ရဲတွေ တကယ်အလုပ်လုပ်ကြသလား

ပို့စ်တင်ချိန် - 7/12/2013 01:04:00 PM


ရဲစခန်းတိုင်းမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ တွေ့မြင်နေရတဲ့ ဆိုင်းဘုတ်ကတော့ “ကူညီပါရစေ” တဲ့ …။
ရဲတွေ အဲဒီဆိုင်းဘုတ်ထဲကအတိုင်း တကယ်ကူညီရဲ့လား ဆိုတာတော့ မကြာခဏ သံသယဖြစ်စရာပါပဲ။

ဒီလ ၄ ရက်နေ့က ည ၇ နာရီလောက် အချိန် ပန်းဆိုးတန်းမှတ်တိုင်မှာ သာကေတဘက်ကို သွားမယ့် ၃၅ ဘတ်စ် နှစ်စီး ခရီးသည် လုတင်ရင်းက စကားများကြပါတယ်၊
ပထမ ဝင်ရပ်တဲ့ ကားပေါ်က စပယ်ယာက နောက်ကဝင်လာတဲ့ ကားပေါ်က စပယ်ယာနဲ့ စကားများပြီး သူကားပေါ်ကို ပြေးတက်သွားတာ တွေ့လိုက်ရပါတယ်။

အဲဒါကို နောက်က ကားပေါ်က စပယ်ယာနဲ့ ကားသမား ၃ ယောက်ဆင်းလာပြီး ရှေ့က ကားတံခါးဝတွေကို ပိတ်ရပ်ပြီး လေးဂွနဲ့ ချိန်၊ သံတုတ်တွေနဲ့ ရွယ်ထားပါတယ်၊ ပြေးတက်သွားတဲ့ စပယာကိုလည်း ဆင်းလာဖို့ပြောပါတယ်၊ ကားပေါ်မှာ အနည်းဆုံး ခရီးသည် ၅၀ ကျော်လောက်ရှိပါတယ်၊ သူတို့လည်း ကြောက်လန့်ပြီး ဆင်းလာကြတယ်၊ နောက်ဆုံး ကားဒရိုင်ဘာနဲ့ စပယာပဲ ကျန်တော့တယ်။

ကားအောက်မှာတော့ အစောက လိုက်လာတာ စပယ်ယာ ၂ ယောက်နဲ့ ဒရိုင်ဘာ တစ်ယောက်တည်းပါပဲ၊ ဧည်သည် လုတင်ရင်းကနေ ဆဲကြဆိုကြရာက ဖြစ်တဲ့ ပြဿနာကို သေချာမသိဘဲ ဆွမ်းကြီးဝိုင်းလောင်းဖို့ လမ်းထဲကနေ ထွက်လာတဲ့လူတွေ၊ လမ်းသွားနေတဲ့လူတွေ ရောက်လာပြီး စုစုပေါင်း အယောက် ၅၀ ကျော်လောက်က ကားကို ဝိုင်းလိုက်ကြတယ်။ (အပေါ်ပုံကို ကြည့်ပါ)

ကားပေါ်မှာရှိနေတဲ့ ကားဆရာနဲ့ ဒရိုင်ဘာကတော့ တက်လာတဲ့လူတွေကို ရိုက်ချမယ်ဆိုတဲ့ သဘောနဲ့ အပေါက်ဝတွေကို ပိတ်ပြီး စောင့်နေကြတယ်၊ ချွေးတွေလည်း တစ်ကိုယ်လုံးရွှဲနစ်နေကြပါတယ်၊ အောက်ကလူတွေကလည်း ဆင်းလာဖို့ ကားကို ဝိုင်းပုတ်ပြီးခေါ်တာ ဆဲဆိုပြီး ဆင်းခိုင်းတာတွေလုပ်ကြတယ်။
တိုက်တိုက်ဆိုင်ဆိုင် မီးကလည်း ပျက်နေတယ်။

အပေါ်က နှစ်ယောက်က ဆင်းမလာကြပါဘူး၊ ဆင်းလာရင်လည်း အောက်ကလူအုပ်က အမဲဖျက်သလိုဖျက်မယ့်သဘောရှိတယ် အဲဒီလူအုပ်နားကို ခရီးသည်တွေလည်း မကပ်ရဲတော့ဘူး၊ ကားပေါ်မှာ ရှိနေတဲ့ စပယာနဲ့ ဒရိုင်ဘာလည်း တော်တော်ကြောက်လန့် နေဟန်ရှိပါတယ်၊ တကိုယ်လုံး ချွေးတွေထွက်တာ ရေလောင်းထားသလိုပဲ။

နာရီဝက်လောက်ရပ်ကြည့်နေတဲ့အချိန်မှာ တာဝန်ရှိ ရဲတွေဘာတွေလည်း မလာတာနဲ့ ကားပေါ်က လူနှစ်ယောက်ရဲ့ အသက် အန္တရယ်ဟာ စိုးရိမ်စရာ အနေအထားဖြစ်နေတဲ့ အတွက် အရေးပေါ် ခေါ်ဆိုဖို့ ပြောထားတဲ့ ၁၉၉ နံပတ်ကို ဆက်ပါတယ်၊ ဖုန်းတော့ ဝင်တယ်မကိုင်ပါဘူး၊ ၈ ကြိမ်ထက်မက အကြိမ်ကြိမ် ဆက်ပါတယ် မကိုင်ပါဘူး။ အနီးအနားမှာ ရှိတဲ့ လူအချို့ကလည်း ရဲစခန်းကို ဆက်နေကြဟန်တူပါတယ်၊ သူတို့လည်း မရပါဘူး။

တနာရီကျော်ကြာတဲ့ အထိ ရဲတွေရောက်မလာကြပါဘူး၊ ဆက်သွယ်လို့လည်း မရပါဘူး၊ အကယ်၍ အဲဒီညက ကားပေါ်က ကားဒရိုင်ဘာနဲ့ စပယ်ယာသာ အောက်က သွေးဆာနေတဲ့ လူအုပ်ကြားထဲကို ဆင်းလာခဲ့ရင် တွေးဝံ့စရာမရှိပါဘူး။

နောက်ဆက်တွဲ ပြဿနာအဖြစ် နောက်ထပ် ဘာသာရေး အဓိကရုဏ်း ပုံစံ တခုဖြစ်သွားဖို့လည်း ရာခိုင်နှုန်းများနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကားပေါ်မှာ ရှိနေတဲ့ မြန်မာ နှစ်ယောက်နဲ့ အောက်က လူအုပ်က ဘာသာမတူကြပါဘူး။

ဘေးဘက်လမ်း ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ လူတချို့က စိုးရိမ်စိတ်တွေနဲ့ အကြိမ်ပေါင်းများစွာ  ၁၉၉ ဆိုတဲ့ နံပတ်ကို ဆက်သွယ်ကြပေမယ့် ဖုန်းကလည်းမကိုင်သလို ပြည်သူ့ရဲ ဆိုတဲ့ လူတွေလည်း ရောက်မလာကြပါဘူး၊ ဒါကြောင့်မို့ ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ်ကြီးကို အသုံးပြုနေတဲ့ ရဲတွေက အလုပ်တကယ်လုပ်ကြရဲ့လား၊ ဒါမှမဟုတ်
၁၉၉ ဆိုတဲ့ နံပတ်က ချို့ယွင်းချက်ရှိနေပြီလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။



ဧရာဝတီ