ဖွဲ့စည်းပုံပြင်လျှင် NLD အနိုင်ရမည်ဟု ပြောဆိုမှုများ ရှိကြောင်း ဒေါ်ဆောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 6/09/2014 07:24:00 AM



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လျှင် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကျိန်းသေ အနိုင်ရရှိလိမ့်မည် ဟုပြောဆိုမှုများ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက်သည်။ ယမန်နေ့က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို ကော်မတီ အစည်း အဝေး၌ ဒေါ်အောင်ဆန်းစုကြည် က ၎င်း ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ပြီး ယင်းသို့ ပြောဆိုနေမှုများ ကိုလည်း အဘယ်ကြောင့် ပြောဆိုနေခြင်း ဖြစ်ခြင်းကို ၎င်း အနေဖြင့် စိတ်ဝင်စားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။ အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။ဒီဟာ ပြည်သူလူထုအနေနဲ့ လွတ်လွတ် လပ်လပ် ကြိုက်ရာကို ရွေးချယ် နိုင်အောင်လို့ ကျွန်မတို့က ပြုပြင်ပြောင်းလဲချင်တာ။ တစ်ကယ့်ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးစေချင်လို့။ ပြည်သူလူထု သြဇာလွှမ်းမိုးသွားလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ မှာ နိုင်မယ်လို့များဒီလိုမြင်ကြသလား။ တကယ် တော့ ဘယ်သူပဲနိုင်နိုင်၊ ပြည်သူလူထုသြဇာ လွှမ်းမိုးဖို့ပဲ။ ပြည်သူလူထု သြဇာ လွှမ်းမိုးဖို့ လုပ်နေတဲ့ ကိစ္စကို အဖွဲ့ချုပ်နိုင်ဖို့လုပ်နေတယ် ဆိုလို့ရှိရင် အဖွဲ့ချုပ်ကိုဘာဖြစ်လို့ နိုင်မယ်လို့ တွက်တာလဲဆိုတာ အဲဒါကို ကျွန်မက မေးချင်တယ် ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်မှန်သော ဒီမိုကရေစီ စနစ်ကို အုတ်မြစ်ချပေးသော ဥပဒေဖြစ်မှ သာလျှင် မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ဖြစ်နိုင်မည် ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် NLD အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပြင်သင့် ပြင်ထိုက်သော အချက်များ ကိုပြင်ဖို့ ကြိုးစားနေခြင်းဖြစ်ပြီး အချို့ကလည်း ယင်းသို့ပြုလုပ်နေခြင်းသည် NLD ပါတီတစ်ခုတည်း၏ အကျိုးကိုသာကြည့်၍ လုပ်ဆောင်နေသည် ဟု စွပ်စွဲ ပြောဆိုနေကြကြောင်း၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး အတွက် လူထုသဘောထားလက်မှတ် ကောက်ခံနေသည်။ ထိုသို့ကောက်ခံမှုကို မေ လ (၂၇) ရက်နေ့မှ ဇူလိုင် လ(၁၉)ရက်နေ့ အထိ ပြုလုပ် သွားမည်ဖြစ်သည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal