လက်ပံတောင်းအရေးကြောင့် ၀ရမ်းထုတ်ထားသူများကိစ္စ စစ်မေးရန် ရွာသားနှစ်ဦးကို ရဲများ ဖမ်းဆီး

ပို့စ်တင်ချိန် - 8/07/2013 11:44:00 AM


မင်းမင်း၊ အေးအေးကျော်၊ တိုးကြီး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၅၀ မိနစ်

လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသဖြင့် ဖမ်းဝရမ်း ထုတ်ထားခြင်းခံရသူများသည် ဇီးတောရွာ ဘုန်း ကြီးကျောင်းတွင် ပုန်းခိုနေကြောင်း ရဲများက သတင်းရပြီး ၀င်ရှာရာ မတွေ့သဖြင့် ထိုသူများကိစ္စ စစ်မေး ရန် ရွာသားနှစ်ဦးကို သြဂုတ် ၆ ရက် နံနက်မိုးမလင်းခင် ဖမ်းဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်း သတင်းတပ်ဖွဲ့ရဲ မှူးက ပြောသည်။

“၀ရမ်းထုတ်ထားတဲ့သူတွေနဲ့ ပတ်သက်ပြီး မေးစရာလေးတွေရှိတာ မေးနေပါတယ်။ တရားခံမဟုတ်ရင် ပြန်လွှတ်မှာပါ”ဟု ရဲမှူးဦးစိုးအောင်က မဇ္ဈိမကို ပြောသည်။

ရဲများသည် ကနဦးက ရွာသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လက်ရှိ ရဲများ၏ ဖမ်းဆီးခံထားရသူနှစ်ဦးမှာ ဇီးတောရွာမှ လယ်သမားများဖြစ် သည့် ဦးမောင်တူးနှင့် ဦးတင်လင်းတို့ဖြစ်သည်ဟု ဒေသခံတို့က ဆက်ပြောသည်။

ရဲများလက်မှ ပြန်လည်လွတ်မြောက်လာသည့် အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ကျွန်တော့ကို စစ် ဖိနပ်နဲ့ နှစ်ခါ ၀င်ကန်ပါတယ်။ ပါးတွေရိုက်ပြီး ၀မ်းလျားမှောက်ခိုင်းပြီး ကန်တယ်”ဟု သူ၏ အတွေ့အကြုံ ကို ပြောသည်။ သို့သော် ရဲမှူးစိုးအောင်ကမူ “ကျွန်တော်တို့ ရိုက်တာနှက်တာ မရှိပါဘူး”ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ဇီးတောရွာသားများသည် ၀ါဆိုလကွယ်ဥပုသ်နေ့တွင် စတုဒိသာကျွေးမွေးရန် ဆန်ပြုတ် ပြုတ်ရန် ဘုန်းကြီးကျောင်းတွင် ညအိပ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံတို့က အတည်ပြုသည်။

ထိုသို့ ရဲများ ၀င်ဖမ်းစဉ်က ရဲအင်အား ၂၀ ခန့်ပင် ပါဝင်ကြောင်း ရွာသားများက ပြောသော်လည်း ရဲဌာန ဘက်ကမူ ယင်းကိစ္စသည် လုံခြုံရေးနှင့်ဆိုင်သဖြင့် အတည်မပြုပေးနိုင်ကြောင်း မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသဖြင့် အာဏာပိုင်များက ၀ရမ်းထုတ်ထားခံရသူများအ နက် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးကို ရဲများက ဖမ်းဆီးထားပြီးဖြစ်သော်လည်း ကျန်ခုနစ်ဦးဖြစ်သည့် ကိုဘထူး၊ ကိုသားကြီး၊ ကိုလတ်၊ ကိုသော်ဇင်၊ ကိုသူ၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုသောင်းထိုက်ဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက်မှ ကိုဟန်ဝင်းအောင်တို့ကိုမူ ဖမ်းမမိသေးပေ။

၎င်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၃ တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို နာ ကျင်စေမှု၊ ပုဒ်မ ၄၄၇ စီမံကိန်းဧရိယာအတွင်း ကျော်နင်းမှု၊ ပုဒ်မ ၁၄၃ ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု၊ ပုဒ်မ ၃၄ အကြံအစည်တစ်ခုကို အထမြောက်စေရန် တစ်ဦးထက်ပိုသော လူများစုဝေးမှု စသည့် အမှုများ နှင့် ဆားလင်းကြီး တရားရုံးတွင် တရားစွဲထားသည်။

သူတို့သည် ပြီးခဲ့သည့် ဧပြီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ဒေသခံ ရွာသားများ လယ်ထွန်ခြင်းကို ရဲများက တားဆီးသဖြင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့မှု၊ ဒေသခံများနှင့် အာဏာပိုင်များ တင်းမာနေမှုတို့ကို သွားရောက် ညှိနှိုင်းရာမှ ယခုကဲ့သို့ ၀ရမ်းထုတ်ခံရခြင်း ဖြစ်သည်။

ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တရုတ်ပိုင် ၀မ်ပေါင်ကုမ္ပဏီ၊ စစ် တပ်မှ ထိပ်တန်းအရာရှိကြီးများ ဦးစီးသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် သမ္မတဦးသိန်းစိန်အစိုးရ တို့အကြား စာချုပ်သစ် ပြန်လည် ချုပ်ဆိုခဲ့သည်။

ယင်းစာချုပ်သစ်ကြောင့် ကြေးနီစီမံကိန်းမှရသည့် အမြတ်ခွဲဝေမှု အချိုးအစားများ ပြောင်းလဲခဲ့ရာ ယခင် က တရုတ်ပိုင်ဝမ်ပေါင်သည် အမြတ်၏ ၄၉ ရာခိုင်နှုန်းကို ရမည်ဖြစ်သော်လည်း၊ စာချုပ်သစ်အရ ၀မ်ပေါင် သည် အကျိုးအမြတ်၏ ၃၀ ရာခိုင်နှုန်းသာ ရတော့မည် ဖြစ်သည်။

လက်ပံတောင်း ကြေးနီတောင်စီမံကိန်းအား စစ်အစိုးရလက်ထက်ဖြစ်သော ၁၉၉၈ ခုနှစ်တွင် သတ္တုတွင်း ၀န်ကြီးဌာနနှင့် ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး၂၀၁၀ခုနှစ် တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှောင်းပိုင်းက ကြေးနီစီမံကိန်းကို ကန့်ကွက်သူများက လက်ပံတောင်းစီမံကိန်း အတွင်း၌ သပိတ်စခန်းများ ဖွင့်ထားသည်ကို အာဏာပိုင်များက ဖြိုခွင်းခဲ့ရာ သံဃာအပါး ၁၀၀ ကျော်နှင့် ပြည်သူအချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဒဏ်ရာအဆိုးရွားဆုံးဖြစ်သည့် သံဃာနှစ်ပါးမှာ အရေ ပြားအစားထိုး၍ပင် ကုသခဲ့ရသည်။
Mizzima - News in Burmese