက်ပံ့ပေးခဲ့ပြီး ကျန်ငွေများကို ကမ္ဘောဇဘဏ်တွင်သွားရောက်ထုတ်ယူရန် ချက်လက်မှတ် ပေးထားခဲ့သည်ဟု သူက ဆိုသည်။

“ တစ်ဦးကို ကျပ်ငွေ ၆၀၂၀၀ နုန်းနဲ့ ၈၀ ရာနုန်ထောက်ပံ့ပေးထားပြီးပါပြီ။ ကျန်တဲ့ ၂၀ ရာနုန်းအတွက် ဆရာ ဆရာမ ၃၃၂ ဦးအတွက် ချက်လက်မှတ် ၃၃၂ စောင် ပေးထားခဲ့ပါတယ်။ ပေးတဲ့သူက UNPF က ဒေါက်တာ ထွန်းလင်းအောင်က ပေးထားခဲ့တာပါ။ အခု ထုတ်လို့ မရဘူး။  ဘာာဖြစ်လို့လည်းဆိုတာကိုလည်းဘဏ်က သေချာ မရှင်းပြဘူး။ အခုတော့ ကျနော်တို့ ဒုက္ခရောက်နေကြပါပြီ” ဟု ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ကမ္ဘောဇဘဏ်အား ဆက်သွယ်မေးကြည့်ရာ တာဝန်ရှိသူ တစ်ဦးက သူအနေဖြင့် တိတိကျကျ မသိရသေးသဖြင့် အတိအကျ မပြောနိုင်ကြောင်း၊ ဘဏ်အကောင့်တွင် ငွေရှိလျှင် ချက်လက်မှတ် အစစ်ဖြစ်ပါက မည်သူကို မဆို ထုတ်ပေးပါကြောင်း၊ ယခုကဲ့သို့ ငွေထုတ်၍ မရသည်မှာ အချက် (၂) ချက် ဖြစ်နိုင်ကြောင်း၊ တစ်ခုက ဘဏ်အကောင့်တွင် ငွေမရှိ၍ ဖြစ်နိုင်ကြောင်း၊ နောက်တစ်ခုမှာ ချက်လက်မှတ်မှာ အတု ဖြစ်နေလျှင်လည်း  ငွေထုတ်ပေးမည် မဟုတ်ကြောင်း ပြောဆိုသည်။

သို့အတွက် UNPF တာဝန်ရှိသူ မန်နေဂျာ အဆင့်ရှိသူ အမျိုးသမီးသို့ ဆက်သွယ်ရာ သူမက ယခုလို ပြောဆိုသည်။

“ ကျွန်မ ဒီကိစ္စကို ပေါက်တောမြို့နယ်က ဆရာ ဆရာမတွေကို သေချာ ရှင်းပြထားပါပြီ။ ကျွန်မတို့ အဖွဲ့က United Nation Population Fund ပါ။ အခု မေးနေတာက မီဒီယာကဆိုတော့ ကျွန်မမှာ ဒီထက်ပိုပြီး ဖြေကြားခွင့် မရှိပါဘူး။ သိချင်တယ်ဆိုရင် နေပြည်တော်နှင့် ရန်ကုန်မှာ ရှိတဲ့ UNPF ရုံးတွေကို ဆက်သွယ်မေးမြန်းပါ” ဟု ပြောဆိုသည်။

ယခု UNPF ထုတ်ပေးခဲ့သော ချက်လက်မှတ် (၃၃၂) စောင်မှာ အတုလား (သို့မဟုတ်) ဘဏ်တွင် ငွေမရှိဘဲ လိမ်ချခဲ့ခြင်းလား (သို့မဟုတ်) မည်သည့်အတွက်ကြောင့် ငွေထုတ်၍ မရဆိုသည်ကို ပေါက်တောမြို့နယ် ဆရာ ဆရာမများက အထူး သိချင်နေကြောင်း သူတို့က ပြောဆိုသည်။

နိရဉ္စရာသတင်းဌာန


ဂျာနယ်လစ်ကို သတ်ဖြတ်ခဲ့သော ရုရှားအမျိုးသားနှစ်ဦး ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ဇွန်လ ၉ ရက်က မော်စကိုမြို့ တရားရုံးကြားနာမှုအတွင်း ရုရှားဂျာနယ်လစ် အန်နာပိုလစ်ကော့စကာဗာကို သတ်ဖြတ်မှု တရားခံနှစ်ဦး လွန်အလီဂိုင်တူကာယက်ဗ်နှင့် ရက်စတန်မက်မူဒေါ့ဗ် တို့ကို တွေ့ရစဉ် (REUTERS/Sergei Karpukhin)




၂၀၀၆ ခုနှစ်က အမျိုးသမီးဂျာနယ်လစ် အန်နာပိုလစ်ကော့စကာဗာကို သတ်ဖြတ်ခဲ့မှုအတွက် မော်စကိုတရားရုံးတစ်ရုံးက ရုရှားအမျိုးသားနှစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သည်။

၎င်းတို့မှာ ပြီးခဲ့သည့်လအတွင်း ဂျာနယ်လစ်ကို သတ်ဖြတ်ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိခဲ့သူ ငါးဦးတွင် ပါဝင်သူများဖြစ်သည်။

စုံစမ်းထောက်လှမ်း သတင်းရေးသားပြီး ချေချင်းညာစစ်ပွဲကို အပြင်းအထန်ဝေဖန်သူ မစ္စစ်ပိုလစ်ကော့စကာဗာ (၄၈)နှစ်သည် ၎င်းနေထိုင်ရာ တိုက်ခန်းတွဲ ဓာတ်လှေကားထဲတွင် ပစ်သတ်ခံခဲ့ရသည်။

အမျိုးသားသုံးဦးကို လူသတ်မှုတွင် အပြစ်မရှိဟူ၍ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သော်လည်း ၎င်းတို့၏အမှုကို ပြန်လည်ရုံးတင်စစ်ဆေးရန် ရုရှားတရားရုံးချုပ်က အမိန့်ပေးခဲ့သည်။

ရက်စတန်မက်မူဒေါ့ဗ်မှာ သေနတ်မောင်းဖြုတ်သူဖြစ်ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည်။

လူသတ်မှုအထမြောက်ရန် ကြံစည်သူများတွင် ပါဝင်သူတစ်ဦးဖြစ်သော ၎င်း၏ဦးလေး လွန်အလီဂိုင်တူကာယက်ဗ်မှာလည်း ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည်။

သတ်ဖြတ်မှုတွင်ပါဝင်သူ အခြားလူသုံးဦးကို ထောင်ဒဏ် ၁၂ နှစ်မှ အနှစ် ၂၀ ကြား ချမှတ်ခဲ့သည်။

—Ref: BBC
7day daily

သိသူနဲ့ မသိသူ - ဟာသ



စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားတစ်ခုတွင်
သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်သည် လာရောက် မိန့်ခွန်းပြောကြားပေးသည်။

“ခင်ဗျားတို့ မျိုးဆက်သစ် လူငယ်တွေဟာ စာများများဖတ်ဖို့လိုပါတယ်။စာဖတ်များမှ အသိကြွယ်မယ်။
အသိကြွယ်မှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ကို ဥပမာအနေနဲ့ တစ်ခုမေးချင်ပါတယ်။
ထရူးမင်းကို သိကြပါသလား”
“မသိပါဘူး”

“ကောင်းပြီ။ နောက်တစ်ခုလောက် မေးချင်ပါသေးတယ်။ ဆူဇူကီးကို သိပါသလား”
“မော်တော်ဆိုင်ကယ်ပါ”
“အဲဒါ ခက်တာပေါ့။ ဆူဇူကီးကို မော်တော်ဆိုင်ကယ်လောက်သိရုံနဲ့နောင်တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင် လုပ်လို့မရဘူး။
ဒါကြောင့်အနာဂတ်ခေါင်းဆောင်ကောင်းတွေပေါ်ထွန်းစေဖို့အတွက် စာများများဖတ်ပါလို့
တိုက်တွန်းလိုက်ပါရစေ” ထိုစဉ် လူတစ်ယောက်က ထမေးလိုက်သည်။

“အမတ်မင်း ခင်ဗျာ၊ ဖြူတုတ်(ခေါ်)ဝင်းမြင့်(ခေါ်)ငရစ်ကြီးကို သိပါသလား”
“ဟင့်အင်း၊ သူက ဘယ်သူတုန်း”
“အမတ်မင်း လွှတ်တော်သွားတက်နေချိန်မှာ အမတ်မင်းအိမ်ကို အမြဲလာအိပ်နေသူလေ”

ရဲစတိုင်း


The Myanma Age

၉၁ နှစ်အရွယ် ချစ်သူရှိတဲ့ ၃၁ နှစ်အရွယ် လူငယ်



ပုံမှာ မြင်တွေ့ နေရတာဟာ သားအမိ သုံးယောက် မဟုတ် ပါဘူး။ အလယ်က အမျိုးသားဟာ အသက် ၃၁ နှစ်အရွယ်ရှိ Kyle Jones ဖြစ်ပြီး ပုံ ညာဘက်က အမျိုးသမီးက အသက် ၅၀ အရွယ်ရှိ သူ့အမေ ဖြစ်ပါတယ်။ ပုံ ဘယ်ဘက်မှာ ရှိနေတဲ့ အသက် ၉၁ နှစ် အရွယ် Marjorie McCool ကတော့ ကောင်လေးရဲ့ ချစ်သူ ရည်းစား ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ Pittsburgh မြို့မှာ နေထိုင်ပြီး Kyle ဟာ Marjorie ကို စာအုပ်ဆိုင် တစ်ခုမှာ လုပ်နေတုန်း စတင် တွေ့ရှိတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် တုန်းက ဖြစ်ပြီး အဖွားအရွယ် အမျိုးသမီးကို မြင်မြင်ချင်း စိတ်ဝင်စားလို့ ဖုန်းနံပါတ် တောင်းခဲ့ ပါတယ်။ သားသမိး ၆ ဦး ရှိပြီး အိမ်ထောင်ကွဲတာ ၃၅ နှစ် ကျော် ဖြစ်တဲ့ အဖွားအိုဟာလည်း လူငယ်ရဲ့ Date လုပ်ဖို့ ကမ်းလှမ်းချက် ကို လက်ခံ ခဲ့ ပါတယ်။

အသက်က ၃ ဆ တောင် ကွာနေတာ ဖြစ်တာကြောင့် အဖွားအရွယ်တောင် မကပဲ Great Grandmother အရွယ် ဖြစ်ပါတယ်။ သူတို့ နှစ်ဦး စကြိုက်တုန်း ကတော့ ကောင်လေးက ၂၆ နှစ်၊ အမျိုးသမီးက ၈၆ နှစ် ရှိ ပါတယ်။ ချစ်သူ သက်တမ်း ၅ နှစ် ပြည့်ချိန်မှာတော့ အဖွားက အသက် ၉၁ နှစ် ကျော်သွား ပါပြီ။ သို့ပေမယ့် အချစ်ဓာတ်က ပိုသထက် ပိုလာကြောင်းသာ အမျိုးသားက ဆိုပါတယ်။

သူ့ရဲ့ အဖေ ဖြစ်သူကိုယ်တိုင်လည်း သားရဲ့ ရွေးချယ်မှုကို မငြင်းဆိုပဲ လက်ခံ ပါတယ်။ Dating ပေါင်း များစွာ ပြုလုပ်ပြီး နောက်ဆုံးမှ Marjorie နဲ့ အဆင်ပြေ သွားခြင်း ဖြစ်ပါတယ်။ 'လူတစ်ကိုယ် အကြိုက် တစ်မျိုးပေါ့။ ကျနော် ကတော့ Old Lady ကို ကြိုက်ပါတယ်။ ပလက်စတစ်ဆာဂျရီတွေ၊ ဆံပင်နီတွေ မကြိုက်ပါဘူး။ သဘာဝ အသားအရည်၊ သဘာဝ အတိုင်း ဖြူနေတဲ့ ဆံပင် တို့ကို ကြိုက်ပါတယ်။ သူမဟာ ကျနော့အတွက် အကောင်းဆုံး ရွေးချယ်မှုပါ' လို့တောင် အင်တာဗျူး မှာ ဖြေသွား ပါသေးတယ်။

အမျိုးသမီးက ချမ်းသာလို့ ပိုင်းလုံး လုပ်တာလည်း မဟုတ် ပါဘူး။ သာမန် အဖွားကြီး တစ်ဦးမျှသာ ဖြစ်ပြီး ယခုတော့ မင်္ဂလာဆောင် လက်ထက်ဖို့ ပြင်ဆင် နေကြပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

ချစ်သူတွေ တစ်ဦးကိုတစ်ဦး တယုတယပွေ့ဖက်ထားခြင်းက ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

 
ချစ်သူနှစ်ဦး တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ရှိနေတဲ့အချိန်ဟာ သူတို့နှစ်ယောက်အတွက်တော့ တကယ့်ကို ပျော်ရွှင်ကြည်နူးစေနိုင်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ ကိုယ့်ချစ်သူကို ပွေ့ဖက်ရင်း လှဲလျောင်းရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကလည်း သာယာချမ်းမြေ့မှုကို ဆောင်ကြည်းပေးနိုင်သလို ဒီလို ပြုလုပ်ခြင်းအတွက် အကျိုးကျေးဇူးတွေ များစွာရရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့

၁။သံယောဇဉ်ပိုကာတိုးစေပါတယ်။

ချစ်သူနဲ့ နီးနီးကပ်ကပ် လဲလျောင်းခြင်းဟာ သူတို့နှစ်ဦးရဲ့ သံယောဇဉ်ကြိုးကို ပိုတင်းကျပ်စေပါတယ်။ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်အိပ်စက်ခြင်းတွေထဲမှာမှ နှစ်ဦးသား နီးနီးကပ်ကပ် နွေးနွေးထွေးထွေး လဲလျောင်းအိပ်စက်တတ်တဲ့ စုံတွဲတွေဟာ မြဲလေ့ရှိတယ်လို့ စစ်တမ်းကောက်ချက်များအရ သိရပါတယ်။

၂။ပျော်ရွှင်မှုကို ခံစားရစေပါတယ်။

တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားမယ်ဆိုရင် နှစ်ဦးမှာရှိတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကြောင့် စိတ်ခံစားမှုဟာ ပေါ့ပါးပျော်ရွှင်စေနိုင်ပါတယ်။

၃။စိတ်ဖိစီးမှုတွေ လျော့ကျသွားစေပါတယ်။

နှစ်ဦးစလုံး တစ်ယောက်အသား တစ်ယောက်ထိတွေ့တဲ့အခါ  ဦးနှောက်ကနေ ဂလင်းတစ်ချို့ကို မလိုအပ်တဲ့ ဟိုမုန်းတစ်ချို့ကို ရပ်တန့်ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ စိတ်ဖိစီးမှုကို လျော့ကျသွားစေခြင်းပါပဲ။

၎။သင်အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်ကိုဖက်ပြီး အိပ်ပျော်သွားတဲ့သူအများစုဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်ကြပါတယ်။ ဒါဟာ ကိုယ့်စိတ်ထဲ ရှိထားတဲ့ အပူအပင်လျော့နည်းသွားတာကြောင့်လို့ သိရပါတယ်။

၅။ကိုယ်ခံအား ကောင်းစေပါတယ်။

ပွေ့ဖက်အိပ်စက်ခြင်းဟာ စိတ်ကိုပေါ့ပါးပြီး အပန်းပြေသွားစေတဲ့ စနစ်ဖြစ်တဲ့ parasympathetic ဆိုတာကို မြှင့်တင်ပေးလိုက်တာကြောင့် သင့်ရဲ့ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးလိုက်ရာ ရောက်ပါတယ်။ လွယ်လွယ်ကူကူ ဖျားနာမှု မရှိနိုင်တော့ပါဘူး။

Ref:womenshealthmag.com
Trend Myanmar

တာ့က်မန်နစ္စတန်နိုင်ငံက “ ငရဲတံခါးပေါက်”



 
တာ့က်မန်နစ္စတန် (Turkmenistan) နိုင်ငံ၊ ကာရာကန် သဲကန္တာရအလယ်မှာရှိတဲ့ ဒါဝီဇီ ရွာအနီးမှာရှိတဲ့ ငရဲတံခါးပေါက်ပါ။ အချိန်ပြည့်လောင်ကျွမ်းနေတဲ့မီးတွေ၊ ချော်ရည်တွေနဲ့ လိမ္မော်ရောင်မီးလျံတွေကြောင့် “ ငရဲတံခါးပေါက်” ဆိုပြီး ကမ္ဘာမှာ နာမည်ကြီးပါတယ်။ အချင်း ၇၀  မီတာ ( ၂၃၀ ပေ) ၊ အနက် ၂၅ မီတာ ကျော်ရှိတဲ့ တွင်းပေါက်ကြီးထဲမှာ ဒီမီးတွေ တောက်လောက်နေခဲ့တာ ဆယ်စုနှစ်လေးခုရှိခဲ့ပါပြီ။

၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်သိပ္ပံပညာရှင်တွေရဲ့ ရေနံရှာဖွေရေးပရောဂျက်ကနေ ဒီ ငရဲတံခါးပေါက် ပေါ်ပေါက်လာခဲ့တာပါ။ ဆိုဗီယက်သိပ္ပံပညာရှင်တွေဟာ ကာရာကန် သဲကန္တာရအလယ်မှာ ရေနံ ရှာဖွေရင်းနဲ့  သဘာဝဓာတ်ငွေ့ တွေကို တွေ့ ရှိခဲ့ပါတယ်။ သူတို့ ဟာ အနီးနားမှာ စခန်းချပြီး ဒီဒေသက ဓာတ်ငွေ့ တွေကို စတင် ထုတ်ဖော်ပါတော့တယ်။ ဆီုဗီယက်တွေဟာ များပြားလှတဲ့ဓာတ်ငွေ့ အရင်းအမြစ်ကြီးကို ရှာဖွေတွေ့  ရှိခဲ့မှုအပေါ် ကျေနပ်အားရခဲ့ပြီးနောက် ထုတ်ဖော်လို့ ရတဲ့ ဓာတ်ငွေ့ တွေကို စတင်သိုလှောင်ပါတော့တယ်။

မကြာခင်မှာပဲ ဆီုဗီယက်တို့ ရဲ့ ဓာတ်ငွေ့ တူးဖော်ရေးအခြေစိုက်စခန်းနဲ့  တူးဖော်ရေးလုပ်ငန်းကြီးတစ်ခုလုံးရဲ့ အောက်ခြေမြေပြင်ဟာ ဓာတ်ငွေ့ သိုက်ကြီးထဲကို ကျွံကျပြီး တွင်းပေါက်ကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အသက်ဆုံးရှုံးခြင်းမရှိခဲ့ပေမယ့် ဓာတ်ငွေ့ သိုက်က မီသန်းဓာတ်ငွေ့ တွေ လွတ်ထွက်ခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင်အတွက် ပြဿနာကြီးတစ်ခုဖြစ်ခဲ့တဲ့အပြင် အနီးဝန်းကျင်က ရွာသားတွေအတွက် ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီတွင်းပေါက်ကြီးထဲက အဆိပ်ရှိတဲ့ မီသိန်းဓာတ်တွေ့ တွေအန္တရာယ်ကြောင့် သိပ္ပံပညာရှင်တွေဟာ ဒီဓာတ်ငွေ့ တွေကို မီးရှို့ ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပထမတော့ သူတို့ ဟာ အခုလို မီးရှို့ ခြင်းက အကောင်းဆုံးနဲ့ စိတ်အချရဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း  ဓာတ်ငွေ့ သိုက်ထဲက ဓာတ်ငွေ့ တွေ လောင်ကျွမ်းကုန်ဆုံးသွားလိမ့်မယ်လို့ တွေးထင်ခဲ့ပေမယ့် သူတို့ အထင် မှားခဲ့ပါတယ်။

ဒီတွင်းပေါက်ကြီးထဲက ဓာတ်ငွေ့ တွေဟာ လောင်ကျွမ်းနေခဲ့တာ အခုဆိုရင် နှစ်ပေါင်း လေးဆယ်ကျော်ပါပြီ။ တာ့က်မန်နစ္စတန်ကန္တာရကြီးကို အပူချိန်တွေ ထပ်မြင့်စေခဲ့ပြီး ညအချိန်ခါတွေမှာဆို ဒီတွင်းပေါက်ကြီးထဲက မီးလျှံတွေကို မိုင်တော်တော်ဝေးဝေးကနေတောင်  လှမ်းမြင်ရပါတယ်။ တာ့က်မန်နစ္စတန်သမ္မတ Gurbanguly Berdimuhamedow ဟာ ၂၀၁၀ ခုနှစ်က ဒီ ငရဲတံခါးပေါက်ဆီ ရောက်လာခဲ့ပြီးနောက် တွင်းပေါက်ကြီးကို ပိတ်ပစ်သင့်ကြောင်း ဒါမှမဟုတ် ဒီဒေသမှာရှိတဲ့ တခြားဓာတ်ငွေ့ သိုက်တွေအပေါ် ဒီ ငရဲတံခါးပေါက်ကြီးရဲ့ အရှိန်သက်ရောက်မှုကို တိုင်းတာသင့်ကြောင့် အမိန့် ပေးခဲ့ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ ငရဲတံခါးပေါက်ကြီးဆီ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့လာကြပြီး ကမ္ဘာလည့်ခရီးသည်ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

Trend Myanmar

အမျိုးဘာသာ စောင့်ရှောက်တာလား၊ အမုန်းတရား ဖြန့်ဖြူးတာလား

photo credit - 7day daily

စည်သူအောင်မြင့်

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က ရန်ကုန်တိုင်း ဒဂုံအရှေ့မြို့နယ် အနော်ရထာလမ်းက “မကွေးပရိယတ္တိစာသင်တိုက်” မှာ Ooredoo Sim card & Handset (အူရီးဒူးဖုန်းနဲ့ ပတ်သက်သည့် ပစ္စည်းများ) မသုံးစွဲရေး ရှင်းလင်း အသိပညာပေးဟောပြောပွဲတစ်ခု ကျင်းပပါတယ်။ ပွဲမှာ ဟောပြောသူတွေကတော့ မကွေးကျောင်းတိုက်က ဆရာတော် ဦးပါမောက္ခ၊ မဘသအဖွဲ့ရဲ့ မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးအတွက် လိုက်လံဟောပြောနေတဲ့ ဓမ္မစက္ကဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင်တို့ပဲ ဖြစ်ပါတယ်။ သူတို့ ဘာတွေ ဟောပြောခဲ့ကြသလဲ၊ အဲဒီပြောကြားချက်တွေဟာ ဘာအဓိပ္ပာယ်လဲ၊ ပြည်သူနဲ့ တိုင်းပြည်အတွက် ဘယ်လိုရိုက်ခတ်မှု ရှိလာနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဟောပြောပွဲခေါင်းစဉ်မှာ ဆိုထားတဲ့အတိုင်းပါပဲ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခွင့်ရထားပြီး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ စတင်နေတဲ့ ကာတာအခြေစိုက် အောရီဒူးကုမ္ပဏီ ဆန့်ကျင်ရေး ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက ထုတ်တဲ့ ဆင်းကတ်ကို မသုံးစွဲဖို့၊ အခြားပစ္စည်းတွေကို မသုံးစွဲဖို့၊ ကုန်ကုန်ပြောမယ်ဆိုရင် အူရီးဒူးနံပါတ်နဲ့ ကိုယ့်ဆီဝင်လာတဲ့ ဖုန်းကောလ်တွေကိုတောင် မကိုင်ဖို့ ဟောပြောလှုံ့ဆော်တာပဲ ဖြစ်ပါတယ်။ ဒီလို အလားတူကြေညာချက်ထုတ်ခဲ့တာ လားရှိုးအခြေစိုက် ရှမ်းမြောက်မဘသပါ။ နောက်တော့ မန္တလေးဘက်ကလည်း အလားတူလှုံ့ဆော်မှု လုပ်မယ်လို့ ကြေညာပါတယ်။ အခုတော့ ရန်ကုန်က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းမှာ လုပ်တာပါ။

ဘာတွေ ဟောပြောကြသလဲ၊ လေ့လာကြည့်ကြပါဦး။ မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက အူရီးဒူးကုမ္ပဏီဟာ မွတ်စလင်ဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်ဖြစ်တယ်၊ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်ကတည်းက ဘာသာရေး၊ လူမျိုးရေးဝါးမြိုမှု ကြုံခဲ့ရတယ်၊ ဒီတိုင်းပြည်မှာ ဘာသာရေး အဓမ္မသိမ်းသွင်းမှုကြောင့် သေနတ်တစ်ချက်မှမဖောက်ရဘဲ အစ္စလာမ္မစ်နိုင်ငံဖြစ်သွားမယ်လို့ မိန့်ပါတယ်။

“သူတို့စီးပွားရေးကောင်း၊ အင်အားကောင်းလာရင် နိုင်ငံကြီးဟာ အစ္စလာမ္မစ်နိုင်ငံ ဖြစ်သွားမှာ။ အဲဒီ ပုဂ်္ဂိုလ်တွေ ရောင်းတဲ့ အူရီးဒူးဆင်းမ်ကတ်ဝယ်တဲ့ လူတွေဟာ မျိုးချစ်စိတ်မရှိတဲ့ ကိုယ့်လူမျိုးကို ပြန်ဖျက်တဲ့ သူတွေဖြစ်တယ်။ အဲဒီဖုန်းကတ် ၀ယ်ယူမသုံးစွဲဖို့၊ အဲဒီဖုန်းလာရင်လည်း မကိုင်ကြဖို့၊ အဲဒီမှာလည်း လစာယူပြီး အလုပ်သမားဝန်ထမ်းအဖြစ်နဲ့ ၀င်ရောက်ပြီး မလုပ်ဖို့ တိုက်တွန်းပါတယ်” လို့ မိန့်ပါတယ်။ ထပ်ပြီး ရှင်းပြဖို့တောင် မလိုတဲ့ မမှန်မကန်အချက်အလက်တွေနဲ့ အကြောင်းပြထားတဲ့ အမုန်းတရား ဖြန့်ဖြူးမှုပါ။

အလားတူ အမျိုးဘာသာသာသနာ စောင့်ရှောက်ပါမယ်လို့ဆိုတဲ့ မဘသအဖွဲ့ကြီးရဲ့ မျိုးစောင့်ဥပဒေတွေအကြောင်း လိုက်လံဟောပြောနေတဲ့ ရှေ့နေကြီး ဦးအေးပိုင်ကလည်း စစချင်းမှာကိုပဲ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို ထိန်းသိမ်းကာကွယ်တာ မလုပ်ရင် “မင်္ဂလာပါ” ဆိုပြီးတောင် နှုတ်ဆက်နိုင်တော့မှာ မဟုတ်ဘဲ “ဆလမ်မာလေးကွန်း”လို့ နှုတ်ဆက်ရတဲ့ အခြေအနေရောက်သွားလိမ့်မယ်ဆိုပြီး အမုန်းတရားကို ပြောင်ပြောင်ပဲ ပြောပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အရ အခုမိုဘိုင်းဆင်းကတ် ရောင်းချမယ့် Ooredoo ဖုန်းကုမ္ပဏီဟာ သူနဲ့ဘာသာမတူဘူး၊ ဒါကြောင့် သူတို့ရဲ့ပစ္စည်းကို မသုံးသင့်ဘူးလို့ဆိုပါတယ်။ တကယ်တော့ ပွဲမှာ အဲဒီဆရာတော်နဲ့ လူပုဂ်္ဂိုလ်တွေ ပြောခဲ့ဆိုခဲ့တာ ဒီလောက်မကပါဘူး။ အမုန်းတရားကို ပြောင်ပြောင်တင်းတင်းပဲ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကို ပြန်ကောက်ရရင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်၊ စုပေါင်းပိုင်ဆိုင်ကြတဲ့ ပြည်ထောင်စုတစ်ခုဖြစ်ပါတယ်။ ဗမာ အပါအ၀င် တိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာတင်မက ဘာသာအမျိုးမျိုး ကိုးကွယ်ကြပါတယ်။ ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတိုင်းမှာလည်း မြန်မာနိုင်ငံမှာ မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အခုလက်ရှိ မကွေးကျောင်းတိုက်မှာ ဟောပြောခဲ့သူတွေဟာ မြန်မာပြည်ထဲမှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်၊ စုပေါင်းပိုင်ဆိုင်ကြတာကိုရော၊ ဘာသာပေါင်းစုံကို လွတ်လပ်စွာယုံကြည်ကိုးကွယ်နေတဲ့ တည်ရှိမှုကိုပါ ထိပါးစော်ကားရာရောက်စေပါတယ်။ ဒါက တစ်ချက်ပါ။

နောက်တစ်ချက်က မိုဘိုင်းဖုန်းဇာတ်လမ်းပါ။ အရင် စစ်အစိုးရဟာ တိုင်းပြည်ထဲမှာ ပြည်သူတွေကို မိုဘိုင်းဖုန်း မသုံးနိုင်လောက်အောင် နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ခု ကျပ် ၅,၀၀၀ လောက်ပေးပြီး ၀ယ်သုံးလို့ရနိုင်ချိန် မြန်မာနိုင်ငံထဲမှာ ဆင်းမ်ကတ်တစ်ခု ကျပ်ငွေ သိန်း ၄၀၊ ၅၀ အထိ ဈေးပေါက်ခဲ့ဖူးတယ်။ ဒီလိုခက်ခဲအောင် လုပ်၊ ပြည်သူတွေ ဒုက္ခရာက်အောင်လုပ်ပြီးမှ အာဏာပိုင်တွေဟာ အဲဒီအပေါ်ကနေ ကိုယ်ကျိုးရှာကြပါတယ်။ မိုဘိုင်း ဖုန်းဆင်းမ်ကတ်တွေကို နိုင်ငံရေးမှာ လာဘ်ထိုးဖို့ အသုံးပြုကြပါတယ်။ ပြည်သူတွေ အဲလို ဒုက္ခရောက်နေတုန်းက မကွေးကျောင်းတိုက် ဆရာတော်၊ ဓမ္မစက္က ဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင်တို့ ပြည်သူတွေအတွက် ဘာတွေများ တောင်းဆိုခဲ့ဖူးသလဲ မေးစရာဖြစ်လာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတဦးသိန်းစိန်အစိုးရဟာ ပြည်သူတွေအတွက် ဆက်သွယ်ရေးဆိုင်ရာ အဲဒီလောက် အောက်ကျနောက်ကျ ဖြစ်နေမှုကို ဖြေရှင်းမယ့် အစီအစဉ်လုပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဖုန်း မသုံးနိုင်တဲ့ အခြေအနေကနေ ပြည်သူတိုင်း ဖုန်းကိုင်နိုင်အောင်လုပ်ရမယ်၊ အဲဒီကတစ်ဆင့် ပြည်သူတစ်ဦးချင်းစီနဲ့ တိုင်းပြည် စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုပြီး စနစ်တကျ အကောင်အထည်ဖော်ခဲ့ပါတယ်။ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတွေ ၀င်ရောက်ရင်းနှီး မြှုပ်နှံနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။ ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်စလုံးက ဒိတ်ဒိတ်ကြဲ ဆက်သွယ်ရေးကုမ္ပဏီ ၉၀ ကျော် တင်ဒါဝင်ပြိုင်တဲ့ပွဲမှာ နော်ဝေအခြေစိုက် တယ်လီနော်နဲ့ ကာတာအခြေစိုက် အူရီးဒူးတို့ တင်ဒါအောင်ပြီး စာချုပ်ချုပ်လုပ်ငန်း စတင်နေကြတာဖြစ်ပါတယ်။ အခု မဘသအဖွဲ့တချို့၊ သံဃာနဲ့ လူပုဂ်္ဂိုလ်တချို့ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွား တစ်စက်ကလေးမှ လှည့်မကြည့်ဘဲ အမုန်းတရားတွေ ဟောပြောနေကြတာ ဖြစ်ပါတယ်။

ဒီထက်ပိုအရေးကြီးတာ မြန်မာနိုင်ငံထဲ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ပါ။ ပြဿနာ အားလုံးရဲ့ အဓိကလက်သည် တရားခံဟာ အမုန်းတရားဖြစ်ပါတယ်။ အမုန်းတရား ဖြန့်ဖြူးသူတွေ ဖြစ်ပါတယ်။ ကိုယ်ထိ လက်ရောက် ကျူးလွန်ကြသူတွေဟာ ဒုတိယတရားခံတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ နောက်ထပ် မတည်မငြိမ်တွေ ဖြစ်လာရင်၊ ပြည်သူ့အကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွား ထိခိုက်နစ်နာမှုတွေ ဖြစ်လာရင် အမုန်းတရားဖြန့်ဖြူးနေကြသူတွေမှာသာ လုံးဝတာဝန်ရှိမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima Burmese

တရားမ၀င် ကျောက်စိမ်း ကျပ်သိန်း သုံးထောင်ကျော်ဖိုး ဖမ်းဆီးရမိ


မြန်မာ့ကျောက်စိမ်းတန်ချိန် ၂၂ တန် ကျော်ကို တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့
Mobile Team အနေဖြင့် ဖမ်းဆီးရမိခဲ့ပြီးငါးဆယ်ရာခိုင်းနှုန်းကို သတင်းပေးသူနှင့်
ဖမ်းဆီးရေးအဖွဲ့ကို ပေးသွားမည်ဟု စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

“ထိရောက်တဲ့ ဖမ်းဆီးမှုတွေအများ ကြီးလိုအပ်သေးတယ်” ဟု အဆိုပါ ညွှန် ကြားရေးမှူးက ဆက်ပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ ကျောက်စိမ်းသီးသန့် ၂၂ ဒသမ ၁၇ တန်ရှိပြီးခန့်မှန်း တန်ဖိုး ကျပ် ၃၂၉၅ ဒသမ ၅၀၆ ကျပ်တန်ဖိုးရှိသည်ဟု တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ကထုတ်ပြန် ထားသည်။ အဆိုပါ ဖမ်းဆီးရမိသည့် ကျောက်စိမ်းများ၏ သတ်မှတ်ထားသည် ကျပ်ငွေများကို ပြည်ထောင် စု ဘဏ္ဍာရန်ပုံငွေကို ၂၀ ရာခိုင်နှုန်း သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် ဘဏ္ဍာရန်ပုံငွေအတွက် ၃၀ ရာခိုင် နှုန်းပေးဆောင်သွားမည်ဖြစ်သည်။ ကျန် ၅၀ ရာခိုင်နှုန်း အတွက်သတင်းပေးသူက ၁၅ ရာခိုင် နှုန်းရရှိ မှာ ဖြစ်ပြီး လိုက်လံဖမ်းဆီးနိုင်သည့် အဖွဲ့ကို ၃၅ ရာခိုင်နှုန်းကို ဆုကြေးများအဖြစ် ပေးသွားမည်ဖြစ်သည်။

“မိုဘိုင်းတီးမ်အဖွဲ့ကို မကြာခင်ပြန်စတော့မယ်။ ဒီတစ်ခေါက်က ခေတ်မီစက်တွေနဲ့ ဖမ်းဆီးနိုင်ဖို့ တရားဝင် ဘတ်ဂျက်ကျထားပြီးဖြစ်တယ်။ တရားမ၀င် ကုန်သွယ်မှုတွေ တိုးတက်လာဖို့အတွက် ရည်ရွယ်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ဇွန် ၂ ရက် တွင် ပြောသည်။

လက်ရှိအချိန်တွင် သတင်းပေးသူနှင့် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့များကို ဆုကြေးအဖြစ် ငါးဆယ်ရာခိုင်နှုန်း ပေးဆောင်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဘိန်း၊ စိတ်ကြွဆေး ကဲ့သို့သော မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး ဆုကြေးအဖြစ်ပေးနိုင်ရန် ညှိနှိုင်းလျက်ရှိသည်ဟု ဆိုသည်။


Mizzima News

Flickr သို့ Facebook နှင့်Google အကောင့်များသုံးကာ Log-in ၀င်ရောက်နိုင်တော့မည် မဟုတ်



Yahoo ၏ နာမည်ကျော် ၀န်ဆောင်မှုတစ်ခုဖြစ်သည့် အွန်လိုင်းဓာတ်ပုံဝန်ဆောင်မှု Flickr သို့ log-in ၀င်ရောက် အသုံးပြု သည့်နေရာတွင် အသုံးပြုသူများက ၎င်းတို့၏ Google နှင့် Facebook အကောင့်တို့ ကို ဇွန်လကုန်မှ စတင်ပြီး အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။

Yahoo မှ Flickr ၏ ကျော်ကြားမှုအား တိုးပွားလာစေရန် အဆင့်ဆင့်ကြိုးစားလျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် လည်း အသုံးပြုသူများအတွက် Flickr ၌1TB storageအခမဲ့ ပေးခဲ့သည်။ ယခုအချိန်တွင်လည်း Flickr သို့ ၀င်ရောက်အသုံးပြုနိုင်ရန်အတွက် အသုံးပြုသူများအနေဖြင့် Yahoo အကောင့် ရှိရန်လိုအပ်ကြောင်း ကြေ ညာခဲ့သည်။

“အခုလကစပြီး ကျွန်တော်တို့ဘက်က Flickr အသုံးပြုသူတွေအနေနဲ့ Yahoo အကောင့်ကို အသုံးပြုပြီး Flickr ကို log-in ၀င်ရောက်ဖို့ လုပ်ဆောင်သွားတော့မှာပါ”ဟု Flickr အကြီးအကဲ Markus Spiering က ဇွန်လ ၆ ရက်တွင် ပြုလုပ်သည့် ကုမ္ပဏီဖိုရမ်တွင် ပြောကြားခဲ့သည်။

ကုမ္ပဏီက Facebook နှင့် Google တို့ဖြင့် Flickr သို့ log-in ၀င်ရောက်ခြင်းအား ရပ်နားတော့မည့် ရက် အတိအကျကို မထုတ်ပြန်သေးသော်လည်း The Next Web နည်းပညာသတင်းဝက်ဘ်ဆိုက်ကမူ ဇွန်လ ၃၀ ရက်ဟု ခန့်မှန်းပြောဆိုထားသည်။

Flickr သို့Y log-in ၀င်ရောက်ခြင်းဆိုင်ရာ မူဝါဒပြောင်းလဲခြင်းကို Yahoo က မတ်လမှစတင်ကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်အချိန်ကကုမ္ပဏီ၏ ဘတ်စကက်ဘော အားကစားဝန်ဆောင်မှု ၀က်ဘ်ဆိုက်သို့ ၀င်ရောက်ခြင်းကို ပိတ်ပင်ခဲ့ခြင်းဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

Yahoo မှ ယခုအချိန်တွင် Flickr သို့ Facebook နှင့် Googleအကောင့်များအသုံးပြုကာ log-in ၀င်မည့် သူများအတွက် အထူးစာမျက်နှာတစ်ခု ဖန်တီးထားပေးပြီး ထိုထဲတွင် ယင်းအကောင့်များအသုံးပြုကာ တစ်ကြိမ်သာ log-in ပြုလုပ်သွားနိုင်တော့ မည်ဖြစ်သည်။

ယခုလိုပြုလုပ်ခြင်းမှာ အသုံးပြုသူများ၏password ပြန်လည်ရှာဖွေရာတွင် လွယ်ကူမှုရှိစေခြင်း၊ မြန်ဆန် သော အသုံးပြုသူ အထောက်အပံ့ရရှိစေခြင်းတို့ကို ပိုမိုလုပ်ဆောင်ပေးလိုခြင်းတို့ကြောင့်ဖြစ်ကြောင်းYahoo က ကြေညာခဲ့သည်။

Mizzima Burmese

YMBA အသင်းကြီးတွင် လူတစ်စုမှ ကိုယ်ကျိုး အတွက် မသမာမှုများ ပြုလုပ်နေဟုဆို



ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (YMBA) တွင် ဥက္ကဋ္ဌ အပါအ၀င် လူတစ်စုမှာ ကိုယ်ကြိုး အတွက် မသမာမှုများ ပြုလုပ် နေကြောင်း YMBA အသင်း ၏ ဗဟိုအမှုဆောင် များမှ ယမန်နေ့က သတင်းစာ ရှင်လင်းပွဲ ပြုလုပ်ကာ ပြောကြား လိုက်သည်။
YMBA အသင်း ဥက္ကဋ္ဌ ဦးကျော်သိန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးစိန်သန်း နှင့် အတွင်းရေးမှူး အပါအ၀င် လူတစ်စု တို့မှ အသင်းပိုင် ငွေကြေးများအား အမျိုး မျိုးထုတ်ယူ သုံးစွဲပြီး၊ ပြန်လည် တင်ပြသော စာရင်းမရှိကြောင်း၊ စည်းရုံးရေးဆင်းမည် ဟုဆိုကာ ၎င်းတို့၏ မိသားစုများနှင့် အတူ အသင်းပိုင်ကား အသင်း ပိုင်ငွေများအား သုံးစွဲကာ ဘုရားဖူးထွက်ခြင်း၊ ဗုဒ္ဓ၀င် စာမေးပွဲများ တွင်လည်း ဆရာတော်ကြီးများမှ ပေးထားသည့် အမှတ် စာရင်း များအား ပြန်လည် ပြုပြင်ကာ လာဘ်ပေးလာဘ်ယူ ပြုလုပ် နေကြောင်း YMBA အသင်း၏ ဗဟို အမှုဆောင် ဦးမြတ်စိုး (လှိုင်) က ပြောသည်။

ဒီကိစ္စတွေကို အမှုဆောင် အစည်းအဝေးတွေမှာ အကြိမ်ကြိမ် ဆွေးနွေးတယ်။သူတို့ မလိုက်နာဘူး၊ အုပ်စုလိုက် လုပ်ချင်တိုင်းလုပ်တယ်။ နောက်တော့ ကျွန်တော်တို့ကို ထုတ်ပစ်မယ် ပြောတယ် ဟု ၎င်း ကပြောသည်။ ထိုသို့ မသမာမှုများ ပြုလုပ်နေခြင်းအား စာရင်းဇယား၊ အချက်အလက် အပြည်အစုံဖြင့် ယခုလ (၆) ရက်နေ့က နိုင်ငံတော် သမ္မတ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံး၊ သက်ဆိုင်ရာ ၀န်ကြီးဌာန စာရင်း စစ်ချုပ်ရုံးများ အသီး သီးသို့ တင်ပြ တိုင်ကြား ထားကြောင်း သိရသည်။

ဒီလောက် သမိုင်းအစဉ် အလာကောင်းတဲ့ အဖွဲ့ကြီးမှာ လုပ်ချင်တိုင်း လုပ်နေကြတယ်။ ကိုယ်ကျိုး အတွက် အသုံးပြုနေတဲ့ မသမာမှုတွေ လက်ထဲမှာ ဒီအသင်းကြီးကို မထားခဲ့ချင်လို့ အခုလို လုပ်နေရတာ။ အမျိုးသားရေး အသင်းကြီးကို ဆွမ်းလောင်း အသင်းလို မဖြစ်ချင်ဘူး။ ပြည်သူက ယုံကြည် အားကိုးတဲ့ အသင်းကြီး ဖြစ်ချင်တယ် ဟု YMBA အသင်း ဥက္ကဋ္ဌ (၂) ဦးသန်းလွင်က ပြောသည်။

YMBA အသင်းတွင် ထိုသို့ မသာမာမှုများ ပြုလုပ်နေသည်ကို အသင်းသား တစ်ဦးမှ ဖေ့စ်ဘုတ်ပေါ်တွင် တင်ခဲ့ရာ အသင်း၏ နာမည်ဆိုးများ ပျံ့နှံ့ ခဲ့ပြီး၊ နှစ်စဉ် အလှူရှင်များ မှာလည်း လျော့နည်း လာကြောင်း သိရသည်။ ဒီအသင်းကို အရမ်း လေးစားခဲ့တယ်။ အစဉ်လာ ကောင်းတွေ နာမည်ကြီးလို့ ဂုဏ်ယူခဲ့တာ။ ဒီလို နာမည်ပျက်တော့ စိတ်လည်း ကုန်တယ်။ လှူချင်စိတ်လည်း မရှိတော့ဘူး။ လှူလည်း မလှူတော့ဘူး ဟု နှစ်စဉ် အလှူရှင် ဦးမြင့်က ပြောသည်။

YMBA အသင်းကြီးအား လွတ်လပ်ရေး မရခင် ၁၉၀၆ ခုနှစ်မှ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေးအတွက် လုပ်ဆောင်ရန် စတင် တည်ထောင်ခဲ့ပြီး၊ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရ ပြီးနောက် နိုင်ငံရေးအား မလုပ်ဆောင်တော့ပဲ ဘာသာရေးနှင့် ပညာရေးကိုသာ ဇောက်ချ လုပ်ကိုင်လာ ခဲ့ကြောင်း သိရ သည်။ သူတို့က အသင်းက ထုတ်ပယ်ထား တဲ့ပုဂ်္ဂိုလ်တွေပါ။ မဟုတ်တာတွေ လျှောက်ပြောနေကြတာ။ နှစ်ပေါင်း(၁၀၈) နှစ်ရှိတဲ့ အသင်းကြီးမှာ ဘယ်သူ က ဒါမျိုးလုပ်မှာလဲ ဟု YMBA အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိန်သန်း က ပြောသည်။ လက်ရှိ YMBA အသင်းကြီးတွင် အသင်းသား အဖွဲ့ဝင် (၆၀၀၀) ကျော် နှင့် အမျိုးသမီးအရံ အဖွဲ့ဝင် (၄၀၀၀) ကျော် ရှိကြောင်း သိရသည်။

Messenger News Journal

နိုင်ငံတကာသတင်းတိုများ



ရေလွှမ်း၍ လူ ၇၀ခန့် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် လူ ၇၀ ထက်မနည်း သေဆုံး ခဲ့ရပြီး အိမ်ခြေပေါင်းများစွာကိုလည်း ရေတိုက်စားသွားခဲ့သည့်အတွက် လူဦးရေ ထောင်ပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရ ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်ဟု ဇွန်လ ၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပါကစ္စတန် ဆန္ဒပြမှုရပ်ဆိုင်း

ပြည်ပရောက် ပါကစ္စတန် MQM ပါတီခေါင်းဆောင်အား ငွေကြေးခ၀ါချမှုများအတွက် စွဲချက်တင်ထားခြင်း အား လန်ဒန်ရဲတပ်ဖွဲ့မှ အာမခံ ပေး လိုက်ပြီးနောက် ၎င်းင်းအား ထောက်ခံသူ များသည် ဆန်္ဒပြမှုများကို ရပ်ဆိုင်း လိုက်သည်ဟု ဇွန်လ ၈ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ ပါကစ်္စတန်တွင် ၎င်း လွတ်မြောက်ရေးအတွက် လူပေါင်းများစွာက ဆန္ဒပြတောင်းဆိုနေသည်မှာ လေးရက်ရှိပြီ ဖြစ်သည်။

အမေရိကန်က အရေးပါသော နေရာတွင်ပါဝင်သင့်

အမေရိကန်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော ကိစ္စရပ်များအတွက် ငြိမ်း ချမ်းရေးဖော်ဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပိုမိုပါဝင်သင့်ကြောင်း ဗီယက်နမ်နိုင်ငံမှ တောင်း ဆိုလိုက်သည်ဟု ဇွန်လ ၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ညမထွက်ရအမိန့် ရုပ်သိမ်း

ထိုင်းနိုင်ငံ ဖန်ဂန်ကျွန်းတွင် ရိုးရာ ဓလေ့ကျင်းပရန်အတွက် ညမထွက်ရ အမိန့်အား လျော့ချပေးသွားမည် ဖြစ် ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ဇွန်လ ၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ညမထွက်ရအမိန့်အား ဇွန်လ ၉ ရက်မှ ၁၃ ရက်အထိ ပယ်ဖျက်ပေးမည် ဖြစ်သည်။

မင်းသားကက်သ်ဆူရာ ကွယ်လွန်

ဂျပန်ဘုရင်အာကီဟီတို၏ ညီဝမ်းကွဲဖြစ်သူ မင်းသား ကက်သ်ဆူရာသည် နှစ်ရှည်လများ နာမကျန်း ဖြစ်နေရာမှ နှလုံးရပ်တန့်ကာ သေဆုံး ခဲ့ကြောင်း နန်းတော်က သတင်းထုတ် ပြန်ခဲ့သည်ဟု ဇွန်လ ၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းသည် သေဆုံးချိန်၌ အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး တိုကျိုဆေးရုံ၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။
Mizzima Burmese

ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်လမ်းဘေးထိုးဆင်းကာ ခြံစည်းရိုး အုတ်တံတိုင်း ဝင်တိုက်




သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်တွင် ယာဉ်မောင်း အိပ်ငိုက်ကာ ယာဉ်မဆင်မခြင် မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေးထိုးဆင်းပြီး ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်၊ နံနက် ၅ နာရီအချိန်က ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း သူရ မောင်းနှင် လာသော ယာဉ်အမှတ် ၈ဈ/၉၁၀၄ ဟီးနိုးအမျိုးအစား၊ သန်မြန်သူ ခရီးသည်တင် မှန်လုံယာဉ်သည် နန်းခဲရပ်ကွက်၊ ဇေယျာလမ်းထိပ်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၄၉/၅) နှင့် (၁၄၉/၆) အကြား၊ ကျောင်းကုန်းကွေ့တွင် ယာဉ်မောင်း အိပ်ငိုက်သွားသဖြင့် လမ်း၏ယာဘက်ဘေးသို့ ထိုးဆင်းကာ ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့သည်။

ယင်းသို့ တိုက်မိသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်မှုမရှိဘဲ ယာဉ်မောင်း သူရမှာ ဝဲဘက်နဖူးထိပ် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ဖြင့် သထုံခရိုင်ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိပြီး ယာဉ်မဆင်မခြင် မောင်းနှင်သော အဆိုပါ ယာဉ်မောင်းအား ဒုရဲအုပ် တင်မောင်လတ်မှ တရားလိုပြုလုပ်ကာ သထုံမြို့မ ရဲစခန်းက ယာဉ်(ပ)၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
MOI Webportal Myanmar

SD card ဖိုင်များအား encrypt ပြုလုပ်နိုင်သည့် Android Simplelocker ransomware ကို လုံခြုံရေး ကုမ္ပဏီတစ်ခု ရှာဖွေတွေ့ရှိ




Eset လုံခြုံရေးကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့သည့် Simplelocker ဟုခေါ်သည့် Trojan သည် tablet ကွန်ပျူတာများနှင့် ဟန်းဆက်များတွင် ထည့်သွင်းတပ်ဆင်ထားသည့် SD card များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ဖိုင်များကို encrypt ပြုလုပ်ပြီးနောက် decrypt ပြုလုပ်ရန် ငွေကြေးတောင်းခံကြကြောင်း သိရသည်။



အဆိုပါ ဖြစ်ရပ်သည် ရုရှားနိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး decrypt ပြုလုပ်ရန်အတွက် ယူကရိန်းငွေကြေးဖြင့် တောင်းခံခဲ့ကြောင်း ဆိုသည်။



ကမ်းဘရစ်ခ်ျတက္ကသိုလ်မှ ဒေါက်တာ စတီဗင်မားဒေါ့ကမူ File-encrypting malware သည် ဒုစရိုက်သမားများ အတွက် အကျိုးအမြတ်များရရှိစေမည့် နည်းလမ်းဖြစ်ပြီး Android အပေါ်ပစ်မှတ်ထားတိုက်ခိုက် မှုများမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။



ထို့အပြင် စမတ်ဖုန်း သုံးစွဲသူများသည် operating system က အထောက်အပံ့ပေးထားသည့် application store မှသာ software များကို ထည့်သွင်းသင့်ကြောင်း၊ လုံခြုံရေးအားနည်းချက်နှင့် ပတ်သက်၍ security update များ ထည့်သွင်းကာ ကာကွယ်သင့်ကြောင်း မားဒေါ့က အကြံပြုခဲ့သည်။



Simplelocker ransomware ဖြင့် တိုက်ခိုက်ခံရသူသည် "ကလေး ညစ်ညမ်းဗီဒီယို ကြည့်ရှုခြင်းကြောင့် ဖုန်းမှ အချက်အလက်များကို encrypt လုပ်ထားကြောင်း" ဟု အဓိပ္ပာယ်ရသည့် message တစ်စောင်ရရှိခဲ့ကြောင်း၊ အဆိုပါ message တွင် ၎င်းအနေဖြင့် အချက်အလက်များကို decrypt လုပ်လိုပါက အမေရိကန်ဒေါ်လာ ၂၂ နှင့်ညီမျှသည့် ယူကရိန်းငွေကို ပေးချေရမည်ဟု ဖြစ်ကြောင်း၊ ငွေပေးချေပြီး ၂၄ နာရီအတွင်း အချက်အလက်အားလုံးကို decrypt လုပ်ပေးမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အချက်အလက်အားလုံးကို ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆလိုဗက်ကီးယား အခြေစိုက် Eset က ဖော်ပြခဲ့သည်။



-နောင်နောင်

Ref: BBC
Internet Journal

မုံရွာ - မန္တလေး အဝေးပြေးကာလမ်းမကြီးပေါ်တွင် လူအုပ်စုဖွဲ့ရိုက်နှက်၍ ပစ္စည်းလုယူမှုများဖြစ်ပေါ်



မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးပေါ်တွင် ခရီးသွားလာလျက်ရှိသည့်
ဆိုင်ကယ်များကို လူအုပ်စု ဖွဲ့၍ ရိုက်နှက်ကာပစ္စည်းလုယူသွားသည့် လုယက်မှုဖြစ်စဉ်
တစ်ရပ်အား ဇွန်လ ၇ ရက်နေ့ မနက် ၂နာရီက မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊
ငါးယှန်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်ထံမှ သိရသည်။

ဖြစ်ပွားပုံမှာ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်သို့ ကိုမျိုးထွန်း အပါအ၀င် လူလေးဦး သည် ထိုနေ့ညက ဆိုင်ကယ်နှစ်စီးဖြင့် မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးအတိုင်း စီးနင်းလာစဉ် ၎င်းတို့ နောက်မှ ဆိုင်ကယ်သုံးစီး လူကိုးယောက်အဖွဲ့က တဟုန်ထိုး လိုက်ပါလာခဲ့ပြီး ကိုမျိုးထွန်းတို့၏ ဆိုင် ကယ်နှစ်စီးအား ရပ်တန့်ခိုင်းကာ လူကိုးယောက်မှ တုတ်များဖြင့်ရိုက်နှက်၍ ပစ္စည်းများကို လုယူထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။

လူအုပ်စုဖွဲ့၍ တုတ်များဖြင့်ရိုက်နှက်ကာ ပစ္စည်းများ လုယူခြင်းခံလိုက်ရသည့်အတွက် HUAWEI အမျိုး အစား ဆင်းကဒ်ပါ ဖုန်းတစ်လုံး၊ အုတ်နံရံဖောက်စက် တစ်လုံး၊ နှင့် ပိုက်ဆံ( ၈၀၀၀၀)ရှစ်သောင်းကျပ်၊ မြွေ ရေခွံအိတ်တစ်လုံး စုစုပေါင်း ကာလတန်ဘိုး(၂၂၉၀၀၀)နှစ်သိန်း၊ နှစ်သောင်း ကိုးထောင်ကျပ်ဘိုးခန့်အား လုယက်ခံလိုက်ရသည်ဟု လုယက်ခံရသူ ကိုမျိုးထွန်းနှင့်အဖွဲ့က ချောင်းဦးမြို့မရဲစခန်းတွင် သွားရောက်၍ တိုင်ချက်ဖွင့်ထားခဲ့သည်။

အဆိုပါ တိုင်တန်းချက်အား ချောင်းဦးမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၁/ ၂၀၁၄(ပ) ၈၉/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၉၅ အရ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ကန္နားလမ်း၊ နန်ချွန်ကူးတို့ဆိပ်ကမ်းအနီး နေ ဆိုင်ကယ်၊ ကယ်ရီမောင်းသူ ပေါက်စီး(ခ)သီဟ၊ မျောက်ဇီးကွက်(ခ) ရဲမင်းဦး၊ ဒါးမ(ခ)ရဲလင်း ဆိုသူတို့ အပါအ၀င် ကူးတို့ဆိပ်ကမ်း၌ ကုန်ထမ်းလုပ်သားများဖြစ်ကြသော ကိုရင်မောင်၊ ကိုချစ်ဦး၊ ကိုရင်အောင်၊ ကို ရင်ဒက်ချီး(ခ)မိုးစက် ဆိုသူတို့အား လူအုပ်စုဖွဲ့၍ ရိုက်နှက်ကာ ပစ္စည်းများ လုယက်ရယူမှုဖြင့် ချောင်းဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်နှင့်အဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုတိုးကြီး။။။။ ချင်းတွင်း

သီလ၀ါဇုန် ဒေသခံများဖယ်ရှားရေး မြန်မာအစိုးရဘက်က တာဝန်ယူခဲ့ဟု ဂျိုက်ကာပြော

ဂျိုက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်


သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာမှာ ဒေသခံတွေကို ဖယ်ရှားရေးအတွက် မြန်မာနိုင်ငံ အစိုးရဘက်က တာဝန်ယူထားတယ်လို့ ဂျိုက်ကာတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။


ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ သီလ၀ါဒေသခံတွေရဲ့ ကန့်ကွက်လွှာကို ဂျပန်အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှု အေဂျင်စီ(ဂျိုက်ကာ)က ဇွန် ၂ ရက်နေ့ လက်ခံ ရယူခဲ့ပြီး ၅ ရက်အတွင်း အကြောင်းပြန်ခဲ့တာပါ။

ရုံးချုပ်ဖြစ်တဲ့ တိုကျိုဂျိုက်ကာရုံးမှာ စီမံကိန်းဒါရိုက်တာတဦးဖြစ်တဲ့ ရာစုအီတခဟီရိုအပါအ၀င် စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက ဇွန် ၅ ရက်နေ့က လက်ခံ တွေ့ဆုံခဲ့ပြီး အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာမှာ ဒေသခံတွေကို ဖယ်ရှားရေးအတွက် မြန်မာနိုင်ငံဘက်က တာဝန်ယူထားတယ်လို့ ဂျိုက်ကာဘက်က တာဝန်ရှိသူတွေက ဂျပန်နို်င်ငံကို ရောက်ရှိနေတဲ့ သီလ၀ါဒေသ ဖွံ့ဖြိုးရေးကော်မတီဝင် ဦးမြလှိုင်၊ ဒေါ်စံရှားတင်နဲ့ ဦးခိုင်ဝင်းတို့ကို ဂျပန်နိုင်ငံက မပြန်ခင် ခေါ်ယူတွေ့ဆုံပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြားသူဒေသခံတွေ အစစ်အမှန် ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုတွေ ၁ လအတွင်း စတင် ဆောင်ရွတ်တော့မှာ ဖြစ်ပြီး ထိုမှတဆင့် စီမံကိန်းဒေသမှာ ဂျိုက်ကာက ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

အခုလို တိုင်ကြားမှုကို လက်ခံပြီး စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ရင် ဂျိုက်ကာရဲ့ ၂၀၀၈ ခု ပုံစံအသစ် ဖွဲ့စည်းပြီးနောက်ပိုင်းမှာ  ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဂျိုက်ကာရဲ့ စံချိန်စံညွှန်းတွေနဲ့ ညီ၊ မညီ စုံစမ်းစစ်ဆေးမှုက ဂျိုက်ကာရဲ့သမိုင်းမှာ ပထမဦးဆုံးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်တဲ့ မစ်ဆူဘီရှီ၊ မာရူဘီနိနဲ့ ဆူမီတိုမို ကော်ပိုရေးရှင်း ၃ ခုက သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး အတွက် ယာယီပူးပေါင်း ဖွဲ့စည်းထားပြီး မစ်ဆူဘီရှီက တာဝန်ရှိသူတွေကလည်း ဂျပန်ရောက် သီလ၀ါဒေသခံတွေကို ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။

သီလ၀ါဒေသခံတွေ စီမံကိန်းအကောင်အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာမှုတွေ အားနည်းပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအရ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့သလို ဂျိုက်ကာရဲ့ စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်စေဖို့ ဖြစ်ကြောင်း၊ စီမံကိန်းကို ရပ်တန့်စေလိုတဲ့ စိတ်စေတနာ မရှိကြောင်း မစ်ဆူဘီရှီ အရာရှိတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

ဂျပန်နိုင်ငံက ၀ါရင့်သတင်းစာဆရာကြီးတဦးဖြစ်တဲ့ ဦးရွှေဘ (ခ) တနဘဲစံကတော့ ဂျပန်ပြည်သူတွေရဲ့ အခွန်တွေနဲ့ ပြုလုပ်တဲ့ စီမံကိန်းဖြစ်လို့ မိမိအနေနဲ့ အခုလို ပျက်ကွက်မှုတွေကို စိတ်မကောင်း ဖြစ်မိကြောင်း၊ ဂျပန်ပြည်သူတယောက်အနေနဲ့ သီလ၀ါဒေသခံတွေကို တောင်းပန် ပြောကြားခဲ့ပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဧရိယာဟက်တာ ၂၄၀၀ ခန့် လျာထားတာလည်း ဖြစ်ပါတယ်။

ဂျိုက်ကာအနေနဲ့ ၁၀ ရာခိုင်နှုန်း ယန်း သန်းပေါင်း ၅၀၀ (မြန်မာကျပ်ငွေ ၅ ဘီလီယံ) ရင်နှီးမြှုပ်နှံဖို့ သဘောတူထားပါတယ်။

 DVB

ရှမ်းနှင့် ကချင်စစ်ပြေးဒုက္ခသည်များ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်မည့် အခြေအနေကြုံတွေ့

နမ့်ခမ်းမြို့ ပန်လုံစစ်ဘေးဒုက္ခသည်စခန်းမှ သားအမိနှစ်ဦး (ဓာတ်ပုံ - မောင်တာ)



 မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မ တော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခ သည်များမှာ အချိန် နှစ်လနီးပါး  ရှိလာပြီဖြစ်သော်လည်း နေထိုင် ရေးနှင့် စားသောက်ရေး အဆင် မပြေသေးဘဲ အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည် နယ်မန်စီမြို့နယ်များတွင် ဖြစ်ပွား နေသော တိုက်ပွဲများကြောင့် ထောင်ချီသော ဒေသခံများမှာ စစ်ပြေးဒုက္ခသည်များအဖြစ် နမ့် ခမ်းမြို့နှင့် မန်ဝိန်းကြီးသို့ ထွက် ပြေးတိမ်ရှောင်နေရသည်။ သို့ သော်ယင်းမြို့များတွင် စစ်ပြေးဒုက္ခသည် များပြားနေသည့်အ တွက် ထပ်မံထွက်ပြေးလာသူများ မှာ နှစ်လကြာသည့်အချိန်ထိ နေထိုင်ရေးနှင့် စားသောက်ရေး အဆင်မပြေဘဲ ဖြစ်နေသည်ဟု စစ်ဘေးဒုက္ခသည်များနှင့် ဒုက္ခသည်စခန်းတာဝန်ခံများကပြောသည်။

‘‘ပထမဂျော်(၁)မှာ ထားစ ရာမရှိတော့ နောက်ထပ်ထွက် ပြေးလာသူတွေကို စခန်းသစ် ဖွင့် ထားပေးရတယ်။ အဲဒီမှာ သောက်ရေမရဘူး။ နေစရာလည်းမရှိ ဘူး။ရွက်ဖျင်တဲတွေနဲ့ နေရတယ်။ အစားအသောက်လည်း အဆင်မ ပြေသေးဘူး’’ဟု ဒုက္ခသည် ၄၀၀ ကျော်နေထိုင်ပြီး ဧပြီလဆန်းက စတင်ဖွင့်လှစ်ခဲ့သည့် နမ့်ခမ်းမြို့ ဂျော် (၂) စစ်ဘေးရှောင် ဒုက္ခ သည်စခန်း အခြေအနေကို စခန်းတာဝန်ခံ ဒူဝါနမ်ဆူဇော်ဖောင်က ပြောသည်။

ကချင်နှစ်ခြင်းအသင်းတော် မှ နမ့်ခမ်းမြို့တွင် ဂျော်(၁) နှင့် ဂျော်(၂) ဟူ၍ ဒုက္ခသည်စခန်း နှစ်ခုဖွင့်လှစ်ကာ စစ်ဘေးဒုက္ခ သည် ၉၀၀ ခန့်အား ကူညီပေးနေ သည်။ ဂျော် (၁) စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ ၂၀၁၂ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းပြည်ပ အကူအညီများကြောင့် ဒုက္ခသည်များ၏ နေထိုင်ရေး၊ စားဝတ်နေရေးအတန်အသင့်အဆင်ပြေနေပြီဖြစ်သော်လည်း ဂျော် (၂) စခန်းတွင် နေထိုင်သူများမှာ အကူအညီများစွာ လိုအပ်နေသည်ဟု ၎င်းကပြောသည်။

‘‘ရွက်ဖျင်တဲတွေက အရမ်း ပူတယ်။ နေ့ဘက်ဆိုမနေနိုင်ဘူး။ ကိုယ့်ရွာကိုယ် ပြန်နေချင်တယ်’’ဟု နမ့်ခမ်းမြို့ ပန်လုံစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ အသက် (၃၀) အရွယ် ကချင်အမျိုးသားတစ်ဦး ကပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည် များ စားသောက်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) မှ ဆန်၊ ဆီ၊ ဆားနှင့် ပဲများ ထောက်ပံ့ပြီး ပြင်ပအလှူရှင်များ ၏ အကူအညီဖြင့် ဒုက္ခသည် တစ်ဦးလျှင် တစ်နေ့စာအတွက် ဟင်းဖိုးငွေ ကျပ်နှစ်ရာပေးသည် ဟု နမ့်ခမ်းနှင့် မန်ဝိန်းကြီးရှိ စစ် ဘေးဒုက္ခသည်များနှင့် စခန်းတာ ၀န်ခံများကပြောသည်။

‘‘တစ်လ တစ်ခါလောက် အသားဟင်းစားရတယ်။ ကျန်တဲ့ ရက်တွေမှာတော့ အသီးအနှံပဲ စားရတယ်။ စခန်းတွေမှာ နေပြီး အလှူရှင်တွေ ကျွေးတာ၊ မွေး တာမစားချင်တော့ဘူး။ အဲဒီလို စားနေရတာကိုက တာဝန်ကြီးပိ နေသလိုပဲ။ ကိုယ့်ရွာကိုယ်ပြန်နေ

ပြီး တောင်ယာလုပ်စားချင်တယ်’’ဟု မန်ဝိန်းကချင်နှစ်ခြင်းအသင်းတော်ရှိ ဒုက္ခသည်စခန်းမှ ကလေး ငါးဦး မိခင်က ပြောသည်။

အစားအသောက်နှင့် နေရာ အဆင်မပြေသည့်အတွက် ဒုက္ခ သည်စခန်းရှိ ကလေး၊ လူကြီး စစ် ဘေးဒုက္ခသည်များမှာ နုံးခွေနေပြီး အာဟာရချို့တဲ့ကာ ကျန်းမာရေးပြဿနာဖြစ်မည်ကို စိုးရိမ် နေရသည်ဟု ပန်လုံစစ်ဘေးရှောင်စခန်းမှ တွဲဖက်စခန်းတာဝန်ခံ ဆရာဇော်ခွန်ကပြောသည်။

မောင်တာ
7day daily

မြောက်ကိုရီးယား နဲ့ မပတ်သက်ကြောင်း မြန်မာ ထပ်မံ ငြင်းဆို


မြောက်ကိုရီးယားနဲ့ မြန်မာကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိကြောင်း မြန်မာအစိုးရ က ထပ်မံငြင်းဆိုကြောင်း၊မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနကို ကိုးကားပြီး Korea Times သတင်း က ဖေါ်ပြပါ တယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယန်ဗြောင်ဆီ နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ကြာသပတေးနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြရာ မှာ မြန်မာအနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်အစီအစဉ်အပေါ် ကုလသမဂ္ဂ ရဲ့ ပိတ်ဆို့ အရေးယူတာကို ထောက်ခံကြောင်း၊ ကိုရီးယား ကျွန်း ဆွယ်မှာ နျူကလီးယားကင်းစင်ရေးကို ထောက် ခံကြောင်း၊ နျူကလီးယားပြန့်ပွားမှု ဆန့်ကျင်တဲ့နေ ရာမှာလည်း ခိုင်ခိုင် မာမာရပ်တည်နေကြောင်း ဦးဝဏ္ဏမောင်လွင်  က ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံ တကာအသိုင်းအ၀န်းအနေနဲ့ မြန်မာက မြောက် ကိုရီးယား အပေါ်ဘယ်လို တုံ့ပန်ဆောင်ရွက်တယ်ဆို တာ အနီးကပ်စောင့်ကြည့်နေကြောင်း၊ တောင်ကိုရီးယားအနေ နဲ့ မြန်မာနိုင်ငံ ပြင်ပကမ္ဘာနဲ့ စီးပွားရေး ပွင့်လင်း လာပြီး၊ တိုးတက်ဖွံ့ဖြိုးလာအောင် အားပေးကူညီသွား မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လာမယ့်ဇူလိုင်လအတွင်း တောင်ကိုရီးယား နဲ့ မဲခေါင်မြစ်အောက်ပိုင်းဒေသ ငါးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး များ ဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

 RFA

ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်



(၁)ယခုအစီအစဉ်မှာပါဝင် ဖြေကြားဖို့ ဖိတ်ခေါ် ထားသူများကတော့ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်တို့ ဖြစ်ပါသည်။
မေးခွန်းများကို ပထမဆုံး ဖြေကြားရမည့်သူကတော့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးက ဒီမိုကရေစီဖော်ဆောင်ရေးမှာ တပ်မတော်က တစ်တပ်တစ်အား ပါဝင်နေသည်ဟု ပြောခဲ့ပြီး အစိုး ရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို တပ်မတော်မှ ထောက်ခံပါသည်ဟု ပြောခဲ့သူ လည်းဖြစ်ပါသည်။ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ဖြေကြားရ မည့်  မေးခွန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁)သုံးနှစ်ကြာ ဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲမှာ တပ်မတော်ဘက် က အကျအဆုံးအရေအတွက်ကို အတိအကျဖော်ပြပါ။

(၂) သုံးနှစ်ကြာဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲမှာ တပ်မတော်ဘက် က ကုန်ကျခဲ့သည့် စစ်စရိတ်ကို အတိအကျဖော်ပြပါ။

(၃) ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အပစ်အခတ်ရပ်စဲရေးညွှန်ကြားမှု များက အောက်ခြေတပ်များအ ထိ ဘာကြောင့် မရောက်သလဲဆို သည်ကို ဖြေကြားပါ။

မေးခွန်းများကို ဒုတိယဖြေ ကြားရမည့်သူကတော့ ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဖြစ်ပါသည်။ သူရဦးရွှေမန်းကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ကြောင်းပြန်လှည့်သူများကို ချေမှုန်းမည်ဟု ကတိပေးခဲ့သူဖြစ်ပြီး သတင်းမီဒီယာများမှာ မကြာခဏ ဖော်ပြခံနေရသူလည်းဖြစ်ပါသည်။ နာယကကြီးဖြေကြားရမည့် မေးခွန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သုံးနှစ်ကြာဖြစ်ပွားနေသည့် ကချင်စစ်ပွဲနှင့်ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော်မှာ လာ ရောက်ရှင်းပြဖို့ ဖိတ်ခေါ်မည့်နေ့ ရက်နှင့် အချိန်ကို ဖြေကြားပါ။

(၂) ကချင်စစ်ပွဲမှာ တပ်မတော် ဘက်က ကျဆုံးခဲ့သည့် အရေ အတွက်နှင့် စစ်စရိတ်ကို အများ ပြည်သူသိရှိနိုင်အောင် စုံစမ်းရေး ကော်မရှင်ဖွဲ့မည့်အချိန်ကို ဖြေ ကြားပါ။

(၃) ပြည်သူကို ကိုယ်စားပြုသည် ဆိုသည့် လွှတ်တော်ကိုယ်စား လှယ်များက ကချင်စစ်ပွဲနှင့်ပတ် သက်ပြီး ဘာကြောင့်လုံလောက် သည့်မေးခွန်းများ မထုတ်ခဲ့ကြ သလဲဆိုသည်ကို ဖြေကြားပါ။

တတိယနှင့် နောက်ဆုံးဖြေ ကြားရမည့်သူကတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဖြစ်ပါသည်။ သမ္မတကြီးကတော့ ‘‘သန့်ရှင်းသောစီမံအုပ်ချုပ်မှု’’နှင့် ‘‘ပွင့်လင်းမြင်သာမှုရှိရေး’’တို့ကို ထုတ်ဖော်ပြောကြားလေ့ရှိသူဖြစ်ပါသည်။ သမ္မတကြီးဖြေကြားရမည့် မေးခွန်းများက အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ထိုးစစ်များရပ်တန့်ဖို့ ညွှန် ကြားချက်များရှိနေသည့်ကြားက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများ ဘာကြောင့် ဆက်ဖြစ်နေသည်ကို ဖြေကြားပါ။

(၂) ကချင်မှာဖြစ်ပွားနေသည့် စစ်စရိတ်က နိုင်ငံသားတစ်ဦးချင်း စီအတွက် မည်မျှကုန်ကျနေသည် ကို တွက်ချက်ပြပါ။

(၃) သုံးနှစ်ကြာ ကချင်စစ်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အ သေးစိတ်ရှင်းလင်းတင်ပြသည့် မိန့်ခွန်းကို ပြောကြားမည့်နေ့ရက် နှင့် အချိန်ကိုဖြေပါ။

နောက်တစ်ကြိမ် အခွင့်ရလျှင် ‘‘ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်’’ အစီအစဉ်မှာ ကေအိုင်အို၊ ကေအိုင်အေခေါင်းဆောင်များကိုလည်းအလားတူဖိတ်ခေါ်မေးခွန်း ထုတ်ရမှာဖြစ်ပါသည်။

(၂)

စာဖတ်သူ ယခုဆောင်းပါး ကို ဖတ်နေချိန်တွင် ကချင်စစ်ပွဲ သုံးနှစ်ပြည့်ပြီဖြစ်ပါသည်။

တိတိကျကျပြောရလျှင် ယခုဇွန်လ ၉ ရက်မှာ ရက်ပေါင်း ၁,၀၉၅ ရက်ရှိခဲ့ပါပြီ။ သုံးနှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၂,၅၀၀ ခန့်ဖြစ်ပွားခဲ့သည်ဟု အချို့ခန့်မှန်းကြသည်။ ထိုခန့်မှန်းချက်မှန်ကန်လျှင် တစ်ရက်ကို ပျမ်းမျှ တိုက်ပွဲ နှစ်ပွဲကျော်ကျော်ဖြစ်ပွားနေသည်ဟု ဆိုရမည်။ သုံးနှစ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းနီးနီးခန့်လည်း စစ်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းခဲ့ကြသည်။

နိုင်ငံအတွင်းမှာ သုံးနှစ်ကြာ တိုက်ခိုက်နေသည့် စစ်ပွဲနှင့်ပတ် သက်ပြီး တပ်မတော်က ပြည်သူ များကို ရှင်းလင်းထုတ်ပြန်ချက် မပြုလုပ်ခဲ့ပါ။ တပ်မတော်သား များ၏ အမိအဖများဖြစ်သည့် ပြည်သူများကို တပ်သားမည်မျှ ကျဆုံးခဲ့ပြီဆိုတာကို မထုတ်ပြန်ခဲ့ပါ။ ပြည်သူများ၏ ‘‘သိပိုင်ခွင့်’’ကို လေးစားမှုလုံးဝမရှိခဲ့ပါ။ သတင်းမီဒီယာများကို သတင်း အချက်အလက်မပေးခဲ့ပါ။

လွှတ်တော်ကိုယ်စားလှယ် များကလည်း ပြည်သူများကို ကိုယ်စားပြုပြီး မေးခွန်းထုတ်ကြဖို့ တာဝန်ပျက်ကွက်ခဲ့ကြပါသည်။ ပြည်သူတို့၏ သိရှိပိုင်ခွင့်နှင့် စစ်ဆေးပိုင်ခွင့်ကို လေးစားမှု မရှိခဲ့ကြပါ။

နှစ်ဖက်စလုံး၏ အကျအဆုံး သည် နိုင်ငံတစ်ခုလုံး၏ အကျအဆုံးဖြစ်ပါသည်။ အလားတူ နှစ်ဖက်စလုံး၏ ကုန်ကျစရိတ် သည်လည်း နိုင်ငံတစ်ခုလုံး၏ ကုန်ကျစရိတ်ဖြစ်ပါသည်။ ကျဆုံး သွားကြသူများနှင့် စစ်ကုန်ကျစရိတ်များအပြင် အခြားကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုရှိပါသည်။ တိုင်းရင်းသားအချင်းချင်းကြားမှာ ပေါ်ပေါက်လာသည့် ‘‘အမုန်းတရား’’ဖြစ်သည်။ ငွေကြေး၊ အချိန်ကာလတို့နှင့် ပြန်လည်ဝယ်ယူ၍မရနိုင်သည့် ဆုံးရှုံးမှုဖြစ်သည်။

နိုင်ငံရေးအပြောင်းအလဲ၏ အကျိုးဆက်များကို ရန်ကုန်နှင့် နေပြည်တော်မြို့ကြီးများမှာ ကွန် ဖရင့်ကြီးများ၊ အခမ်းအနား အကြီးအကျယ်များဖြင့် ကျင်းပ နေကြချိန်မှာ နေအိမ်များကိုစွန့်ခွာပြီး စစ်တိမ်းရှောင်နေကြရသည့် ကချင်ပြည်သူများကို လွှတ်တော်ကိုယ်စားလှယ်များ မေ့လျော့နေ၍မဖြစ်ပါ။

တာဝန်ရှိသူများက အမှန် တရားကို ရဲရဲဝံ့ဝံ့မျက်နှာချင်းဆိုင် ဖို့ အချိန်ရောက်လာခဲ့ပါပြီ။

ပြင်သစ်တွေးခေါ်ပညာရှင် ဗော်လ်တိုင်းယားက အခုလိုပြော ခဲ့သည်။

‘‘လူမသတ်ဖို့တားမြစ်ထား တယ်။ ဒါကြောင့် လူသတ်သမား တွေ အပြစ်ပေးခံကြရတယ်။ ခရာတွေမှုတ်ပြီး အစုလိုက် အပြုံ လိုက် လူသတ်ကြသူတွေကလွဲရင် ပေါ့’’



ရဲမိုး

7day daily


ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ အင်္ဂလန်က အီတလီကို နိုင်မယ်လို့ ခွေးကလေး Roo ခန့်မှန်း



ဘရာဇီးမှာ ပြုလုပ်ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ FIFA ကမ္ဘာ့ဖလား အဖွင့် ပွဲမှာ အင်္ဂလန်နဲ့ အီတလီ အသင်းတို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ယင်း တွေ့ဆုံမှု အရ အင်္ဂလန်က အီတလီကို အနိုင်ရမှာ ဖြစ်ကြောင်း ခွေး ငယ်လေး Roo က ခန့်မှန်း သွားပါတယ်။


Roo ဆိုတာ ဗြိတိန်နိုင်ငံက Pets at Home ကုမ္ပဏီ ပိုင်တဲ့ ခွေးငယ်လေး တစ်ကောင် ဖြစ်ပါတယ်။ Bulldog အမျိုးအစား ဖြစ်ပြီး ကြိုတင်ခန့်မှန်း တွက်ချက် မှုများမှာ အင်မတန် တော်ကြောင်း ဆိုပါတယ်။ ဘောလုံးပွဲတင် မက အခြားသော ပြိုင်ပွဲ တွက်ချက် ခန့်မှန်းမှုများကို ပြုလုပ်ခဲ့ပြီး Roo ဟာ အများစု အတွက် အဖြေမှန်ကို ရွေးချယ် ပေးနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့် ယမန်နှစ် ကလို ရေဘဝဲနဲ့ မခန့်မှန်းတော့ပဲ ဗေဒင် ဆရာ ခွေးလေး Roo ကို ခန့်မှန်း စေ တာ ဖြစ်ပါတယ်။

ခန့်မှန်းဖို့အတွက် အင်္ဂလန် အသင်း နိုင်ငံ အမှတ်တံဆိပ် နဲ့ တစ်ခွက်၊ အီလတီ အသင်း နိုင်ငံ အမှတ်တံဆိပ်နဲ့ တစ်ခွက်၊ သရေကျမယ့် ခွက် တစ်ခွက် စုစုပေါင်း သုံးခွက်မှာ အစာထည့်ထား စေပါတယ်။ ပြီးတော့ Roo ကို ကြိုက်နှစ်သက် ရာ ရွေးချယ် စားစေပြီး သူကတော့ အင်္ဂလန် ခွက်က အစာကို စားပါတယ်။

ဒါကြောင့်မို့လို့ အဖွင့်ပွဲမှာ အင်္ဂလန်ဟာ အီလတီကို အနိုင်ရမယ်လို့ ယုံကြည်နေ သူ အများအပြား ရှိလာကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေသောအရာများ



ခေါင်းတစ်ခြမ်းထဲကနေ ထိုးထိုးပြီးကိုက်တဲ့ Migraine ကို ခံစားရတဲ့အချိန်မှာ ပုံမှန်လုပ်နေကြ အလုပ်တွေကို တောင် မလုပ်နိုင်လောက်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တချို့လူတွေမှာတော့ ခဏတဖြုတ်သာခံစားရပေမယ့် တချို့က တော့ ၃ ရက်လောက် ကြာတတ်ပါတယ်။ ခေါင်းမကိုက်ခင် မှာ သမ်းဝေခြင်း၊ အစားအသောက်တို့ကို ရှောင်လာခြင်း၊ စိတ်တို၊ စိတ်ဆတ်လာခြင်း၊ အိပ်ငိုက်ခြင်းတို့ကို ကြိုတင်ပြီးခံစားရတတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေဟာ တစ်လကို တစ်ကြိမ်လောက်တော့ ခံစားရတတ်ပြီး ပျို့အန်ခြင်း၊ နုံးခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့ပါ တွဲပြီးပါတတ်ပါတယ်။

ခေါင်းတစ်ခြမ်းတည်းကိုက်ရတာဟာ ဦးနှောက်ရှိသွေးကြောများကြုံသွားခြင်း (Intracranial Vasoconstriction)၊ ဦးနှောက်ပြင်ပရှိ သွေးကြောများကျယ်သွားခြင်း (Extracranial Vasodilation) ကြောင့်လို့ အရင်ကတော့ ဆိုခဲ့ကြပြီး အခုအခါမှာတော့ သွေးကြောတွေရဲ့ အကျဉ်းအကျယ်ကို သက်ရောက်ကြတဲ့ Vasoactive Substances တွေကြောင့် ခေါင်းကိုက်ရတာလို့ သတ်မှတ်လာကြပါတယ်။ Seretonin, Catecholamine, Hisatmine, Prostaglandins, Neuropeptides, Histamin တို့တွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရစေတဲ့ အဓိက တရားခံတွေပါပဲ။ သူတို့တွေ ခန္ဓာကိုယ်ထဲမှာ များပြားလာရတဲ့အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။

(၁) Tyramine ပါဝင်သော အစားအစာများ

ခေါင်းတစ်ခြမ်းကိုက်စေတဲ့အကြောင်းအရာတွေထဲမှာ Tyramine က ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ ပရိုတင်းပါဝင်တဲ့အစားအသောက်တွေဟာ အချိန်ကြာလာရင် ပြိုကွဲသွားပြီး Tyramine တွေ ဖြစ်လာပါတယ်။ တချို့ အစားအသောက်တွေထဲမှာ သဘာဝအတိုင်းတွေ့ရတတ်သလို ပူနွေးတဲ့နေရာမှာအချိန်လွန်အောင်ထားထားတဲ့ အစားအစာ တွေမှာလည်း တွေ့ရတတ်ပါတယ်။ အစားအစာတွေကို သိုလှောင်ထားတဲ့ အချိန်ကြာလာတာနဲ့အမျှ Tyramine ပါဝင်မှုက များလာပါတယ်။

အချဉ်ဖောက်ထားတဲ့အစားအစာ၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲပိစပ်၊ အရက်ပါတဲ့ ဖျော်ရည်တွေမှာဆိုရင် Tyramine ပါဝင်မှုက ပိုပြီးသိသာပါတယ်။ အစားအစာတစ်မျိုးနဲ့တစ်မျိုးမှာလည်း Tyramine ပါဝင်မှုချင်း မတူညီပါဘူး။ ထုတ်လုပ်မှု၊ အချဉ်ဖောက်နှုန်း၊ ထားရှိတဲ့သက်တမ်း၊ ပျက်စီးမှု၊ ဘက်တီးရီးယားများ ပေါက်ဖွားမှုကို မူတည်ပြီး ကွာခြားသွားပါတယ်။ ခေါင်းကိုက်တာကို ပျောက်စေဖို့ ရည်ရွယ်ပြီး MAOIs ဆေးသောက် နေကြရတဲ့ သူတွေကတော့ Tyramine ပါတဲ့ အစားအသောက်တွေအားလုံးကို ရှောင်ဖို့လိုပါတယ်။

(၂) တခြား အစားအစာများ

တချို့လူတွေမှာအေးထားတဲ့အစားအသောက်တွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ပြီးချိန်၊ ကိုယ်ပူမြင့်တက်ပြီးချိန်မျိုးမှာ အေးနေတဲ့ အစားအသောက်တွေကို စားရင် ခေါင်းကိုက်နိုင် ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်သူတွေထဲက ၉ဝ ရာခိုင်နှုန်း လောက်ဟာ ရေခဲမုန့်အပါအဝင် အေးတဲ့အစားအစာတွေကြောင့် ပိုဆိုးသွားတတ်ပါတယ်။ ဒါ့အပြင် မြေပဲ၊ မြေပဲထောပတ်၊ ပီဇာ၊ အာလူးချောင်းကြော်၊ ကြက်အသည်းအမြစ်အပါအဝင် အူကလီစာများ၊ ငါးကျပ်တိုက်၊ ငါးခြောက်၊ ဒိုးနတ်၊ ကိတ်မုန့်တို့ကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်ပါတယ်။

ချောကလက်မှာပါဝင်တဲ့ Phenylethylamine, Theobromine & Caffeine လို ပစ္စည်း ၃ မျိုးဟာ သွေးကြော အကျယ်၊ အကျုံ့ကို ကောင်းစွာသက်ရောက်နိုင်တာကြောင့် ခေါင်းကိုက်စေပါတယ်။ အခွံမာသီးတွေ၊ အရည်ရွှမ်းတဲ့ အသီးတွေ၊ အမှည့်လွန်နေတဲ့ အသီးအနှံများ၊ ခရက်ကာနှင့် အချိုပွဲများ၊ အဆီများတဲ့ အစားအစာတွေ၊ အချဉ်၊ သနပ်တွေကလည်း ခေါင်းတစ်ခြမ်းထဲကနေ ထိုးထိုးပြီးကိုက်အောင် လှုံဆော်ပေးနိုင်ပါတယ်။

(၃) Food Additives

အစားအသောက်တွေကို ကြာရှည်ခံအောင်၊ အရောင်လှအောင်ထည့်ကြတဲ့ဒီလို ပစ္စည်းတွေဟာ ခေါင်းတစ်ခြမ်း ကိုက်တာကို ပိုဆိုးစေပါတယ်။ Aspartame အပါအဝင် တခြား အချိုခဲတွေ၊ အချိုမှုန်တွေဟာလည်း Food Additives တွေပါပဲ။ ဟော့ဒေါ့၊ ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ဝက်သားဆားနယ်ခြောက်၊ စည်သွပ်အစားအစာ၊ ပြုပြင်ပြောင်းလဲ ထားတဲ့ အသားတွေမှာ Food Additives တွေ ပါဝင်မှုများပါတယ်။ ဟော့ဒေါ့မှာ ပါလေ့ရှိတဲ့ Additives ပစ္စည်းတစ်မျိုးဖြစ်တဲ့ Nitrate ကြောင့် သွေးကြောတွေ ကျယ်လာပြီး လူတစ်ချို့မှာတော့ ခေါင်းကိုက်စေပါတယ်။

သူတို့ကြောင့် ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ရင်ဘက်ထဲတွင် ကင်းကျပ်နေခြင်း၊ မျက်နှာတင်းလာခြင်း၊ ရင်ဘက်၊ လည်ပင်းနှင့် ပုခုံးတွင် ပူနေခြင်း၊ မျက်နှာတွင် နီးမြန်းနေခြင်း၊ ခေါင်းတရိပ်ရိပ်မူးခြင်း၊ ဦးခေါင်းရဲ့ အရှေ့၊ ဘေးဘက်မှ ကိုက်ခဲခြင်းတို့ကိုပါ တွဲပြီးခံစားရတတ်ပါတယ်။ တချို့သူတွေမှာတော့ စားစားချင်းမှာပျို့ခြင်း၊ အန်ခြင်း တို့ကို ကြုံတွေ့ရတတ်ပါတယ်။

(၄) သောက်ဖွယ်အမျိုးမျိုး

ချောကလက်ဖျော်ရည်၊ ကဖင်းပါဝင်တဲ့ ကော်ဖီ၊ ကိုလာ၊ လဘက်ရည်၊ ဆိုဒါ၊ အရက်ပါဝင်တဲ့ ဖျော်ရည် အမျိုးမျိုးဟာ သွေးကြောတွေနဲ့သက်ဆိုင်တဲ့ Vasoactive Substances တွေကို လွှမ်းမိုးနိုင်ပါတယ်။ အရက်သောက်ထားတဲ့ အချိန်မှာ ဦးနှောက်ကို သွေးစီးဆင်းတာက ပိုများသွားသလို ခန္ဓာကိုယ်ကချေဖျက်လိုက်ရင် ထွက်လာတဲ့ပစ္စည်းတွေကြောင့် လည်း ခေါင်းကိုက်နိုင်တယ်လို့ တချို့သိပ္ပံပညာရှင်တွေက ဆိုထားပါသေးတယ်။ သူတို့ကို အလွန်အကျွံ သောက်တဲ့အခါ မျိုးတွေ၊ သောက်တာကို ချက်ခြင်းရပ်လိုက်တဲ့အချိန်မျိုးတွေမှာဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာက ပိုဆိုးလာတတ်ပါတယ်။

ဝိုင်နီ၊ ဘီယာ၊ ရှန်ပိန်၊ ဝီစကီတို့ကတော့ အဓိကပါပဲ။ အထူးသဖြင့် ဝိုင်နီဟာ ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုး စေပါတယ်။ ဒီလိုဖြစ်ရတာက သူ့အထဲမှာ ပါဝင်တဲ့ Tyramine histamine ကြောင့်ပါ။ ခေါင်းတစ်ခြမ်းကိုက်တဲ့သူ တော်တော်များများဟာ အရက်သောက်တာကို ရှောင်သင့်ပါတယ်။ တကယ်လို့ မဖြစ်မနေကိစ္စတွေကြောင့် သောက်ဖို့လိုမယ် ဆိုရင် ဝိုင်နီအစား တခြားအမျိုးအစားတို့ကို ရွေးချယ်သောက်ဖို့လိုပါတယ်။

(၅) ဘဝနေထိုင်မှုပုံစံ

ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေတဲ့ တရားခံတွေထဲမှာ စိတ်ဖိစီးမှုများတဲ့ အချက်လည်း ပါပါတယ်။ စိတ်ဖိစီးမှုနဲ့ ကြုံတွေ့နေရချိန်၊ ဒါမှမဟုတ် စိတ်ဖိစီးမှုကြုံပြီးချိန်မျိုးမှာ ခေါင်းကိုက်တတ်ပါတယ်။ အိပ်စက်ချိန်နည်းလွန်းတာ၊ များလွန်းတာတွေကလည်း ခေါင်းတစ်ခြမ်းကိုက်စေတာကြောင့် ပုံမှန်အိပ်စက်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေကတော့ သူတို့ ခန္ဓာကိုယ်မှာ သွေးသကြားဓါတ် ကျဆင်းသွားတာကြောင့်ပါ။ အစာစား ချိန်နောက်ကျခြင်း၊ လုံးဝမစားခြင်း၊ အစာလျော့စားနေခြင်းတို့ကြောင့်လည်း သွေးထဲမှာသကြားဓါတ် ကျဆင်းစေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နေ့ခင်းဘက်မှာ အစာမရှိဘဲ ၅ နာရီလောက်နေမိရင်ပဲဖြစ်ဖြစ်၊ ညဘက်ဆိုရင်လည်း ၁၃ နာရီလောက်နေမိရင် ခေါင်းတစ်ခြမ်းကိုက်တာ ပြန်ဖြစ်တတ်ပါတယ်။ တခါတလေတော့ ကိုယ်လက်လှုပ်ရှားမှုလုံးဝ မရှိတာ ဥပမာ – ကွန်ပျူတာ မျက်နှာပြင်ကို အကြာကြီး ကြည့်နေတာမျိုးကလည်း ဒီပြဿနာတွေကို ပြန်ပေါ်စေပါတယ်။ အေရိုးဗစ်ကစားနည်းဟာ အရမ်းမပြင်းထန်သလို စိတ်ဖိစီးမှုကို အတော်အသင့် လျော့ကျနိုင်တာကြောင့် ခေါင်းတစ်ခြမ်း ကိုက်တတ်သူတွေမှာအနေနဲ့ တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး ကစားသင့်ပါတယ်။

(၆) ဟော်မုန်းအပြောင်းအလဲ

ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကို ခံစားနေရတဲ့အထဲမှာ အမျိုးသမီး ၁၅ ရာခိုင်နှုန်းလောက်လည်းပါဝင်ပါတယ်။ အဲဒီအထဲက ၅ဝ ရာခိုင်နှုန်းကတော့ သူတို့ဆီမှာ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အချိန်မျိုးမှာ ကြုံတတ်ကြပါတယ်။ ရာသီ မလာခင် ၂ ရက်အလို၊ ရာသီလာပြီး ၃ ရက်လောက် ကြာပြီးတဲ့နောက်မှာ ခေါင်းတစ်ခြမ်းထဲကနေ ထိုးပြီးကိုက်တတ် ပါတယ်။ အမျိုးသမီးဟော်မုန်းဖြစ်တဲ့ Progesterone လျော့နည်းနေရင် သွေးဆင်းတာနည်းလာနိုင်ပေမယ့် ခေါင်းတော့ မကိုက်ပါဘူး။ ဒါပေမယ့် Oestrogen ဟော်မုန်းလျော့နည်းရင်တော့ ဦးနှောက်က Chemicals တွေ အလုပ်လုပ် တဲ့နေရာမှာ ပြောင်းလဲမှုရှိလာပါတယ်။

အဲဒီလို Chemicals တွေရဲ့ လုပ်ဆောင်မှု ပြောင်းလဲလာတာနဲ့တစ်ပြိုင်နက် ခေါင်းတစ်ခြမ်းကိုက်အောင် လှုံဆော် ပေးပါတယ်။ နောက်တစ်ခါ သားဥကြွေချိန် (ရာသီ စက်ဝိုင်းရဲ့ အလယ်တည့်တည့်) မှာလည်း ခေါင်းကိုက်တတ်ပါတယ်။ အပျိုဖော်ဝင်ချိန်၊ မီးဖွားချိန်၊ သွေးဆုံးပြီးချိန်တို့မှာလည်း ခေါင်းကိုက်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေးပေါ်တာနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက်တာဟာ အချိန်ကြာတတ်သလို ပိုပြီး ပြင်းထန်တတ်ပါတယ်။

(၇) ပတ်ဝန်းကျင်အနေအထား

ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ ရေမွှေး၊ သင်္ဘောဆေး၊ အိတ်ဇောကထွက်လာတဲ့အငွေ့လို စူးရှတဲ့ အနံ့အသက်တွေကို ရှုရှိုက်မိတဲ့သူတွေဟာလည်း ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။ အလင်းရောင်နဲ့ထိတွေ့မှုကြောင့် ခေါင်းတစ်ခြမ်းကိုက် တတ်သူတွေ အနေနဲ့ စူးရှတဲ့နေအလင်းရောင်၊ တောက်ပတဲ့ နေရောင်ကို ကာကွယ်ဖို့ မျက်မှန်တစ်လက်ဆောင်ထား သင့်ပါတယ်။ ဖုန်မှုန့်ထူထပ်တဲ့နေရာ၊ ရာသီဥတုအပြောင်းအလဲ၊ လေပူတိုက်ခြင်း၊ မြင့်မားတဲ့တောင်၊ လေဖိအားများလွန်းတဲ့ နေရာ ဒါမှမဟုတ် လေထုဖိအားရုတ်တရက်ပြောင်းလဲသွားရင်လည်း ခေါင်းကိုက်တတ်ပါတယ်။

တချို့အစားအသောက်တွေကို အများကြီးစားတာတောင်မှ ခေါင်းမကိုက်နိုင်ပေမယ့် တချို့မှာတော့ နည်းနည်းလေး စားရုံနဲ့ ခေါင်းကိုက်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာဖို့၊ ကြိုတင်ကာကွယ်ဖို့ အတွက်ဆိုရင် အစားအသောက်တွေကို ရှောင်ရုံနဲ့တင် မပြီးသေးပါဘူး။ လူနေမှုပုံစံကိုပါ အလေးထားပြီး စောင့်ကြည့်နေဖို့လိုပါတယ်။ ခေါင်းကိုက်တာနဲ့ ပတ်သတ်တဲ့ အချက်တွေကို မှတ်တမ်းလေး ထားပေးတာကတော့ အကောင်းဆုံးပါပဲ။ ဒိုင်ယာရီလေးထဲမှာ ဘယ်နေ့မှာ ဘာတွေ စားသောက်လိုက်တယ်၊ ဘယ်နေ့မှာ ခေါင်းကိုက်တာလဲ၊ ဘယ်အချိန်တွေမှာ ခေါင်းကိုက်တတ်သလဲ၊ အနံ့၊ အသံတို့ကြောင့်ရော ခေါင်းကိုက်သလား ဆိုတာကို ရေးမှတ်ထားရပါမယ်။ အကြိမ်အရေ အတွက်၊ ခံစားရတဲ့အချိန်၊ ကြာမြင့်ချိန်တို့ကို မှတ်ထားရင် ပိုပြီး အကျိုးရှိပါတယ်။ ဖြစ်စေတဲ့အကြောင်းအရာတွေကို ကြိုသိထားပြီး နောက်တစ်ကြိမ် မကြုံတွေ့ရအောင် ရှောင်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်တာကို ထိန်းချုပ်နိုင်ပါတယ်။



နှင်းနုလွင် (ဆေးဝါး)
Arogym Magazin

စိတ်ကျရောဂါနှင့် ကြုံတွေ့လာလျှင်



စိတ်ကျရောဂါဟာ အံ့သြဖို့ကောင်းလောက်အောင်ကို အဖြစ်များတဲ့ပြဿနာပါပဲ။ အရွယ်ရောက်ပြီးတဲ့သူတွေ ထဲက ငါးယောက်မှာ တစ်ယောက် လောက်ဟာ သူတို့ဘဝသက်တမ်းတစ်လျှောက်မှာ စိတ်ကျရောဂါကို ခံစားဖူးတဲ့သူတွေ ချည်းပါပဲ။ စိတ်ကျရောဂါဖြစ်ပွားမှုဟာ အခုနောက်ပိုင်း နှစ်တွေမှာ ပိုများလာပါတယ်။ တိုးတက်လာတဲ့ အခြေအနေတွေ မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ဖိစီးမှုတွေ ပိုများလာတာနဲ့အမျှ စိတ်ဓါတ်ကျတဲ့ ဝေဒနာက ပိုတိုးလာပါတယ်။ ဒီရောဂါကို အသက်အရွယ်မရွေးကြုံတွေ့ရတတ်ပြီး အမျိုးသားတွေ ထက်စာရင် တော့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေက ၂ ဆပိုများပါတယ်။ ကလေးငယ်တွေ၊ ဆယ်ကျော်သက်အရွယ်တွေမှာလည်း စိတ်ကျရောဂါဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုလည်း ကျွန်မတို့ မေ့ထားလို့မရပါဘူး။

.
အကြောင်းအရာများ

စိတ်ကျရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ အများကြီးပါပဲ။ တစ်စုံတစ်ရာကိုဆုံးရှုံးရချိန်၊ ဝမ်းနည်း ကြေကွဲမှုတွေကို ကြုံတွေ့ရချိန် မျိုးမှာဆိုရင် စိတ်ကျဝေဒနာကို ခံစားရတတ်သလို အကြောင်းအရင်းတိတိကျကျ ရှာလို့ မရပေမယ့် ဦးနှောက်ထဲမှာရှိတဲ့ (Chemicals) တွေ ပြောင်းလဲမှုကြောင့်လည်း (Endogenous Depression) ဖြစ်ပေါ် တတ်ပါတယ်။ အရမ်းဆိုးရွားလာတဲ့အချိန်မှာ စိတ်နေစိတ်ထား မမှန်တော့သလို အဖြစ်အပျက်တစ်ခုကို အမှန်၊ အမှားသေချာခွဲခြားသိနိုင်တော့မှာ မဟုတ်ပါဘူး။ လူတစ်ယောက်မှာ စိတ်ကျရောဂါရှိနေလား ဆိုတာကို ကြိုတင်ပြီး ခြေရာခံမိနိုင်ဖို့၊ အချိန်မှီကုသနိုင်ဖို့ အရေးကြီးပါတယ်။ မကုသဘဲနဲ့ထားလိုက်မိရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှု၊ လူမှုဆက်ဆံရေးပြောင်းလဲမှုများကို ဆက်လက်ပြီး ကြုံတွေ့နိုင်တာကြောင့် သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးဖို့၊ အကြံပြုဆွေးနွေးပေးဖို့လိုအပ်ပါတယ်။

.
သတိထားသင့်သော လက္ခဏာများ

စိတ်ကျရောဂါဟာ ပုံစံအမျိုးမျိုးနဲ့ ရောက်လာနိုင်ပါတယ်။ ဘဝမှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲ အဖြစ်အပျက်တွေနဲ့ ရုတ်တရက်ကြုံတွေ့ရတဲ့ အချိန်မှာ စိတ်ကျရောဂါကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ အကြောင်းပြချက်တိတိကျကျမရှိဘဲနဲ့ တဖြည်းဖြည်းချင်းဝင်ရောက် နေတတ်ပါတယ်။ အဲဒီပုံစံ၂ မျိုးစလုံးမှာ ကြုံတွေရ မယ့် လက္ခဏာတွေကတော့ သိသာထင်ရှားပါတယ်။ ကျွန်မတို့ အနီးပတ်ဝန်းကျင်က မိတ်ဆွေ တွေဟာ ပုံမှန်လုပ်နေကျ အလုပ်တွေကို စိတ်ပါဝင်စားမှုနည်းလာမယ်၊ ဝမ်းနည်းလွယ်မယ်၊ ထက်ထက်မြက်မြက်မရှိတော့ဘူး၊ အသက်ရှင် နေရတာ မထိုက်တန်ဘူးလို့ ထင်မြင်လာမယ်ဆိုရင် စိတ်ကျရောဂါရှိနေလားဆိုတာကို သတိထားပေးဖို့လိုပါလိမ့်မယ်။

.
အာရုံစူးစိုက်မှုလျော့နည်းလာခြင်း၊ ဥာဏ်ရည်လျော့နည်းခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း တို့ကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ အရမ်းဆိုးရွားလာတဲ့အခြေအနေမျိုးမှာဆိုရင် ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မိမိကိုယ့်ကို သေကြောင်းကြံစည်လိုတဲ့ အတွေးအခေါ်တွေပေါ်လာခြင်း၊ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းတို့ကို တွေ့နိုင်ပါတယ်။ သူတို့မှာစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရှိရုံသာမက ညဘက်အိပ်မပျော်ခြင်း၊ နံနက်ဘက် စောစောနိုးနေခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ အမြဲလိုလို နုံးနေခြင်း တို့လိုမျိုး ရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေပါရှိလာပါတယ်။ တချို့ဆိုရင် ရောဂါတစ်စုံတစ်ရာမရှိဘဲနဲ့တောင် ရောဂါစွဲကပ် နေတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။

.
စိတ်ဓါတ်ကျလိုက်၊ ကြွလိုက်ဖြစ်နေတဲ့သူတွေမှာတော့ လူနာတွေဟာ စိတ်ဓါတ်ကျနေပြီး တချိန်တည်းမှာပဲ စိတ်ဓါတ်တက်ကြွလွန်းတဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။ အထူးသဖြင့် စိတ်ကြီးဝင်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ စကားမြန်မြန်ပြောခြင်း၊ အိပ်ချိန်နည်းလာခြင်း၊ စကားပြောဆိုရာမှာ ချိုချိုသာသာမပြောခြင်းတို့ကို ကြုံတွေ့လာနိုင်ပါ တယ်။ ကလေးမီးဖွားပြီးချိန်မှာ စိတ်ဓါတ်ကျတာကိုတော့ အမျိုးသမီး ၁၅ ရာခိုင်နှုန်းမှာတွေ့ရတတ်ပြီး မီးဖွားပြီး ၂ နှစ် လောက်အထိ ကြာတတ်ပါတယ်။ အဲဒီအမျိုးသမီးတွေမှာတော့ သီးခြားနေထိုင်လိုခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ ကလေးငယ်နှင့် ခပ်ခွါခွါနေခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။

.
ပြုစုစောင့်ရှောက်ခြင်း
စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာဟာ တော်တော်တော့ မလွယ်ပါဘူး။ သူတို့ကို ဂရုတစိုက်လုပ်ပေးရင် အချိန်ကြာလာတာနဲ့အမျှ အံ့သြဖို့ကောင်းတဲ့ ရလဒ်ကောင်းတွေကို ရလာနိုင်ပေမယ့် စလုပ်လုပ်ချင်းမှာတော့ အခက်အခဲတွေကို အတော်ကို ကြုံတွေ့ရနိုင်ပါတယ်။ သူတို့ကို ကူညီပေးနေတယ်လို့လည်း အသိအမှတ်မပြုပါဘူး။ ဒါကြောင့် သူတို့ကို ပြုစုစောင့်ရှောက်တော့မယ်ဆိုရင် စိတ်ရှည်သည်းခံဖို့လိုအပ်သလို ခိုင်မာတဲ့ ဇွဲလုံ့လရှိဖို့လည်း လိုအပ်ပါတယ်။

.
သူတို့ကို ပုံမှန်အနေအထားအတိုင်းပြန်လည်ရောက်ရှိစေဖို့ ကြိုးစားတဲ့အခါမှာ အနားပတ်ဝန်းကျင်ကနေ ကူညီဖေးမမှုတွေပေးတာဟာ အဲဒီလူရဲ့ ဘဝကို ကယ်တင်နိုင်တဲ့အခြေခံအကြောင်းအရာတွေပါပဲ။ လူနာတစ်ယောက် အနားမှာ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ၂၄ နာရီလုံးစောင့်ကြပ် ကြည့်ရှုနိုင်မှာ မဟုတ်တာကြောင့် အိမ်သူအိမ်သား များအနေနဲ့ လူနာမှာ ဘာတွေပြောင်းလဲလာသလဲ၊ ဘယ်လိုတိုးတက်မှုတွေရှိနေလဲဆိုတာကို သေချာစောင့်ကြပ် ကြည့်ရှုဖို့လိုပါတယ်။

.
ကြုံတွေ့နိုင်တဲ့ အခက်အခဲများ
စိတ်ကျရောဂါဟာ တခြားကျန်းမာရေးပြဿနာတွေနဲ့ အတော်ကိုကွာခြားမှုတွေ ရှိနေပါတယ်။ ဝေဒနာခံစား နေရတဲ့သူတွေဟာ သူတို့အခြေအနေမှန်ကို ပြောပြပြီး အကူအညီတောင်းခံတယ်ဆိုတာ အတော်ကိုနည်းပါတယ်။ စိတ်ကျရောဂါဝင်နေတဲ့သူတစ်ယောက်ဟာ သူတို့ကိုယ်သူတို့အပြစ်ရှိ သူတစ်ယောက်လို စိတ်ထဲမှာ အခိုင်မာစွဲထင်နေပြီး သူတို့ကိုယ် သူတို့တန်ဖိုး မဲ့သူများလို့ ထင်မြင်နေကြပါတယ်။ သူတို့ကိုယ်သူတို့ယုံကြည်မှုလျော့နည်း လာကြသလို သူတို့ လုပ်နေကျ ပုံမှန်အပြုအမူတွေကို စိတ်ပါဝင်စား မှုလျော့နည်းလာပါတယ်။

.

အဲဒီလို စိတ်ခံစားမှုတွေကနေ မိသားစုအသိုင်းအဝိုင်းကနေ သီးခြားခွဲထွက်နေလိုခြင်း၊ ကက်သီးကက်ဖဲ့ လုပ်ခြင်း၊ မှုန်တေတေလက္ခဏာတို့ကို ကြုံတွေ့ရတတ်တာကြောင့် သူတို့တွေနဲ့ လိုက်လျောညီထွေအောင် နေတတ်ဖို့က အတော်ကို ခက်ခဲပါတယ်။ ကျွန်မတို့ပေးလိုက်တဲ့အကူအညီတွေ၊ အထောက်အကူတွေကို လက်မခံတာမျိုးကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ စိတ်ကျရောဂါနဲ့ပတ်သက်ပြီးကြုံတွေ့လာမယ့် လက္ခဏာတွေကို ကောင်းကောင်း နားလည်ထားမယ်၊ သူတို့နဲ့သင့်တော်အောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေကို သိထားရင်တော့ သူတို့ရဲ့ပြဿနာ တွေကို ကူညီဖြေရှင်းပေးရတာ အတော်ကို အဆင်ပြေသွားပါလိမ့်မယ်။

.
စကားပြောဆိုရာမှာ သတိထားပါ
”ဝမ်းနည်းမနေပါနဲ့။ မင်းအသက်ရှင်ဖို့ တခြားအရာတွေ အကုန်လုံးကျန်နေပါသေး တယ်” ဆိုတဲ့စကားလို စေတနာနဲ့ ပြောတဲ့စကားတွေ၊ ”ဒါလောက်လေးတောင် အိနြေ္ဒမဆည်နိုင်ဘူးလား၊ စိတ်ညစ်ခံမနေစမ်းပါနဲ့” ဆိုတာလိုမျိုး စာနာစိတ်မဲ့တဲ့စကားတွေ အားလုံးဟာ သူတို့ကို အထောက်အကူမပြုနိုင်ပါဘူး။ လူတိုင်းဟာ စိတ်ညစ်ရမယ့် အကြောင်း အရာမျိုးတွေကို တယုတယမွေးမြူထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ဟာ စိတ်ညစ်ခံမနေပါနဲ့ ဆိုတဲ့စကားကို လိုက်နာဖို့တော့ အတော်ကို ခက်ခဲပါလိမ့်မယ်။ သူတို့ဘာသာ သူတို့ ပျော်ရွှင်အောင် နေနိုင်ပြီဆိုရင်တော့ သူတို့ဟာ ပုံမှန်အနေအထား အတိုင်း ဆက်ပြီး ဖြတ်သန်းနိုင်ပါလိမ့်မယ်။

.
အကောင်းဆုံးနည်းလမ်း
သူတို့ရဲ့ခံစားချက်တွေ၊ ပြဿနာတွေအကြောင်းကို စိတ်ပါဝင်စားစွာနဲ့ ဆွေးနွေးပြောဆိုကြည့်ပါ။ သူတို့ပြောလာတဲ့အကြောင်းအရာတွေဟာ မမှန်ကန်ဘူး၊ အဓိပ္ပါယ်မရှိဘူးလို့ ထင်နေရင်တောင်မှ စာနာစိတ်ထားပြီး ဂရုစိုက်နားထောင်ပေးလိုက်ပါ။ ကမ္ဘာမြေကြီးကို သူတို့လက်ခံထားတဲ့ အမြင်အတိုင်း လက်ခံပေးသင့်ပါတယ်။ ကျွန်မတို့ အလိုရှိနေတဲ့ ကျိုးကြောင်းဆီလျော်တဲ့ အခြေအနေမျိုးကို သူတို့ချက်ခြင်းပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။

.
စိုးရိမ်ကြောင့်ကြမှုပြေပျောက်စေဖို့ဆိုပြီး အခြေအမြစ်မရှိတဲ့၊ လှိုက်လှဲမှုမရှိတဲ့ အကြံဥာဏ်မျိုးကိုလည်း မပေးသင့်ပါဘူး။ သူတို့ပြောတာကို နားထောင်ပေးပြီး ကုသမှုခံယူဖို့အတွက်တော့ သူတို့ရဲ့ ဆရာဝန်နဲ့ အချိန်မှန် တွေ့ဆုံနိုင်အောင် စီစဉ်ပေးသင့်ပါတယ်။ သူတို့ဝေဒနာတွေ သက်သာဖို့အတွက် ဆေးဝါးကုသမှုခံယူတာကသာ အကောင်းဆုံးနည်းလမ်းပါပဲ။ ဆရာဝန်နဲ့ချိန်းဆိုထားတဲ့ဆီကို သူတို့ကိုခေါ်သွားဖို့ လိုအပ်ပေမယ့် မဖြစ်မနေလိုက်ရမယ် လို့တော့ ဖိအားမပေးသင့်ပါဘူး။ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။

.
တိုးတက်မှုကို စောင့်ကြည့်ပါ
စိတ်ကျဝေဒနာကို တဖြည်းဖြည်းချင်းခံစားခဲ့ရတာဖြစ်တာကြောင့် လူနာဟာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် အချိန်လိုပါတယ်။ သူတို့အတွက် အကောင်းဆုံး ကတော့ သိမ်မွေ့နူးညံ့မှုနဲ့ စိတ်ရှည်သည်းခံမှုပါပဲ။ ဒါကြောင့် သူတို့ကို အသေအချာ စောင့်ကြပ်ကြည့်ရှု့ပြီး တိုးတက်မှုတွေကို အကဲဖြတ် ချင့်တွက်ဖို့ လိုပါတယ်။ တိုးတက်မှုမရှိလာဘဲနဲ့ သူတို့အခြေအနေဟာ ပိုပြီးဆိုးရွာ လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့နောက်တစ်ကြိမ် တွေ့ဆုံသင့်ပါတယ်။ ဆရာဝန် နဲ့ သွားရောက်တွေ့ဆုံတဲ့အတွက် လက်ရှိကုသနေတဲ့ ကုသမှုတွေ အကြောင်းအပါအဝင် နောက်တစ်ကြိမ်တွေ့ဆုံရမယ့် ရက်၊ ညွှန်ကြားထားတဲ့ ဆေးအမျိုးအစား၊ မှန်ကန်တိကျတဲ့ပမာဏ၊ ကြုံတွေရမယ့် ဘေးထွက် ဆိုးကျိုးတို့ အကြောင်းကို ရှင်းရှင်းလင်း လင်းသိနိုင်ပါတယ်။

.
စိတ်ကျရောဂါကို အသက်အရွယ်မရွေးခံစားရတယ်ဆိုပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ ဝေဒနာက ပိုပြီး ပြင်းထန်ပါတယ်။ သူတို့ရဲ့ဘဝ တစ်လျှောက်မှာ စိတ်ဖိစီးမှုတွေကို အတော်အသင့်ကြုံတွေ့ခဲ့ရဖူးပြီ။ နာတာရှည်ဝေဒနာ တွေ၊ အာရုံကြောထိခိုက်ပျက်စီးမှုတွေ၊ နှလုံးရောဂါ၊ မသန်စွမ်းခြင်း၊ သီးခြားနေခြင်း၊ နာတာရှည်နာကျင်မှုများ၊ ဆွေမျိုးသားချင်း များဆုံးရှုံးရမှု စတဲ့ အကြောင်းကြောင်းတွေကြောင့် စိတ်ကျဝေဒနာကို ပိုပြီး ခံစားရလွယ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ သူတို့တွေကို ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးမချို့တဲ့ရလေအောင် ဝိုင်းဝန်း ကြိုးပမ်းပေး ဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်ဖို့၊ အာဟာရပြည့် ဝအောင် စားဖို့၊ သွေးဖိအား၊ သွေးတွင်း အဆီဓါတ်တွေကို လျော့ချဖို့ ကြိုးစားပေးမယ်။ လှုပ်လှုပ်ရှားရှားနေရအောင်၊ လူမှုကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်အောင် လက်တွဲခေါ်သွားပေး မယ်ဆို ရင်တော့ သူတို့အနာဂတ်တွေဟာ ပြန်လည်ပြီးလှပလာဦးမှာ အမှန်ပါပဲ။

.
နှင်းနုလွင် (ဆေးဝါး)
အာရောဂျံ မဂ္ဂဇင်း

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁ ဒသမ ၇ သန်းရှိလာ

ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)


မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူပေါင်း ၁ ဒသမ ၇ သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူအမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် နှစ်ဆပိုမိုများပြားကြောင်း သတင်းရရှိသည်။

ဖေ့စ်ဘွတ်ခ်တွင်ဖော်ပြသောညွှန်းကိန်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း တစ်သန်းခုနစ်သိန်းနှစ်သောင်းရှိနေပြီး အသုံးပြုသူများတွင် အမျိုးသမီးဦးရေခြောက် သိန်းရှစ်သောင်းနှင့် အမျိုးသားဦး ရေ တစ်သန်းလေးသောင်းရှိနေ ကြောင်းသိရှိရသည်။

လူပျို၊ အပျို (Single)အနေ ဖြင့်အသုံးပြုသူမှာ အမျိုးသားဦး ရေ တစ်သိန်းခြောက်သောင်းရှိပြီး အမျိုးသမီးဦးရေမှာတစ်သိန်းခန့် ရှိရာ အိမ်ထောင်သည် (Married) အဖြစ် စာရင်းသွင်းအသုံးပြုသူ စုစုပေါင်းကိုးသောင်းလေးထောင် ရှိပြီး အမျိုးသားမှာငါးသောင်းနှင့် အမျိုးသမီးမှာလေးသောင်းလေး ထောင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

သမီးရည်စားရှိသူ (In a Re-lationship) အနေဖြင့်အသုံးပြု နေသူ ခုနစ်သောင်းနှစ်ထောင် ကျော်ရှိရာ အမျိုးသားသုံးသောင်း ရှစ်ထောင်နှင့် အမျိုးသမီးသုံး သောင်းလေးထောင်အသုံးပြုနေ ပြီး စေ့စပ် (Engaged)ထားခြင်း အဖြစ်အသုံးပြုသူဦးရေမှာ ရှစ် ထောင်ခန့် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ အိမ်ထောင်ကွဲအဖြစ် စာရင်းပေးသွင်းပြီး အသုံးပြုသူမှာမူ တစ်ထောင်ကျော်ရှိကြောင်း ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည့်ညွှန်ကိန်းများအရသိရသည်။

‘‘ဖေ့စ်ဘွတ်ခ်ကတော့ တစ် ယောက်တည်းကိုပဲ နှစ်ခု၊ သုံးခု ဖွင့်ထားတာတွေကရှိတယ်။ တချို့ကျတော့လည်း Single ဖြစ်ပြီးEngaged လုပ်ထားတာမျိုးတွေလည်းရှိတယ်။ သုံးစွဲတဲ့သူဦးရေနဲ့တော့ အတိအကျမဖြစ်နိုင်ဘူး’’ဟု ကွန်ပျူတာကျွမ်းကျင်သူ တစ်ဦးကပြောသည်။

လက်ရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ရောင်းချပေးခဲ့ သည့် မိုဘိုင်းတယ်လီဖုန်းပေါင်း ရှစ်သန်းကျော်တွင် မေလအထိ စာရင်းများအရ အင်တာနက် လျှောက်ထားအသုံးပြုသူမှာ ၂ ဒသမ ၄ သန်းခန့်ရှိနေပြီဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

7 Days