ပုဇွန်တောင် (၄) ရပ်ကွက်တွင် ၁၅၀၀တန် ဆင်းကတ်များ ပိုလျှံ

ပို့စ်တင်ချိန် - 7/12/2013 06:32:00 PM

The Voice Weekly
ရန်ကုန်၊ ဇူလိုင် ၁၁

အသုတ်လိုက်ခွဲ၍ ရောင်းချနေသည့် ကျပ် ၁၅၀၀တန် ဆင်းကတ်များကို ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အမှတ် (၄) ရပ်ကွက်တွင် မဲနှိုက်ပေးရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် ပိုလျှံခဲ့ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆင်းကတ်များကို မြို့နယ်သို့ ပြန်အပ်ခဲ့ရ ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျင်စိန်ဝင်း က ပြောကြားသည်။

ပထမအကြိမ် ဆင်းကတ် ၈၀ ခုချ ထားပေးရာ ဆင်းကတ်၁၄ ခုပိုသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပြန်လည်ပေးအပ်ခဲ့ပြီး ဒုတိယအကြိမ်တွင် ဆင်းကတ် ၅၃ ခုချထား ပေးပြီး မဲပေါက်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် လာရောက်ထုတ်ယူခြင်း မရှိသည့် ဆင်းကတ်၁၀ခုကို မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည် ယူဆောင်သွားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

"တတိယအကြိမ်တုန်းက လျှောက်တဲ့သူ များပေမယ့် တခြားရပ်ကွက်တွေထက် လျှော့ပြီး ငါးကတ်ပဲ ချပေးတယ်" ဟုအဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

အမှတ်(၄) ရပ်ကွက်တွင် သန်းခေါင် စာရင်းရှိ အိမ်ထောင်စု ၁၂၀ ကျော်၊ ယာယီ သန်းခေါင်စာရင်းဖြင့် နေထိုင်သူ ၄၀၀ ကျော်၊ ဧည့်စာရင်းဖြင့် နေထိုင်သူ ၈၀၀ ကျော်ရှိပြီး စုစုပေါင်း လူဦးရေ ၂၀၀၀ ကျော်ရှိ၍ ဆင်းကတ်များမှာ အမှန်တကယ် လိုအပ်ကြောင်း ဦးကျင်စိန်ဝင်းက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက် ၁၀ခုရှိပြီး အမှတ် (၄)ရပ်ကွက် တစ်ခုတည်းတွင်သာ ဆင်းကတ်များ ပိုလျှံမှုဖြစ်ခဲ့ခြင်း မှာ သန်းခေါင်စာရင်းဖြင့် လျှောက်ထား သည့် အရေအတွက် နည်းပါမှုကြောင့်ဖြစ် ကြောင်း ပိုလျှံသည့် ဆင်းကတ်များကို မိမိက ဦးဆောင်၍ အခြားလိုအပ်သော နေရာများ နှင့် ရဟန်းသံဃာများကို ဝေငှခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။
"တစ်နိုင်ငံလုံး ဆင်းကတ် လိုအပ်တဲ့ ပြဿနာ ကြုံချိန်မှာ ဒီမြို့နယ်က ပိုတယ်ဆိုတာ မဟုတ်ပါဘူး" ဟု ၄င်းက ဆိုသည်။

(ခိုင်စိုးလင်း)