ဖက်ဆစ်လည်ပြန်

ပို့စ်တင်ချိန် - 6/09/2014 08:00:00 AM



အခုတစ်လော သတင်းတွေ ဖတ်ရင်း ဆက်စပ်တွေးမိတာလေးဟာ ကျုပ်ရဲ့ ဘ၀င်ကို နှိုးဆွနေသဗျာ။ နို့ပေတဲ့ လူတွေကလည်းခက်တယ်။ ကိုယ့်အလုပ် ကိုယ် လုပ်ကြတာမဟုတ်ဘူး။ သူများဘာဖြစ်နေသလဲ။ ဘာမှား သလဲဆိုတာ မျက်စိဒေါက်ထောက်ကြည့်တတ်တာကလား။
တစ်ခုခုများ ဖောင်းမသွားလေနဲ့ ထောင်းလမောင်းထအောင် ဖွမယ်ဆိုသူကလည်း ရှိရဲ့။ သို့ကလို ဘစီဟာ ကိုယ့်အတွေးနဲ့ကိုယ် တစိမ့်စိမ့်တွေးပြီး ပြုံးနေတာကိုပဲ  ဘစီတစ်ယောက် ‘‘ဂေါက်’’ပြီလို့ အထင်နဲ့ ဆွမ်းကြီးလောင်းချင်ကြ တဲ့ မောင်တွေကလည်း တစ် မှောင့်။ ဒါနဲ့များ ဒီမိုကရေစီသွား ကြမတဲ့လားခင်ဗျာ။
ကဲ . . . .ကျုပ်တစ်ယောက် တည်း ဘာတွေ ရောက်တတ်ရာ ရာ အတွေးပေါက်နေသလဲဆိုတာ ကိုယ့်လူများကို အနည်းအပါး ဖောက်သည်ချပါရစေဗျား။ ဂလို ဗျ။ ဟိုတစ်လောတုန်းက ဂျပန် စစ်ဦးစီးချုပ်ဟာ မြန်မာစစ်တပ်နဲ့ ရွှေလမ်း၊ငွေလမ်းဖောက်ဖို့ ထင်ပါ ရဲ့။ ကျုပ်တို့ ရွှေပြည်ကြီးဆီ အလည်အပတ်ရောက်လာတယ် ခင်ဗျ။ ဒီမှာ ထူးတာတစ်ခုက အနှီဂျပန်စစ်ဦးစီးချုပ်ရဲ့ မြန်မာ ပြည်ခရီးဟာ ဒုတိယကမ္ဘာစစ် အပြီး နှစ်ပေါင်း ၆၀ ကျော်အတွင်း မှာ ပထမဦးဆုံးအကြိမ်ပါတဲ့။

ထူးတော့ ထူးတယ်ခင်ဗျ။  အခုအချိန်ကျမှ ဂျပန်စစ်ဦးစီးချုပ် က ကျုပ်တို့ဆီ ဘာကြောင့် လာရ တာလဲ။ ကျုပ်မှာ အဲဒီသတင်း ဖတ်ပြီး အတော်ရင်တမမ ဖြစ်ရ တယ်။ ဟုတ်တယ်လေဗျာ။ ဒီနေ့  မြန်မာ့တပ်မတော်ဆိုတာ ဂျပန် တွေဆီက မြစ်ဖျားခံလာတာ မဟုတ်လား။ ဂျပန်တပ်မတော် တောင်မှ ရိုးရိုးတပ်မတော်မဟုတ် ဘူး။ ဖက်ဆစ်တပ်မတော်ခင်ဗျ။ အဲဒီဂျပန်တပ်မတော်ဆီက စစ် ပညာတွေကို ကျုပ်တို့ တပ်မတော်ဟာ ကံ့ကူလက်လှည့် သင်လာ တာ။

မြန်မာ့တပ်မတော်ရဲ့ အစ ရဲဘော်သုံးကျိပ်ဝင်ထဲက လူ ကောင်းတွေကိုတော့ ကျုပ်တို့ မရည်ညွှန်းပါဘူးဗျာ။ ဂျပန်လက် ထွက်ရဲဘော်သုံးကျိပ်ထဲက ဗိုလ် ချုပ်နေ၀င်းကတော့ နောက်ပိုင်း မှာ ဖက်ဆစ်ဂျပန်ဆရာများရဲ့ တပည့်ကောင်းပီသစွာ တပ်မ တော်ကို အသုံးချသွားတာက တော့ ဘယ်မှာ မေ့ရက်စရာရှိမ လဲ။ ဟီရိုရှီးမားအဏုမြူဗုံးအကြဲခံ ရပြီးကတည်းက ဂျပန်မှာ ဖက်ဆစ်တပ်မတော်နဲ့ ဖက်ဆစ်အမူအ ကျင့်တွေ နိဂုံးချုပ်သွားပေတဲ့ ကျုပ်တို့ မြန်မာပြည်မှာကျ ဂျပန် ချပေးတဲ့ ဖက်ဆစ်မျိုးစေ့က အ ညှောက်ပေါက်ရုံတင်မက အမြစ် တွယ်ခဲ့တာ နှစ်တွေနည်းမှ မ နည်းတာပဲဟာ။

ဒါနဲ့ ပတ်သက်လို့ ကျုပ်ရဲ့ ဘကြီးတစ်ယောက်ပြောဖူးတာ လေးတစ်ခု အမှတ်ရသေးဗျာ။ အနှီဘကြီးက ဘာပြောသလဲဆို တော့ကာ တို့မြန်မာ့တပ်မတော် ဟာတဲ့။ ဂျပန်ဆီကလည်း စစ် ပညာသင်တယ်။ အင်္ဂလိပ်ဆီက လည်း စစ်ပညာသင်တယ်။ ဒါပေ တဲ့ နှစ်ခုစလုံးဆီက မကောင်းတာ တွေမှ ရွေးယူတာတဲ့။ ဟာ . . . အဲဒီမှတ်ချက်ကို ကြားတုန်းက ကျုပ်တို့မှာ အံ့တွေသြလို့ရယ်။ သိချင်စိတ်ကလည်း သိပ်ကို မရိုး မရွဖြစ်လာတာပေါ့။ ဘကြီးက အသက်လည်း ကြီးရင့်ပြီဆိုတော့ စကားတစ်ခွန်းနဲ့ တစ်ခွန်းကြားမှာရေနွေးလေး တစ်ငုံလောက် သောက်ပြီး နားတဲ့အချိန်တောင်မှ ကျုပ်တို့ မစောင့်နိုင်တဲ့အထိ။

ဘကြီးက ဆက်ပြောတယ်။ ‘‘တကယ်တော့ ဖက်ဆစ်ဂျပန်တွေ ကို ငါတို့သိထားတာက ပါးရိုက်၊ မိန်းမမြင်မနေနိုင်၊ နှာဘူးထတဲ့ ကောင်တွေလို့၊ ဒါပေသိ ဂျပန် တပ်မတော်မှာ ကောင်းတာတစ်ခု က ရဲဘော်ရဲဘက်စိတ်အပြည့် အ၀ရှိတာကွ။ ဂျပန်တပ်မတော် အတွင်းမှာ ထမင်းစားကြရင် ဗိုလ် ကြီး၊ တပ်ကြပ်၊ တပ်သား အ ဆင့်မခွဲခြားဘူး။ တစ်ဝိုင်းတည်း ရောစားကြတာ။ အင်္ဂလိပ်စစ် တပ်ကျတော့ အဲသလိုမဟုတ်ဘူး ကွ။ တခြားနေရာတွေမှာ သူ့ဟာ သူ စည်းကမ်းစနစ်ရှိတာ တစ်ပိုင်း ပေါ့ကွ။

နို့ပေတဲ့ ထမင်းစားတဲ့ အခါ ကျတော့ တပ်မှူး၊ တပ်သား အဆင့်အတန်းအစားခွဲခြားတယ်ဟ။အရာရှိတွေက သတ်သတ်၊ တပ်သားတွေက သတ်သတ်၊ နေရာခွဲစားတာတင်မကဘူး။ စားတဲ့ ထမင်း၊ ဟင်းကလည်း အရာရှိနဲ့ တပ်သားမတူကြဘူး’’တဲ့။

အဲ . . .တို့ မြန်မာ့တပ်မတော် ကအနှီ အင်္ဂလိပ်၊ ဂျပန်ဆရာ နှစ် တန်ဆီက မကောင်းတာချည်း ရွေးယူထားတယ်ကွ။ ဘာတွေလဲ သိလား။ ဂျပန်တွေဆီက ပါးရိုက် တာ၊ လက်သည်းခွံခွာတာ၊ ရေ နွေးပူနဲ့လောင်းတာစတဲ့ ပြည်သူ ပြည်သားများကို နှိပ်စက်တဲ့ ကြမ်းကြမ်းကြုတ်ကြုတ်နည်းတွေကို ယူထားတယ်။ ဂျပန်တွေရဲ့ ရဲ ဘော်ရဲဘက်မခွဲခြား တန်းတူရည် တူဆက်ဆံရေးမျိုးကျ အတုမယူ ဘူး။ အဲဒီနေရာကျတော့ အင်္ဂ လိပ်စစ်တပ်ရဲ့အမူအကျင့်ကို အတုခိုးတယ်။ သို့ပေသော်ငြား အင်္ဂလိပ်စစ်တပ်ရဲ့ စည်းကမ်း စနစ်ကောင်းတာတွေကျ မယူခဲ့ကြဘူးဆိုပဲ။

 အနှာ စကားလုံးတွေက သက်ကြီးစကား သက်ငယ်ကြား ဆိုတာလို ကလေးဘ၀ ကျုပ်ဘကြီးဆီက ကြားဖူးနားဝရှိခဲ့တာ တွေပါ။ ဒါတွေဟာ မြန်မာ့တပ်မ တော်ကြီးကို စိန်ခေါ်တာ၊ အသရေဖျက်တာလို့ ယူသော်ရ၏လို့တော့ မလုပ်ကြပါနဲ့ဗျာ။ အကယ်၍ အ သိပေးစာ၊ တရားစွဲတာ လုပ်ကြ မယ်ဆိုရင်လည်း ကျုပ်ဘကြီးကို သာ ဆွဲပါ။ ကျုပ်တို့ ရွာသုသာန် မှာ ဘကြီးကို ဂူသွင်းပြီး မြှုပ်နှံ ထားတာ ဆယ်နှစ်လောက်ရှိပါ ပြီ။ အထက်ပါမှတ်ချက်စကားကို အဲဒီဘကြီးက ပြောသွားတာဆို တော့ အရေးယူမယ်ဆိုရင်လည်း သူ့နောက်ကိုသာ လိုက်ကြပါ ရယ်။

ဟုတ်တာ၊ မဟုတ်တာ အ သာထား၊ လူဆိုတာ ငယ်ဘ၀ အစဦးမှာ သိခဲ့၊ ကြားခဲ့ဖူးတာတွေအပေါ်မှာ သိပ်ပြီး အစွဲအမှတ်ကြီးတာကလား။ ဒီတော့ ဂျပန်စစ်ဦးစီးချုပ်ကြီးတစ်ယောက် ရွှေပြည်ကြီးဆီ ပထမဆုံး ပေါက်ချလာတယ်ဆိုတဲ့အခါ စိတ်ထဲမှာ နည်းနည်းချောက်ချားတဲ့ ခံစားမှုတွေ ဖြစ်မိတာပေါ့ခင်ဗျာ။ ကျုပ်တို့တပ်မတော်ဟာ နှစ်ခြောက်ဆယ်လောက် ဖက်ဆစ် စိတ်ပေါက်ပြီးတဲ့နောက် အခုလို ဒီမိုကရေစီစနစ်အပေါ် စိတ်တိမ်းညွတ်လာသလောက်ရှိပြီဆိုမှ အနှီဂျပန်တပ်မတော်က လူကြီးတွေဟာ ဘာလာလုပ်သလဲ စိတ်ထဲခံပြင်းမိတာလည်း အမှန်ပါ။ ဘယ့်နှာဆို ကျုပ်တို့က တပ်မတော်ကို ချစ်တာကိုးခင်ဗျ။ သိတယ်ဟုတ်၊ ကိုယ်ချစ်တဲ့သူတွေ လူပေါင်း သူပေါင်းမှားမှာ စိုးရိမ်မိတာ ဓမ္မတာပဲဟာ။

ကျုပ်တို့ တပ်မတော်ဟာ အခုဆိုရင် အလွန်ပဲ မျက်နှာပွင့် နေတယ်ဗျာ။ အင်း . . . ကိုယ့် ပြည်သူပြည်သားတွေက လွဲလို့  ပေါ့လေ။ ကမ္ဘာ့နိုင်ငံကြီးတွေ အလယ်မှာတော့ မြန်မာ့တပ်မ တော်က ပျိုတိုင်းကြိုက်တဲ့ နှင်း ဆီခိုင်ခင်ဗျ။ အမေရိကန်တို့၊ အင်္ဂလန်တို့ကလည်း မြန်မာ့တပ် မတော်ကို ဘာအကူအညီပေးရ မလဲဆိုပြီး ဆွယ်တယ်။ အိမ်နီး ချင်းဖြစ်တဲ့ ပေါက်ဖော်ကြီးက လည်း မြန်မာ့တပ်မတော်နဲ့ ချိတ် ဆက် ဆက်ဆံနေတာ နှစ်တွေမှ မနည်းတော့တာ။ ဟော. . .  အခု ဂျပန်ကလည်း မနေနိုင်၊ မထိုင် နိုင်ဖြစ်လာပြီ။ နှစ်ခြောက်ဆယ် လောက်အလာနောက်ကျတာကို ပဲ ခမျာမယ် နောင်တရနေတဲ့ပုံပဲ။ မြန်မာ့တပ်မတော်လိုသမျှ အတိုး ချ ကူညီဖို့ရာ အသင့်ပါတဲ့ခင်ဗျာ။

နောက်ဆုံးရ သတင်းများ အရ ဂျပန်စစ်ဦးစီးချုပ်က ပြောသွားတာကတော့ ကျုပ်တို့ တပ်မ တော်ရဲ့ အရည်အသွေးပိုင်းကို မြှင့်တင်ပေးမယ်တဲ့။ ပြီးတော့ပြောသေးတယ်။ ဂျပန်တပ်မ တော်က ကျုပ်တို့ မြန်မာ့တပ်မတော်ကို အကူအညီပေးမှာ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ နေရာတွေမှာ စစ်တိုက်နည်းသင်ပေး တာ မဟုတ်ဘူး။ ခေတ်မီတဲ့ တပ်မတော်ဖြစ်ဖို့ ဘာလုပ်ချင်တယ် ဆိုပြီး ကျုပ်တို့ ပြောလာတဲ့အပေါ်

မူတည်ပြီး သူတို့ဘက်က ကူညီ ပေးမှာတဲ့ဗျာ။

အဲဒါသာ ကြည့်ဗျို့။ ကျုပ် တို့တပ်မတော်ဟာ နိုင်ငံကြီးတွေ အလယ်မှာ ဘယ်ကလောက်ပွဲ လယ်တင့်နေဆိုတာ။ ဟိုတုန်းက တော့ သူတို့ပဲ အာဏာရှင်တပ်မ တော် ဘာညာနဲ့ သမုတ်ခဲ့ပြီး တော့။ အခုကျ ငယ်ပေါင်းကြီး ဖော်တွေများလား မှတ်ရတယ်။ ဘာဖြစ်ဖြစ်ပေါ့ဗျာ။ ဒီမိုကရေစီ တန်ခိုးနဲ့ လူကောင်းလေးတွေ ဖြစ် ဖို့ရာ ကြိုးစားနေတဲ့ တပ်မတော်သားများဟာ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ဖို့ လူများများနဲ့ ဆက်ဆံရမယ်မဟုတ်လား။ နို့ပေတဲ့ လူပေါင်းမမှားဖို့တော့ လိုသဗျို့။

ကိုယ့်လူများ သိတော်မူကြ တဲ့အတိုင်းပဲ ကမ္ဘာမှာက စစ်အာ ဏာရှင်စနစ်ဟာ အကင်းသေ သေးတာမဟုတ်ဘူး။ ဟိုနေရာ၊ ဒီနေရာမှာ ပြန်ပြီး ပေါ်လာနေ တယ်မို့လား။ ကျုပ်တို့ အိမ်နီးချင်း အရင်းကြီးဖြစ်တဲ့ ထိုင်းမှာဆိုရင် တပ်မတော်က အာဏာသိမ်း လိုက်တာ ဘာကြာသေးလို့တုံး။ ဘုရင့်လက်မှတ်ရ အာဏာသိမ်း စစ်တပ်က ဘယ်လောက်ဗိုလ်ကျ သလဲဆိုတော့ တစ်နှစ်အတွင်းမှာ တော့ ရွေးကောက်ပွဲပြန်လုပ်ပေး မှာ မဟုတ်ဘူးတဲ့။ စစ်တပ်ဟာ တိုင်းပြည်အာဏာကို ယူပြီဆိုတဲ့ အခါ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အာ ဏာရှင်အမူအကျင့်ကိုတော့ ကျင့်တာပဲ ခင်ဗျ။ ကနေ့ထိုင်းမှာ စစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုကို ဖိနှိပ်နေတာဟာ ကျုပ် တို့မျက်မြင်ပဲဟာ။ တိုင်းပြည် အာဏာသိမ်းမိပြီဆိုတာနဲ့ နှိပ် စက်တဲ့ ဖက်ဆစ်အမူအရာဟာ အနည်းနဲ့ အများတော့ ပေါ်လာ တာ ဓမ္မတာပါဗျာ။

အီဂျစ်လည်း ကြည့်ပါဦး။ အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်ချုပ်အယ်လ်စီစီဟာ သူ့ဘာသာ ရွေးကောက်ပွဲတွေ ကျင်းပ၊ သူလည်းစစ်ဝတ်စုံကြီးချွတ်ပြီး ရွေးကောက်ပွဲဝင်တယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း သူ့လူတွေပဲဟာ မနိုင်ဘဲရှိမလား။ မဲအရေအတွက် ၉၆ ဒသမ ၉၁ ရာ ခိုင်နှုန်းနဲ့ အနိုင်ရသွားသတဲ့။

ကျုပ်တို့ဆီမှာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ထောက်ခံတဲ့ မဲရာခိုင်နှုန်းထက်တောင်မှများသေး။ ပြောချင်တာက ကမ္ဘာ့နိုင်ငံအချို့မှာ စစ်တပ်ဟာ နိုင်ငံရေးမှာ နည်း ပေါင်းစုံနဲ့ ပါဝင်ဖို့ရာ ကြိုးစားနေ ကြတဲ့ ခေတ်အခါကို တစ်ကျော့ ပြန်ရောက်နေတယ်ဆိုတာပဲခင် ဗျ။

အနှာလိုအခါမျိုးမှာ ကျုပ်တို့တပ်မတော်ဟာ အာဏာရှင်အ ခေါ်ခံခဲ့ရတာ အံတောင် တိုနေပြီ။ မလုပ်ချင်တော့လို့ ဒီမိုကရေစီ စနစ်ဆီ အသွင်ကူးပြောင်းနေ တာ။ နောက်ပြီး နိုင်ငံတကာနဲ့ ဆက်ဆံရတာ များတော့ အမြင် ကလည်း ပွင့်လာတယ်။ ဆိုတော့ အရေးကြီးတာက ကျုပ်တို့တပ်မ တော်ဟာ ‘‘အသေ၀နာစ ဗာလာနံ’’ဆိုတာလိုပဲ လူပေါင်းမမှားဖို့ တပ်မတော်ကို ချစ်သူများက ၀ိုင်းပြီး ထိန်းသိမ်းမှ ဖြစ်မှာပေါ့။ မဟုတ်ဘူးလား။ ဒါကြောင့်ကျုပ်တို့ တပ်မတော်ဟာ ဘယ်သူတွေနဲ့ပေါင်းတယ်။ ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာ ကနေ့ကစ ပြီး စောင့်ကြည့်ကြစို့။

အရေးကြီးဆုံး ကတော့ လောလောဆယ်မှာ ထိုင်းစစ်တပ် က အာဏာသိမ်းခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်တို့၊ အီဂျစ်က ဗိုလ်ချုပ်အယ်လ်စီစီတို့ လို လူတွေနဲ့ အပေါင်းအသင်း မ လုပ်မိဖို့ခင်ဗျ။ သူတို့ကို အားကျ စိတ်ပေါ်မလာအောင်လည်း တား တန်တားရပေမပေါ့။ ဟုတ်တယ် လေ။ အဲဒီလူတွေက အကျင့် ကောင်းမှ ကောင်းတာ။ သူတို့နဲ့ ပေါင်းရင် ကျုပ်တို့တပ်မတော် လည်း မကောင်းဖြစ်ဦးမယ်။ တံငါနားနီးတံငါ၊ မုဆိုးနားနီး တော့ မုဆိုးဆိုတဲ့ စကားလည်းရှိမို့ လား။

ပြောသာ ပြောရတာရင် ခင်ဗျ။ တော်ကြာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆိုမိန့်ဖူးသ လိုလည်း ဖြစ်နေဦးမယ်။ ဘာလဲ ဆိုတော့ တို့ဗမာအစည်းအရုံး ခေတ်က ဆရာကြီးနဲ့ တပည့် တချို့ဟာ နယ်လှည့်တရားပွဲတစ် ခုကို သွားကြတော့ အိမ်တစ် အိမ် မှာ ၀င်တည်းကြတယ်။ အိမ်ရှင့် သားက ခပ်ဆိုးဆိုးရယ်။ ဒါကြောင့်အိမ်ရှင်ဖခင်က ဆရာကြီးကို အသိပေးတယ်။ ဆရာကြီးတပည့် တွေ ကျုပ်သားနဲ့ မပေါင်းစေနဲ့၊ တော်ကြာ ပျက်စီးသွားဦးမယ် တဲ့။ ဒါနဲ့ ဆရာကြီးကလည်း ပြန် ပြောတယ်။ စိတ်မပူပါနဲ့ကွာ၊ ငါ့ တပည့်တွေဟာလည်း အစက တည်းက ခပ်ပျက်ပျက်လေးတွေ ပဲလို့ ဆိုလိုက်ပါသတဲ့။ အခုလည်း အနှာလိုသာဆို ခက်ချည်ရဲ့။

ဘစီ
7day daily