အိမ်၊ ခြံ၊ မြေ အထူးကိုယ်စားလှယ် လွှဲစာ အရောင်းအဝယ် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်

ပို့စ်တင်ချိန် - 8/07/2013 11:43:00 AM


ရန်ုကုန်၊ သြဂုတ် ၆

ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) သက်တမ်း ခွင့်ပြုခြင်းကို တိုးမြှင့်ပြီးနောက် အိမ်၊ ခြံ၊ မြေ အထူး ကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းဝယ်မှု ၄၀ ရာခိုင်နှုန်းကျော် မြင့်တက် လာကြောင်း အဆိုပါ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) သက်တမ်းကို ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်ခန့်က စတင်၍ သက်တမ်း တစ်နှစ်မှ သုံးနှစ်အထိ တိုးမြှင့်ပေးလိုက်ခြင်းကြောင့် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အထူး ကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းဝယ်မှု ၄၅ ရာခိုင်နှုန်းခန့်ထိ မြင့်တက် လာကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမျိုးအောင်က ပြောကြားသည်။

“အရင်က ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အခု သက်တမ်းတိုးလိုက်မှ အများစုက Special Power နဲ့ပဲ လုပ်လာတော့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှုကို အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) ဖြင့် အများစု လုပ်ကိုင်နေကြသော်လည်း ၎င်း၏ အားနည်းချက်မှာ အမည်ပေါက် ပိုင်ဆိုင်ထားသူ သေဆုံးခဲ့မည်ဆို ပါက ယင်းကိုင်ဆောင်ထားသူ၏ Special Power သည် ဆက်လက် အသုံးပြုခွင့် မရှိတော့ခြင်း ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ရှေ့နေ ဦးမောင်မောင်သူရက ရှင်းပြသည်။

ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံ လျက်ရှိသော ဝယ်ရောင်း အများစုသည် အခွန်ရှောင်လို၍ အထူး ကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းဝယ် လုပ်ကိုင်လျက်ရှိပြီး ယင်း အထူး ကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းဝယ်မှုသည် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ထိ ရှိကြောင်း ဇေယျာမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးမင်းမင်းက ပြောကြားသည်။

“ဝယ်ရောင်းတွေက ရှောင်တာ ရှားတာ လုပ်ချင်လို့ SP နဲ့ ကာဗာ လုပ်ကြ တယ်။ SP ကိုင်ဆောင်ထားတဲ့ လူပဲဖြစ်ဖြစ်၊ အမည်ပေါက် ရောင်းသူပဲဖြစ်ဖြစ် အခွန်ကတော့ ဆောင်ရမှာပဲ။ ဝင်ငွေ ပြနိုင်ရင် ၁၅ ရာခိုင်နှုန်း ဆောင်ရမယ်။ ဝင်ငွေ မပြနိုင်ဘူး ဆိုရင်တော့ ၃၀ ရာခိုင်နှုန်း ဆောင်ရမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ဂရန် အမည်ပေါက်ဈေးနှင့် အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) ဈေးသည် ၃၀ ရာခိုင်နှုန်း ခန့် ဈေးနှုန်း ကွာဟလျက် ရှိခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု အများစု ကို အထူး ကိုယ်စားလှယ် လွှဲစာ (Special Power) ဖြင့်သာ လုပ်ကိုင်နေ ကြခြင်း ဖြစ်သည်ဟု ဦးနေမျိုးအောင်က သုံးသပ်သည်။

ဟိန်းမြတ်စိုး
The Voice Weekly