ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်လမ်းဘေးထိုးဆင်းကာ ခြံစည်းရိုး အုတ်တံတိုင်း ဝင်တိုက်

ပို့စ်တင်ချိန် - 6/09/2014 03:46:00 PM




သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်တွင် ယာဉ်မောင်း အိပ်ငိုက်ကာ ယာဉ်မဆင်မခြင် မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေးထိုးဆင်းပြီး ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်၊ နံနက် ၅ နာရီအချိန်က ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း သူရ မောင်းနှင် လာသော ယာဉ်အမှတ် ၈ဈ/၉၁၀၄ ဟီးနိုးအမျိုးအစား၊ သန်မြန်သူ ခရီးသည်တင် မှန်လုံယာဉ်သည် နန်းခဲရပ်ကွက်၊ ဇေယျာလမ်းထိပ်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၄၉/၅) နှင့် (၁၄၉/၆) အကြား၊ ကျောင်းကုန်းကွေ့တွင် ယာဉ်မောင်း အိပ်ငိုက်သွားသဖြင့် လမ်း၏ယာဘက်ဘေးသို့ ထိုးဆင်းကာ ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့သည်။

ယင်းသို့ တိုက်မိသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်မှုမရှိဘဲ ယာဉ်မောင်း သူရမှာ ဝဲဘက်နဖူးထိပ် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ဖြင့် သထုံခရိုင်ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိပြီး ယာဉ်မဆင်မခြင် မောင်းနှင်သော အဆိုပါ ယာဉ်မောင်းအား ဒုရဲအုပ် တင်မောင်လတ်မှ တရားလိုပြုလုပ်ကာ သထုံမြို့မ ရဲစခန်းက ယာဉ်(ပ)၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
MOI Webportal Myanmar