ကမ္ဘာစစ်က ဆက်သွယ်ရေးစနစ်မှာ အရေးပါတဲ့ Morse Code

ပို့စ်တင်ချိန် - 7/12/2013 11:21:00 AM


ကမ္ဘာစစ်ကာလအကြောင်း ပြန်ရိုက်ပြထားတဲ့ ရုပ်ရှင်တွေထဲမှာ စိတ်ဝင်စားစရာ နည်းပညာတွေ တွေ့ရပါတယ်။

ဗြိတိန် စစ်စခန်း တွေ ရှေ့ တန်းမှာ ဆက်သွယ်ရေး ပြုလုပ်တဲ့အခါ စကားနဲ့ မပြောတာ တွေ့ရပါတယ်။ တီတီတီ မြည်တဲ့အသံကို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပို့ကြပြီး စာတွေထိုင်ရေးပါတယ်။ ဘယ်စစ်စခန်းကတော့ တိုက်ပွဲကျသွားပါပြီ။ ရှေ့ တန်းမှာ ဘယ်လိုအခြေအနေရှိပါတယ်ဆိုတာကို တီတီတီမြည်တဲ့အသံနဲ့ ပို့လွတ်တော့ ဆက်သွယ်ရေး စခန်းထဲမှာ လူပြည့်နေပါတယ်။ စစ်တေနာပတိကြီးကလည်း တီတီတီအသံက ဘာကိုဆိုလိုလည်း မသိပါဘူး။ သို့ပေမယ့် ရေဒီယိုအော်ပရေတာ ချရေးတဲ့ စာရွက်ကို စောင့်နေပါတယ်။ နောက်တော့ ရေဒီယိုအော်ပရေတာ ပေးတဲ့ စာရွက်ကို ကြည့်ပြီး သက်ပြင်းချလိုက်တာမျိုး၊ ဝမ်းနည်းသွားတာမျိုးတွေ မြင်တော့ စာရွက်မှာ ဘာများရေးထားသလဲ စိတ်ဝင်စားစရာပါ။

နောက်ပြီးတော့ ဖျောက်ဖျောက်ဖျောက် မြည်အောင်ရိုက်တဲ့အသံကို နားထောင်ပြီး ဘာကိုဆိုလိုတာလဲ ဘာသာပြန်ပါတယ်။ စာရွက်မှာ သင်္ကေတ များ ပေါ်လာပေမယ့် သင်္ကေတတွေရဲ့  ဆိုလိုရင်းက ဘာလဲဆိုတာကို ပြန်လည် ဘာသာပြန်ပါတယ်။ အနောက်တိုင်းသားတို့ ရဲ့  တီထွင်ဥာဏ်ကတော့ အံ့မခန်းပါ။ ၁၈ ရာစုနောင်းပိုင်း ၁၉ ရာစု အစ လောက်ကတည်းက Telecommunication ဆိုတာကို ကောင်းကောင်း ပုံဖော်နေကြပြီ ဖြစ်ပါတယ်။ ယင်းထဲမှာ အခြေခံအကျဆုံးများထဲမှ နည်းပညာ တစ်ခုကတော့ Morse Code ပါ။

တည်ထွင်သူ Samuel F. B. Morse ကို ဂုဏ်ပြုပြီး ပေးထားတဲ့ အမည် ဖြစ်ပါတယ်။ သို့ပေမယ့် သူက နည်းပညာ သမား မဟုတ်ပါဘူး။ အနုပညာရှင်တစ်ဦးပါ။ အမေရိကန်နိုင်ငံက ဖြစ်ပြီး ရူပဗေဒ ပညာရှင် နှစ်ဦး Joseph Henry နဲ့Alfred Vail တို့ရဲ့  ပူးပေါင်းပါဝင်မှုနဲ့ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

Morse Code က လွယ်လွယ်ပြောရရင် လျှပ်စစ် Signal ဖြစ်ပြီး ယင်း Signal ကို ပြန်လည်ဘာသာပြန်ပေးတဲ့စနစ်ပါ။ ပြောလို့သာ လွယ်လွယ်၊ လျှပ်စစ် Signal ကို ဘာသာပြန်တယ်ဆိုတာ တော်ရုံလူတောင် မတတ်နိုင်တဲ့ ပညာရပ်ပါ။ Transmit လုပ်လိုက်တဲ့ Signal ကို Receiver က ယူပြီး ယင်း Receiver မှာ Ear Phone တပ်လို့ နားထောင်ပါမယ်။ ပြီးတော့ တစ်တီတီ အသံတွေကို ဘာသာပြန်လို့ ဘာကိုပြောတယ်ဆိုတာ ပြန်ချရေးခြင်း ဖြစ် ပါတယ်။

Signal ပို့မယ့် အော်ပရေတာကလည်း လက်မှာ Signal ပို့လိုက် ရပ်လိုက် လုပ်ရပါတယ်။ သူပို့မယ့် အသံကိုလည်း အမှားအယွင်း အောင် နားထောင်ရပါတယ်။ လက်ချောင်းလေးနဲ့ ဖိလိုက် ပြန်လွတ်လိုက် နဲ့ တော်တော် ခက်တဲ့အလုပ်ပါ။ ဒါကြောင့် တစ်ခေတ်တစ်ခါက ရေဒီယို အော်ပရေတာဆိုတာ လူတော်တွေပဲ လုပ်ရတဲ့ အလုပ်လို့ အနောက်တိုင်းမှာ ခေတ်စားခဲ့ပါတယ်။ လူတော်ဆိုတာထက် အကြားအာရုံ၊ အမြင်အာရုံ ကောင်းပြီး မှတ်သားဥာဏ်ကောင်း တဲ့သူများအတွက် ဖြစ်ပါတယ်။

ဘယ်လက်က စာရွက်ကို ကိုင် ညာလက်က Signal လွတ်မယ့် စက်က ခလုပ်ကို ဖိလိုက် လွတ်လိုက်နဲ့ တော်တော်စိတ်ရှည်ရပါတယ်။ နားထောင်တဲ့ သူဘက်ကလည်း နားကြပ်ကို လက်တစ်ဖက်နဲ့ သေချာဖိ ပြီး တစ်ဖက်က စာရွက်မှာ စာတွေ ချရေးရပါတယ်။ ဒီလိုနဲ့ပဲ ရန်သူတွေ ဘယ်နေရာကို ရောက်ပါပြီ။ တပ် ဘယ်နှစ်ခု အသိမ်းခံရပြီ ဘာညာနဲ့ ဆက်သွယ် ကြရပါတယ်။

ကြားခံ ခိုးနားထောင်တဲ့ Radio Hacker ဆိုတာကိုလည်း ရန်သူတပ် ကို ထောက်လှမ်းဖို့အတွက် မွေးမြူလာကြပြီး တစ်ဖက်နဲ့ တစ်ဖက် ဘာတွေ့ ပို့နေတယ်ဆိုတာကို နားထောင် ရပါတယ်။ Signal ကို မိအောင် ဖမ်းပြီး ဒါ ဘယ်ဘက်က ပို့တာလဲ၊ ဒါ ဘာအကြောင်းအရာ ပြောနေတာလဲ အစရှိသဖြင့် ပြန်လည် ဖြေယူရရပါတယ်။

Morse Code ဟာ Electrical telegraph မှာ ကနဦးကျတဲ့ ဆက်သွယ်ရေး စနစ် တစ်ခုဖြစ်ခဲ့ပါတယ်။ အမေရိကန်တို့ စတင်တီထွင်တယ် ဆိုပေမယ့် ဗြိတိန်မှာလည်း နှစ်အနည်းငယ်အတွင်း အသုံးပြုသွားကြတဲ့ နည်းပညာ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာလည်း တရုတ် ဘာသာစကားနဲ့ Chinese telegraph code ဆိုတာ ၁၉၂၀ ကျော် ကတည်းက ပေါ်နေပါပြီ။

Morse Code ကိုရေတပ်မှာ စတင်အသုံးပြုပါ တယ်။ နောက်တော့ လေကြောင်း ဆက်သွယ်ရေး စနစ်မှာပါ အသုံးပြုပြီး၊ မြေပေါ် တိုက်ပွဲတွေမှာလည်း အသုံးပြုလာကြ ပါတယ်။ Morse Code ကို မီးအလင်းရောင်နဲ့ ပြတဲ့ နည်းပညာလည်း သက်သက် ရှိပါသေးတယ်။ အဲဒါကိုတော့ ရေကြောင်း ဆက်သွယ်ရေး စနစ်မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ယနေ့ အဆင့်မြင့်လှပါတယ်ဆိုတဲ့ နည်းပညာတွေကို ကျနော်တို့ လေ့လာ နေကြပေမယ့် တစ်ချိန်က ဘယ်လိုဆက်သွယ်တယ်၊ ဘယ်လို ခက်ခဲတယ်ဆိုတာကို လေ့လာဖို့ မေ့နေတတ်ပါတယ်။ Morse Code ပို့ပုံပို့နည်း အခြေခံအကျဆုံး သင်ကြားပြသမှု ၁၀ မိနစ်ကြာ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နားဆင် နိုင်ပါတယ်။
.
http://youtu.be/iC5RQNSSZH0

အောင်ခမ်း (TSJ team)